← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း (၂၄၀) ညီအစ်ကိုများ - ၃

ခလုတ်ကို နှိပ်လိုက်ပြီးနောက် ဖယောင်းတိုင်သည် သေနတ်၏အရှိန်ဖြင့် အခေါင်းပွ ထောက်တိုင်အတွင်းသို့ လျှောဝင်သွားခဲ့သည်။ ထိုအချိန်တွင် သံတိုင်အတွင်းမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး တဂျောက်ဂျောက်အသံနှစ်ချက် ဆက်တိုက်ထွက်ပေါ်လာကာ သော့သည် အမှန်တကယ်ပင် ထောက်တိုင်အတွင်းမှ လျှောကျလာတော့သည်။

ဖုန်းပုကြွယ်သည် ဆွဲငင်အားဆန့်ကျင်သေနတ်ကို ပြန်သိမ်းလိုက်ပြီး အခေါင်းပွ ထောက်တိုင်အတွင်းသို့ ထပ်မံကြည့်ရှုလိုက်ရာ သံတိုင်၏ အလယ်ဗဟိုမှာ လက်ရှိတွင် လုံးဝပိတ်ဆို့သွားခဲ့ပြီဖြစ်သဖြင့် အခြားတစ်ဖက်မှ မည်သည့်အလင်းရောင်မျှ မဖြတ်သန်းတော့သည်ကို တွေ့ရှိလိုက်ရသည်။ ယင်းမှာ သော့ရှိနေခဲ့သည့် နေရာတွင် ဖယောင်းတိုင်ပိတ်ဆို့သွားခဲ့ခြင်းကြောင့် ဖြစ်နိုင်လေသည်။

သူ ကိုယ်ကိုကိုင်း၍ ကြမ်းပြင်ပေါ်မှ သော့ကို ကောက်ယူလိုက်ပြီး ဂိမ်းမီနူးကို ဖွင့်ကာ အိုင်တမ်ဖော်ပြချက်ကို စစ်ဆေးကြည့်ရှုလိုက်သည်။

အမည် - အခန်းအမှတ်ဇီးရိုး၏ သော့

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း

အရည်အသွေး - ပုံမှန်

လုပ်ဆောင်ချက် - အသုံးပြုပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားမည်၊ ထို့နောက် အခန်းအမှတ် ဇီးရိုး၏ တံခါးကို စိတ်ကြိုက် လွတ်လပ်စွာ ဖွင့်လှစ်နိုင် သို့မဟုတ် ပိတ်ဆို့နိုင်မည်။

ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ

မှတ်ချက် - ဘာဖြစ်လို့ ဒီအိုင်တမ်ကို တစ်ခါသုံးပစ္စည်း အမျိုးအစားထဲမှာ မထည့်ထားတာလဲဆိုတာ အဖြေကို မင်းသိလိမ့်မယ်လို့ ထင်ပါတယ်။

“ဒီရက်ပိုင်းအတွင်း စနစ်ရဲ့ မှတ်ချက်တွေက ပိုပြီးတော့ အဓိပ္ပာယ်မရှိဖြစ်လာပြီပဲ”

ဖုန်းပုကြွယ် သော့ကို ကြည့်ရင်း ပြောလိုက်သည်။

“ဒါက ကစားသမားတွေအနေနဲ့ ဘာမှ ရေးစရာမလိုတော့ဘူးလို့ ဆိုလိုတာလား၊ ‘မင်း ငါဆိုလိုတာ နားလည်ပါတယ်’ ဆိုတဲ့ မှတ်ချက်မျိုးပဲ ထည့်ပေးထားပြီး ငါ့ဘာသာပဲ အဖြေရှာရတော့မှာလား”

ဖုန်းပုကြွယ်သည် တစ်ကိုယ်တည်း ညည်းတွားရင်း တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူသည် သော့ကို သော့ပေါက်အတွင်းသို့ ထည့်သွင်းလိုက်ပြီး နာရီလက်တံအတိုင်း လှည့်လိုက်ရာ ဂျောက်ဟူသော အသံနှင့်အတူ သော့ပွင့်သွားခဲ့ပြီး သံတံခါးမှာ အခန်းတွင်းဘက်သို့ အနည်းငယ် ဟသွားခဲ့သည်။ ဖုန်းပုကြွယ်က ထိုအရှိန်ကို သုံး၍ တံခါးကို ဆွဲဖွင့်လိုက်လေသည်။

သူသည် အခန်းတွင်းသို့ နောက်ဆုံးတစ်ကြိမ် ဝေ့ဝဲကြည့်ရှုလိုက်ပြီး အသုံးဝင်မည့် တစ်စုံတစ်ရာရှိမရှိ စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်များက အခေါင်းပွထောက်တိုင်ဆီသို့ ရောက်ရှိသွား၏။ စကေး၏ ၁၅ မိနစ် အချိန်ကန့်သတ်ချက် ပြည့်သွားပါက ၎င်းသည် သံချေးတက်နေသည့် မူလပုံစံဟောင်းသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သော်လည်း ၎င်း၏ ခိုင်ခံ့မှုမှာမူ ဂွတစ်ချောင်းနှင့် နှိုင်းယှဉ်နိုင်ဆဲ ဖြစ်သည်။ ယင်းကို လက်တွေ့ စမ်းသပ်ချက်များအရ သက်သေပြပြီးသား ဖြစ်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် အလယ်တွင် ဖယောင်းတိုင်ညပ်နေသည့် ထိုအခေါင်းပွသံတိုင်ကို သူနှင့်အတူ ယူဆောင်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

အမည် - အခေါင်းပွထောက်တိုင်

အမျိုးအစား - လက်နက်

အရည်အသွေး - ပုံမှန်

တိုက်ခိုက်နိုင်စွမ်း - အားနည်း

ဂုဏ်သတ္တိ - မရှိ

အထူးလုပ်ဆောင်ချက် - မရှိ

မှတ်ချက် - ကုတင်ဘောင်မှ ဖြုတ်ယူထားသည့် သံတိုင်တစ်ချောင်း။

ဂိမ်းမီနူးအတွင်းရှိ ထိုအိုင်တမ်ကို ကြည့်ရှုလိုက်ချိန်တွင် အချိန်ကန့်သတ်ချက်ပြဘောက်စ်လေးတစ်ခု ရှိနေလေသည်။ အကယ်၍ သင်သည် ၎င်းအပေါ်တွင် စက္ကန့်အနည်းငယ်မျှ အာရုံစိုက်ထားပါက စာသားဘောက်စ်လေးတစ်ခု ပေါ်ထွက်လာလိမ့်မည်။ ယင်းမှာ ‘ဤအိုင်တမ်သည် လက်ရှိတွင် စကေးတစ်ခု၏ သက်ရောက်မှုအောက်တွင် ရှိနေပါသည်။ အချိန်ကန့်သတ်ချက် ပြည့်သွားပါက ၎င်း၏ အရည်အသွေး ပြောင်းလဲသွားမည် ဖြစ်ပါသည်။ စနစ်၏ အသိပေးချက် - ဤအိုင်တမ်ကို အရောင်းအဝယ် မပြုလုပ်မီ အခြေအနေကို သေချာစွာ နားလည်သဘောပေါက်ပါရန်။’

“အင်း... အတော်လေး စေ့စပ်သားပဲ”

ဖုန်းပုကြွယ်က ယင်းကို လှမ်းကြည့်လိုက်ပြီး အသိပေးချက်၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

သည်းထိတ်ရင်ဖိုသုခဘုံ ကဲ့သို့သော ဂိမ်းမျိုးတွင် အိုင်တမ်များ၏ သဘောသဘာဝကို ပြောင်းလဲနိုင်သည့် စကေးမှာ တစ်ခုထက်မက သေချာပေါက် ရှိပေသည်။ အရည်အသွေးပိုင်းကို ဘေးဖယ်ထားဦးတော့၊ အိုင်တမ်၏ ဂုဏ်သတ္တိများ၊ ပုံသဏ္ဌာန်များနှင့် အထူးလုပ်ဆောင်ချက်များကို ပြောင်းလဲနိုင်သည့် စကေးများလည်း ရှိနေနိုင်သည်။ လူအချို့က ဤစကေးများကို သုံး၍ လိမ်လည်လှည့်ဖြားခြင်းမှ ကာကွယ်ရန်အတွက် ဆိုလိုသည်မှာ အိုင်တမ်များကို စကေးဖြင့် ယာယီပြောင်းလဲပြီးမှ ပြန်လည်ရောင်းချခြင်းမျိုးကို တားဆီးရန် စနစ်သည် ပြောင်းလဲတော့မည့် အိုင်တမ်များပေါ်တွင် ဤကဲ့သို့ အသိပေးချက် စာသားများကို စေ့စပ်စွာ ထည့်သွင်းပေးထားခြင်း ဖြစ်သည်။

“အလျားနှစ်မီတာရှိတဲ့ သံတိုင်တစ်ချောင်းက တစ်ချို့အခြေအနေတွေမှာ သေချာပေါက် အသုံးဝင်နိုင်တာပဲ၊ ဥပမာ အရာဝတ္ထုတွေကို မတင်တာမျိုး၊ တုတ်ထောက်ခုန်တာမျိုး ဒါမှမဟုတ် အခြားအရာတွေပေါ့...”

ဖုန်းပုကြွယ်က သူ့ဘာသာ ပြောလိုက်သည်။

“အသုံးမဝင်ရင်တောင်မှ လက်နက်တစ်ခုအနေနဲ့ သုံးဖို့လည်း မဆိုးပါဘူး၊ တစ်လက်မ ပိုရှည်ရင် အားတစ်ဆ ပိုပြင်းတာပေါ့”

ယင်းမှာ အမှန်တရားပင် ဖြစ်သော်လည်း ထိုလူက ထိုသံတိုင်ကို သယ်ဆောင်သွားရသည့် အခြားသော အကြောင်းပြချက်တစ်ခုမှာ မျောက်တစ်ကောင်ကဲ့သို့ ဟန်ထုတ်ပြချင်၍ ဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံး သိရှိကြပေသည်။

ဖုန်းပုကြွယ် အခန်းထဲမှ ထွက်ခွာလာပြီး တံခါးပေါက်ကို ဖြတ်သန်းသွားသည့် အချိန်မှာပင် စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာခဲ့သည်။

“လက်ရှိမစ်ရှင် ပြီးမြောက်ပါပြီ၊ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”

မစ်ရှင်ဘားရှိ ‘အခန်းထဲမှ ထွက်ပြေးပါ’ ဟူသော ရွေးချယ်မှုတွင် အမှန်ခြစ် ပေါ်လာခဲ့ပြီး နောက်ထပ် မစ်ရှင်အသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“မြေအောက် ဒုတိယထပ်ကို စူးစမ်းလေ့လာပါ၊ အပေါ်သို့ တက်ရောက်မည့် တံခါးကို ဖွင့်ပါ”

“ဆိုတော့... ဒါက မြေအောက်ဒုတိယထပ်ကိုး...”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

“ပြောရမယ်ဆိုရင်... စတင်တဲ့ အခန်းထဲကနေ ထွက်လာဖို့တင် တော်တော်လေး ခက်ခဲနေပြီ... လူလည်း တော်တော်လေး ပင်ပန်းနေပြီ၊ အခု အထပ်တစ်ခုလုံးကို ဖြတ်ကျော်ရဦးမယ်ဆိုတော့ ဖြေရှင်းရမယ့် ပဟေဠိ ပမာဏက...”

သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။

“ဒါက ငါ့ကို သေချာပေါက် သတ်ပစ်လိမ့်မယ်”

သူ့လေသံနှင့် အမူအရာနှစ်ခုလုံးအရ ဤထူးဆန်းသောအရူးသည် အတော်လေး ပျော်ရွှင်နေကြောင်း ပြသနေလေသည်။ သို့သော်လည်း သူပြောလိုက်သည့် စကားလုံးများ၏ အဓိပ္ပာယ်မှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်...။

အခန်းထဲမှ ထွက်ခွာပြီးနောက် ဖုန်းပုကြွယ်သည် သူ၏ သံတိုင်ကို ဝေ့ယမ်းရင်း ကော်ရစ်ဒါအတိုင်း အော်ဟစ်၍ လျှောက်လှမ်းသွားခဲ့သည်။ သူသည် ကျောင်းလေ့လာရေးခရီးထွက်လာသည့် ကလေးဆိုးတစ်ယောက်အလား ပြုမူနေခဲ့ပြီး မည်သည့်အန္တရာယ်ကိုမျှ သံသယဝင်မနေခဲ့ချေ။

သူ ထွက်ခွာလာပြီးနောက် ကော်ရစ်ဒါ၏ ဘေးတစ်ဖက်တစ်ချက်တွင် မည်သည့်တံခါးမှ ရှိမနေဘဲ အပေါ်ရှိ မီးချောင်းများမှလွှဲ၍ လုံးဝဗလာဖြစ်နေလေသည်။ မှန်ပေသည် ဖုန်းပုကြွယ်သည် အခန်းထဲမှနေ၍ အပြင်သို့ လှမ်းကြည့်ကတည်းက ဤအချက်ကို သိရှိပြီးသား ဖြစ်သည်။

မီတာငါးဆယ်ခန့် လျှောက်လာနောက် သူသည် နောက်ဆုံး၌ အခြားအခန်းများ၏ တံခါးများကို လှမ်းမြင်လိုက်ရသည်။

ထိုနေရာတွင် အခန်းခြောက်ခန်း ရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် သုံးခန်းစီ ရှိကြသည်။ သံတံခါးများပေါ်တွင်မူ အခန်းအမှတ်ဇီးရိုးတွင် ရှိမနေသည့် နံပါတ်များကို ဆေးသုတ်၍ မှတ်သားထားကြသည်။ ဘယ်ဘက်ခြမ်းရှိ အခန်းများမှာ ၁၊ ၃၊ ၅ ဖြစ်ကြပြီး ညာဘက်ခြမ်းရှိ အခန်းများမှာမူ ၂၊ ၄၊ ၆ ဖြစ်ကြသည်။ အမှတ် ၂ နှင့် အမှတ် ၄ အခန်းတံခါးများကြားတွင်မူ အမြင့် တစ်မီတာအောက်သာရှိပြီး အပေါ်ကဟနေသည့် ပလတ်စတစ်အမှိုက်ပုံးတစ်ပုံး ရှိနေလေသည်။ အတွင်း၌ တစ်စုံတစ်ရာရှိမရှိကို သူ မသိသေးသော်လည်း အနည်းဆုံးတော့ ထိုအမှိုက်ပုံးမှ မည်သည့် ထူးဆန်းသော အနံ့အသက်မျှ ထွက်ပေါ်မနေခဲ့ချေ။

ရှေ့သို့ ဆက်ကြည့်လိုက်သောအခါ အဝေးတွင် နောက်ထပ်အထပ်တစ်ခုသို့ တက်ရမည့် လှေကားကို လှမ်းမြင်လိုက်ရသည်။

ဖုန်းပုကြွယ်သည် တံခါးများ ပွင့်မပွင့်ကို ဇွတ်အတင်း သွားမစမ်းသပ်ခဲ့သလို သံတိုင်များကြားမှ လှမ်းကြည့်ခြင်းလည်း မပြုလုပ်ခဲ့ချေ။ ထိုတံခါးများကို မြင်လိုက်ရသည့် အချိန်တွင် သူသည် အဓိပ္ပာယ်မဲ့ သံတိုင်ဝေ့ယမ်းသည့် လုပ်ရပ်များကို ချက်ချင်း ရပ်တန့်လိုက်ပြီး သံတိုင်၏ ဘေးတစ်ဖက်တစ်ချက်စီကို ကြမ်းပြင်နှင့် မထိမိအောင် ထောင့်တစ်ခုအတိုင်း စောင်းကာ ခြေဖွဖွနင်း၍ တိုးကပ်သွားခဲ့သည်။ တံခါးများနှင့် နီးကပ်သွားချိန်တွင် သူသည် ကိုယ်ကိုကိုင်း၍ လျင်မြန်စွာ ဖြတ်ကျော်သွားလိုက်သည်။

အခန်းများအတွင်း၌ မည်သည့်အရာများ ရှိနေကြောင်းမှာ လက်ရှိအချိန်အထိ မရေရာသေးချေ။ သံတိုင်များကြားမှ လှမ်းကြည့်ခြင်း သို့မဟုတ် အတွင်းရှိ အရာတစ်ခုခု၏ မြင်ကွင်းထဲသို့ ရောက်ရှိသွားခြင်းမျိုးက ထူးဆန်းသော ဇာတ်ကွက်အချိုးအကွေ့တစ်ခုခုကို အသက်သွင်းမိသွားစေနိုင်သဖြင့် ဖုန်းပုကြွယ်သည် တိတ်တဆိတ် ဖြတ်ကျော်သွားရန်နှင့် လှေကားအခြေအနေကို အရင်ဆုံး စစ်ဆေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူသည် တံခါးခြောက်ချပ်ရှိသည့် ဧရိယာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး လှေကားအောက်ခြေသို့ ရောက်ရှိသွားကာ ကျောက်တုံးလှေကားထစ်များအတိုင်း တက်သွားလိုက်သည်။ ဖုန်းပုကြွယ်သည် ဂန္ထဝင်ဆန်ဆန်သံတိုင်အနက်ရောင်များ ရှိသည့် အခန်းတံခါးတစ်ချပ်ကို မြင်တွေ့လိုက်ရသည်။ ထိုသံတိုင်များကြားမှတစ်ဆင့် သူသည် အပေါ်ထပ်ရှိ ကော်ရစ်ဒါအတွင်းသို့ တိုက်ရိုက် လှမ်းမြင်နိုင်၏။ မြေအောက်ပထမထပ်၏ တည်ဆောက်ပုံမှာ မြေအောက်ဒုတိယထပ်နှင့် အတူတူပင် ဖြစ်သော်လည်း မြေအောက်ပထမထပ်မှ မြေညီထပ်သို့ တက်မည့် လှေကားမှာမူ အခြားတစ်ဖက်ဖြစ်သည့် အခန်းအမှတ်ဇီးရိုးအခန်း၏ အပေါ်တည့်တည့်တွင် ရှိနေမည် ဖြစ်သည်။

ဖုန်းပုကြွယ် သံတိုင်များကို အကြိမ်နည်းငယ် ဆွဲလှုပ်ကြည့်သော်လည်း မဖွင့်နိုင်ချေ။ ထိုအချိန်တွင် စိတ်ကူးတစ်ခု ပေါ်ထွက်လာပြန်သည်။ သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ အဆုံးမဲ့ လက်ပစ်ဗုံးကျည်အိမ်ကို ထုတ်ယူလိုက်သည်။

အဆုံးမဲ့လက်ပစ်ဗုံးကျည်အိမ်ကို ‘ကိရိယာ’ အဖြစ် အမျိုးအစား ခွဲခြားထားသော်လည်း လက်နှိပ်ဓာတ်မီးနှင့် မတူညီသည့်အချက်မှာ ၎င်းသည် ၎င်းဘာသာ အလိုအလျောက် ထုတ်လုပ်ပေးသည့် တစ်ခါသုံးပစ္စည်း အမျိုးအစားဖြစ်ပြီး လည်ပတ်ရန်အတွက် အခြားတစ်ခါသုံးပစ္စည်းများပေါ်တွင် မှီခိုနေရခြင်း မဟုတ်ချေ။ ထို့ကြောင့် ၎င်းကို စနစ်က ပိတ်ပင်တားဆီးထားခြင်း မရှိချေ။

ဖုန်းပုကြွယ်သည် သော့ပေါက်တွင် လက်ပစ်ဗုံးကို တပ်ဆင်၍ ဖောက်ခွဲပစ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လက်ပစ်ဗုံးကို အပြင်သို့ ထုတ်ယူမရနိုင်ကြောင်း သူတွေ့လိုက်ရသည်...။

“လက်ပစ်ဗုံးကျည်အိမ်ကို သုံးလို့ရပေမယ့် အတွင်းက အိုင်တမ်တွေကိုတော့ သုံးလို့မရဘူးပေါ့...”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

သူ့ခန့်မှန်းချက်က မှန်ကန်ပေသည်။ လက်ပစ်ဗုံးကျည်အိမ်ကို ပိတ်ပင်ထားခြင်း မရှိသော်လည်း အတွင်းရှိ အိုင်တမ်များမှာမူ ‘တစ်ခါသုံးပစ္စည်း’ များ ဖြစ်သဖြင့် စနစ်၏ ကန့်သတ်ချက်အောက်သို့ မလွဲမသွေရောက်ရှိသွားကာ အပြင်သို့ ထုတ်ယူ၍မရတော့ခြင်း ဖြစ်သည်။

“အိုကေပါ...”

ဖုန်းပုကြွယ် ပခုံးတွန့်လိုက်ရင်း တံခါးမှ ထွက်ခွာခဲ့သည်။

သူသည် ဤကဲ့သို့ ခွန်အားသုံးသည့် နည်းလမ်းအပေါ်တွင် အစကတည်းက မျှော်လင့်ချက်အများကြီး ထားခဲ့ခြင်း မဟုတ်ချေ...။ သူ အခန်းအမှတ်ဇီးရိုးထဲတွင် လမ်းပိတ်နေစဉ်ကလည်း လက်ပစ်ဗုံးကို အသုံးပြုရန် စဉ်းစားခဲ့သေးသော်လည်း ထိုအတွေးကို လျင်မြန်စွာ ဖယ်ရှားခဲ့ရသည်။ အကယ်၍ သူသည် ထိုကဲ့သို့ ကျဉ်းမြောင်းလှသော အခန်းတွင်း၌ Mark II လက်ပစ်ဗုံးတစ်လုံးကို အသုံးပြုလိုက်ပါက သူ၏ ၂၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည့် အသက်အမှတ်မှာ သေချာပေါက် လုံးဝသုည ဖြစ်သွားပေလိမ့်မည်...။

“ဒါဆိုရင် ဒီတံခါးကိုဖွင့်ပြီး မြေအောက် ပထမထပ်ကို တက်မယ့်နည်းလမ်းက ဒီအခန်း ခြောက်ခန်းထဲမှာ ရှိနေတာပေါ့၊ ဟုတ်လား”

ဖုန်းပုကြွယ်သည် လှေကားအတိုင်း ပြန်ဆင်းလာခဲ့ပြီး သူ့ရှေ့ရှိ ပဟေဠိဧရိယာကို လှမ်းကြည့်လိုက်လေသည်။

သူ နံရံဆီသို့ ရောက်ရှိသွားပြီး သံတိုင်ကို အသာအယာချကာ သူ့လက်ချောင်းများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ လက်ဝါးကိုအပြင်ဘက်လှည့်ကာ လက်မောင်းများကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူသည် ထိုပုံစံအတိုင်းပင် လက်များကို သူ့ခေါင်းပေါ်သို့ မြှောက်လိုက်ရင်း ခန္ဓာကိုယ် လှုပ်ရှားမှုအတွက် သွေးပူလေ့ကျင့်ခန်း လုပ်နေသည့်အလား ပြုမူလိုက်သည်။

“ဘယ်ကနေ စရမလဲ...”

သူသည် သူ့ဘာသာရေရွတ်ရင်း အခန်းအမှတ် ၆၏ တံခါးရှေ့သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသတိထား၍ တိုးကပ်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့မျက်နှာကို သံတိုင်များနှင့် ကပ်လိုက်သည်။

ကော်ရစ်ဒါမှ အလင်းရောင်မှာ အခန်းတွင်းသို့ လင်းထိန်နေစေ၏။ အခန်းတည်ဆောက်ပုံမှာ အခြေခံအားဖြင့် အခန်းအမှတ်ဇီးရိုးနှင့် အတူတူပင် ဖြစ်သည်။ ကုတင်၊ ပလတ်စတစ်ပုံး… အားလုံး အတူတူဖြစ်သော်လည်း သစ်သားဗီရိုအသေးလေး ရှိမရှိကိုမူ သူ အတည်မပြုနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုထောင့်မှာ တံခါးနှင့် ကပ်နေသဖြင့် မျက်ကွယ်ဖြစ်နေသောကြောင့် ဖြစ်သည်။

“အင်း... ဘယ်သူမှ မရှိပါလား...”

ဖုန်းပုကြွယ်သည် အတွင်း၌ မည်သူ့ကိုမျှ မမြင်တွေ့ခဲ့ချေ။ သူက တံခါးကို တွန်းကြည့်သော်လည်း မဖွင့်နိုင်ချေ။

ထို့နောက် အမှတ် ငါး၊ လေး၊ သုံး၊ နှစ်နှင့် တစ် အခန်းတံခါးများ၏ သံတိုင်များကြားမှ ဆက်တိုက် လှမ်းကြည့်ခဲ့သော်လည်း အားလုံးမှာ တူညီသည့်အခြေအနေကိုသာ ရှာဖွေတွေ့ရှိခဲ့ရသည်။

ထို့နောက်တွင်မူ ဖုန်းပုကြွယ်သည် အမှိုက်ပုံးဆီသို့ လျှောက်သွားလိုက်ပြီး ပစ္စည်းသိုလှောင်အိတ်ထဲမှ ကြေးရုပ်၁၈ရုပ်၏ ခေါက်ထိုင်ခုံ (အမှတ် ငါး)ကို ထုတ်ယူထိုင်ချလိုက်ပြီး အမှိုက်ပုံးကို စေ့စေ့စပ်စပ် စစ်ဆေးရန် ပြင်ဆင်လိုက်တော့သည်။

ဖုန်းပုကြွယ်၏ ဝတ်စုံတွင် လက်အိတ်များပါဝင်ပြီး ယင်းမှာ လိုအပ်ပါက ပြသနိုင်သည့် အမျိုးအစား ဖြစ်သည်။ ဇာတ်လမ်းစတင်ကတည်းက ဖုန်းပုကြွယ်သည် လက်ဗလာဖြင့်သာ ရှိနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း လက်ဗလာဖြင့်သာ ရှိနေဆဲ ဖြစ်သည်။

အမှိုက်ပုံးအတွင်း၌ သွေးစွန်းနေသည့် ပတ်တီးများ၊ အစားအစာ အကြွင်းအကျန်များ ပေကျံနေသည့် ပလတ်စတစ်ပန်းကန်များနှင့် ကျင်ကြီးကျင်ငယ်များ စွန်းထင်းနေသည့် ပလတ်စတစ်ပန်းကန်အချို့ ရှိနေသည်...။ ထောင်သားများသည် အစားအစာ စားသောက်ပြီးနောက် ထိုပန်းကန်များအတွက် နောက်ထပ်အသုံးပြုပုံတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြကြောင်း ထင်ရှားလှသည်။

ဖုန်းပုကြွယ်သည် မူလက အမှိုက်များကို လက်နှိုက်၍ ရှာဖွေချင်ခဲ့သော်လည်း ထိုင်ချလိုက်ပြီး သေသေချာချာ ကြည့်ရှုလိုက်ချိန်တွင်မူ... ၎င်းတို့ကို အပြင်သို့ သွန်ချရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

သူသည် ဦးစွာ သံတိုင်ကို ကောက်ယူလိုက်ပြီးနောက် အမှိုက်ပုံးအတွင်းရှိ အရာများကို ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်တော့သည်။ ထို့နောက် သူသည် ခေါက်ထိုင်ခုံပေါ်တွင် ပြန်ထိုင်ချလိုက်ပြီး သံတိုင်ကို သူ့ပခုံးပေါ် တင်ထားလိုက်ကာ သံတိုင်အစွန်းကိုသုံး၍ ကြမ်းပြင်ပေါ်ရှိ အမှိုက်များကို ထိုးဆွကာ စတင်ရှာဖွေတော့သည်။ မည်သို့ပင်ဖြစ်စေ ဤအရာသည် သူ့ကိုယ်ပိုင်ပစ္စည်း မဟုတ်သဖြင့် ညစ်ပတ်ပေရေသွားလည်း ကိစ္စမရှိချေ။

ဖုန်းပုကြွယ်သည် အမှိုက်များကို ထိုးဆွရှာဖွေရင်း စဉ်းစားခန်းဖွင့်လိုက်သည်။

“ထူးဆန်းတယ်... အခန်းတိုင်းရဲ့ အိမ်သာပုံးက အနံ့အသက်တွေ ထွက်နေပြီး ဒီပလတ်စတစ်ပန်းကန်တွေပေါ်က အကြွင်းအကျန်တွေကို ကြည့်ရသလောက် ဆိုရင်လည်း အချိန်အများကြီး မကြာသေးဘူးလေ၊ ဘာလို့ အခန်းထဲမှာ ဘယ်သူမှ ရှိမနေရတာလဲ...”

သူ ခဏရပ်၍ ရေရွတ်လိုက်သည်။

“သိပ်မကြာခင်ကပဲ အားလုံးကို အတူတူ ခေါ်ထုတ်သွားကြတာလား”

အတန်ကြာအောင် ရှာဖွေပြီးနောက် ဖုန်းပုကြွယ်သည် ညစ်ပတ်နေသည့် ပတ်တီးများနှင့် ပလတ်စတစ်ပန်းကန်များကိုသာ ရှာဖွေတွေ့ရှိခဲ့ရသည်။ အမှိုက်အားလုံးကို သွန်ချလိုက်ပြီးနောက်တွင်မူ အမှိုက်ပုံးအတွင်း၌ ကပ်ညှိနေသည့်အရည်များနှင့် အနှစ်များမှာ အမှန်တကယ်တွင် အများကြီး ရှိမနေသဖြင့် ပြင်းထန်သောအနံ့များ ထွက်မနေခြင်းဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ သို့သော်လည်း ရွံစရာကောင်းသည်မှာတော့ အမှန်ပင် ဖြစ်သည်။

သူသည် အခြားဘက်သို့ အာရုံပြောင်းရန် ပြင်လိုက်စဉ်တွင် ရုတ်တရက် ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိလိုက်သည်။ အနည်းဆုံးတော့ ထိုအမှိုက်ပုံးအတွင်း၌ ဤအိုင်တမ်မှာ ထူးခြားနေလေသည်။

အမည် - စာလုံးထွင်းထုထားသည့် သွားတု

အမျိုးအစား - ဇာတ်ကွက်ဆိုင်ရာပစ္စည်း

အရည်အသွေး - ပုံမှန်

လုပ်ဆောင်ချက် - မသိရ

ဇာတ်လမ်းပြင်ပ ယူဆောင်သွားနိုင်ခြင်း - ရှိပါသည်

မှတ်ချက် - သွားတု၏ အတွင်းဘက်တွင် အချက်အလက်အချို့ ထွင်းထုထားသည်။

ဖုန်းပုကြွယ်သည် ထိုသွားတုကို ကောက်ယူလိုက်ပြီးနောက် အတော်လေး သန့်ရှင်းသည့် ပတ်တီးစတစ်ခုကို သုံး၍ ၎င်းကို အသာအယာ သုတ်လိုက်သည်။ ထို့နောက် သူသည် ၎င်းကို လှန်လိုက်ပြီး ဂရုတစိုက်စစ်ဆေးကြည့်ရှုလိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ပဟေဠိကို ဖော်ထုတ်ရန်အတွက် သက်ဆိုင်သောအရိပ်အမြွက်များကို မြင်တွေ့လိုက်ရတော့သည်။

All Chapters