← Chapters

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း ၂၃၉

Vol. 24 Ch. 239

အခန်း (၂၃၉) ညီအစ်ကိုများ - ၂

ကုတင်မှီထားသည့် နံရံပေါ်တွင် ခပ်ဝါးဝါးထွင်းထုရာများ ရှိနေပြီး အားလုံးမှာ တူညီသည့်အရာကိုသာ ပုံဖော်ထားခြင်း ဖြစ်သည်...။ ယင်းမှာ ဒေါင်လိုက်မျဉ်းကြောင်းလေးကြောင်းနှင့် ထိုလေးကြောင်း၏ အပေါ်တွင် ဖြတ်ဆွဲထားသည့် ထောင့်ဖြတ်မျဉ်းတစ်ကြောင်းပင် ဖြစ်သည်။

ဤသည်မှာ အကျဉ်းချခံထားရသူများက ရက်များကို ရေတွက်ရန်အတွက် အသုံးများလေ့ရှိသည့် အမှတ်အသားမျိုး ဖြစ်သည်။ တရုတ်လူမျိုးတစ်ဦးဆိုပါက ‘正’ (ကျန့်) ဟူသော စာလုံးကို ထွင်းထုထားနိုင်သော်လည်း သူ့ရှေ့ရှိ နံရံပေါ်တွင်မူ ဤဒေါင်လိုက်မျဉ်းလေးကြောင်းနှင့် ထောင့်ဖြတ်မျဉ်းတစ်ကြောင်း အမှတ်အသားများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

“အင်း... အနည်းဆုံး လူခြောက်ယောက်လောက်ကတော့ ဒီနံရံပေါ်မှာ အမှတ်အသားတွေ ထွင်းခဲ့ဖူးတာပဲ...”

ဖုန်းပုကြွယ်၏အကြည့်က ထိုအမှတ်အသားများဆီသို့ ရောက်ရှိသွားရင်း တီးတိုးရေရွတ်လိုက်သည်။

ဤကောက်ချက်ကို ချမှတ်ရန် မခက်ခဲလှချေ။ ယင်းတို့မှာ မျဉ်းကြောင်းများသာ ဖြစ်သော်လည်း လူတစ်ဦးချင်းစီ၏ ထွင်းကြောင်းအနက်၊ အလျားနှင့် ထောင့်ချိုးများမှာမူ မတူညီကြချေ။ ထို့အပြင် အခြားသူများ၏ အမှတ်အသားများနှင့် မရောထွေးသွားစေရန်အတွက် လူတစ်ဦးချင်းစီ၏ အမှတ်အသားများကို တစ်ခုနှင့်တစ်ခု အကွာအဝေးတစ်ခုစီ ခြား၍ မှတ်သားထားကြခြင်း ဖြစ်သည်။

“ဒီလို ကျောက်နံရံပေါ်မှာ လက်သည်းတွေပဲ သုံးပြီး အမှတ်အသားလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကိရိယာတွေ လိုတယ်”

ဖုန်းပုကြွယ်သည် ကုတင်ပေါ်တွင် ဒူးထောက်၍ နံရံနှင့်ကပ်လိုက်ပြီး အမှတ်အသားများကို သူ့လက်ဝါးဖြင့် ထိတွေ့စမ်းသပ်ကြည့်လိုက်သည်။

“ဒီလူတွေအားလုံးက တူညီတဲ့အရာတစ်ခုကိုပဲ သုံးသွားခဲ့ကြတာပဲ...”

သူက အခန်းထဲသို့ တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်ပြန်သည်။

“ပြီးတော့ အဲ့ဒီအရာက အခုအချိန်တော့ ဒီအခန်းထဲမှာ ရှိမနေဘူး...”

အဖြေတစ်ခုက သူ့ဦးနှောက်ထဲတွင် ရုတ်ချည်းပေါ်ထွက်လာခဲ့သည်။

“စားပွဲတင် အသုံးအဆောင် ပစ္စည်းတွေလား...”

သူသည် အခန်းတစ်ခုလုံး၏ နံရံများ၊ မျက်နှာကျက်နှင့် ကြမ်းပြင်တို့ကို သေချာစွာ စူးစမ်းကြည့်လိုက်သည်။

“အင်း... အမှတ်အသားတွေအားလုံးက ကုတင်ဘေးက နံရံပေါ်မှာပဲ ရှိနေတာ၊ တခြားဘယ်နေရာမှာမှ မရှိဘူး...”

“သူတို့တွေ စားသောက်တဲ့အချိန်ကျမှပဲ စားပွဲတင် အသုံးအဆောင်ပစ္စည်းတွေကို ရနိုင်တာ၊ စားသောက်ပြီးတာနဲ့ အဲ့ဒီပစ္စည်းတွေကို ပန်းကန်တွေနဲ့အတူ ပြန်ပေးရတာမျိုး ဖြစ်လိမ့်မယ်၊ မဟုတ်ရင် အပြစ်ပေးခံရမှာပေါ့”

ဖုန်းပုကြွယ်က ခွဲခြမ်းစိတ်ဖြာလိုက်သည်။

“ဒါဆိုရင် သူတို့ ဒီအမှတ်အသားတွေကို ထွင်းထုတဲ့အချိန်က သူတို့ရဲ့ ထမင်းစားချိန်ပေါ့...”

သူက အမှတ်အသားများကို ထပ်မံကြည့်ရှုလိုက်သည်။

“သူတို့တွေက ကုတင်ပေါ်မှာ ထိုင်စားကြတာဆိုတော့ စားသောက်ပြီးတဲ့အချိန်ကျရင် ဘေးကနံရံပေါ်မှာပဲ အမှတ်အသားတွေကို အလွယ်တကူ ထွင်းလိုက်ကြတာ ဖြစ်မယ်...”

“မဟုတ်လောက်ဘူး”

ဖုန်းပုကြွယ်က ထိုယူဆချက်ကို ချက်ချင်းပယ်ဖျက်လိုက်သည်။

သူသည် သံတံခါးဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားပြီး အပေါ်ရှိ သံပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ပထမဆုံး လှမ်းကြည့်လိုက်မိသည်။ တံခါးအပြင်ဘက်ရှိ ကော်ရစ်ဒါတွင် သစ်သားကြမ်းပြင်နှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်နံရံများ ရှိနေပြီး မျက်နှာကျက်မှာမူ အခန်းတွင်းထက် အနည်းငယ် ပိုမြင့်ပေသည်။ နံရံနှင့် မျက်နှာကျက်ဆုံရာ ထောင့်များတွင် မီးချောင်းများကို အကွာအဝေးတစ်ခုစီခြား၍ တပ်ဆင်ထား၏။ အခန်းထဲမှနေ၍ လှမ်းကြည့်လိုက်ပါက မြင်ကွင်းအတွင်း၌ သတိပြုစရာ မည်သည့်အရာမျှ ရှိမနေသော်လည်း မီတာနှစ်ဆယ်ကျော် လွန်သွားသည့်အခါတွင်မူ အမှောင်ထုကြီးသာ လွှမ်းမိုးထားလေသည်။

စက္ကန့်အနည်းငယ်မျှ အပေါ်ယံစူးစမ်းလေ့လာပြီးနောက် ဖုန်းပုကြွယ်သည် သံတံခါးအောက်ခြေရှိ လေးထောင့်ပုံစံ အပေါက်ငယ်ကို စစ်ဆေးရန်အတွက် ချက်ချင်းပင် လဲလျောင်းလိုက်လေသည်။ သူသည် သူ့မျက်နှာကို ထိုအပေါက်နှင့် ကပ်လုနီးပါး ပြု၍ လေထုကို နမ်းရှုံ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ထိုအပေါက်၏ အနားစွန်းများကို လက်ဖြင့် ထိတွေ့ကာ သူ့လက်ညှိုးကို လျှာဖြင့် လျက်ကြည့်လိုက်ပြီးနောက်... ကျေနပ်အားရစွာဖြင့် ပြန်လည်မတ်တတ်ရပ်လိုက်သည်။

“အစားအစာပို့တဲ့ အပေါက်ရဲ့ အပေါ်နဲ့ အောက် အနားစွန်းတွေမှာ အစားအစာတွေ ပေကျံနေခဲ့ဖူးတယ်၊ ဒါက တစ်ယောက်ယောက်က ဒီအပေါက်ကိုသုံးပြီး အစားအစာတွေ အမှန်တကယ် ပေးပို့နေတယ်ဆိုတာကို ပြနေတာပဲ”

ထို့နောက် သူ့အကြည့်များက အခန်း၏ အဝေးဆုံးထောင့်ဆီသို့ ရောက်ရှိသွားခဲ့သည်။

“အညစ်အကြေးစွန့်တဲ့ပုံးကိုတော့ အခန်းတစ်ဖက်က ထောင့်မှာ ထားထားတယ်...”

သူက ကုတင်ဆီသို့ ပြန်လျှောက်လာခဲ့သည်။ သူ စဉ်းစားခန်းဖွင့်လိုက်သည်။

“ထောင်သားတွေရဲ့ လှုပ်ရှားမှုဧရိယာက တစ်ခန်းလုံးကို လွှမ်းခြုံထားတာ သိသာတယ်... သူတို့တွေ အစားအစာယူဖို့ တံခါးဆီ သွားနိုင်သလို အညစ်အကြေးစွန့်ဖို့အတွက်လည်း တစ်ဖက်ကထောင့်ဆီ သွားနိုင်တာပဲ၊ တကယ်လို့ ဒီအမှတ်အသားတွေကို စားပွဲတင်ဓား၊ ခက်ရင်းတွေနဲ့ ထွင်းတာဆိုရင် သူတို့ ကြိုက်တဲ့နံရံပေါ်မှာ ထွင်းလို့ရတာပဲ”

“ဒါဆိုရင်... ဓားတို့၊ ခက်ရင်းတို့ မရှိဘူးလို့ပဲ ယူဆလိုက်ရအောင်...”

ဖုန်းပုကြွယ် တစ်ဖန်ပြန်လည်မတ်တတ်ရပ်လိုက်ပြီး အခန်းအလယ်တည့်တည့်တွင် ရပ်ကာ ‘ကူဒိုရှင်အိချိ’၏ စဉ်းစားခန်းဖွင့်သည့် ပုံစံအတိုင်း လက်တစ်ဖက်က တံတောင်ဆစ်ကို ထောက်ထားပြီး အခြားလက်တစ်ဖက်က မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူ တံခါးပေါက်ဆီသို့ စိုက်ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် လွန်ခဲ့သည့်မြင်ကွင်းများ ပြန်လည်ပေါ်ထွက်လာနေပုံ ရသည်။ သူ စိတ်ကူးယဉ်လိုက်သော ပုံရိပ်ထဲတွင် ထိုအပေါက်ငယ်မှတစ်ဆင့် ပေါင်မုန့်တစ်ပြားနှင့် စွပ်ပြုတ်ဖြည့်ထားသည့် ပလတ်စတစ်ခွက်တစ်လုံးကိုသာ ပေးပို့နေခြင်း ဖြစ်သည်။

“အင်း.. ဓားတွေ ၊ ခက်ရင်းတွေ မရှိဖို့က ပိုပြီး ဖြစ်နိုင်ခြေများတယ်”

ထို့နောက် ဖုန်းပုကြွယ်က သူ့အကြည့်ကို နံရံပေါ်ရှိ အမှတ်အသားများဆီသို့ ပြန်လည်ဦးတည်လိုက်သည်။

“အိုကေ၊ ဒါဆိုရင် ဒါတွေကို ဘာနဲ့ထွင်းခဲ့တာလဲ၊ ပြီးတော့ ဘာလို့ ဒီနံရံပေါ်မှာပဲ မဖြစ်မနေ ထွင်းရတာလဲ...”

မှားယွင်းနေသည့် ယူဆချက်များကို ဖယ်ထုတ်လိုက်ပြီးနောက်တွင် အဖြေမှာ သူ့ရှေ့တည့်တည့်တွင် ပေါ်ထွက်လာပြီ ဖြစ်သည်။

သူ့တွင် အတွေးတစ်ခု လျှပ်တပြက်ပေါ်ထွက်လာပြီး ဖုန်းပုကြွယ်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ သူက ရှေ့သို့ ခြေလှမ်း၍ ကုတင်အခင်းကို မတင်လိုက်ရာ (မှတ်ချက် - ဤကုတင်ပေါ်ရှိ ကုတင်အခင်းနှင့် မွေ့ရာမှာ အတူတူဖြစ်သည်) သူ ရှာဖွေနေသည့် အရာကို တွေ့ရှိသွားတော့သည်။

ကုတင်သည် တစ်ဆက်တည်းဖြစ်နေပြီး ခွဲထုတ်ရနိုင်ပေ။ ၎င်း၏ ခြေထောက်လေးခုလုံးကို ကြမ်းပြင်တွင် ဂဟေဆော်ထားခြင်း ဖြစ်သည်။ ကုတင်ဘောင်တစ်ခုလုံးကို သံဖြင့် ပြုလုပ်ထားပြီး ကုတင်ပျဉ်ပြားမှာ သစ်သားမဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ရောယှက်နေသည့် သတ္တုစပရိန်များ ဖြစ်ကြသည်။

သို့သော်လည် စပရိန်အချို့မှာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ထိုစပရိန်များကို ကုတင်ပျဉ်ပြားမှ လုံးဝ ဖြုတ်မရနိုင်သော်လည်း ပျက်စီးနေသည့် အစွန်းများကိုမူ နံရံဘက်သို့ ဆွဲဆန့်၍ အမှတ်အသားများ ထွင်းထုရန် အသုံးပြုနိုင်ပေသည်။

“အမှတ်အသားတွေအားလုံး ကုတင်ဘေးနံရံပေါ်မှာပဲ ရှိနေပြီး အမြင့်တစ်ခုအောက်မှာပဲ ရှိနေတာ အံ့ဩစရာမရှိတော့ဘူး၊ အဲ့ဒီစပရိန်တွေရဲ့ တင်းအားကြောင့် သူတို့က အမှတ်အသားတွေကို တည်ငြိမ်အောင် မရေးနိုင်ကြဘဲ မျဉ်းဖြောင့်တွေပဲ ထွင်းနိုင်ခဲ့ကြတာဖြစ်မယ်”

ဖုန်းပုကြွယ်သည် ငါးမိနစ်ခန့်အကြာတွင် အမှတ်အသားများ၏ ရင်းမြစ်ကို ကောက်ချက်ချလိုက်နိုင်သည်။ သူ့အတွက်မူ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်း၊ အချက်အလက်များ စုဆောင်းခြင်း၊ ယုတ္တိဗေဒအရ ဆင်ခြင်ခြင်းနှင့် ပဟေဠိများကို ဖော်ထုတ်ခြင်းလုပ်ငန်းစဉ်များမှာ အလွန်တရာသာယာလှသဖြင့်... ခန္ဓာကိုယ်အတွင်းရှိ သာမန်နာကျင်မှုကိုပင် မေ့လျော့သွားစေခဲ့သည်။

“ဒီအခန်းထဲမှာ ပြတင်းပေါက် မရှိဘူး၊ ဒါကြောင့် နေဝင်နေထွက်ကို မမြင်နိုင်ဘူး၊ ဒီနေရာမှာ အကျဉ်းချခံထားရတဲ့ လူတွေက ရက်ဘယ်လောက်ရှိပြီလဲဆိုတာ သိဖို့ သူတို့ရဲ့ အာရုံခံစားမှု၊ ဇီဝနာရီနဲ့ အပြင်လူတွေ အစားအစာပို့တဲ့ အကြိမ်ရေအပေါ်မှာပဲ မှီခိုနေရမှာ”

ဖုန်းပုကြွယ်က အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်လိုက်သည်။

“ဒါ့အပြင် အမှတ်အသားတွေ ထွင်းဖို့အတွက် ကိရိယာတွေကို ရှာဖို့ကလည်း မလွယ်လှဘူး...”

သူ တွေးတောရင်း ပြောလိုက်သည်။

“အင်း... ဒီအခန်းထဲမှာ အကျဉ်းချခံခဲ့ရဖူးတဲ့ လူတွေက ခြောက်ယောက်ထက်မက ပိုများပုံရတယ်၊ ဒါပေမဲ့ ထောင်သားတွေအများကြီးထဲကမှ ခြောက်ယောက် ဒါမှမဟုတ် ခုနစ်ယောက်လောက်ကပဲ စိတ်အေးအေးထားနိုင်ပြီး ဦးနှောက်ကို ရှင်းရှင်းလင်းလင်းနဲ့ ရှင်သန်ဖို့အတွက် လက်မလျှော့ခဲ့ကြတာ ဖြစ်မယ်။”

“အမှတ်အသားတွေအားလုံး ကိုးခုမြောက်မှာပဲ ရပ်သွားကြတာဆိုတော့... ဒီလူတွေ ဒီနေရာမှာ ဆယ်ရက်ထက်ပိုမရှိခဲ့ကြဘူးဆိုတဲ့ သဘောပဲ၊ သူတို့ရဲ့ ရှေ့လူတွေ ချန်ထားခဲ့တဲ့ အမှတ်အသားတွေကို မြင်ရတာကနေ... ဆယ်ရက်မြောက် ဒါမှမဟုတ် ကိုးရက်မြောက်ညမှာ တစ်ခုခုတော့ မလွဲမသွေ ဖြစ်ပျက်လိမ့်မယ်လို့ ခန့်မှန်းလို့ရတယ်၊ လက်ရှိလေထုအခြေအနေအရ ဆိုရင်တော့... ထွက်ပြေးလွတ်မြောက်သွားဖို့ အခွင့်အလမ်းက ၁ ရာခိုင်နှုန်း၊ တခြားအခန်းကို ရွှေ့ခံရဖို့အခွင့်အလမ်းက ၁ ရာခိုင်နှုန်းဖြစ်ပြီး ကျန်တဲ့ ၉၈ ရာခိုင်နှုန်းကတော့ အသတ်ခံရဖို့ပဲ ရှိလိမ့်မယ်...”

ဖုန်းပုကြွယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဟမ့်... ဒါတောင်မှ သူတို့လုပ်နိုင်တာက သူတို့ အကျဉ်းချခံထားရတဲ့ ရက်အရေအတွက်ကို နံရံပေါ်မှာ မှတ်တမ်းတင်ထားဖို့ပဲ ရှိတာကိုး”

သူက နံရံဆီသို့ လျှောက်သွား၍ မှီလိုက်ကာ အမြင့်ကို တိုင်းတာလိုက်သည်။

“ဇာတ်ကွက်အကျဉ်းချုပ် မရှိတော့... ငါက ဖုန်းပုကြွယ်အဖြစ် သရုပ်ဆောင်နေရတာလား ဒါမှမဟုတ် အခြားလူတစ်ယောက်လားဆိုတာ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး... အင်း... အမြင့်ကတော့ အတော်လေး မှန်သားပဲ”

သူက သူ့လက်ကို ခေါင်းအမြင့်တွင် ထားလိုက်ပြီး နံရံကို မှီကာ ၁.၈ မီတာခန့် ရှိလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။

“အဝတ်အစားတွေကလည်း ငါ့ရဲ့ ကိုယ်ပိုင်အဝတ်အစားတွေပဲ၊ အိတ်ထဲမှာကျတော့...”

ထို့နောက် သူက ဂိမ်းမီနူးကို လှမ်းကြည့်လိုက်ရာ သူ၏ ပစ္စည်းသိုလှောင်အိတ်အတွင်းရှိ လက်နှိပ်ဓာတ်မီး၊ SCP-500၊ မစ္စမောက်ဇီရဲ့ ဒေါသ နှင့် အသက်အမှတ် ပြန်လည်ဖြည့်တင်းဆေးများအားလုံး မီးခိုးရောင်ပြောင်းနေပြီး ထုတ်မရနိုင်ချေ။

“တောက်... ငါထင်ထားတဲ့အတိုင်းပါပဲ”

သူက မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ... ငါ စဉ်းစားကြည့်မယ်... အဖွင့်မြင်ကွင်းတုန်းက ‘ငါ့’ ကို တရွတ်တိုက် ဆွဲခေါ်လာတဲ့လူက အရပ်အမြင့် ၁.၇ မီတာအောက်ပဲ ရှိပုံရပေမယ့် ၁.၈ မီတာရှိတဲ့ လူကြီးတစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ ဆွဲခေါ်နိုင်ခဲ့တာပဲ”

ဖုန်းပုကြွယ် ထိုဘော့စ်၏ ခွန်အားကို ခန့်မှန်းလိုက်သည်။

“သူက သာမန်လူတစ်ယောက်ထက် ပိုသန်မာတာတော့ သေချာတယ်... အနည်းဆုံး ခွန်အားပိုင်းမှာ အဆင့် ၂၇ ရှိတဲ့ ငါနဲ့ အဆင့်တူလောက် ရှိလိမ့်မယ်၊ တကယ်လို့ ဒီလူက ထောင်သားတွေရဲ့ အစားအသောက်ကို ထိန်းချုပ်ထားပြီး တစ်နေ့ တစ်နပ်ပဲကျွေးတယ်ဆိုရင်... ဘာလက်နက်မှ မသုံးဘဲ ဒီကထောင်သားတွေအားလုံးကို လုံးဝနှိမ်နင်းထားနိုင်တာပေါ့”

ဖုန်းပုကြွယ် တံခါးဆီသို့ လျှောက်သွားလိုက်သည်။

“ဒီလိုမျိုး အကျဉ်းချတဲ့ဂိမ်းကို ကစားဖို့ ဘယ်လိုလူမျိုးက တာဝန်ယူထားမှာလဲ... စိတ္တဇလူသတ်သမားလား၊ အကြမ်းဖက်ဝါဒီလား၊ လူသားစားတဲ့သူလား၊ ရူးသွပ်နေတဲ့ သိပ္ပံပညာရှင်လား...”

အဖွင့်ဗွီဒီယိုတွင် ထိုဘော့စ်ပြောခဲ့သည့် စကားလုံးအနည်းငယ်ကို ပေါင်းစပ်လိုက်ရင်း ဖုန်းပုကြွယ်သည် သူ့လက်သီးဖြင့် လက်ဝါးကို ဖတ်ခနဲရိုက်ချလိုက်သည်။

“အင်း၊ သိပ္ပံပညာရှင်ပဲ”

“သူပြောခဲ့တဲ့ စကားတွေက... ငါ့ကို ရည်ရွယ်ပြီး ပြောတာလား၊ ဒါမှမဟုတ် သူ့ဘာသာ ရေရွတ်နေတာလား”

ဖုန်းပုကြွယ် တီးတိုးရေရွတ်လိုက်သည်။

“ဒါမှမဟုတ် နှစ်ခုလုံး ဖြစ်နိုင်မလား”

သူက ပြောပြောဆိုဆိုဖြင့် သံတံခါးအပေါ်ရှိ သံပြတင်းပေါက်မှ သံတိုင်များကို လှမ်းကိုင်လိုက်ပြီး အကြိမ်နည်းငယ် လှုပ်ခါကြည့်လိုက်သည်။ တံခါးမှာ တဂျောက်ဂျောက်အသံသာ ထွက်ပေါ်လာသဖြင့် သေချာပေါက် သော့ခတ်ထားခြင်း ဖြစ်ပေသည်။

သံတံခါး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မည်သည့်လက်ကိုင်မျှ ရှိမနေချေ။ သော့ပေါက်တစ်ခုသာ ရှိလေသည်။ အပေါ်တွင် သံပြတင်းပေါက် ရှိနေခြင်းကြောင့် တံခါးကို လက်ကိုင်မပါဘဲ အလွယ်တကူ ဖွင့်နိုင်ခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် ထပ်မံ၍ ဆောင့်ကြောင့်ထိုင်လိုက်ပြီး သော့ပေါက်အတွင်းသို့ လှမ်းကြည့်လိုက်သော်လည်း သေချာပေါက်ပင် ဘာမှအသုံးမဝင်ချေ...။

“အခန်းထဲမှ ထွက်ပြေးပါ... ဟဲ...”

ဖုန်းပုကြွယ်သည် မစ်ရှင်ဘားရှိ မစ်ရှင်အသေးစိတ် အချက်အလက်များကို ထပ်မံစစ်ဆေးလိုက်သည်။

“ဒါက အဆင့်မြင့် ဂိမ်းဇာတ်လမ်းဖြစ်ပြီး အိပ်မက်ဆိုးအဆင့်တစ်ကိုယ်တော်မုဒ်ဖြစ်တာမို့... ဒါက ငါ့အတွက် အထူးဖန်တီးထားတာ သေချာတယ်... ခွန်အားသုံးရုံနဲ့ သံတံခါးကို ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် သော့ကို ဘယ်လိုဖွင့်ရမလဲဆိုတာကိုပဲ စဉ်းစားရတော့မှာပေါ့...”

သူသည် သူ၏ဂွကို ထုတ်ယူ၍ စေ့စေ့စပ်စပ် ရှာဖွေတော့သည်။ တံခါးဘေးမှစ၍ နံရံများနှင့် ကြမ်းပြင်များကို တစ်လက်မချင်းစီ အသာအယာ ခေါက်ကြည့်လိုက်ရင်း မည်သည့် စက်ယန္တရား သို့မဟုတ် လျှို့ဝှက်အခန်းများ ရှိနေမည်ကို ရှာဖွေနေခဲ့သည်။ သူသည် သစ်သားဗီရိုအသေးလေးနှင့် ပလတ်စတစ်ပုံးတို့၏ အနောက်ဘက်ရှိ ထောင့်များကိုပင် စစ်ဆေးခဲ့သေးသည်။ သူသည် ထိုပစ္စည်းနှစ်ခုကို ဘေးသို့ ရွှေ့ဖယ်ကာ သေချာစွာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင်တော့ ဘာမှ ရှာမတွေ့ခဲ့ပါချေ...။

ထို့ကြောင့် သူသည် ကုတင်အခင်းကို စတင်ဆုတ်ဖြဲလိုက်တော့သည်။ ကုတင်အခင်းမှာ အတော်လေး ထူထဲလှသည်။ သို့သော်လည်း ၎င်းအတွင်း၌ ဖြည့်သွင်းထားသည်မှာ ဆွေးမြည့်နေသည့် ဂွမ်းများ သို့မဟုတ် ငန်းမွှေးများ မဟုတ်ဘဲ အဝတ်စုတ်များသာ ဖြစ်ကြသည်။ ယင်းမှာ အဝတ်ဟောင်းများကို ဆုတ်ဖြဲထားခြင်း ဖြစ်ပုံရပြီး အရောင်မျိုးစုံနှင့် ပစ္စည်းမျိုးစုံ ပါဝင်နေလေသည်။

ဖုန်းပုကြွယ်သည် ကုတင်အခင်းထဲ၌ အဝတ်စုတ်များအပြင် အခြားဘာကိုမှ ရှာမတွေ့ခဲ့သဖြင့်... သူက ၎င်းတို့ကို ကြမ်းပြင်ပေါ်တွင် အားလုံးဖြန့်ခင်းလိုက်ပြီး အမျိုးအစားခွဲခြားရန် ကြိုးစားတော့သည်...။

သူသည် ၎င်းတို့ကို အရောင်၊ ပစ္စည်း၊ ဧရိယာအလိုက်ပင် ခွဲခြားခဲ့သော်လည်း ရလဒ်မှာမူ မည်သည့်အဓိပ္ပာယ်မျှ ရှိမနေခဲ့ချေ။ အဝတ်စုတ်များအကြားတွင် မည်သည့် ပုံသဏ္ဌာန်မျှ ရှိမနေပုံရသည်။ သူက ဇွဲမလျှော့ဘဲ ထိုရောင်စုံအဝတ်စုတ်များကို သုံး၍ ပဟေဠိဆပ်ရန်ပင် ကြိုးစားခဲ့သေးသည်...။

ကြမ်းပြင်ပေါ်တွင် နာရီဝက်ခန့် ထိုင်နေခဲ့ပြီးနောက်တွင်မူ ဖုန်းပုကြွယ်သည် နောက်ဆုံး၌ လက်လျှော့လိုက်ရတော့သည်။ သာမန်လူတစ်ယောက် မလုပ်နိုင်လောက်သည့် ကြိုးပမ်းမှုများစွာကို ပြုလုပ်ပြီးနောက်တွင်မူ သူသည် သာမန်လူတစ်ယောက်ပင် စက္ကန့်ပိုင်းအတွင်း ကောက်ချက်ချနိုင်မည့်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။ ဒါက အသုံးမဝင်တဲ့ အဝတ်စုတ်ပုံကြီးပဲ။

“ဟူး... အချိန်ကုန် လူမောပဲဟေ့၊ အမှိုက်ပုံကြီးသက်သက်ပါပဲ၊ ငါ ဒီအဝတ်စုတ်တွေကို ကြိုးတစ်ချောင်းဖြစ်အောင် ကျစ်လိုက်ရင်တောင်မှ ဒီအခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချဖို့ နေရာမှ မရှိပဲ”

ဖုန်းပုကြွယ်က သူ့ဘာသာလှောင်ပြောင်သည့် သဘောဖြင့် ပြောလိုက်သည်။

“သော့ကို အခြားဘယ်နေရာမှာများ ဖုံးကွယ်ထားနိုင်ဦးမလဲ”

သူက သစ်သားဗီရိုအသေးလေးကို ပထမဆုံး ကြည့်ရှုလိုက်သည်။

“ဒီဗီရိုရဲ့ အံဆွဲသုံးခုလုံး ဗလာဖြစ်နေတာပဲ”

ထို့နောက် အပြာရောင် ပလတ်စတစ်ပုံးကို သူလှမ်းကြည့်လိုက်သည်။

“အဲ့ဒီပုံး... အောက်ခြေမှာ သုံးလက်မနီးပါးလောက် ကျင်ကြီးကျင်ငယ်တွေ ပြည့်နေတာဆိုတော့... သော့က အဲ့ဒီထဲမှာ ဝှက်ထားတာလည်း ဖြစ်နိုင်တာပဲ...”

သူ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။

“ပုံးရဲ့ အောက်ခြေက အတော်လေးနက်တယ်၊ ငုံ့ပြီး ကြည့်ဖို့က အဆင်မပြေလှဘူး၊ ဒါပေမဲ့ ငါ ပုံးကို မှောက်ချလိုက်လို့မှ ဘာမှ ရှာမတွေ့ရင်တော့ တစ်ခန်းလုံး...”

သူသည် သူ့ဦးနှောက်ထဲမှ ထူးဆန်းသောအတွေးကို မောင်းထုတ်ရန် ကြိုးစားလိုက်ပြီး သစ်သားဗီရိုအသေးလေးဆီသို့ ပထမဆုံး လျှောက်လှမ်းသွားခဲ့သည်။ ယခုအကြိမ်တွင် သူသည် ဗီရိုထဲမှ အံဆွဲသုံးခုလုံးကို အပြင်သို့ လုံးဝဆွဲထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ချထားလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူသည် သစ်သားဗီရိုအသေးလေးကို ကြမ်းပြင်ပေါ်တွင် အလျားလိုက် လှဲချလိုက်ပြီး အတွင်းသို့ လက်နှိုက်၍ စမ်းသပ်ကြည့်ရှုခဲ့သော်လည်း နှမြောစရာကောင်းသည်မှာ ဖုန်မှုန့်များအပြင် ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ သူက စေ့စေ့စပ်စပ် လိုက်ခေါက်ကြည့်သော်လည်း မည်သည့်လျှို့ဝှက်ခန်းမျိုးကိုမျှ ရှာမတွေ့ခဲ့ချေ။

ယခုတွင် အံဆွဲသုံးခုကို ကြမ်းပြင်ပေါ်၌ ဘေးချင်းယှဉ် တင်ထား၏။ သစ်သားပြားများမှာ အလွန်ပါးလွှာသဖြင့် ၎င်းတို့အတွင်း၌ မည်သည့် လျှို့ဝှက်ခန်းမျှ ရှိမနေနိုင်ကြောင်း ထင်ရှားနေသည်။ ပဟေဠိမှာ တစ်ဖန် လမ်းဆုံးသွားပြန်သည်။

“တကယ်ပဲ ချီးထဲမှာ ဝှက်ထားတာလား... ဒါတော့ လွန်လွန်းသွားပြီ...”

ဖုန်းပုကြွယ်က ခေါင်းကို နောက်လှည့်၍ အခန်းထောင့်ရှိ ပလတ်စတစ်ပုံးကို နက်နက်နဲနဲ စိုက်ကြည့်လိုက်လေသည်။

“ဒါက ဘာဇာတ်လမ်းမျိုးလဲကွာ၊ လူကို အကျပ်ကိုင်လွန်းတယ်...”

ရုတ်တရက်ပင် သူ့တွင် နောက်ထပ်အတွေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ဟေး၊ ငါ ပုံးထဲကအရာတွေကို ဒီအံဆွဲသုံးခုထဲကို ခွဲထည့်လိုက်ရင် ကြမ်းပြင်မှာ ပေမှာ မဟုတ်တော့ဘူးလေ... အံဆွဲတွေက ပိုတိမ်တဲ့အတွက် ပစ္စည်းတွေ ရှာရတာ ပိုလွယ်သွားမှာပေါ့”

ယင်းကို တွေးမိသည်နှင့် သူသည် အမှန်တကယ်လုပ်ဆောင်ရန် ပြင်ဆင်တော့သည်။ သူ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အံဆွဲတစ်ခုကို ကောက်ယူကာ ပလတ်စတစ်ပုံးဆီသို့ လျှောက်သွားလေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် သူ့မျက်လုံးများက တစ်စုံတစ်ခုကို လှမ်းဖမ်းမိနိုင်ခဲ့သည်။

“အိုး”

ဖုန်းပုကြွယ် အံဆွဲကို မြှောက်၍ ၎င်း၏ အောက်ခြေကို လှမ်းကြည့်လိုက်သည်။

“ဟားဟားဟားဟား”

အတန်ကြာအောင် ရူးသွပ်စွာ ရယ်မောလိုက်ပြီးနောက် သူသည် အခြားအံဆွဲနှစ်ခုကိုလည်း အောက်ခြေမှ အပေါ်သို့ မှောက်လှန်လိုက်တော့သည်။

အံဆွဲသုံးခုလုံး၏ အောက်ခြေတွင် သွေးဖြင့် ရေးသားထားသည့် စာလုံးတစ်လုံးစီ ရှိနေခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်သည် ထိုအံဆွဲများကို သစ်သားဗီရိုအတွင်းရှိ မူလနေရာများအတိုင်း အစဉ်လိုက် စီစဉ်လိုက်သောအခါ အောက်ပါအချက်အလက်များကို ရရှိလာခဲ့သည်။ ယင်းမှာ အပေါ်ဆုံးအံဆွဲတွင် “ကုတင်”၊ အလယ်အံဆွဲတွင် “သော့” နှင့် အောက်ဆုံးအံဆွဲတွင် “ထောက်တိုင်” ဟူ၍ ဖြစ်သည်။

“သော့ကို ဝှက်ထားတာက...”

ဖုန်းပုကြွယ် ရုတ်တရက်လှည့်ပြန်လိုက်ပြီး ကုတင်ကို ထပ်မံကြည့်ရှုလိုက်ပြန်သည်။ သူလျှောက်သွားပြီး ဂွဖြင့် ခေါက်ကြည့်လိုက်ရာ ထူးခြားမှုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ကုတင်၏ အပြင်ဘက်တွင် ရှိနေပြီး ကုတင်ပျဉ်ပြားနှင့် အပြိုင်ဖြစ်နေသည့် အလျားလိုက် ထောက်တိုင်မှာ အတွင်း၌ အခေါင်းပွဖြစ်နေပြီး နံရံဘက်က အရာမှာမူ အပိတ်ဖြစ်နေခြင်းဖြစ်သည်။ ဖုန်းပုကြွယ်သည် ကုတင်၏ အစွန်းတစ်ဖက်မှစ၍ ထိုထောက်တိုင်အား အောက်ခြေမှ အထက်သို့ တစ်လက်မချင်းစီ ခေါက်ကြည့်လိုက်ရာ နောက်ဆုံးအလယ်သို့ ရောက်ရှိချိန်တွင် ထူးခြားသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။

“သော့ကို ဒီလိုနေရာမျိုးမှာ ဝှက်ထားတယ်ဆိုတော့... တစ်ယောက်ယောက်ကို ရှာတွေ့စေချင်လို့လား”

ဖုန်းပုကြွယ်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

အမှန်တိုင်း ပြောရလျှင် သူ ကန့်ကွက်စရာ မရှိချေ။ အံဆွဲများ၏ အနောက်ဘက်တွင် သတိပေးချက်များ ရှိနေခြင်းကြောင့်သာ သော့ရှိမည့် တည်နေရာကို ရှာတွေ့နိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက ဤကဲ့သို့သော နေရာမျိုးတွင် ရှိနေလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း...။

ဘန်း ဘန်း ဘန်း။ သူ ခေါက်ကြည့်ပြီး ရှုံ့မဲ့သွား၏။ သံကုတင်ပေါ်တွင် အချိုင့်အခွက်တစ်ခုတောင် ပေါ်ထွက်မလာချေ။

“ဒါက ဘာကို ဆိုလိုတာလဲ”

ဖုန်းပုကြွယ်က မေးခွန်းထုတ်သည်။

“အရည်အသွေးမြင့် ဂွနဲ့ ခေါက်တာတောင်မှ ဘာထိခိုက်မှုမှ မရှိဘူးဆိုတော့၊ ဒါက... အဲ့ဒီအိမ်သာပုံးထဲမှာ ချိန်းဆောလွှစက်တစ်လုံး ဝှက်ထားတယ်လို့ ညွှန်ပြနေတာလား”

သူ ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ချလိုက်သည်။သူသည် ‘ကူဒိုရှင်အိချိ’ အဖြစ် သရုပ်ဆောင်ပြီးသွားပြီ ဖြစ်သဖြင့် လက်ရှိတွင် ‘အစ်ခ်ယု’ ကဲ့သို့ ဉာဏ်ထုတ်ရန် ကြိုးစားလိုက်တော့သည်...။

“ရပြီဟေ့”

ဖုန်းပုကြွယ်ထံတွင် အမှန်တကယ်ပင် အကြံတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူသည် စမ်းသပ်ကြည့်ရုံဖြင့် မည်သည့်နစ်နာမှုမှမရှိဟု ယူဆလိုက်သည်။ သူသည် ကုတင်ပေါ်သို့ အလျင်အမြန်ပြုပြင်ခြင်းစကေးကို တစ်ကြိမ်အသုံးပြုလိုက်သော်လည်း မမျှော်လင့်ဘဲ ကျရှုံးသွားရသည်...။ သူ၏ D အဆင့်ရှိသော လက်မှုပညာကျွမ်းကျင်မှုကြောင့် ရရှိသည့် ၆၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းနှင့် ရေခဲမှော်ဆရာ၏ ဇွဲလုံ့လကြောင့် ရရှိသည့် တက်ကြွစွမ်းရည်အားလုံး၏ ၁၀ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းတို့ ပေါင်းစပ်ထားသည့်တိုင် သူကျရှုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းမှာ ဖုန်းပုကြွယ်အား သူ့အကြံက မှားနေလို့လားဟူ၍ စတင်သံသယဝင်လာစေခဲ့သည်။

သို့သော်လည်း သက်လုံအမှတ် ၂၀၀ မှာမူ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ အလွယ်တကူ လက်မလျှော့နိုင်သေးချေ။ မည်သို့ပင်ဖြစ်စေ ဤစကေးတွင် အသုံးပြုရန်ကြာချိန် ရှိမနေသဖြင့် သူက ချက်ချင်းပင် ဒုတိယအကြိမ် ထပ်မံအသုံးပြုလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ စကေးသည် အောင်မြင်စွာ လည်ပတ်သွားခဲ့ပြီး ကုတင်၏ ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားခဲ့တော့သည်။

“ထင်တဲ့အတိုင်းပဲ၊ ဒါက စက်မှုပစ္စည်းတစ်ခု ဖြစ်နေတာကိုး”

ဖုန်းပုကြွယ်သည် ဝမ်းသာလုံးဆို့သွား၏။ သတ္တုသီးသန့်ဖြင့် ပြုလုပ်ထားပြီး ခွဲခြားမရနိုင်သော ဤကုတင်သည် ပုံသဏ္ဌာန်အရ ရိုးရှင်းပုံရသော်လည်း ၎င်းအတွင်း၌ စက်ယန္တရားတစ်ခုသာ ပါဝင်နေခြင်းကြောင့် စက်မှုပစ္စည်းတစ်ခုအဖြစ် ကျိုးကြောင်းဆီလျော်စွာ သတ်မှတ်နိုင်ခြင်း ဖြစ်သည်။

ကောင်းကင်ကောင်းချီးကျေးရွာတွင် ဖုန်းပုကြွယ် ပြင်ဆင်ခဲ့သည့် ဆက်သွယ်ရေးကိရိယာကဲ့သို့ပင် ဤကုတင်မှာလည်း ဂိမ်းမီနူးတွင် ၎င်း၏ဂုဏ်သတ္တိများကို ကြည့်ရှု၍မရနိုင်သော်လည်း ပြင်ဆင်၍ရနိုင်သည့် အရာမျိုး ဖြစ်သည်။ ဖုန်းပုကြွယ်က သူ့စကေးကိုသုံး၍ ၎င်းကို ‘ပုံမှန်’ အရည်အသွေးသို့ ပြန်လည်ရောက်ရှိစေပြီးနောက် ကုတင်ပေါ်ရှိ သံချေးများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ကုတင်ပျဉ်ပြားအတွင်းရှိ ပျက်စီးပြီး ကွေးကောက်နေသည့် စပရိန်များမှာလည်း မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားကြသည်။

အရေးအကြီးဆုံး ပြောင်းလဲမှုမှာမူ အပြင်ဘက်ထောက်တိုင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဖြစ်သည်။ ယင်းမှာ ကုတင်ခေါင်းရင်းပိုင်းနှင့် ကုတင်ခြေရင်းပိုင်းတို့ကို ဆက်သွယ်ထားသည့် ဆုံမှတ်နှစ်ခု ဖြစ်သည်။ ထိုနေရာတွင် သတ္တုသပ်နှစ်ခု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ မူလက ဤအပိုင်းနှစ်ခုသည် သံချေးတက်ပြီး ပွတ်တိုက်မိလွန်းသဖြင့် ချောမွေ့နေကာ လုံးဝ ခွဲခြား၍မရနိုင်အောင် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင်မူ ဖုန်းပုကြွယ်အနေဖြင့် ၎င်းတို့ကို ဂွဖြင့် မတင်ရုံမျှဖြင့် အသက်သွင်းနိုင်ပြီ ဖြစ်သည်။

မိနစ်အနည်းငယ်ခန့် အားထုတ်ပြီးနောက်တွင် သူသည် ကုတင်မှ ထိုသတ္တုထောက်တိုင်ကို အောင်မြင်စွာ ဖြုတ်ယူလိုက်နိုင်သည်။

ကုတင်ဘောင်မှ ခွဲထွက်သွားပြီးနောက် ထိုထောက်တိုင်သည် အလျားနှစ်မီတာခန့်ရှိသည့် အခေါင်းပွ သံတိုင်တစ်ချောင်း ဖြစ်လာလေသည်။ ယောက်ျားလေးတိုင်းသည် ဤကဲ့သို့သော အရာမျိုးကို လက်ထဲတွင် ကိုင်ဆောင်ထားရချိန်တွင် မျောက်တစ်ကောင် (စွန်းဝူခုန်း) ၏ ပုံစံအတိုင်း လိုက်လံတုပချင်သည့် စိတ်ရိုင်းများ ပေါ်ထွက်လာတတ်ကြသည်။ အကြောင်းပြချက်တချို့ကြောင့် ထိုဝါသနာသည် လူကြီးဘဝသို့ ရောက်ရှိသည့်တိုင် ပျောက်ကွယ်မသွားကြချေ။ သက်ကြီးပိုင်းအရွယ်သို့ ရောက်ရှိသွားချိန်မှသာ ပျောက်ကွယ်သွားမလားဆိုသည်ကိုတော့ စဉ်းစားမိပါသည်...။

မည်သို့ပင်ဖြစ်စေ ဖုန်းပုကြွယ်သည် ထိုအခေါင်းပွထောက်တိုင်ကို မတ်မတ်ထောင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် အနည်းငယ် ခေါက်ကြည့်လိုက်သည်။ သူက သော့ကို ထိုအခေါင်းပွ ပြွန်အတွင်းမှ လျှောကျလာလိမ့်မည်ဟု ယူဆထားခဲ့သော်ငြား သံတိုင်ကို ဖယ်ရှားလိုက်ချိန်တွင် မည်သည့်အရာမျှ ကျဆင်းမလာပါချေ။

“အမ်...”

ဖုန်းပုကြွယ်သည် သံတိုင်ကို ကောက်ယူ၍ မျက်လုံးတစ်ဖက်မှိတ်ကာ အခြားမျက်လုံးတစ်ဖက်ဖြင့် အတွင်းသို့ လှမ်းကြည့်လိုက်သည်။ သူသည် အခြားတစ်ဖက်မှ ဖြတ်သန်းဝင်ရောက်လာသည့် အလင်းရောင် အနည်းငယ်ကို မြင်တွေ့နိုင်ပြီး သံတိုင်၏ အလယ်ဗဟိုတွင် အရာဝတ္ထုအသေးလေးတစ်ခု၏ ပုံရိပ်ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။ ယင်းသည် သော့ဖြစ်ရမည်ဖြစ်သော်လည်း အကြောင်းပြချက်တစ်ခုကြောင့် အပြင်သို့ လျှောကျမလာခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် သံတိုင်ကို ပြောင်းပြန်လှန်၍ အခြားတစ်ဖက်မှ လျှောကျလာမလားကို စမ်းသပ်ခဲ့သော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်ပြီး ကျဆင်းမလာခဲ့ချေ။ သူသည် စိတ်ပျက်ပြီး အရှက်ရသွားသဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ သံတိုင်ကို အလျားလိုက် ကိုင်ပြီး ဂွဖြင့် အတန်ကြာအောင် ထုရိုက်နေတော့သည်...။ သူ ပြန်မတင်လိုက်သည့် အချိန်တွင်လည်း သော့၏ တည်နေရာက မပြောင်းလဲဘဲ ထိုအတိုင်းသာ ရှိနေဆဲဖြစ်သည်။

“ဒါ ဘာတည်ဆောက်ပုံမျိုးလဲကွာ... ပြွန်ကိုခေါက်တဲ့အချိန်မှာတော့ လှုပ်နေတာမို့ အတွင်းထဲမှာ အသေတပ်ထားတာ ဒါမှမဟုတ် ဂဟေဆော်ထားတာ မဟုတ်ဘူးဆိုတာ သေချာတယ်၊ ဒါပေမဲ့ သံတိုင်ကို ထောင်လိုက်တော့လည်း ကျမလာဘူး...”

သူ ထပ်ခါတလဲလဲ စစ်ဆေးကြည့်ရှုလိုက်သော်လည်း သတ္တုထောက်တိုင်မှာ ဘေးနှစ်ဖက်ကျဉ်းပြီး အလယ်တွင် ကျယ်နေသည့် ပုံစံမျိုးလည်း မဟုတ်ချေ။

“ဒါက ပထမဆုံးပဟေဠိပဲ ရှိသေးတာကို ဒီလောက်ထိ ဒုက္ခပေးဖို့ လိုလို့လား... ငါ့ကို ဘာတွေ ထပ်လုပ်စေချင်နေတာလဲ”

“ငါ့ကို ဘာတွေ ထပ်လုပ်စေချင်နေတာလဲ” ဟု တိုးတိုးရေရွတ်လိုက်ခြင်းက ဖုန်းပုကြွယ်ထံတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်ထွက်လာစေခဲ့သည်။

“နေဦး၊ ဒါ ဖြစ်နိုင်မလား...”

သူက သူ့ဘာသာ တွေးတောရင်း သူ့အင်္ကျီအိတ်ကပ်ထဲသို့ လက်လှမ်းလိုက်သည်။ ယခင်က သိမ်းဆည်းထားခဲ့သည့် ဆပ်ပြာ၊ ဖယောင်းတိုင်နှင့် ဘီးတို့ကို အိတ်ကပ်ထဲသို့ အလွယ်တကူ ထည့်သိမ်းထားခဲ့ခြင်း ဖြစ်သည်။

“ပဟေဠိကို ဖော်ထုတ်နေတဲ့ လက်ရှိအချိန်အထိ ကျိုးကြောင်းဆီလျော်မှုပိုင်းကို ခဏဘေးဖယ်ထားမယ်ဆိုရင်... လက်တွေ့ လုပ်ဆောင်ချက်တွေထဲမှာ ငါ့ရဲ့ အလျင်အမြန်ပြင်ဆင်ခြင်း စကေးနဲ့ မာရီယိုရဲ့ ဂွတို့က မရှိမဖြစ် လိုအပ်တာပဲ၊ ဒီနှစ်ခုမပါရင် ဒီအဆင့်အထိ ရောက်လာဖို့ မဖြစ်နိုင်ဘူး”

ဖုန်းပုကြွယ်က ဆိုသည်။

“စနစ်က ငါ့ကို အကျပ်ရိုက်စေဖို့အတွက် ဒီဇာတ်လမ်းကို အထူးတလည် ဒီဇိုင်းဆွဲထားတာဆိုမှတော့...”

ထိုအချိန်တွင် သူသည် သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ ဆွဲငင်အားဆန့်ကျင်သေနတ်ကို ထုတ်ယူလိုက်လေသည်။ ဤအိုင်တမ်မှာ မီးခိုးရောင် ပြောင်းမနေခဲ့ချေ၊ ဆိုတော့...။

ဖုန်းပုကြွယ်သည် သေနတ်၏ ဆွဲယူသည့် ခလုတ်ကို နှိပ်လိုက်ပြီး ဖယောင်းတိုင်ကို လေထဲတွင် တန့်ထားလိုက်ကာ လက်ဖြင့် သင့်တော်သည့် ထောင့်တစ်ခုသို့ ချိန်ညှိလိုက်သည်။ ထို့နောက် သူသည် ဖယောင်းတိုင်၏ အစွန်းတစ်ဖက်ကို အခေါင်းပွထောက်တိုင်၏ အစွန်းတစ်ဖက်အတွင်းသို့ ထည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင်... အတိအကျ ကွက်တိ ဖြစ်သွားတော့သည်။

“ကောင်းပြီ... ဒီလို ပဟေဠိဒီဇိုင်းမျိုးမှာလည်း အားသာချက် ရှိသားပဲ၊ အနည်းဆုံးတော့ ငါ ဖြေရှင်းနေတဲ့အချိန်မှာ ငါလုပ်တာ မှန်မမှန်ဆိုတာကို အလွယ်တကူ သိနိုင်တာပေါ့...”

ဖုန်းပုကြွယ်က ပြောပြောဆိုဆိုဖြင့် ပစ်လွှတ်သည့် ခလုတ်ကို နှိပ်လိုက်လေသည်။

All Chapters