← Chapters

အခန်း (၈၈၃-၈၈၄)

Vol. 62 Ch. 883-884

အခန်း (၈၈၃-၈၈၄)

Vol. 62 Ch. 883-884

အပိုင်း (၈၈၃) နောက်ဆုံးဗုံသံ

ရှုဟွမ်၏ ကုတ်အင်္ကျီတွင် သွေးများ စွန်းထင်နေခဲ့သည်။ သူသည် ဆယ်မီတာကျော်သာ ရှည်လျားသော ကော်ရစ်ဒါကို ဖြတ်သန်းရန် မိနစ်နှစ်ဆယ်တိတိ အချိန်ယူခဲ့ရသည်။ နံရံများဆီမှ တိုးညင်းသော ငိုရှိုက်ညည်းတွားသံများကို ခပ်ရေးရေး ကြားနေရသည်။ သူသာ ရက်အနည်းငယ် နောက်ကျပြီး ရောက်လာခဲ့ပါက အဆောက်အဦးတစ်ခုလုံး အသက်ဝင်လာနိုင်ပေသည်။

လုံခြုံရေးဝန်ထမ်းများက လူသားစားအခန်း၏ သွေးတံခါးကို လွှစက်များဖြင့် ဖြတ်တောက်ဖွင့်လိုက်စဉ် လွှစက်မြည်သံများ လေထုထဲ ပျံ့လွင့်သွား၏။ နာရီလက်တံများ၏ တချက်ချက်အသံက လူတိုင်း၏နားထဲတွင် ပြည့်နှက်လာလေသည်။ ရုတ်တရက်ဆိုသလိုပင် ရှေ့ဆုံးမှ ဝန်ထမ်းသည် ထိန်းချုပ်မှုလွတ်သွားပြီး လွှစက်ကို ဝှေ့ယမ်းကာ အခြားသူများကို စတင်တိုက်ခိုက်တော့သည်။

အသွေးအသားများ နေရာအနှံ့ လွင့်စင်သွားသော်လည်း ဖွဲ့စည်းပုံကို ပြိုကွဲမသွားစေပေ။ နောက်ဘက်မှ ပါလာသော ဝန်ထမ်းများက သေနတ်များဖြင့် ပစ်ခတ်ကာ ရူးသွပ်သွားသူများ၏ ခန္ဓာကိုယ်ထဲသို့ ဆေးဝါးများ ထိုးနှံလိုက်ကြသည်။

ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရသူများကို ဆွဲထုတ်သွားကြပြီး ၎င်းတို့နေရာတွင် ဝန်ထမ်းအသစ်များ အစားထိုးဝင်ရောက်လာကြသည်။ စိတ်ပိုင်းဆိုင်ရာပြိုလဲမှုကို ကာကွယ်ရန် သူတို့အား ပြန်လည်သန်စွမ်းရေးစင်တာမှ ဖော်စပ်ထားသော ဆေးဝါးမျိုးစုံကို ကြိုတင်တိုက်ကျွေးထားပြီးဖြစ်သည်။

လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဝန်ထမ်းများသည် မီးသေနတ်များကို လေထဲတွင် ဝှေ့ယမ်းရင်း လူသားစားအခန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်သွားကြသည်။

နာရီမျက်နှာပြင်များ ထွင်းထုထားသော မျက်နှာများသည် လူတိုင်း၏မျက်စိရှေ့တွင် ပေါ်ထွက်လာတော့သည်။ ဤနေရာမှာ မည်သည့် မိစ္ဆာသားရဲတွင်းထက်မဆို ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ လူသားများသည် နာရီများအဖြစ် ပြောင်းလဲခံထားရပြီး အချိန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေကြသည်။

"နာရီမျက်နှာပြင်ကို မကြည့်နဲ့၊ အချိန်ကို မတွက်ချက်နဲ့"

ဘဝအပေါ်တွယ်တာမှု မရှိကြတော့သော ပုံပျက်နေသူများက ရှေ့သို့ တိုးထွက်လာကြသည်။ သူတို့၏ ပုံပျက်ပန်းပျက် ခန္ဓာကိုယ်များနှင့် နာရီများအဖြစ် ပြောင်းလဲသွားသော သက်ရှိလူသားများသည် တစ်ခုနှင့်တစ်ခု ပူးကပ်သွားကြပြီး ရူးသွပ်မှုနှင့် ဟန်ချက်ညီမှုတို့ ရောယှက်နေသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။

"သူတို့ကို နံရံကနေ ခွာထုတ်လိုက်ကြ၊ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားကြ"

နားကြပ်ထဲမှ ဝူကျိ၏အသံ ပျံ့လွင့်လာခဲ့သည်။ သူမသည် အပြစ်ကင်းသူများကို မထိခိုက်စေလိုသော ကြင်နာစိတ် အတန်ငယ် ရှိနေသေးသော်လည်း ပုံပျက်နေသူများအား ပေးခဲ့သော မစ္စတာရှစ်ရှစ်၏ အမိန့်မှာမူ ကွဲပြား၏။

"နာရီမျက်နှာပြင်ကို တတ်နိုင်သမျှ အမြန်ဆုံး ဖျက်ဆီးပစ်ကြ၊ အခန်းထဲက အချိန်ကို လည်ပတ်ခွင့် မပေးနဲ့"

သန့်ရှင်းရေးလုပ်ငန်းကို တံခါးဝမှ စတင်ခဲ့သော်လည်း ဓားသွားများဖြင့် အသားကို ထိုးစိုက်ကာ သက်ရှိခန္ဓာကိုယ်များကို ဖြတ်တောက်ရန် ကြိုးစားချိန်တွင် သွေးကြောအမြောက်အများသည် အကြေးခွံမရှိသော အဆိပ်ပြင်းမြွေများကဲ့သို့ အခန်းထဲမှ တိုးထွက်လာကြတော့သည်။

"ဒီကောင်တွေရဲ့ ခန္ဓာကိုယ်ထဲကို ဆေးထိုးလိုက်၊ မူလအရင်းအမြစ်နဲ့ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ကြ၊ သက်တမ်းချေးယူတဲ့ စနစ်မှာ အဓိကလူနာ တစ်ယောက်ပဲ ရှိတယ်၊ အိပ်ခန်းထဲက ကုတင်ပေါ်မှာပဲ"

ဝူကျိသည် ဤနေရာကို ရောက်ဖူးပြီး အချိန်၏ မူလရုပ်သွင်ကို မြင်ဖူးသူဖြစ်ရာ သွေးများ၏ လှုံ့ဆော်မှုနှင့်အတူ အမိန့်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်တော့သည်။

ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားသော ရှုဟွမ်သည်လည်း ဝူကျိ၏ အမိန့်များကို ကြားနေရသည်။ သူသည် အုပ်စုထဲတွင် ရောနှောနေပြီး သူ့အကြည့်များက အနည်းငယ် ရှုပ်ထွေးနေလေသည်။

ဆေးထိုးခြင်း၊ မီးရှို့ခြင်း… ဖျက်ဆီးမှုတစ်ခုစီ ပြုလုပ်တိုင်း နာရီမျက်နှာပြင်ပေါ်မှ လက်တံများ ပိုမိုမြန်ဆန်လာကာ အချိန်များက ပြောင်းပြန်လည်ပတ်လာပြီး နံရံပေါ်ရှိ ထူးဆန်းသော ပုံစံကွက်များ တဖျတ်ဖျတ် ဖြစ်လာကြသည်။ အခန်းထဲသို့ ဝင်သွားသူများသည် လျင်မြန်စွာ အိုမင်းသွားကြသော်လည်း မည်သည့်အရာကမှ သူတို့ကို မတားဆီးနိုင်ပေ။

ပြန်လည်သန်စွမ်းရေးစင်တာမှ ဝန်ထမ်းများသည် ကြောက်ရွံ့စိုးရိမ်မှုများ ရှိကြသော်လည်း မစ္စတာရှစ်ရှစ်၏ လက်အောက်မှ ပုံပျက်နေသူများမှာမူ အိုမင်းရင့်ရော်မှုကို ဂရုမစိုက်ကြပေ။ သူတို့သည် ၎င်းတို့၏ ပုံပျက်ပန်းပျက် ခန္ဓာကိုယ်များကို အုတ်ခဲများအဖြစ် အသုံးချကာ ဤအဓိပ္ပာယ်မဲ့သော ကမ္ဘာကြီးကို ပြန်လည်ပြုပြင်နေကြပြီး ၎င်းတို့ကိုယ်တိုင်သာလျှင် ဤကမ္ဘာကြီး၏ စစ်မှန်သော အရှင်သခင်များဟု ယုံကြည်နေကြသည်။

ဧည့်ခန်းရှိ သက်ရှိနာရီသည် ရိုက်ချိုးခံလိုက်ရပြီး မျက်နှာကျက်ပေါ်တွင် ကြီးမားပြီး ပုပ်ပွနေသော ဒဏ်ရာကြီးများ ပေါ်ထွက်လာလေသည်။ မိမိကိုယ်ကိုယ် 'အချိန်' ဟု ခေါ်ဆိုသော ထိုမကောင်းဆိုးဝါးမှာ သူ၏ ရည်ရွယ်ချက်ကောင်းများက ဘေးဒုက္ခများ သယ်ဆောင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အချိန်၏ အမြင်အရ ရှုဟွမ်နှင့် ဝူကျိတို့သည် သူ့ကို ရန်ပြုရန် အကြောင်းပြချက် မရှိပေ။ ထိုသို့လုပ်ခြင်းသည် သူတို့အတွက် အကျိုးယုတ်စေရုံသာ ရှိလိမ့်မည်။ သို့သော် သူသည် သတိရှိနေသည့်တိုင် ဤစိတ်ဖောက်ပြန်မှု ကမ္ဘာကြီးက လူတိုင်းအပေါ် မည်မျှ သက်ရောက်မှုရှိမည်ကိုလည်းကောင်း၊ သူ့ပြိုင်ဘက်များမှာ မည်မျှကောက်ကျစ်ပြီး အချိန်ဆွဲရန် မည်မျှ ပြတ်သားသည်ကိုလည်းကောင်း လျှော့တွက်မိခဲ့သည်။

ဤစိတ်ဖောက်ပြန်မှု ကမ္ဘာကြီးထဲတွင် သွေးမြို့တော်၏ အရှင်သခင်သည် အမြဲတမ်း ရူးသွပ်နေရသည်မှလွဲ၍ မရှုံးနိမ့်နိုင်သော စွမ်းအားရှင် ဖြစ်သည်။ သို့သော် သူတို့၏ ရန်သူများမှာမူ သူတို့၏ အသက်၊ ဝိညာဉ်၊ စိတ်ဆန္ဒနှင့် ခန္ဓာကိုယ် အစရှိသမျှ အရာအားလုံးကို ပေးဆပ်ကာ သူတို့၏ အစီအစဉ်များကို ဖော်ဆောင်နေကြခြင်းဖြစ်သည်။ နှစ်ဖက်စလုံး၏ အင်အားနှင့် ပြတ်သားမှုမှာ တူညီမှုမရှိပေ။

မီးတောက်များက နံရံပေါ်ရှိ ဒဏ်ရာများကို လောင်မြိုက်နေခဲ့သည်။ အိုမင်းပြီး မလှုပ်ရှားနိုင်တော့သော ပုံပျက်နေသူအုပ်စုများကို ကြိုးများဖြင့် ဆွဲထုတ်သွားကာ နောက်ထပ်တစ်ဖွဲ့နှင့် အစားထိုးလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သည် သက်ရှိနာရီ အများစုကို ဖြုတ်ချနိုင်ခဲ့ပြီး အိပ်ခန်းထဲရှိ လူများ၏ မျက်နှာပေါ်မှ နာရီမျက်နှာပြင်များကို ဖျက်ဆီးပစ်လိုက်ကြသည်။

"အခု အိပ်ခန်းပဲ ကျန်တော့တယ်"

လူအများအပြား သေဆုံးခဲ့သော်လည်း ရလဒ်မှာ ကောင်းမွန်လှသည်။ ဝူကျိနှင့် ရှစ်ရှစ်တို့သည် နေရာအသီးသီးမှနေ၍ နောက်ဆုံးအခန်းတွင်းရှိ အခြေအနေကို စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ရှုဟွမ်သည်လည်း လူသားစားအခန်းထဲသို့ ဝင်ရောက်လာပြီး အိပ်ခန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွား၏။ သူသည် အကြိမ်ကြိမ် သေဆုံးဖူးသူဖြစ်ရာ ဝူကျိကဲ့သို့ ဉာဏ်ပညာနှင့် အရာရှိရွှယ်ကဲ့သို့ သတ္တိမျိုး မရှိသည့်တိုင် သူ၏ အကြိမ်ကြိမ်သေဆုံးခဲ့မှုများက သူ့အား အတွေ့အကြုံများ ပိုမိုရရှိစေပြီး ကြောက်မက်ဖွယ်ကောင်းသော ပင်ကိုယ်သိစိတ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

သက်တမ်းချေးယူခြင်းပျံ့နှံ့နေသော တိုက်ခန်းအားလုံးကို ထိန်းချုပ်ထားပြီးဖြစ်သည်။ ပြင်းထန်သော ပြစ်မှုကျူးလွန်သူများကို တိုက်ရိုက် ရှာဖွေဖမ်းဆီးလိုက်ကြသည်။ ရှစ်ရှစ်သည် အချိန်၏ ထွက်ပေါက်များကို ဦးစွာဖြတ်တောက်ပြီးနောက် နောက်ဆုံး ပိတ်ဆို့မှုများကို ပြုလုပ်လိုက်သဖြင့် အချိန်မှာ ထွက်ပြေးစရာ နေရာမရှိတော့ပေ။

"သူ့ကို အသက်ရှူခွင့်မပေးနဲ့၊ ငါတို့ရဲ့ လက်တွေနဲ့ပဲ အဓိကလူနာတွေရဲ့ ခြေလက်တွေကို ဆွဲထုတ်ပစ်ကြ"

ဆက်သွယ်ရေးစက်ထဲမှ ပုံပျက်ပန်းပျက်လူ၏ ဟိန်းဟောက်သံက ပျံ့လွင့်နေတော့သည်။ ပုံမှန်ကမ္ဘာကြီး၏ ရွံရှာမုန်းတီးခြင်း ခံရသော ပုံပျက်နေသူများ၏ ခန္ဓာကိုယ်ပေါ်တွင် အရေးအကြောင်းများ ဖြစ်ပေါ်လာသည်ကို ရှုဟွမ် မြင်လိုက်ရသည်။ ကာကွယ်ရေးဝတ်စုံများလည်း အသုံးမဝင်တော့ပေ။ ထိုအခန်းထဲသို့ ဝင်လာသူမှန်သမျှသည် "ကူးစက်ခြင်း" ခံရမည်ဖြစ်သော်လည်း သူတို့မှာမူ ကြောက်ရွံ့မှု အလျဉ်းမရှိပါချေ။

အိပ်ခန်းထဲရှိ သက်ရှိနာရီများသည် ခြိမ်းခြောက်မှုကို အာရုံခံမိသွားပြီး အတူတကွစုစည်းကာ ခိုင်မာသော အသားနံရံကြီးတစ်ခု တည်ဆောက်လိုက်ကြသည်။ သက်တမ်းချေးယူခြင်းနည်းလမ်းကို အသုံးပြုနေကြသော သက်ရှိလူသားများသည် ထက်မြသော ဓားများ၊ လွှများဖြင့် ခုတ်ထစ်ခံနေကြရသည်။

အပိုင်းပိုင်းအပြတ်ပြတ် ခုတ်ထစ်ခံနေရသော ထိုမြင်ကွင်းမှာ တုန်လှုပ်ဖွယ် ကောင်းလှသည်။ ရှုဟွမ်သည် တရားမျှတမှုကို မည်သည့်ဘက်က ကိုယ်စားပြုကြောင်းကိုပင် မပြောနိုင်တော့ပေ။

"နောက်တစ်ဖွဲ့၊ ရှေ့တက်"

တူးဖော်နေသော ပုံပျက်သူတစ်ယောက် လဲကျသွားလျှင် နောက်တစ်ဖွဲ့က ဒီရေကဲ့သို့ တိုးဝင်လာပြန်သည်။ သက်ရှိအသားနံရံကြီးသည် နောက်ဆုံးတွင် ပွင့်ထွက်သွားရပြီး အတွင်း၌ ကြီးထွားနေသော အဘွားအိုကို ဖော်ပြလိုက်တော့သည်။

လက်မောင်းမရှိဘဲ အခြားလူများ၏ အရေပြားနှင့် ချုပ်လုပ်ထားသော ထိုမကောင်းဆိုးဝါးကြီးမှာ ရှုဟွမ် မြင်ဖူးသမျှ ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်များထဲမှ မည်သည့်ဗီလိန်ထက်မဆို ပို၍ ကြောက်စရာကောင်းလှသည်။ သို့သော် ရှုဟွမ်ကို အံ့သြစေသည်မှာ သူသည် ထိုမကောင်းဆိုးဝါးအပေါ် မုန်းတီးစိတ် မဖြစ်ပေါ်နိုင်ခြင်းပင် ဖြစ်သည်။

"ရူးသွပ်မှုဆိုတာ တကယ့်ကို ကူးစက်တတ်တာပဲ၊ ရူးသွပ်နေတဲ့ ကမ္ဘာကြီးထဲမှာ မင်းက သတိရှိနေရင်တောင် အရူးတွေရဲ့ ဖျက်ဆီးမှုကို ခံရမှာပဲ"

အချိန်၏အသံသည် သီးခြားကွာကျနေသော ပါးစပ်တစ်ခုဆီမှ ထွက်ပေါ်လာလေသည်။ ရှုဟွမ် ရုတ်တရက် မော့ကြည့်လိုက်ရာ ထိုအဘွားအို၏ တင်းတင်းစေ့ထားသော မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်ကို မြင်လိုက်ရသည်။ ထိုခဏချင်းမှာပင် ရှင်းလု၏ ကမ္ဘာတစ်ခုလုံး အေးခဲသွားပုံရသည်။ ရှုဟွမ်၏ မျက်လုံးများသည် အဘွားအို၏ ခန္ဓာကိုယ်ပေါ်မှ လှပသော ပုံစံကွက်များဆီသို့ လုံးလုံးလျားလျား ဆွဲဆောင်ခံလိုက်ရသည်။

"နာရီမျက်နှာပြင် ကွဲအက်သွားတဲ့အသံကို ငါကြားလိုက်ရပြီ၊ အချိန်တွေ စတင်စီးဆင်းလာပြီ၊ အစပိုင်းမှာတော့ ငါဒါကို မတားဆီးနိုင်ခဲ့ဘူး၊ အခုတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်"

အဘွားအိုက ရှုဟွမ်အား ကြက်သီးထဖွယ်ကောင်းအောင် စိုက်ကြည့်လိုက်သည်။

"ငါ့ရဲ့ နောက်ဆုံးကျန်နေတဲ့ သတိနဲ့ ဆင်ခြင်တုံတရားတရားကိုယူပြီး မြန်မြန် သေလိုက်တော့၊ နောက်ထပ် အချိန်တစ်ခုဆီကို ထွက်ပြေးတော့"

"နောက်ထပ် အချိန်တစ်ခုဆီကို ထွက်ပြေးရမယ် ဟုတ်လား၊ ဘာကို ယူသွားရမှာလဲ"

ရွေ့လျားနေသော လူအုပ်စုကြောင့် ရှုဟွမ်သည် အဘွားအိုအနီးသို့ ရောက်သွားသည်ကိုပင် သတိမထားမိပေ။ သွေးနီရောင်တက်တူးအရေပြားဖြင့် ဖုံးအုပ်မထားသော သူမ၏ဦးခေါင်းသည် ထူးဆန်းသော ထောင့်တစ်ခုသို့ လည်ထွက်သွားပြီး သူမ၏ မျက်နှာသွင်ပြင်များက ရှုဟွမ်၏မျက်စိထဲတွင် သွေးစွန်းနေသော နာရီမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

နားကွဲမတတ် မြည်ဟည်းနေသော လွှစက်သံများကြားတွင် ထိုဦးခေါင်းက သူ့ခြေရင်းသို့ လိမ့်ကျလာလေသည်။ သူ့လက်များက ဦးခေါင်းကို ထိတွေ့လိုက်သည်နှင့် ရှုဟွမ်၏ဝိညာဉ်သည် ညယံထက် ပိုမိုမြင့်မားပြီး ပိုမိုဝေးကွာသော နေရာတစ်ခုသို့ ချက်ချင်း ဆွဲခေါ်ခံလိုက်ရပုံ ပေါ်သည်။ လူတိုင်းကို ထူးဆန်းသော ပုံသဏ္ဌာန်ပျက်ယွင်းမှုများဖြင့် ဖွဲ့စည်းထားသည်ကိုလည်းကောင်း၊ တစ်မြို့လုံးမှာ ရွေ့လျားနေသော ဧရာမ မကောင်းဆိုးဝါးကြီး တစ်ကောင်ဖြစ်နေသည်ကိုလည်းကောင်း၊ ညဉ့်ယံသည် လူးလွန့်နေပြီး အလင်းတန်းတိုင်းမှာ အဓိပ္ပာယ်မဲ့မှု၊ မလုံခြုံမှုများဖြင့် ပြည့်နှက်နေသည်ကိုလည်းကောင်း သူ မြင်လိုက်ရလေသည်။

သူ့အကြည့်များ ဆက်လက်မြင့်တက်သွားပြီး တစ်ခုနှင့်တစ်ခု တိုက်မိနေသော မရေမတွက်နိုင်သည့် ပျက်စီးနေသည့် စည်းမျဉ်းများ၊ ကျိုးပဲ့နေသော ကံကြမ္မာတံတားများနှင့် သွေးများစွန်းထင်းနေသော အချိန်မြစ်ကြီးတစ်စင်းကို သူမြင်လိုက်ရသည်။

ဤစိတ်ဖောက်ပြန်မှုကမ္ဘာကြီးထဲတွင် ဆယ်စုနှစ်တစ်ခုကျော် သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အချိန်သွေးမြို့တော်သခင် ရှိနေသောကြောင့် လက်တွေ့ကမ္ဘာကြီးတွင်မူ တစ်နှစ်သာ ကုန်ဆုံးခဲ့သေးသည်။

တစ်နှစ်၊ မိနစ်ပေါင်း ၅၂၅,၆၀၀။

မိနစ်တိုင်းတွင် ပုပ်သိုးနေသော အလောင်းတစ်လောင်းစီ ရှိနေကြသည်။ သူသည် အချိန်ကို ကိုက်ခဲဝါးစားရင်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုဖြင့် မိနစ်တိုင်းတွင် ပေါင်းစပ်ကာ အချိန်ယဇ်ပလ္လင်ကို ညစ်ညမ်းစေပြီး အချိန်၏ စည်းမျဉ်းများကို အတင်းအဓမ္မ ဖောက်ထွက်ခဲ့သည်။ ဤစိတ်ဖောက်ပြန်မှုကမ္ဘာကြီးကို အချိန်တစ်ခုတွင် ရပ်တန့်နေခြင်း သို့မဟုတ် အစသို့ အကြိမ်ကြိမ် ပြန်လည်ရောက်ရှိနေခြင်းမျိုး မဖြစ်စေဘဲ ဖြည်းဖြည်းချင်း ရှေ့တိုးသွားစေရန် သူလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ဒါ…ဒါက ကြောက်စရာကောင်းလိုက်တာ၊ဒီလူက ဘယ်သူလဲ၊ သူ ဘယ်နှစ်ကြိမ်တောင် သေခဲ့ရတာလဲ"

အပိုင်း (၈၈၄) သေတယ်၊ ပြီးတော့ သေတယ်

ရှုဟွမ် ရူးသွပ်သွားခဲ့သည်။ ဤကမ္ဘာကြီး၏ အမှန်တရားကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူ့မှတ်ဉာဏ်များက ဆိုးဆိုရွားရွား ပုံပျက်သွားတော့သည်။

ခန္ဓာကိုယ်ပြင်ပသို့ လွင့်ထွက်သွားသော သူ့အသိစိတ်သည် အလွန်မြင့်မားသော အမြင့်တစ်ခုမှ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွား၏။ ရှုဟွမ် ရုန်းကန်အော်ဟစ်နေသော်လည်း တစ်မြို့လုံးရှိ ဘယ်သူမှ အာရုံမစိုက်ကြပေ။ အချိန်ကိုယ်တိုင်မှလွဲ၍ သူ့အသံကို ဘယ်သူမှ မကြားနိုင်ကြချေ။

"အခု ဘယ်သူက ရူးနေလဲဆိုတာ မင်းသိပြီလား"

"အဲ့ဒါ ငါပဲ၊ အဲ့ဒါ ရှင်းလုပဲ၊ အဲ့ဒါ ဒီမှောင်မိုက်နေတဲ့ ညပဲ"

နာရီစက္ကန့်လက်တံက ချက်ခနဲ မြည်ကာ နောက်ထပ်အမှတ်အသားတစ်ခုသို့ ရောက်ရှိသွားသည်။ အေးခဲနေသော အချိန်မှာ ကွဲအက်သွားတော့သည်။ ရှုဟွမ်သည် လူသားစားအခန်းထဲတွင် ရပ်နေဆဲဖြစ်ကြောင်း ပြန်လည်သတိပြုမိလိုက်သည်။ သူ့လက်ထဲတွင် အဘွားအို၏ဦးခေါင်းကို ကိုင်ထားပြီး သူ့မျက်လုံးများမှာ အဘွားအို၏မျက်လုံးများကို စိုက်ကြည့်နေမိသည်။

ထိုလူအိုကြီး၏မျက်လုံးများ ဖြည်းညင်းစွာ ပိတ်သွားသည်ကိုလည်းကောင်း ထိုမျက်လုံးများထဲမှ အရောင်အဝါများ မှေးမှိန်သွားသည်ကိုလည်းကောင်း သူစောင့်ကြည့်နေမိသည်။ နောက်ဆုံးအချိန်တွင် အချိန်သည် ရှုဟွမ်၏ မှတ်ဉာဏ်ထဲ၌ ၎င်း၏ သတိကို ဝှက်ထားလိုက်ပြီး အမှန်တရားကို တစ်စက္ကန့်လောက် ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့သည်။

လူသားစားအခန်းအတွင်းရှိ အသံအားလုံး ပျောက်ကွယ်သွား၏။ သက်တမ်းချေးယူထားသော သက်ရှိနာရီမှာ ပြိုလဲသွားတော့သည်။ ပုံပျက်နေသူများနှင့် ပြန်လည်သန်စွမ်းရေးစင်တာမှ ဝန်ထမ်းများသည် အဓိကလူနာ၏ မူလခန္ဓာကိုယ်အား ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားနေကြလေသည်။

အဓိကလူနာ၏ တည်နေရာနှင့် သတင်းအချက်အလက်များကို ဝူကျိက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သော်လည်း ပုံပျက်နေသူများမှာ ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။ မည်သည့်ဘက်ကမှ နောက်ဆုတ်ရန် အစီအစဉ်မရှိကြပေ။ နောက်ဆုံးတွင် အထက်လူကြီးများက ဆက်သွယ်ရေးစက်မှတစ်ဆင့် အမိန့်ထုတ်ပြန်လိုက်သည်။ ပစ္စည်းများကို ဦးစွာသယ်ထုတ်သွားရန်နှင့် ထိုကိစ္စကို နောက်မှ ဆွေးနွေးရန်ဖြစ်သည်။

ရှုဟွမ်လက်ထဲမှ ဦးခေါင်းကို ယူဆောင်သွားကြသည်။ သူသည် လမ်းလျှောက်နေသော အလောင်းတစ်ကောင်ကဲ့သို့ အဖွဲ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားတော့သည်။

ယခုတွင် သူသည် အချိန်၏ စကားများကို အပြည့်အဝ ယုံကြည်သွားပြီဖြစ်ရာ သူ့လက်ချောင်းများက ကာကွယ်ရေးဝတ်စုံအပြင်ဘက်ရှိ ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

အရုဏ်ဦးအလင်းတန်းက အမှောင်ထုကို ထိုးဖောက်လာလေသည်။ ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရသည့် ပုံပျက်နေသူများသည် အဓိကလူနာ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို ယူဆောင်ကာ ထွက်ခွာသွားကြသည်။

"ဒါတွေအားလုံးက နည်းနည်းတော့ လွယ်လွန်းမနေဘူးလား"

ဝူကျိသည် ဘယ်သူ့မှ နှုတ်ဆက်မနေတော့ဘဲ စီမံခန့်ခွဲရေးစင်တာရှိ ဓာတ်ခွဲခန်းသို့ ပြန်သွားပြီး အချိန်၏ ခန္ဓာကိုယ်အား စက်ကိရိယာတစ်ခုအတွင်း ထည့်သွင်းရန် အခြားအဆင့်မြင့်အရာရှိများကို ချက်ချင်း ဖိတ်ကြားလိုက်သည်။

အဓိကလူနာ၏ ခန္ဓာကိုယ်ပိုင်ဆိုင်ခွင့်ကို ခွဲဝေယူချိန်တွင် ဝူကျိသည် ဦးခေါင်းကို လိုလိုလားလား စွန့်လွှတ်ခဲ့ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုကို ရယူခဲ့ခြင်းဖြစ်သည်။ သူမ၏မျက်လုံးများသည် အဘွားအို၏ အရေပြားပေါ်ရှိ တောက်ပပြီး ထူးဆန်းသော ပုံစံကွက်များကို စိုက်ကြည့်နေမိသည်။ ထိုပုံစံကွက်များထဲတွင် ကမ္ဘာကြီးတစ်ခုလုံး၏ အဖြေများ ရှိနေသကဲ့သို့ လူတိုင်း၏ အာရုံကို ဆွဲဆောင်နေလေသည်။

"ဒီအရေပြားကို ငါ့ကိုယ်ပေါ်မှာ ချုပ်ထည့်လိုက်ချင်လိုက်တာ"

ဝူကျိ၏ ခန္ဓာကိုယ်သည် ပုပ်သိုးနေခြင်းဖြစ်ပြီး သက်တမ်းချေးယူသည့် လူနာ၏ ရုပ်သွင်ကို မြင်လိုက်ရသောအခါ သူမခန္ဓာကိုယ်ထဲရှိ သွေးစက်တိုင်းက အော်ဟစ်တောင်းဆိုနေသကဲ့သို့ သူမ၏အတွင်းစိတ်၌ ပြင်းထန်သော တောင့်တမှုတစ်ခု ဖြစ်ပေါ်လာရသည်။ သက်တမ်းချေးယူသည့် အဓိကလူနာအပေါ် သုတေသနပြုမှုက အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့သည်။ စီမံခန့်ခွဲရေးစင်တာ၏ မြေအောက်ဓာတ်ခွဲခန်းမှာ လင်းထိန်နေပြီး လူတိုင်းသည် ထိုရောဂါလက္ခဏာများမှတစ်ဆင့် ဘဝသက်တမ်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်နေကြသည်။

နေထိုင်ရာရပ်ကွက်ရှိ ဓာတ်ခွဲခန်းမှ ချိတ်ပိတ်မှုကို ခွာချလိုက်ပြီး စက်ကိရိယာများမှာ တဝီဝီအသံပေးကာ လည်ပတ်လာကြသည်။ မီးများဖွင့်လိုက်ပြီး ဓာတ်ခွဲခန်းဝတ်စုံဝတ်ထားသော ပုံပျက်နေသူများက စက်ကိရိယာများကြားတွင် သွားလာနေကြသည်။ မစ္စတာရှစ်ရှစ် အပါအဝင် လူတိုင်းသည် ကြီးမားသော ခွဲစိတ်စားပွဲတစ်ခုကို ဝိုင်းရံနေကြသည်။ ထိုစားပွဲပေါ်တွင် သက်တမ်းချေးယူသည့် အဓိကလူနာ၏ ဦးခေါင်းနှင့် အရေပြားအစိတ်အပိုင်း အနည်းငယ် တင်ထား၏။

အသွေးအသားများနှင့် ပတ်သက်၍မူ မစ္စတာရှစ်ရှစ်သည် အဓိကအဖွဲ့အစည်းကြီး သုံးခုထံ ပေးအပ်ထားပြီးဖြစ်သည်။ သူသည် သူလိုအပ်သည့်အရာကိုသာ ဂရုစိုက်သူဖြစ်သည်။

"မစ္စတာရှစ်ရှစ်၊ စမ်းသပ်ချက်ရလဒ်တွေ ထွက်လာပါပြီ၊ အဓိကလူနာရဲ့ ဦးနှောက်က သေဆုံးနေပါတယ်၊ ဒါဟာ လူတွေလုပ်လို့မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ပိုင်သိစိတ် ပျောက်ဆုံးသွားလို့ပါ"

ခေါင်းအလွန်ကြီးသော ပုံပျက်သူသုတေသနပညာရှင်က ရှစ်ရှစ်၏ ဘေးနားသို့ ရောက်ရှိလာသည်။

"အဓိကလူနာဟာ ကျုပ်တို့ရဲ့ ဦးနှောက်ချိတ်ဆက်ခြင်းရဲ့ ထိန်းချုပ်ခံရမှာ စိုးရိမ်ပုံရပြီး သူ့မှတ်ဉာဏ်တွေကို သူကိုယ်တိုင် ကြိုတင်ဖျက်ဆီးပစ်လိုက်တာပါ၊ ဒီလူဟာ အံ့သြစရာအဆင့်တစ်ခုထိ ပြောင်းလဲလာတာပါ၊ သူက ကျုပ်တို့နဲ့ လုံးဝမတူတဲ့ အခြားမျိုးစိတ်တစ်ခုလို ဖြစ်နေပါပြီ"

"ဒီခေါင်းက အသုံးမဝင်ဘူးဆိုတာ ငါတို့သိပေမယ့် တခြားလူတွေတော့ မသိသေးဘူး၊ သတင်းတွေ ပိတ်ထားလိုက်၊ အမြင့်ဆုံး လျှို့ဝှက်အဆင့်ကို အသုံးပြုပြီး အဓိကလူနာရဲ့ ခေါင်းကို ဘဏ္ဍာတိုက်ထဲမှာ သိမ်းဆည်းထားလိုက်ပါ"

"ဟုတ်ကဲ့ပါ ဆရာ"

သုတေသနပညာရှင်က ဦးညွှတ်ကာ သဘောတူလိုက်သည်။

"ဆရာ ခင်ဗျား ညွှန်ကြားထားတဲ့အတိုင်း အဓိကလူနာရဲ့ အရေပြားကို အပြစ်အနာအဆာမရှိအောင် ခွာယူထားပြီးပါပြီ၊ စမ်းသပ်စစ်ဆေးမှုတွေ ပြီးတာနဲ့ အစားထိုးကုသမှုကို စတင်နိုင်ပါပြီ"

"ကောင်းတယ်"

ပုံမှန်အားဖြင့် မျက်နှာသေနှင့် နေတတ်သော ရှစ်ရှစ်၏ အသံတွင် ဝမ်းသာရိပ်အနည်းငယ် ပေါ်ထွက်လာလေသည်။

ငါးနာရီကြာပြီးနောက် စီမံခန့်ခွဲရေးစင်တာ၏ မြေအောက်ဓာတ်ခွဲခန်းဝင်ပေါက်ကို ဖွင့်လိုက်သည်။ ဝူကျိသည် ဝါယာကြိုးများစွာဖြင့် ဆက်သွယ်ထားသော ရေကန်တစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှစ်ရှစ်သည် နေထိုင်ရာရပ်ကွက် ဓာတ်ခွဲခန်းရှိ ခွဲစိတ်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဝူကျိသည် သူမ၏ ထူထဲလှသော ကာကွယ်ရေးဝတ်စုံကို ချွတ်ချလိုက်ရာ နေ့ညမပြတ် နှိပ်စက်ခံနေရပြီး ပုပ်သိုးနေသော ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် သွယ်လျကာ ပြီးပြည့်စုံလုနီးပါးဖြစ်သော ခန္ဓာကိုယ်မှာ ပေါ်ထွက်လာတော့သည်။ ထိုဒဏ်ရာများက သူမအား လူသားအစစ်တစ်ယောက် မဖြစ်နိုင်အောင် တားဆီးထားခြင်း ဖြစ်သည်။

နောက်ဆုံးအဝတ် ကွာကျသွားသောအခါ သူမ၏ အနက်ရောင်ဆံပင်များ လျှောကျလာလေသည်။ ဝူကျိသည် စက်ကိရိယာအောက်တွင် ရှိနေသော အရေပြားကို စိုက်ကြည့်ရင်း အသက်ရှူသံများ ပြင်းထန်လာရသည်။ သူမမျက်လုံးထဲရှိ သွေးကြောမျှင်များသည် ပုံစံကွက်များကို ယက်လုပ်‌နေသည့်အလား ထင်မှတ်ရသည်။

ခွဲစိတ်ခန်းအတွင်း၌ ရှစ်ရှစ်သည် လူတိုင်းကို ပြန်ခိုင်းလိုက်ပြီး သူ့အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ရာ သူ့ကျောပေါ်တွင် ခြောက်ကပ်ပြီး ပုံပျက်နေသော လက်ခြောက်ဖက် ပေါ်လာခဲ့သည်။ ထိုလက်များသည် အသက်မဲ့နေသော ကြိုးများကဲ့သို့ တွဲလောင်းကျနေပြီး အလွယ်တကူ ဆွဲခွာပစ်နိုင်မည့်ပုံစံ ရှိနေလေသည်။

ဇိမ်ခံအဝတ်အစားများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိသည်။ ရှစ်ရှစ်သည် သူ့မျက်နှာဖုံးအောက်ရှိ ခလုပ်ကို ထိလိုက်ရာ ချပ်ခနဲအသံနှင့်အတူ မျက်နှာဖုံးကို ဖြည်းညင်းစွာ ဖယ်ရှားပစ်လိုက်သည်။

စင်ကြယ်သော အဖြူရောင်ဖြင့် ပြုံးနေသည့် မျက်နှာဖုံးအောက်တွင် ရုပ်ဆိုးပြီး ပုံပျက်နေသော မျက်နှာ လေးခု ရှိနေလေသည်။ အဓိကမျက်နှာတစ်ခုနှင့် အရန်မျက်နှာ သုံးခု ဖြစ်တော့သည်။

ဝူကျိသာ ယင်းကိုမြင်ပါက အမှန်တကယ် ရူးသွပ်သွားပေလိမ့်မည်။ သူမ ရှာဖွေနေသော မျက်နှာ လေးခု၊ လက်ရှစ်ဖက်ရှိသည့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသူမှာ ရှစ်ရှစ်ပင် ဖြစ်တော့သည်။

မြေအောက်ဓာတ်ခွဲခန်း၏ သားဖောက်ခန်းနှင့် နေထိုင်ရာရပ်ကွက်ရှိ ခွဲစိတ်စားပွဲပေါ်မှ စက်ကိရိယာများမှာ တစ်ပြိုင်နက်တည်း အလုပ်လုပ်လာကြသည်။ မီးရောင်များသည် အဝါရောင်မှ အနီရောင်သို့ ပြောင်းလဲသွားပြီး ဝါယာကြိုးများက ဝူကျိနှင့် ရှစ်ရှစ်တို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။

မတူညီသော နေရာများတွင်…

တစ်ချိန်တည်းမှာပင် သွေးမြို့တော်တက်တူးများက အသားစများပေါ်တွင် စတင်ကြီးထွားလာတော့သည်။

လူ့အရေပြားက ပုပ်ပွနေသော ဒဏ်ရာများကို ဖုံးအုပ်သွားပြီး သွေးမြို့တော်တက်တူးများက တွန့်လိမ်ပုံပျက်နေသော ခန္ဓာကိုယ်များပေါ်တွင် ကြီးထွားလာကြသည်။

ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီး အသက်ဓာတ်များက သေဆုံးနေသော အသားစများနှင့် ခြောက်ကပ်နေသော လက်များထဲသို့ တိုးဝင်လာကြသည်။ ဝူကျိနှင့် ရှစ်ရှစ်တို့က ရိုင်းစိုင်းကြမ်းတမ်းသော သားရဲများကဲ့သို့ ဟိန်းဟောက်လိုက်ကြသည်။ ပုပ်သိုးခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့ ပေါင်းစပ်သွားကြပြီး သူတို့မှာ တစ်သားတည်း ဖြစ်သွားကြတော့သည်။

စီမံခန့်ခွဲရေးစင်တာ၏ မြေအောက်ဓာတ်ခွဲခန်း အပြင်ဘက်တွင် ရှုဟွမ်သည် မာကြီးကို တွန်းဖယ်ကာ ကော်ရစ်ဒါလမ်းတစ်လျှောက် တစ်ယောက်တည်း ပြေးဝင်သွား၏။

"ငါ ဝူကျိကို တွေ့ချင်တယ်၊ အဲ့ဒီလူသားအရေပြားတွေကို သူမကို မထိစေနဲ့၊ အဲ့ဒါတွေက ထောင်ချောက်တွေပဲ"

ရှုဟွမ် မည်မျှ အော်ဟစ်နေစေကာမူ နောက်ဆုံး သူဆွဲထုတ်ခံလိုက်ရသည့်တိုင် ဝူကျိက ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ပေ။

"အစ်ကိုကြီးရာ၊ မင်းက ဘာလို့ မြင်းတစ်ကောင်ထက်တောင် ပိုမြန်နေရတာလဲ"

မာကြီးက ဟောဟဲလိုက်ရင်း နောက်မှ လိုက်ပါလာ၏။ ရှုဟွမ်မှာမူ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်နေရင်း ပဋိပက္ခဖြစ်နေသော အတွေးများက သူ့စိတ်ထဲတွင် ပြည့်နှက်နေခဲ့သည်။

ရှုဟွမ်သည် မာကြီးကို လျစ်လျူရှု၍ သူ့ဇနီးဖြစ်သူထံ ဖုန်းဆက်လိုက်ပြီး သူတို့ ပထမဆုံး စတင်ဆုံတွေ့ခဲ့သည့် တိုက်ခန်းသို့ သူမလာပေးရန် မျှော်လင့်နေမိသည်။

နေထိုင်ရာရပ်ကွက်ဧရိယာရှိ ဓာတ်ခွဲခန်း အပြင်ဘက်တွင် ရှရန်နှင့် ပန်ပန်တို့ တံခါးဝတွင် ရပ်တန့်လိုက်ကြသည်။ ပုံပျက်နေသူတစ်ဦးက ရှစ်ရှစ်သည် စမ်းသပ်မှုများ ပြုလုပ်နေကြောင်းနှင့် အစီရင်ခံရမလားဟု မေးမြန်းသည်။ ရှရန်က ခေါင်းခါပြလိုက်သည်။

"တိုးတက်မှုက အရမ်းမြန်တာပဲ၊ ဒီလူက တကယ် စိတ်မရှည်တတ်တာပဲ"

သူက ရှစ်ရှစ်ကို အနှောင့်အယှက်မပေးခဲ့ချေ။ ထိုအချိန်တွင် ရှရန်၏ဖုန်း မြည်လာလေသည်။ လူ့အခွင့်အရေးကော်မတီ အကြီးအကဲ၏ သမီးဖြစ်သူက သူ့အား တစ်ခုခု ပြောပြလိုက်သည်။

"ငါတို့ ပထမဆုံးဆုံခဲ့တဲ့ တိုက်ခန်းလား"

ရှရန်က သူ့မျက်လုံးများကို မှေးလိုက်သည်။

"ဒါက ရှုဟွမ်ရဲ့ စမ်းသပ်မှုတစ်ခု ဖြစ်နိုင်သလို ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်၊ ငါကိုယ်တိုင် သွားဖို့ အဆင်မပြေဘူး၊ ပန်ပန် ဒါကို မင်းပဲ တာဝန်ယူလိုက်ပါ"

"ဟင် ကျွန်တော့်ကို ဘာလုပ်ခိုင်းတာလဲ"

"သွားပြီး ရှုဟွမ်ကို ဖမ်းလာခဲ့"

ကားက စတင်ထွက်ခွာသွားသော်လည်း ရှရန်သည် ထိုတိုက်ခန်းသို့ လုံးဝမသွားဘဲ ပြန်လည်သန်စွမ်းရေးစင်တာသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။

သူ့အထောက်အထားကို ထုတ်ပြပြီးနောက် ပုံပျက်ပန်းပျက်ဖြစ်နေသော ဆရာဝန်တစ်ဦးက ရှရန်အား မြေအောက်သို့ လမ်းပြခေါ်ဆောင်သွား၏။

နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကောင်းစွာနားလည်ကြပြီး မြေအောက်ဓာတ်ခွဲခန်းအထိ လျှောက်သွားကာ လူနာဆောင် တံခါးတစ်ခုကို ဖွင့်လိုက်ကြသည်။

ရှုဟွမ်၏လည်ပင်းသည် ဓားဖြင့် အထိုးခံထားရပြီး သူ၏အသက်လက္ခဏာများက လျင်မြန်စွာ အားနည်းလာနေခဲ့သည်။

"ဓားက သူ့လည်ပင်းကို ထိုးဖောက်လုနီးပါး ဖြစ်သွားတာ၊ သူက သေဖို့ပဲ အသည်းအသန် ဆုံးဖြတ်ထားပုံရတယ်၊ လုံးဝသေမသွားမှာတောင် ကြောက်လို့ အဆိပ်လည်း ကြိုသောက်ထားသေးတယ်"

ပုံပျက်နေသောဆရာဝန်က ခေါင်းခါလိုက်သည်။

"သူ့ကို ကယ်ဖို့က အရမ်းခက်ခဲတယ်"

"သူ ဘယ်တုန်းက အဆိပ်သောက်လိုက်တာလဲ"

"သူ့ရဲ့ သွားတုထဲမှာ ဝှက်ထားတာပါ၊ ဒီလူက အမြဲတမ်း သေဖို့ အသင့်ပြင်ထားတာပဲ"

All Chapters