အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈) ညီအစ်ကိုများ - ၁
“ဖုန်းပုကြွယ်၊ အဆင့် ၂၇”
“ကျေးဇူးပြ၍ သင်ပါဝင်လိုသည့် ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ”
“သင်သည် တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို ရွေးချယ်ထားပါသည်၊ ကျေးဇူးပြု၍ အတည်ပြုပေးပါ”
“အတည်ပြုပြီးပါပြီ၊ ဇာတ်လမ်းဖန်တီးနေပါသည်...”
“ဒေါင်းလုဒ်ဆွဲနေပါပြီ၊ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါ”
“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်”
ရင်းနှီးနေသော စကားစုက ထွက်ပေါ်လာခဲ့ပြန်သည်။
“ဒေါင်းလုဒ် ပြီးဆုံးပါပြီ၊ သင်သည် လက်ရှိတွင် တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ် (အိပ်မက်ဆိုး) ကို ကစားနေပါသည်”
“ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားမည်ဖြစ်ပြီး ဘေးထွက်တာဝန်များ/ လျှို့ဝှက်မစ်ရှင်များနှင့် ထူးခြားသော ကမ္ဘာ့အမြင်များပါဝင်ရန် အခွင့်အလမ်း ရှိပါသည်”
“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ပဟေဠိအပိုင်းအစတစ်ခုကို ကျပန်းမဲနှိုက်ခွင့် ရရှိပါမည်”
“ဇာတ်လမ်းမိတ်ဆက်ကို မကြာမီ ပြသတော့မည်ဖြစ်ပြီး ၎င်းပြီးဆုံးသည်နှင့် ဂိမ်းကို ချက်ချင်း စတင်မည်ဖြစ်ပါသည်”
ဂိမ်း၏ အဖွင့်ဗွီဒီယိုမြင်ကွင်း စတင်သည့်အချိန်မှစ၍ ကြမ်းပြင်ပေါ်တွင် အရာဝတ္ထုတစ်ခုခုကို တရွတ်တိုက်ဆွဲနေသည့်အလား တရှပ်ရှပ်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဖုန်းပုကြွယ်၏ မြင်ကွင်းမှာ အစပိုင်းတွင် ပိန်းပိတ်အောင် မှောင်မိုက်နေခဲ့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် သူ့မျက်ခွံများ ပွင့်လာသည့်အလား စခရင်၏ အလယ်တည့်တည့်တွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး ကျယ်ပြန့်သွားကာ ရှေ့မှ မြင်ကွင်းကို တဖြည်းဖြည်းနှင့် ရှင်းလင်းစွာ မြင်တွေ့လာရသည်။
ပုံရိပ်မှာ ဝေဝါးနေလေသည်။ ဖုန်းပုကြွယ်ရှေ့တွင် အရပ်ပုပုနှင့် ပိန်ပိန်ပါးပါးလူရိပ်တစ်ခု ပေါ်လာခဲ့သည်။ သွေးစွန်းနေသည့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသော ထိုလူသည် သူ့ရှေ့မှ လျှောက်လှမ်းနေသည်ကို ပုံရိပ်ကောက်ကြောင်းအရ သိရှိလိုက်ရသည်။
ဖုန်းပုကြွယ် သို့မဟုတ် သူသရုပ်ဆောင်နေရသည့် ဇာတ်ကောင်သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေခြင်းဖြစ်ပြီး ရှည်လျားလှသော ကော်ရစ်ဒါလမ်းအတိုင်း တရွတ်တိုက် ဆွဲခေါ် ခံနေရခြင်း ဖြစ်သည်။
“စိတ်မပူပါနဲ့... အားလုံး အဆင်ပြေသွားမှာပါ... တစ်ခုခုမှားသွားတာ ဖြစ်မှာပါ... ငါ နည်းလမ်းတစ်ခုခု စဉ်းစားလိုက်ပါ့မယ်...”
ထိုပုံရိပ်က မိမိဘာသာ ရေရွတ်နေခဲ့သည်။
ဖုန်းပုကြွယ်သည် သတိလစ်နေသည့် အခြေအနေဖြစ်ပြီး ကင်မရာ၏ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ အဖွင့်မိတ်ဆက်အခန်း ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ သူသည် အခြားလူတစ်ဦး၏ အတွေ့အကြုံကို ပထမလူအမြင်ဖြင့် ကြည့်ရှုနေရရုံသာ ရှိသေး၏။
စက္ကန့်သုံးဆယ်ခန့် ကြာပြီးနောက်တွင် ထိုပုံရိပ်သည် ကော်ရစ်ဒါအဆုံးရှိ သံတံခါးတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့ပြီး ထို့နောက် သတ္တုချင်းထိခတ်မိသည့် ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာလေသည်။
တံခါးပွင့်သွား၏။ ဖုန်းပုကြွယ်သည် သူ့ကိုယ်သူ အခန်းတစ်ခုထဲသို့ ဆွဲခေါ်ခံနေရသည်ကို ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။ ပုံရိပ်သည် နှစ်ကြိမ်ခန့် တုန်ယင်သွားပြီးနောက် မျက်နှာကျက်ဆီသို့ အာရုံစိုက်သွားခဲ့သည်။
ထို့နောက် ထိုလူပုလေးသည် အခန်းထဲမှ ထွက်ခွာသွားပြီး တံခါးသော့ခတ်လိုက်သည့် အသံကို ကြားလိုက်ရသည်။ သူ ထွက်ခွာသွားသည့်တိုင် ထိုစကားလုံးများကို ထပ်ခါတလဲလဲ ရေရွတ်နေဆဲဖြစ်သည်။
“အရေးကြီးသော မှတ်ချက် - ဤဇာတ်လမ်းအတွင်း “တစ်ခါသုံးပစ္စည်း” အမျိုးအစား အိုင်တမ်များကို အသုံးမပြုနိုင်ပါ၊ ထို့အပြင် တစ်ခါသုံးပစ္စည်းများဖြင့် လည်ပတ်ရသည့် ပစ္စည်းကိရိယာများနှင့် ကိရိယာများ (ကျည်ဆန်များ၊ ဘက်ထရီများ စသည်ဖြင့်) ကိုလည်း အသုံးမပြုနိုင်ပါ”
“WTF?...”
ဖုန်းပုကြွယ် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
“ဇာတ်လမ်းအကျဉ်းချုပ်ကို တစ်ဝက်တောင် မပြောရသေးဘူးလေ၊ ဒီလောက် ကြမ်းတမ်းတဲ့ ကန့်သတ်ချက်ကို ပြောလိုက်ပြီလား”
သူ့အနေဖြင့် စောစီးစွာ ပြစ်တင်ဝေဖန်မိခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်တစ်စက္ကန့်တွင် ဇာတ်လမ်းက တရားဝင် စတင်သွားသောကြောင့် ဖြစ်သည်။
မည်သည့် ဇာတ်လမ်းအကျဉ်းချုပ်မျှ ရှိမနေပါချေ...။
ဖုန်းပုကြွယ်၏ အကြည့်က အဖွင့်ဗွီဒီယို၏ နောက်ဆုံးမြင်ကွင်းနှင့် ချက်ချင်း ထပ်တူကျသွားခဲ့သည်။ သူသည် လက်ရှိတွင် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေရပြီး မျက်နှာကျက်ဆီသို့ မျက်နှာမူထားခြင်း ဖြစ်သည်။
သူ လှုပ်ရှားနိုင်စွမ်းနှင့် အသိစိတ် ပြန်လည်ရရှိလာသည့်နှင့် တစ်ပြိုင်နက် ပြင်းထန်စူးရှလှသော နာကျင်မှုတစ်ခုက တစ်ကိုယ်လုံးသို့ ဖြတ်သန်းစီးဆင်းသွားခဲ့သည်။ ထိုနာကျင်မှုသည် မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်လှပြီး တစ်ကိုယ်လုံးရှိ အရိုးများအားလုံး ကြေမွသွားသလို၊ အရေပြားပေါ်တွင် မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသလိုနှင့် အရေပြားအောက်တွင် များစွာသောပိုးကောင်များ တွားသွားနေသလိုမျိုး ခံစားရစေသည်...။
မှန်ပေသည် စနစ်က တုပဖန်တီးထားသည့် နာကျင်မှုမှာ ယခင်က ပြောခဲ့ဖူးသည့်အတိုင်း လျှော့ချထားပြီးသား ဖြစ်သည်။ ကစားသမားတစ်ဦး ခံနိုင်ရည်ရှိမည့် နာကျင်မှုအတိုင်းအတာသည် လက်ချောင်းကို တူဖြင့် ထုခံရသည့် ပြင်းအားထက် ကျော်လွန်လိမ့်မည် မဟုတ်ချေ။ သို့မဟုတ်ပါက သတိမေ့သွားနိုင်သည့် အန္တရာယ်ရှိပေ၏။
သို့ပေငြား နာကျင်မှု၏ ပြင်းအားကို ကန့်သတ်ထားသော်လည်း ၎င်း၏ ပုံသဏ္ဌာန်များမှာမူ အတော်လေး စုံလင်လှသည်။ အထက်တွင် ဖော်ပြခဲ့သည့် ခံစားချက်မျိုး သူကိုယ်ပေါ်သို့ ကျရောက်လာချိန်တွင် မယုံနိုင်စရာ ‘သာယာလှ’ ပေသည်။ ဖုန်းပုကြွယ်သည် လက်တွေ့ဘဝတွင် ဤခံစားချက်မျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။ သူ၏ အလွန်မြင့်မားသော သည်းခံနိုင်စွမ်းဖြင့်ပင် လွှတ်ခနဲ အော်ဟစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။
“အဓိကတာဝန်စတင်ပါပြီ”
“အသက်အမှတ်များ လျော့နည်းနေခြင်းကို တားဆီးနိုင်မည့် နည်းလမ်းရှာပါ”
စနစ်အသိပေးစာကို ကြားလိုက်ရပြီးနောက် ဖုန်းပုကြွယ်သည် မစ်ရှင်မှတ်တမ်းကို ချက်ချင်းဖွင့်၍ အသေးစိတ် အချက်အလက်များကို စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုအချိန်တွင် သူ့အသက်အမှတ်များမှာ တစ်စက္ကန့်လျှင် ၁ ရာခိုင်နှုန်းနှုန်းဖြင့် လျော့နည်းနေသည်ကို သတိပြုမိလိုက်သည်။
“ဒါက ဘာဇာတ်လမ်းကြီးလဲကွာ”
ဖုန်းပုကြွယ် အံတင်းတင်းကြိတ်၍ ထထိုင်လိုက်သည်။ ဤရိုးရှင်းသော လှုပ်ရှားမှုလေးကပင် သူ့ကျောရိုးတစ်လျှောက် လောင်ကျွမ်းသွားမတတ် ခံစားရစေပြီး ကျောကုန်းနှင့် လက်မောင်း ကြွက်သားများလည်း အလွန်အမင်း နာကျင်ကိုက်ခဲသွားရသည်။
သူသည် နာကျင်မှုကို လျစ်လျူရှု၍ သူ့ကိုယ်သူ အာရုံစိုက်ရန် အတင်းအကျပ် ဖိအားပေးလိုက်ပြီး ဉီးနှောက်ကို အမြင့်ဆုံးအရှိန်လည်ပတ်စေကာ ပတ်ဝန်းကျင်ကို လျင်မြန်စွာ စူးစမ်းလေ့လာလိုက်သည်။
ဤဇာတ်လမ်းအတွင်း တစ်ခါသုံးပစ္စည်းများကို အသုံးမပြုနိုင်ပါ ဆိုသည်မှာ ဖုန်းပုကြွယ်အနေဖြင့် သွေးဖြည့်ဆေးများဖြင့် ကုသ၍မရနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ သူဂိမ်းထဲသို့ မဝင်မီကပင် ဈေးဆိုင်မှ သွေးဖြည့်ဆေးငါးလုံး(အလတ်)ကို အထူးတလည် ဝယ်လာခဲ့သေးသော်လည်း အားလုံး အလဟဿ ဖြစ်သွားရပြီ ဖြစ်သည်။
သီအိုရီအရပြောရလျှင် ဖုန်းပုကြွယ်အနေဖြင့် ဤပထမဆုံးမစ်ရှင်ကို ပြီးမြောက်ရန်အတွက် တစ်မိနစ်နှင့် စက္ကန့်လေးဆယ်ပျော့ပျော့ အချိန်သာ ရှိတော့သည်။ ထိုအချိန် ကျော်လွန်သွားပါက ယင်းမှာ သူ၏နောက်ဆုံးမစ်ရှင် ဖြစ်သွားပေလိမ့်မည်။
“တားဆီးမယ့် နည်းလမ်း... တားဆီးမယ့် နည်းလမ်း...”
ဖုန်းပုကြွယ် ထိုစကားစုကို ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။ ယင်းက သူ့ကို ပိုမိုအာရုံစိုက်နိုင်ရန် ကူညီပေး၏။
သူက အခန်းတစ်ခုလုံးကို ဦးစွာ ဝေ့ဝဲကြည့်ရှုလိုက်သည်။ အခန်းထဲတွင် မည်သည့် ပြတင်းပေါက်မှ မရှိဘဲ တံခါးတစ်ချပ်သာ ရှိလေသည်။ တံခါးကို သံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်းအပေါ်တွင် သံတိုင်လေးများပါသည့် ပြတင်းပေါက်အသေးလေးတစ်ခု ရှိကာ ကော်ရစ်ဒါမှ အလင်းရောင်သည် ထိုနေရာမှတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာပြီး အခန်း၏ နေရာအတော်များများကို ခပ်ဝါးဝါး လင်းထိန်နေစေသည်။ သံတံခါး၏ အောက်ခြေတွင်မူ အစားအစာများ ထည့်သွင်းရန်အတွက် လေးထောင့်ပုံစံ အလျားလိုက်အပေါက်ငယ်တစ်ခု ရှိလေသည်။ အခန်းနံရံများကို ထူထဲလှသော ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ကြမ်းပြင်နှင့် မျက်နှာကျက်မှာမူ ဘိလပ်မြေများ ဖြစ်ကြသည်။ နံရံဘက်တွင် အလွန်ရိုးရှင်းသော ကုတင်တစ်လုံးရှိနေပြီး ကုတင်အခင်းပေါ်တွင်မူ မူလအရောင်ကိုပင် မမှတ်မိနိုင်လောက်အောင် ရင့်မှောင်နေသည့် သွေးကွက်များ စွန်းထင်းနေခဲ့သည်။ ကုတင်ပေါ်တွင် ခေါင်းအုံး သို့မဟုတ် စောင်များ ရှိမနေချေ။ ကုတင်ခြေထောက်လေးခုသည် ကြမ်းပြင်နှင့် အနည်းငယ်သာ ကွာဝေးသဖြင့် လူတစ်ယောက် အောက်ထဲသို့ အနိုင်နိုင်လဲလျောင်းရန်သာ ရှိသည်။ ကုတင်ဘောင်မှာ သံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး နံရံတွင် ဂဟေဆော်ထားခြင်း ဖြစ်သဖြင့် ရွှေ့ပြောင်းမရနိုင်ချေ။
တံခါးနှင့် အဝေးဆုံးထောင့်တွင်မူ အပြာရောင် ပလတ်စတစ်ပုံးကြီးတစ်ပုံး ရှိနေပြီး ထိုနေရာမှ ထွက်ပေါ်လာသည့် အနံ့အသက်အရ ယင်းမှာ အိမ်သာအဖြစ် အသုံးပြုသည့် ပုံးဖြစ်ပုံရသည်။
အခန်း၏ အခြားထောင့်တစ်ခုတွင်မူ အမြင့် တစ်မီတာခန့်ရှိပြီး အံဆွဲသုံးခုပါဝင်သည့် သစ်သားဗီရိုအသေးလေးတစ်ခု ရှိနေလေသည်။ ဖုန်းပုကြွယ်သည် ၎င်းကို မြင်သည်နှင့် တုံ့ဆိုင်းမနေတော့ ချက်ချင်း ပြေးသွားလိုက်တော့သည်။
ဤအခြေအနေမျိုးတွင် အတွင်း၌ မည်သည့်အရာရှိနေသည်ဖြစ်စေ ကစားသမားအနေဖြင့် ၎င်းကို မဖြစ်မနေ ဖွင့်လှစ်ရမည် ဖြစ်သည်။
ပထမဆုံး အံဆွဲအတွင်း၌ ညစ်ပတ်ပေရေနေသည့် ဆပ်ပြာတုံးတစ်တုံး ရှိနေလေသည်။ ညစ်ပတ်နေသော်လည်း ဆပ်ပြာတုံးမှာ မပျက်မစီးဘဲ စံချိန်မီထောင့်မှန်စတုဂံပုံစံအတိုင်း ရှိနေသည်မှာ ပုံစံခွက်ထဲမှ လတ်တလော ထုတ်ယူထားသည့်အလား ဖြစ်သည်။
၎င်း၏ တည်ရှိမှုမှာ အမှန်တကယ်ပင် စဉ်းစားရခက်လှသည်။ အခန်းထဲတွင် ရေပိုက်လိုင်း ရှိမနေသလို ကျင်ကြီးကျင်ငယ်များကို ပလတ်စတစ်ပုံးထဲတွင်သာ သိမ်းဆည်းထားရသဖြင့် သေချာပေါက် ရေဘုံဘိုင်ခေါင်းလည်း ရှိနေမည်မဟုတ်ချေ။ အကျဉ်းသားအနေဖြင့် ထိုဆပ်ပြာတုံးကို ဘာအတွက် အသုံးပြုရမည်နည်း။ တံတွေးဖြင့် လက်ဆေးရမည်လား။
ဖုန်းပုကြွယ်တွင် အိုင်တမ်၏ ဖော်ပြချက်ကို ဖတ်ရှုရန် အချိန်မရှိသဖြင့် ၎င်းကို သစ်သားဗီရိုအသေးလေးပေါ်တွင် တင်ထားလိုက်ပြီးနောက် ဒုတိယမြောက်အံဆွဲကို ဆက်ဖွင့်လိုက်သည်။
အလယ်အံဆွဲအတွင်းရှိ အရာမှာမူ ပိုစိတ်ဝင်စားစရာ ကောင်းလှသည်။ ယင်းမှာ အလျား ၁၅ စင်တီမီတာခန့်ရှိပြီး လက်ညှိုးထက် အနည်းငယ် ပိုတုတ်သော အဖြူရောင်ဖယောင်းတိုင်တစ်တိုင် ဖြစ်သည်။
“ဘာတွေလဲကွာ... ဆပ်ပြာပေးပြီး ရေပိုက်မပေးဘူး၊ ဖယောင်းတိုင်ပေးပြီး မီးခြစ်မပေးဘူး... ‘လွှ’ဇာတ်ကားထဲက လူသတ်သမားတောင် ဒီလောက်အထိ မလုပ်ဘူး”
ဖုန်းပုကြွယ်က ရေရွတ်ရင်း ဖယောင်းတိုင်ကို ဗီရိုပေါ် တင်လိုက်ကာ တတိယမြောက် အံဆွဲကို ဖွင့်လိုက်ပြန်သည်။
အောက်ဆုံးအံဆွဲအတွင်းရှိ အရာမှာမူ အတော်လေး ထူးခြားလှသည်။ ယင်းမှာ သစ်သားဘီးအသေးလေးတစ်ချောင်း ဖြစ်သည်။
“ဟဲ... ဟဲဟဲ...”
ဖုန်းပုကြွယ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ လက်ရှိအချိန်တွင် သူသည် ခန္ဓာကိုယ်၏ နာကျင်မှုကို မေ့လျော့လုနီးပါး ဖြစ်သွားပြီဖြစ်သည်။ သို့မဟုတ်ပါကလည်း ကျင့်သားရသွားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုနာကျင်မှုထက် ပဟေဠိဖော်ထုတ်ခြင်း လုပ်ငန်းစဉ်အတွင်း သူ ရှာဖွေတွေ့ရှိခဲ့သည့် ဤအိုင်တမ်သုံးခုက သူ့ကို ပို၍စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။
“ကောင်းပြီ... ဘာအရိပ်အမြွက်မှ မရှိဘူးပေါ့၊ ဒါဆို ဒီအခြေအနေမျိုးမှာ ငါ့ကို ဘာလုပ်စေချင်တာလဲ...”
ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။
အတိအကျအားဖြင့် တစ်မိနစ် ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ဖုန်းပုကြွယ်၏ အသက်အမှတ်ကလည်း ၃၉ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ သူ့တွင် စဉ်းစားရန်အတွက် ၃၈ စက္ကန့်သာ အချိန်ရတော့သည်။
“ကစားသမားတွေက ဇာတ်လမ်းထဲမှာ အဝတ်အစားတွေကို ချွတ်လို့မရဘူး၊ ဒါကြောင့် ဖယောင်းတိုင်ကို သုံးပြီး ကိုယ့်ဖင်ကိုယ် ထိုးရမယ့် နည်းလမ်းမျိုးကိုတော့ ဖယ်လိုက်လို့ရတယ်...”
ဖုန်းပုကြွယ် သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ဆပ်ပြာစားရမလား၊ ဖယောင်းတိုင်စားရမလား”
သူ့အကြည့်က ဘေးရှိ အိမ်သာပုံးထံ ရောက်ရှိသွား၏။
“ဒါမှမဟုတ် ချီးစားရမလား”
သူ ခေါင်းခါလိုက်သည်။
“ဒီလုပ်ရပ်တွေက အသက်အမှတ်လျော့နေတာကို တားဆီးဖို့အတွက် ဘာဆက်စပ်မှုမှ မရှိဘူး။”
ထိုသို့ တွေးတောရင်း သူ့အကြည့်များက လက်ထဲရှိ ဘီးအသေးလေးဆီသို့ ပြန်လည်ရောက်ရှိလာ၏။
“ယုတ္တိဗေဒအရ ဆက်စပ်မှုရှိတဲ့ နည်းလမ်းကို မစဉ်းစားမိဘူးဆိုမှတော့ ငါ ဒီအိုင်တမ်တွေကို တစ်ခုချင်းစီ စမ်းသုံးကြည့်ရုံပဲ ရှိတော့တာပေါ့... အလွယ်ဆုံးအရာကနေ စလိုက်တာပေါ့”
သူက ပြောပြောဆိုဆိုဖြင့် ထိုဘီးအသေးလေးဖြင့် သူ့ဆံပင်ကို နှစ်ကြိမ်ခန့် ဖြီးလိုက်သည်။
မမျှော်လင့်စွာဖြင့် သူ ဒုတိယအကြိမ် ခေါင်းဖြီး၍ မပြီးဆုံးသေးမီ စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာခဲ့သည်။
“လက်ရှိမစ်ရှင် ပြီးမြောက်ပါပြီ၊ အဓိကမစ်ရှင်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”
အသက်အမှတ် လျော့နည်းနေခြင်းမှာ အမှန်တကယ်ပင် ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ဖုန်းပုကြွယ်၏ သွေးပမာဏသည် လက်ရှိတွင် ၂၆ ရာခိုင်နှုန်းတွင် ရှိနေခြင်းဖြစ်သည်။ ဇာတ်လမ်းစတင်ရုံမျှဖြင့် သူ့သွေးပမာဏ ၃၀ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိသွားခြင်းမှာ ယခုအကြိမ်က ပထမဆုံးအကြိမ် ဖြစ်နိုင်လေသည်။
ယခင်မစ်ရှင်ဖြစ်သည့် “အသက်အမှတ်များ လျော့နည်းနေခြင်းကို တားဆီးနိုင်မည့် နည်းလမ်းကို ရှာဖွေပါ” ဆိုသည့် အရာတွင် အမှန်ခြစ်ပေါ်လာခဲ့ပြီး မစ်ရှင်ဘားတွင် ညွှန်ကြားချက်အသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ယင်းမှာ “အခန်းထဲမှ ထွက်ပြေးပါ” ဟူ၍ ဖြစ်သည်။
“ဟမ်”
ဖုန်းပုကြွယ် သူ့လက်ထဲရှိ ဘီးကို ငုံ့ကြည့်လိုက်သည်။
“ထူးဆန်းတဲ့ အရာမျိုးစုံကို စားဖို့ မကြိုးစားရတော့တာ ကောင်းပေမယ့် ဒါက နည်းနည်းတော့...”
သူက စကားတစ်ဝက်ဖြင့် ရပ်တန့်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ သူသည် သစ်သားဘီးအသေးလေးကို မျက်လုံးရှေ့သို့ ယူဆောင်၍ ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သော ၎င်း၏ လက်ကိုင်ပေါ်တွင် အလွန်သေးငယ်သော စာလုံးနှစ်လုံး ထွင်းထုထားသည်ကို ရှာတွေ့လိုက်သည်။ ယင်းမှာ “aa” ဟု ဖြစ်သည်။
“အင်း... အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ပစ္စည်းနဲ့ တူတယ်”
ဖုန်းပုကြွယ်က နောက်ပြောင်သံတစ်ဝက်ဖြင့် ပြောလိုက်သည်။
သူသည် ထိုအိုင်တမ်သုံးခုကို ယူဆောင်၍ ကုတင်ဘေးသို့ လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်သည်။ ယင်းတို့ကို ကုတင်ပေါ် တင်လိုက်ပြီးနောက် တစ်ခုချင်းစီကို ကောက်ယူ၍ ဂရုတစိုက် စစ်ဆေးကြည့်ရှုတော့သည်။
မစ်ရှင်ပြီးမြောက်သွားခြင်းနှင့်အတူ ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုမှာလည်း အတော်လေး လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ အနည်းငယ်ကိုက်ခဲမှုကို ခံစားနေရဆဲ ဖြစ်သော်လည်း စတင်ချိန်ကထက်စာလျှင်တော့ အတော်လေး သက်တောင့်သက်သာ ရှိလှသည်။ ယင်းမှာ ကြိုးကွင်းစွပ်ခံထားရခြင်းနှင့် လည်ပတ်ဝတ်ဆင်ထားရခြင်းတို့၏ ကွာခြားချက်ကဲ့သို့ပင်...။
သူသည် ၎င်းတို့ကို ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်ခန့် ကြည့်ရှုနေခဲ့သည်။ ဆပ်ပြာတုံးသည် မည်သည့်ထူးခြားမှု မရှိချေ။ မျက်နှာပြင်ပေါ်တွင် မည်သည့်ပုံစံမျှ ရှိမနေသလို အနံ့အသက်ကလည်း အလွန်ပြင်းထန်ခြင်းမရှိဘဲ အခြေခံအကျဆုံး အဝတ်လျှော်ဆပ်ပြာမျိုးကဲ့သို့ ခံစားရစေသည်။ ဖယောင်းတိုင်မှာလည်း အလွန်သာမန်ဆန်လှသော ဖယောင်းတိုင်တစ်တိုင်သာ ဖြစ်ပြီး အိုင်တမ်နှစ်ခုစလုံးပေါ်တွင် မည်သည့် ထွင်းထုထားမှုမျှ ရှိမနေချေ။
“အင်း... ဒီဘီးတစ်ချောင်းတည်းပဲ ထူးခြားနေတာပေါ့...”
သူက သစ်သားဘီးအသေးလေးကို ထပ်မံကောက်ယူ၍ ထောင့်ပေါင်းစုံမှ စစ်ဆေးကြည့်ရှုလိုက်သည်။ ယခင်က မြင်တွေ့ခဲ့ရသည့် “aa” စာလုံးအပြင် သူသည် နောက်ထပ် ရှာဖွေတွေ့ရှိမှုတစ်ခုကိုလည်း ပြုလုပ်နိုင်ခဲ့သည်...။ ဘီးပေါ်တွင် ကျန်ရှိနေသည့် ဆံချည်မျှင်များမှာ ရွှေရောင်များ ဖြစ်ပြီး ဆံပင်တိုများ ဖြစ်ပုံရသည်။
“စောစောက ငါ့ကို ဆွဲခေါ်လာတဲ့ လူပုလေးရဲ့ ဆံပင်က အညိုရောင်ဆိုတော့...”
ဖုန်းပုကြွယ်က သူ့ဘာသာ ရေရွတ်ရင်း တွေးတောလိုက်သည်။
“ဒါဆို ဒီဘီးကို ဒီအခန်းထဲက တခြားထောင်သားတစ်ယောက်ယောက်က သုံးခဲ့တာလား...”
သူ စဉ်းစားခန်းဖွင့်နေရင်း သူ့အကြည့်များကို ဖြည်းညင်းစွာ ရွှေ့ပြောင်းလိုက်၏။ သူ့မျက်လုံးများက ကုတင်ဘေးရှိ နံရံပေါ်သို့ ဝေ့ဝဲသွားချိန်တွင် သူသည် နောက်ထပ် ရှာဖွေတွေ့ရှိမှုတစ်ခုကို ပြုလုပ်လိုက်နိုင်ပြန်သည်...။
“ဟား... ဒီနေရာမှာ လူအတော်များများ အကျဉ်းချခံခဲ့ရဖူးပုံပဲ...”