အခန်း (၈၈၁-၈၈၂)
Vol. 62 Ch. 881-882
အပိုင်း (၈၈၁) သက်တမ်းချေးယူခြင်းရောဂါအတွက် ကုသရေးအစီအစဉ်
ရှုဟွမ်သည် ဖြစ်နိုင်ခြေရှိသော ဇာတ်လမ်းများစွာကို တွေးထားမိသော်လည်း ဝူကျိ၏ ဇာတ်လမ်းမှာမူ အလွန် တုန်လှုပ်ဖွယ်ကောင်းနေဆဲဖြစ်သည်။ သူသည် မုန်လာဥနီကို ဇိမ်ခံစားနေသော မာကြီးကို ကြည့်ရင်း တခါတရံတွင် မြင်းတစ်ကောင် ဖြစ်ရသည်မှာလည်း မဆိုးလှဟု တွေးမိလိုက်သည်။
"ဒါဆို ခင်ဗျားက လူသားစားအခန်းထဲက အချိန်က မင်းကို စွန့်ပစ်သွားတဲ့ ချစ်သူလို့ သံသယဝင်နေတာလား"
"အသွေးအသားရဲ့ အရသာက ဘယ်တော့မှ မမှားနိုင်ဘူး"
ဝူကျိက အလွန်သေချာနေ၏။
"တကယ်လို့ တစ်ဖက်လူက ခင်ဗျားရဲ့ ချစ်သူဟောင်း ဖြစ်နေတယ်ဆိုရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ"
"ငါ သူ့ကို အပိုင်းပိုင်း ခုတ်ပစ်မယ်၊ ပြီးရင် အခြေခံအကျဆုံး အသက်ဓာတ်ကိုပဲ ထိန်းထားပြီး ငါ့ကလေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်မယ့် နည်းလမ်းရှာမယ်"
ဝူကျိက သူမစိတ်ထဲတွင် အစီအစဉ်ချပြီးသား ဖြစ်သည်။
ရှုဟွမ်သည် သက်ပြင်းတစ်ချက် ရှိုက်ရင်း သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။
"အရင်ဆုံး စိတ်အေးအေးထားပါဦး၊ ကျွန်တော့်မှာလည်း အချိန်ရဲ့ အထောက်အထားနဲ့ ပတ်သက်လို့ အရေးကြီးပြောစရာ တစ်ခုရှိသေးတယ်"
"အသွေးအသားက ငါ့ကို လိမ်မှာမဟုတ်ဘူး"
ဝူကျိက ရှုဟွမ် ဘာပြောပြော သူမ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲမည် မဟုတ်ကြောင်း ပြတ်သားနေပုံရသည်။
"ကျွန်တော် ဒေါက်တာကောင်းအကြောင်းကို အသေးစိတ် စုံစမ်းခဲ့ပြီးပြီ၊ အနာဂတ်မှာ သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးကိုလည်း တွေ့ခဲ့တယ်၊ လျှို့ဝှက်ချက်တွေဖုံးလွှမ်းနေတဲ့ မိသားစုဝင် နှစ်ယောက်ရှိတယ်၊ တစ်ယောက်က ဒေါက်တာကောင်းရဲ့ အဖေဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူ့အမေဘက်က အဖွားပဲ"
ရှုဟွမ်သည် ဝူကျိ ကြားဖြတ်ပြောမည် စိုးသဖြင့် စကားကို ခပ်သွက်သွက် ပြောလိုက်သည်။
"ကျွန်တော် အသတ်မခံရခင်အထိ သူ့အဖေနဲ့ တစ်ခါမှ မဆုံဖူးသလို ဓာတ်ပုံ ဒါမှမဟုတ် အချက်အလက် တစ်ခုမှလည်း မတွေ့ခဲ့ရဘူး၊ ဒါပေမဲ့ အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံရဲ့ မှတ်တမ်းထဲမှာတော့ သူ့အဖွားရဲ့ ဓာတ်ပုံတစ်ဝက်ကို ရှာတွေ့ခဲ့တယ်"
"ဟိုးအရင်တုန်းက ဒေါက်တာကောင်းရဲ့ အဖွားဟာ မိသားစုကို စွန့်ခွာသွားပြီး စိတ်ကျန်းမာရေးဆေးရုံကို ပို့ခံခဲ့ရတယ်၊ သူက လွတ်မြောက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ အားလုံး ကျရှုံးခဲ့ရတယ်၊ သူက မိသားစုထဲက လူတိုင်း အရူးတွေဖြစ်ပြီး သူတစ်ယောက်တည်းပဲ ပုံမှန်ဖြစ်တယ်လို့ စွပ်စွဲခဲ့ပေမဲ့ ဘယ်သူမှ နားမထောင်ခဲ့ကြဘူး၊ နောက်ပိုင်း အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံကို တိုးချဲ့တဲ့အခါကျတော့ သူက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တယ်"
"အခု နင် ဘာပြောချင်နေတာလဲ"
ဝူကျိ၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့သည်။ သူမသည် ဆေးထိုးပြွန်ကို ကိုင်၍ သူမကိုယ်သူမ ဆေးထိုးရန် ပြင်ဆင်လိုက်သည်။ သူမသည် သေဆုံးချိန်အိမ်ရာသို့ မသွားမီ အမြန်ဆုံး ပြန်လည်ကျန်းမာလာချင်နေခဲ့သည်။
"ဒေါက်တာကောင်းရဲ့ အဖွားက လူသားစားအခန်းထဲက အဲ့ဒီမကောင်းဆိုးဝါးနဲ့ ပုံစံချင်း ချွတ်စွပ်ပဲ၊ သူ့ကိုယ်သူ 'အချိန်' လို့ ခေါ်နေတဲ့သူဟာ ဒေါက်တာကောင်းရဲ့ မိသားစုဝင်ပဲ"
ရှုဟွမ်၏ အသံက ပိုကျယ်လောင်လာသည်။
"အရာရှိရွှယ်ပေးခဲ့တဲ့ သဲလွန်စတွေအားလုံး ဆက်စပ်မိသွားပြီ၊ သူက နောက်ကွယ်က ကြိုးကိုင်သူပဲ"
ဝူကျိနှင့် ရှုဟွမ်တို့၏ အမြင်တွင် သေဆုံးချိန်အိမ်ရာမှ ထိုမကောင်းဆိုးဝါးသည် မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ပါသော ပုံပျက်ချစ်သူဖြစ်နိုင်သလို ဒေါက်တာကောင်း၏ အဖွားလည်း ဖြစ်နိုင်သည်။ သို့သော် အချိန်အစစ်အမှန်တော့ လုံးဝမဖြစ်နိုင်ဟု သူတို့ ယူဆထားကြသည်။
အရာရှိရွှယ် မရူးသွားမီက ပေးခဲ့သော သဲလွန်စများက သူတို့အပေါ် လွှမ်းမိုးထားခဲ့သဖြင့် အရာအားလုံးသည် အလွန်ပင် ယုတ္တိတန်နေတော့သည်။
"ကျွန်တော်တို့ သေဆုံးချိန်အိမ်ရာကနေ ထွက်လာတုန်းက သူ့ဆီကနေ ထွက်လာတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို ရှင်းရှင်းလင်းလင်း ခံစားမိတယ်၊ အနည်းဆုံးတော့ အဲ့ဒီအချိန်မှာ သူ ဖုံးကွယ်မထားခဲ့ဘူး၊ ကျွန်တော့်ကို တကယ် သတ်ချင်နေတာ"
ရှုဟွမ်သည် ထိုစကားကို အစောပိုင်းက မပြောရဲခဲ့သော်လည်း ဝူကျိ၏ ရပ်တည်ချက်ကို အတည်ပြုပြီးနောက်တွင် ဖုံးကွယ်ထားရန် မလိုအပ်တော့ဟု ခံစားရသည်။
"ဒီ 'အချိန်' မှာ တစ်ခုခု မှားနေတာတော့ သေချာတယ်၊ ဒါပေမဲ့ သက်တမ်းချေးယူတဲ့ ကိစ္စက ကိုင်တွယ်ရ အရမ်းခက်တယ်၊ လူ့အခွင့်အရေး ကော်မတီရဲ့ စည်းမျဉ်းအရ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်၊ သူတို့က သက်တမ်းကို ချေးယူဖို့ ရွေးချယ်ခဲ့တယ်၊ ထာဝရအသက်ရှင်နိုင်ဖို့အတွက် သူတို့ရဲ့ သက်တမ်းကို ပေးဆပ်ဖို့ ဆန္ဒရှိကြတယ်၊ ဒါက တရားမျှတတယ်လို့ ပြောလို့ရတယ်"
"နင့်လို အချိန်ခရီးသွားနိုင်တဲ့သူက စည်းမျဉ်းစည်းကမ်းတွေကို ဂရုစိုက်နေသေးတာလား"
ဝူကျိသည် ရှုဟွမ်ထက် ပို၍ ရက်စက်လှသည်။ဖြစ်နိုင်သည်က သူမသည် သေဆုံးခြင်း၏ သက်ရောက်ဒဏ်ကို မခံရသေးဘဲ မူလကိုယ်ကျင့်စရိုက်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်၍ ဖြစ်နိုင်၏။
"သက်တမ်းချေးယူတာဟာ ကူးစက်တတ်တဲ့ အုပ်စုလိုက်ရောဂါတစ်ခုလို ဖြစ်နေပြီ၊ ဒီလို ပြင်းထန်ပြီး ကူးစက်လွယ်တဲ့ ရောဂါဆိုးကို ကိုင်တွယ်တဲ့အခါ ငါတို့တွေ သနားနေလို့ မရဘူး၊ အဓိက လူနာတွေကို သီးခြားခွဲထုတ်ရုံတင်မကဘဲ ကူးစက်ခံထားရတဲ့သူတွေကိုလည်း ထိန်းချုပ်ရမယ်"
"ဘာလို့ အချိန်ကိုပဲ တိုက်ရိုက်မသိမ်းပိုက်လိုက်တာလဲ"
"ဒီသက်တမ်းဆွဲဆန့်တဲ့ နည်းလမ်းကို လူတစ်ယောက်တည်း သုံးနေတာက ကြောက်စရာ မကောင်းဘူး၊ ကြောက်ဖို့ကောင်းတာက လူတိုင်းက ဒါကို လိုက်လျှောက်ရမယ့် လမ်းစဉ်တစ်ခုလို သဘောထားလာကြတာပဲ၊ လူသားစားအခန်းထဲက မကောင်းဆိုးဝါးက လူတွေရဲ့ သေခြင်းတရားကို ကြောက်တဲ့စိတ်နဲ့ သူတို့ရဲ့ ရုပ်အဆိုးဆုံး၊ အတ္တအကြီးဆုံး စိတ်တွေကို အသုံးချနေတာ၊ သူတို့ အသက်ရှင်နေသရွေ့ ကျန်တာ ဘာမှအရေးမကြီးဘူးဆိုတဲ့ စိတ်မျိုးပေါ့"
ဝူကျိက အားတင်းကာ ထရပ်လိုက်သည်။ ဆေးထိုးပြီးနောက် သူမ၏ အသွင်အပြင်က သိသိသာသာ ပိုကောင်းလာလေသည်။
"ငါ ဒီသက်တမ်းဆွဲဆန့်တဲ့နည်းလမ်းရဲ့ အန္တရာယ်ကို အထက်လူကြီးတွေဆီ အစီရင်ခံပြီးပြီ၊ ရှင်းလုဟာ တောအုပ်ကြောင့် ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေကို အခုလေးတင် တွေ့ကြုံထားရတာ၊ အခုလို အမာခံလူနာအသစ်တွေ ပေါ်လာမှာကို သူတို့ လုံးဝခွင့်ပြုမှာ မဟုတ်ဘူး"
"ခင်ဗျား... ခင်ဗျား ဒါကို ကျွန်တော်နဲ့ ဆွေးနွေးသင့်တယ်"
ရှုဟွမ်က ပြောလိုက်သည်။ သူသည် အဓိကအဖွဲ့အစည်းကြီး သုံးခုကို ပါဝင်ပတ်သက်စေလိုခြင်း မရှိပေ။ သူသည် အချိန်တွင် ထူးခြားတာတစ်ခုခု ပုန်းကွယ်နေပြီး ယင်းက သူ "ပိုင်ဆိုင်" ရမည့် အရေးကြီးသော အရာတစ်ခုဟု အမြဲခံစားနေရသည်။
ဝူကျိသည် မြွေဟောက်တစ်ကောင်၏ မျက်လုံးများကဲ့သို့ ကောက်ကျစ်စဉ်းလဲသော အကြည့်ဖြင့် ရှုဟွမ်အား ကြည့်လိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ငါပြောတဲ့ 'အထက်လူကြီး' ဆိုတာ ကလေးထိန်းစင်တာရဲ့ အကြီးအကဲတွေကို ပြောတာပါ၊ ဒီကိစ္စဟာ ငါ့ချစ်သူနဲ့ ရှင်းလုမှာရှိတဲ့ မရေမတွက်နိုင်အောင် ပုံပျက်နေတဲ့ မွေးကင်းစကလေးတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်တယ်၊ ဒါကြောင့် ငါ့လက်ထဲမှာပဲ မြဲမြဲဆုပ်ကိုင်ထားရမှာပေါ့"
ဝူကျိ၏ ဖိတ်ခေါ်မှုအရ ရှုဟွမ်နှင့် မာကြီးတို့သည် မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာ၏ မြေအောက်အစည်းအဝေးခန်းမသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဒေါက်တာဝူကျိကဲ့သို့ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲသော အဝတ်အစားများဖြင့် ပတ်ထားပြီး မျက်လုံးများသာ ဖော်ထားသော လူများစွာကို တွေ့လိုက်ရသည်။ အချို့သည် အဝါရောင်အရည်များ ဖြည့်ထားသော သေတ္တာများထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေပြီး အပြင်လောကနှင့် ဆက်သွယ်ရန် စက်ပစ္စည်းများကို အသုံးပြုနေကြသည်။
"ပြန်လည်သန်စွမ်းရေးက အရူးတချို့က ရှင်းလုကို ရူးသွပ်နေတဲ့ မြို့ကြီးလို့ ထင်နေကြတာ၊ သူတို့ မသိတာက ရှင်းလုမှာ ဘယ်လိုအတွေးအခေါ်မျိုးကိုမဆို စမ်းသပ်လို့ရတယ် ဆိုတာပဲ၊ ဘယ်လို အတွေးမျိုးကိုမဆို လေးစားမှုပေးတယ်၊ ဒီမှာ ကန့်သတ်ချက်တွေ၊ တားမြစ်ချက်တွေ မရှိဘူး"
ဝူကျိသည် ရှုဟွမ်အား ရှင်းလု၏ နောက်ထပ်မျက်နှာတစ်ဖက်ခြမ်းကို ပြသခဲ့သည်။ မြေအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်မှုများနှင့် စက်ကိရိယာအမျိုးမျိုး ရှိနေပြီး အချို့မှာ ရှုဟွမ်ကိုပင် စိတ်မသက်မသာ ဖြစ်စေ၏။
"လူသားစားအခန်းထဲက အဲ့ဒီမကောင်းဆိုးဝါး ပြောနေတာတွေကို ငါ စပြီးသံသယဝင်လာပြီ"
မာကြီးတစ်ယောက် ဆွံ့အနေရသည်။ ပုံမှန်လူတစ်ယောက်သည် အခုလို ရူးသွပ်ပြီး စိတ်ကူးပင် မယဉ်နိုင်သော စမ်းသပ်မှုများကို ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။ ဤစိတ်ဖောက်ပြန်မှု ကမ္ဘာထဲက အရူးအစစ်များသာ ယခုလို 'စိတ်ကူးယဉ်မှု' တွေကို လုပ်ကြမည် ဖြစ်သည်။
"ဒါဆို မင်းတို့ရဲ့ လူ့အခွင့်အရေး ကော်မတီနဲ့ ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အားလုံးက ငါ့လို မြင်းတစ်ကောင်ကို ကန့်သတ်ဖို့အတွက်ပဲလား"
မာကြီးသည် အော့အန်ချင်စိတ် ပေါက်လာရသည်။ သူ တစ်နေကုန် မုန်လာဥနီများစားရင်း တောင်စဉ်ရေမရများ လျှောက်ပြောနေချိန်တွင် သူတို့သည် မြေအောက်၌ သက်ရှိအမျိုးမျိုး၏ လက္ခဏာများ ပေါင်းစပ်ထားသော ပုံပျက်ပန်းပျက် မွေးကင်းစကလေးများကို ပြုစုပျိုးထောင်နေကြခြင်းဖြစ်သည်။
"ဒီက စမ်းသပ်မှု ၉၀ ရာခိုင်နှုန်းက အလကား ဖြစ်သွားနိုင်ပေမဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်ဖို့ အခွင့်အရေးရှိရင်တောင် ဒါဟာ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်ပါတယ်"
ဝူကျိက ရှေ့မှ လျှောက်သွားလိုက်သည်။
"ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့ရဲ့ ဦးနှောက်ချိတ်ဆက်ခြင်း နည်းပညာကို အစကတည်းက ငါတို့တွေပဲ ဖော်ဆောင်ခဲ့တာ၊ မစ္စတာရှစ်ရှစ်က အစောပိုင်းကာလတွေမှာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ပြီး ရရှိလာတဲ့ အကျိုးအမြတ်ကလည်း တကယ်ကို များတယ်"
"ဘာအကျိုးအမြတ်လဲ၊ အဲ့ဒါက သေဒဏ်ပေးတာ မဟုတ်ဘူးလား"
မာကြီးသည် မြင်းတစ်ကောင်မျှသာ ဖြစ်သဖြင့် ထိုလူများကို နည်းပရိယာယ်ချင်း မယှဉ်နိုင်ပေ။
"ဦးနှောက်ဝေမျှချိတ်ဆက်ခြင်းက နာကျင်မှုကို မျှဝေခံစားနိုင်သလို ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုတွေကိုလည်း မျှဝေပေးနိုင်တယ်၊ ဒီလောကမှာရှိတဲ့ အဖိုးတန်တဲ့ ခံစားချက် တော်တော်များများက ပြုစုပျိုးထောင်ပေးဖို့ လိုအပ်တယ်၊ ဦးနှောက်ချိတ်ဆက်ခြင်းက တစ်ခြားသူရဲ့ ဘဝတစ်သက်တာ ကြိုးစားအားထုတ်မှုကနေ ရလာတဲ့ ချိုမြိန်တဲ့ အသီးအပွင့်တွေကို အလွယ်တကူ ခံစားနိုင်အောင် လုပ်ပေးတယ်"
ဝူကျိက နောက်ထပ်ဆေးတစ်လုံးကို သူမ၏ ခန္ဓာကိုယ်ထဲ ထိုးထည့်လိုက်သည်။ သူမသည် အမြန်ဆုံး စတင်ချင်နေပြီ ဖြစ်သည်။
"ဦးနှောက်ချိတ်ဆက်ခြင်း နည်းပညာမှာ အများကြီး ပါဝင်ပတ်သက်နေတာ၊ အနာဂတ်မှာ နင် သိလာပါလိမ့်မယ်"
ဓာတ်ခွဲခန်း၏ အနက်ရှိုင်းဆုံး အခန်းတစ်ခုထဲသို့ 'တာဝန်ခံပုဂ္ဂိုလ်' အချို့ ရောက်ရှိလာကြသည်။ အချိန်တိုအတွင်း ဆွေးနွေးပြီးနောက် သူတို့သည် သက်တမ်းချေးယူခြင်းရောဂါကို ရှင်းလင်းရန်အတွက် မစ္စတာရှစ်ရှစ်နှင့် ထပ်မံပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြသည်။
"ဘာလို့ မစ္စတာရှစ်ရှစ်နဲ့ ထပ်ပူးပေါင်းရတာလဲ"
ရှုဟွမ်သည် မစ္စတာရှစ်ရှစ်ကို အရင်က စုံစမ်းဖူးပြီး သူ့ကို သတ်ခဲ့သူအဖြစ်ပင် သံသယရှိခဲ့သူ ဖြစ်သည်။
"မစ္စတာရှစ်ရှစ်က ပုံပျက်နေတဲ့သူတွေကို ကိုယ်စားပြုတယ်၊ အဲ့ဒီလူတွေက သက်တမ်းရှည်ဖို့အပေါ် သိပ်ပြီး တွယ်တာမှု မရှိကြဘူး၊ ရှင်းလုမှာရှိတဲ့ ပုံပျက်နေသူ တော်တော်များများက အသက်ရှင်နေရတာကိုက ဆင်းရဲဒုက္ခတစ်မျိုးလို့ ခံစားနေကြရတာ၊ သူတို့ ပိုလိုအပ်တာက လေးစားမှုနဲ့ အာဏာပဲ၊ သူတို့က ငါတို့အတွက် အသင့်တော်ဆုံး ပါတနာတွေပေါ့"
အခန်း (၈၈၂) တစ်ခုခုတော့ အရမ်းမှားနေပြီ
ပြန်လည်သန်စွမ်းရေးဆေးရုံ၏ အဆင့်မြင့်စက်ယန္တရားကြီးသည် တစ်ချက်လေးမှ နှေးဖင့်မနေဘဲ စတင်လည်ပတ်တော့သည်။
ဝူကျိသည် သူမကိုယ်သူမ ဆေးဝါးများစွာ ထိုးနှံပြီးနောက် နောက်ဆုံးတွင် ပြန်လည်သက်သာလာခဲ့သည်။ သူမကိုယ်တိုင် စီစဉ်ညှိနှိုင်းမှုများကို တာဝန်ယူခဲ့ပြီး ထိုည၌ပင် ပုံပျက်နေသူများနှင့် စတင်ပူးပေါင်းခဲ့ကြသည်။
ရှင်းလုမြို့တော်တွင် ကိုယ်အင်္ဂါပုံပျက်နေသူများသည် အတော်လေး ရာခိုင်နှုန်းများလှသည်။ နောက်ထပ် ထူးဆန်းသောအချက်မှာ သူတို့၏ခန္ဓာကိုယ်များ ဖျားနာနေပါက သူတို့၏စိတ်ပိုင်းဆိုင်ရာမှာ ပို၍ ပုံမှန်ဖြစ်လာတတ်ခြင်းပင်။ မစ္စတာရှစ်ရှစ်ကဲ့သို့ သြဇာရှိသူများစွာသည် ထိုသူများထဲမှ ထွက်ပေါ်လာကြပြီး သူတို့၏ထူးခြားသော စည်းလုံးမှုကြောင့် ရှင်းလုရှိ ပုံပျက်နေသူများ၏ အင်အားမှာ ရှုဟွမ်ထင်ထားသည်ထက် များစွာပိုမိုတောင့်တင်းလှသည်။
နေ့တစ်ဝက်မပြည့်မီမှာပင် သက်တမ်းချေးယူမှု အဆိုးရွားဆုံးနေရာများကို အသေးစိတ် စုံစမ်းစစ်ဆေးပြီးဖြစ်သည်။ သူတို့သည် အလောတကြီး အရေးယူခြင်းမပြုဘဲ ပြန်လည်သန်စွမ်းရေးဆေးရုံ၏ မြေအောက်ဓာတ်ခွဲခန်းမှ ဆေးဝါးမျိုးစုံကို သယ်ယူလာပြီး ကယ်ဆယ်ရေးယာဉ်များကိုလည်း အသင့်ပြင်ထားကြသည်။
ဝူကျိ၏ ရည်မှန်းချက်သည် မိမိကိုယ်ကိုယ် အချိန်ဟု ခေါ်ဆိုသော ထိုမကောင်းဆိုးဝါးကို သတ်ပစ်ရန်အထိ မရှိးရှင်းပေ။ သူမသည် ၎င်း၏ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထိန်းချုပ်ပြီး တန်ဖိုးအရှိဆုံး သုတေသနပစ္စည်းတစ်ခုအဖြစ် ပြုလုပ်လိုနေခြင်းဖြစ်သည်။
ပုံပျက်သူများသည် အဆင်ခြင်မဲ့ မလှုပ်ရှားကြဘဲ ပြန်လည်သန်းစွမ်းရေးဆေးရုံမှ ကျွမ်းကျင်သူများနှင့်အတူ သေဆုံးချိန်အိမ်ရာအတွင်းသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာကြသည်။
"ကံကောင်းလို့ ငါတို့ စောစောစီးစီး ရှာတွေ့ခဲ့တာ၊ ဒီလူတွေက အသက်ရှည်ချင်ဇောနဲ့ မျက်စိကန်းနေကြပြီး သစ်ပင်တွေထက်တောင် ပိုအန္တရာယ်များသေးတယ်၊ သူတို့က ပုန်းအောင်းနေတဲ့ ကင်ဆာဆဲလ်တွေလိုပဲ၊ ပြန့်နှံ့မှုကလည်း အရမ်းမြန်တယ်"
အသေးစိတ် စုံစမ်းစစ်ဆေးပြီးနောက် ဝူကျိသည် စိတ်မအေးသလို ခံစားနေရသည်။
"ဒီည သူတို့ကို အမြစ်ပြတ် မချေမှုန်းနိုင်ရင် အကျိုးဆက်က အဆုံးသတ်မှာ မဟုတ်ဘူး၊ သူတို့က ပိုနက်နက်ရှိုင်းရှိုင်း ပုန်းအောင်းသွားကြလိမ့်မယ်"
"အရာရှိရွှယ်ရဲ့ ပေးဆပ်မှုက အလဟဿဖြစ်မသွားပါဘူး"
မာကြီးက အရာရှိရွှယ်သည် တခါတရံ ဒေါသကြီးတတ်သော်လည်း လူကောင်းတစ်ယောက်ဟု တွေးနေမိသည်။
အရာအားလုံးကို စီစဉ်ပြီးနောက် မှောင်လာသည်နှင့် ကားများက သေဆုံးချိန်အိမ်ရာကို ပိတ်ဆို့လိုက်ကြသည်။ ဤသပ်ရပ်သန့်ရှင်းပုံရသော လူနေအိမ်ရာသည် ပထမဆုံးအကြိမ်အဖြစ် အာရုံစိုက်ခံလာရတော့သည်။
အဓိကအဖွဲ့အစည်းကြီး သုံးခုကလည်း လူများ ပို့လွှတ်ထား၏။ မစ္စတာရှစ်ရှစ်သည် သူ၏စုံစမ်းစစ်ဆေးမှုများ မစတင်မီ ဝူကျိနောက်ကွယ်မှ ပြန်လည်သန်စွမ်းရေးစင်တာနှင့် လျှို့ဝှက်ဆက်သွယ်ထားပြီးသား ဖြစ်သည်။ သူကား အမြဲတမ်းလိုလို သတိကြီးစွာ လှုပ်ရှားတတ်သူပင်။
တိုက်ခန်းအတွင်းရှိ သံချေးတက်နေသော လုံခြုံရေးတံခါးများစွာကို တစ်ပြိုင်နက်တည်း ရိုက်ဖွင့်လိုက်ကြသည်။ ပထမဆုံး ပုံပျက်နေသူအဖွဲ့သည် လေးလံသော စက်ကိရိယာများ သယ်ဆောင်သွားပြီးနောက် မကြာမီ ပြန်ထွက်လာကြသည်။ သူတို့လက်ထဲတွင် စက်ကိရိယာများ မပါတော့ဘဲ ငိုယိုနေသော မွေးကင်းစကလေးငယ်များကိုသာ ပွေ့ပိုက်ထားကြသည်။
"သေဆုံးချိန်အိမ်ရာက နေထိုင်သူတွေက သူတို့ရဲ့ သက်တမ်းဆွဲဆန့်ဖို့အတွက် မွေးကင်းစကလေးတွေကို ခိုးယူရောင်းချနေကြတာပဲ၊ လက်ပူးလက်ကျပ် မိပြီ၊ သူတို့ရဲ့ ပြစ်မှုတွေက တကယ်ကို ဆိုးယုတ်လွန်းတယ်"
တိုက်ခိုက်မှုနှင့် ရှာဖွေမှုအတွက် ခိုင်လုံသော အကြောင်းပြချက် လိုအပ်ပေသည်။ မစ္စတာရှစ်ရှစ် ဆက်သွယ်ထားသော သတင်းစာတိုက်များနှင့် သတင်းထောက်များသည် ချက်ချင်း ဝိုင်းအုံလာကြပြီး ပို၍ချဲ့ကားကာ သတင်းထုတ်လွှင့်ကြတော့သည်။ သူတို့သည် မြို့ခံလူထုအနေဖြင့် သေဆုံးချိန်အိမ်ရာမှ လူများ မည်မျှယုတ်မာကြောင်း သိစေရန်နှင့် မုန်းတီးရွံရှာစိတ်များ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ကြရခြင်း ဖြစ်သည်။
သတင်းများ ပြန့်နှံ့သွားသည်နှင့် ပြန်လည်သန်စွမ်းရေးစင်တာမှ ဒုတိယအသုတ် ကျွမ်းကျင်သူအဖွဲ့သည် လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာပြီး တစ်ထပ်ချင်းစီကို စတင်ရှာဖွေတော့သည်။
မစ္စတာရှစ်ရှစ်နှင့် ဝူကျိတို့၏ အမိန့်ပေးမှုအောက်တွင် လုံခြုံရေးဝန်ထမ်းများက အိမ်တစ်အိမ်ချင်းစီ၏ အခြေအနေကို စစ်ဆေးကြသည်။ သက်တမ်းချေးယူခြင်းတွင် ပါဝင်သည်ဟု သံသယရှိသူအားလုံးကို ဖမ်းဆီးပြီး ထိုအစီအစဉ်နှင့် ပတ်သက်သည့် ပစ္စည်းအားလုံးကို ဖျက်ဆီးပစ်ကာ အမြစ်မှ ဖြတ်တောက်ကြသည်။
"စိတ်ရောဂါ တော်တော်များများက သီးခြားပစ္စည်းတွေကနေတစ်ဆင့် လှုံ့ဆော်ခံရပြီး ပိုဆိုးသွားတတ်တယ်၊ ဘာမှမကျန်စေနဲ့၊ ဖြည်းဖြည်းချင်း လုပ်ကြ"
လုံခြုံစိတ်ချသော သီးသန့်အခန်းထဲမှနေ၍ မစ္စတာရှစ်ရှစ်သည် လုံခြုံရေးဝန်ထမ်းများ ဝတ်ဆင်ထားသော 'ဥပဒေစိုးမိုးရေးကိရိယာ' မှတစ်ဆင့် သေဆုံးချိန်အိမ်ရာကို အဝေးမှ စောင့်ကြည့်နေခဲ့သည်။အဖြူရောင် မျက်နှာဖုံးအောက်မှ သူ့ပါးစပ်သည် ပွင့်လိုက်ပိတ်လိုက်ဖြင့် ထိုရပ်ကွက်မှ လူများ၏ အသွေးအသားနှင့် အရိုးများကို ဝါးစားနေသည့်အလား ထင်မှတ်ရသည်။
ပထမထပ်ကို ရှင်းလင်းပြီးနောက် လှေကားနှင့် အခန်းတံခါးများမှ သော့အားလုံးကို ဖယ်ရှားလိုက်ပြီး စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများက အဆောက်အဦးထဲ ဝင်သွားသူများ အပြင်လောကနှင့် အမြဲတမ်းအဆက်အသွယ်ရှိနေစေရန် လုံခြုံသော လမ်းကြောင်းများကို ပြန်လည်တည်ဆောက်လိုက်ကြသည်။
"နောက်တစ်ဖွဲ့၊ ထွက်မယ်"
တစ်လွှာပြီးတစ်လွှာ တိုးတက်လာသည်နှင့်အမျှ ဝန်ထမ်းများနှင့် လုံခြုံရေးများသည် အပြင်းအထန် ခုခံမှုများနှင့် ကြုံတွေ့ရသော်လည်း အသက်ရှင်ရန် နောက်ဆုံးအချိန်ရောက်နေသည့် စိတ်မနှံ့သော လူအိုကြီးတစ်စုက သူတို့ကို မည်သို့ယှဉ်နိုင်ပါမည်နည်း။
ပုံပျက်နေသူအဖွဲ့သည် နေရာအသီးသီးကို စောင့်ကြပ်ကာ ရပ်ကွက်ကို ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားပြီး တွေ့ရှိသည့် နေထိုင်သူမှန်သမျှကို ဆေးဝါးများ ထိုးနှံပေးနေကြသည်။
ရှုဟွမ်သည် အဆောက်အဦးအပြင်ဘက်ရှိ ဝူကျိ၏ ကွပ်ကဲရေးယာဉ်ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ဖုန်မှုန့်များဖုံးလွှမ်းနေသော လူအိုကြီးများကို ကြည့်ကာ အကြောင်းရင်းမရှိဘဲ ကြက်သီးထလာမိသည်။
"နောက်ကွယ်ကနေ အဓိကအဖွဲ့အစည်းကြီးသုံးခုက လူတွေ ပါဝင်နေကြတာ ဖြစ်ရမယ်၊ မဟုတ်ရင် အခုလို ချောချောမွေ့မွေ့ ဖြစ်မှာမဟုတ်ဘူး၊ တောအုပ်ရောဂါရဲ့ သက်ရောက်မှုက ပြင်းထန်လွန်းလို့ ပုံမှန်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ သူတို့တွေတောင် အငြင်းပွားမှုတွေကို ဘေးဖယ်ထားကြတာ ဖြစ်မယ်"
သန်းခေါင်မတိုင်မီ သက်တမ်းချေးယူခြင်းရောဂါ အဆိုးရွားဆုံးဖြစ်နေသော နေရာများကို ရှင်းလင်းပြီးစီးကြောင်း ဝူကျိထံ သတင်းပို့လာကြသည်။ အနာဂတ်တွင် တောအုပ်ကဲ့သို့ အန္တရာယ်ကြီးမားလာနိုင်သည့် သက်တမ်းချေးယူခြင်းရောဂါကို အညှောင့်ပေါက်စမှာပင် နှိမ်နင်းနိုင်တော့မည်ဖြစ်သည်။
အရာအားလုံးက မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသော်လည်း ရှုဟွမ်မှာမူ စိတ်သက်သာရာ မရရှိပေ။ သူသည် တစ်ခုခုကို လျစ်လျူရှုထားမိသလို ခံစားနေရသည်။
"ငါကတော့ အချိန်ဆိုတာ ဒေါက်တာကောင်းရဲ့ အဖွားလို့ ထင်တယ်၊ ဝူကျိကတော့ သူ့ကို လှည့်စားသွားတဲ့ ချစ်သူလို့ ထင်နေတယ်၊ ဘာပဲဖြစ်ဖြစ် အချိန်ဆိုတာ အချိန်အစစ်တော့ မဟုတ်တာ သေချာတယ်…"
"ဒါက အရမ်းထူးဆန်းပြီး အရမ်းမှားနေသလိုပဲ"
ရှုဟွမ်သည် အရာအားလုံး အခုလို ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အရာအားလုံးမှာ တစ်စုံတစ်ယောက်က ရှေ့သို့ တွန်းပို့နေသလိုပင်။ သူ သူ့အတွေးများကို ပြန်လည်စုစည်းကြည့်လိုက်သည်။
"တောအုပ်က အချိန်မတိုင်မီ ဆူပူအုံကြွခဲ့လို့ ဒေါက်တာကောင်း သေဆုံးခဲ့ရတယ်၊ အရာရှိရွှယ်က ငါသေရတဲ့ အကြောင်းရင်းကို စုံစမ်းရင်း သေဆုံးချိန်အိမ်ရာရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တယ်၊ အရာရှိရွှယ်ရဲ့ နောက်ဆုံးစကားကြောင့် ငါက ဝူကျိဆီက အကူအညီတောင်းခဲ့ပြီး ဝူကျိပါ လူသားစားအခန်းကိစ္စထဲ ပါဝင်ပတ်သက်လာခဲ့တယ၊ သူက သွေးကနေတစ်ဆင့် အဲ့ဒီမကောင်းဆိုးဝါးရဲ့ အထောက်အထားကို တိုက်တိုက်ဆိုင်ဆိုင် သိသွားခဲ့တယ်"
ယင်းက ယုတ္တိမတန်သည်တော့ မဟုတ်ပေ။ အရာအားလုံးက ဖြစ်ပျက်ခဲ့ပြီးသားဖြစ်၍ ရှုဟွမ်အနေဖြင့် ယင်းကို ဖြစ်သင့်မဖြစ်သင့် မတွေးတော့ပေ။ သူ ကြောက်နေသည်မှာ "အထက်က အဆင့်တွေထဲက တစ်ခုခု လွဲချော်သွားခဲ့ရင်တောင် အဆုံးသတ်က ပြောင်းလဲသွားမယ့်ပုံ မပေါ်ဘူး၊ ငါ အနာဂတ်မှာ ဒေါက်တာကောင်းအကြောင်း စုံစမ်းတုန်းက လူသားစားအခန်းထဲက မကောင်းဆိုးဝါးဟာ သူ့အဖွားဆိုတာ တွေ့ခဲ့ရတယ်၊ ငါဝူကျိဆီ မသွားဘဲ ဒီကို တစ်ယောက်တည်း လာခဲ့ရင်တောင် ဒီမကောင်းဆိုးဝါးဟာ အချိန်မဟုတ်ဘဲ ငါ့ကိုသတ်ဖို့ ဒေါက်တာကောင်းနဲ့ ပူးပေါင်းကြံစည်နေသူလို့ပဲ ခံစားမိမှာပဲ၊ ဒါပေမဲ့ ဒါတွေအားလုံးက ဒေါက်တာကောင်းက လူသတ်သမားဆိုတဲ့ အချက်ပေါ်မှာပဲ အခြေခံထားတာ၊ ဒါပေမဲ့ ဒေါက်တာကောင်းသာ လူသတ်သမား မဟုတ်ခဲ့ရင် အရာရှိရွှယ်က ဘာလို့ ဒေါက်တာကောင်းရဲ့ နာမည်ကို ပြောခဲ့တာလဲ၊ ဒေါက်တာကောင်းမှာ ဒါတွေအားလုံးကို ကြံစည်ဖို့ ဘာအကြောင်းပြချက်မှ မရှိဘူးလေ"
ရှုဟွမ်၏ခေါင်းမှာ နာကျင်မှုကြောင့် ကိုက်ခဲလာရသည်။ ကွပ်ကဲရေးယာဉ်ပေါ်မှ ဝူကျိကမူ ထိုအရာများကို ဂရုမစိုက်ဘဲ လူသားစားအခန်းကိုသာ စခရင်ပေါ်မှ စိုက်ကြည့်နေလေသည်။
ရှုဟွမ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထိုသွေးတစ်စက်ကို သောက်ပြီးကတည်းက ဝူကျိသည် တစ်မျိုးဖြစ်သွားသည်ဟု သူ ခံစားရသည်။ တစ်နည်းအားဖြင့် သူမ၏ရောဂါ ပိုဆိုးသွားပုံရသည်။
သူသည် မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ မွေးကင်းစကလေး စောင့်ရှောက်ရေးစင်တာဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ ဝန်ထမ်းအဖွဲ့တစ်ဖွဲ့နှင့်အတူ အဆောက်အဦးထဲသို့ လိုက်သွားတော့သည်။
သက်တမ်းချေးယူခြင်းသည် လျှို့ဝှက်စွာ ပြန့်နှံ့နေခြင်းဖြစ်သဖြင့် တောအုပ်ရောဂါထက် ပြန့်နှံ့မှုနှုန်း ပိုနှေးကာ ထိန်းချုပ်ရ ပိုလွယ်ကူပေသည်။
ညနက်ပိုင်းတွင် မွေးကင်းစကလေးစောင့်ရှောက်ရေးစင်တာ ဝန်ထမ်းများအနေဖြင့် လူသားစားအခန်းရှိသည့် အထပ်ကိုသာ ရှင်းလင်းရန် ကျန်တော့သည်။
ဝူကျိ၏ အမိန့်ပေးမှုနှင့်အတူ အတွင်းရှိ ပုံပျက်နေသူများသည် မစ္စတာရှစ်ရှစ်ထံမှ အမိန့်ကို လက်ခံရရှိလိုက်သည်။ သူတို့သည် ပိတ်ထားသော လုံခြုံရေးတံခါးကို ရိုက်ချိုးဖွင့်လိုက်ရာ သွေးလွှမ်းနေသော ကြမ်းပြင်က လူတိုင်းရှေ့တွင် ပေါ်ထွက်လာတော့သည်။
ထက်မြက်သော သတ္တုဓားတစ်ချောင်းမှာ သူ့နှုတ်ခမ်းနားတွင် ရှိနေသည်။ မစ္စတာရှစ်ရှစ်သည် စခရင်ကို စိုက်ကြည့်ရင်း ယင်းသည် စုပေါင်းစိတ်ကူးယဉ်မှု မဟုတ်တော့ဘဲ ဤကမ္ဘာကြီးမှာ တစ်ခုခု တကယ်မှားနေပြီဖြစ်ကြောင်း သေချာနေတော့သည်။
မူမမှန်မှုအားလုံးသည် လူအနည်းငယ်ကို ဗဟိုပြုနေခြင်းဖြစ်သည်။ ဥပမာအားဖြင့် လရောင်အောက်တွင် ရေချိုးရင်း အတိုင်းအဆမရှိ ကြီးထွားကာ စည်းမျဉ်းအားလုံးကို ချိုးဖောက်နေသော တောအုပ်၏ အဓိကလူနာအမျိုးသမီး၊ ထို့နောက် ဦးနှောက်စစ်ဆေးမှုရလဒ်အရ သက်ရှိလူသားများနှင့် လုံးဝမတူဘဲ အခြားမျိုးစိတ်တစ်ခုကဲ့သို့ ဖြစ်နေသော လူနာနံပါတ် ၀ တို့ ဖြစ်သည်။
"ဒီနေရာကို ပိတ်ဆို့လိုက်ပါ၊ ဘယ်ပုံရိပ်မှ အပြင်ကို မပေါက်ကြားစေနဲ့"
ထိုအစားကြူးသူ၏ ကောက်ကွေးပြီး ပုံပျက်နေသော လက်မောင်းက ဓားကို ချလိုက်ပြီး သီးသန့်အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ သူသည် တစ်နေရာရာသို့ ဦးတည်နေပုံရသည်။
လူသားစားအခန်း အပြင်ဘက်တွင် ပြန်လည်သန်စွမ်းစင်တာမှ ဝန်ထမ်းများနှင့် ပုံပျက်နေသူများသည် ကော်ရစ်ဒါထဲသို့ လျှောက်ဝင်လာကြသည်။ ရှုဟွမ်လည်း ထိုအထဲတွင် ပါဝင်၏။
သူတို့သည် သူတို့ရှေ့မှ ထူးဆန်းသော မြင်ကွင်းကို ဂရုမစိုက်ဘဲ ဆေးထိုးပြွန်အမျိုးမျိုးကို ထုတ်ကာ နံရံများကို ထိုးစိုက်လိုက်ကြသည်။ ထိုအရာကြီး တုံ့ပြန်မှုပြလာပြီးနောက် သူတို့သည် လွှစက်များနှင့် အထူးပြုလုပ်ထားသော ဓားများကို ထုတ်ကာ စတင်လှီးဖြတ်ကြတော့သည်။