အခန်း (၈၈၅-၈၈၆)
Vol. 62 Ch. 885-886
အပိုင်း (၈၈၅) မစူးစမ်းနိုင်သော
"ဘယ်လောက်ကုန်ကုန် သူတို့ကို ကယ်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ၊ ကျွန်တော့်မှာ ပိုက်ဆံတွေ အများကြီးရှိပါတယ်"
ရှရန်သည် အခွင့်အရေးက အလွန်နည်းပါးမှန်း သိသည်။ ဤသွေးမြို့တော်အရှင်သခင်များသည် စိတ်ဖောက်ပြန်မှု ကမ္ဘာကြီးထဲတွင် အမှန်တကယ် အသေခံမည့်သူများ မဟုတ်ကြပေ။ ၎င်းတို့သည် ၎င်းတို့၏ စွမ်းအားများဖြင့် အချင်းချင်း အားပြိုင်နေကြရုံသာ ဖြစ်သည်။ ထိုအရာအားလုံးထဲတွင် အခက်ခဲဆုံးမှာ ထိုပုံရိပ်ယောင်သာ ဖြစ်၏။
"အဖေက ကျွန်တော့်ကို ခင်ဗျားနောက်ကနေ စောင့်ကြည့်ခိုင်းထားတာ၊ ကျွန်တော်တို့ ဘယ်တော့ ပြန်ဆုံကြမလဲ သိချင်မိတယ်"
ရှရန် ဖုန်းထုတ်ကာ နံပါတ်တစ်ခုထံသို့ မက်ဆေ့ဂျ်တစ်စောင် ပို့လိုက်သည်။ မက်ဆေ့ဂျ်မှာ အလွန်တိုတောင်းပြီး စာလုံးသုံးလုံးသာ ပါဝင်သည်။
"ငါ မင်းကို မျက်ခြေပြတ်သွားပြီ"
ရှရန် အကြောဆန့်လိုက်ပြီး မစ္စတာရှစ်ရှစ်ထုတ်ပေးထားသော လက်မှတ်ကို ကိုင်ဆောင်ကာ ပြန်လည်သန်စွမ်းရေးစင်တာမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် ရဲဌာနဆေးရုံသို့ သွားလိုက်သည်။
"ကပ္ပတိန်ချန်ပင်း၊ မတွေ့တာ ကြာပြီနော်"
လူတိုင်းအပေါ် အမြဲယဉ်ကျေးတတ်သော ချန်ပင်းသည် ရှရန်၏အသံကို ကြားလိုက်ရချိန်တွင် သူ့ကိုယ်ခန္ဓာက တောင့်တင်းသွားပြီး သူ့မျက်လုံးထဲတွင် မထိန်းချုပ်နိုင်သော သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ လင်းလက်သွား၏။
"ဒီလောက်ကြီး အေးစက်မနေပါနဲ့၊ ခင်ဗျားမိန်းမနဲ့ ကလေးကို ကျွန်တော့်အဆက်အသွယ်တွေနဲ့ ကုပေးခဲ့တာ မဟုတ်လား"
"ဆရာရှ၊ လောင်ရွှယ်က သားရဲတစ်ကောင်လို ဖြစ်သွားပြီ၊ ကျုပ် လူ့အခွင့်အရေးကော်မတီက အချက်အလက်တွေကို စစ်ဆေးပြီးပြီ၊ အကြီးအကဲက လောင်ရွှယ်ကို ဦးနှောက်ဆေးဖို့ သဘောတူခဲ့တာ ခင်ဗျားနဲ့ အများကြီး ပတ်သက်နေတာနော်"
ချန်ပင်း၏ လက်ဆစ်များ တဖျောက်ဖျောက်မြည်သွားပြီး သူ့မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းနေလေသည်။
"ဒါဟာ သူ့သမက်ရှုဟွမ်က စီစဉ်ခဲ့တာပါ၊ လူမှားပြီး မမုန်းပါနဲ့"
ရှရန်က ရှစ်ရှစ် ထုတ်ပေးထားသော လက်မှတ်ကို ထုတ်ပြလိုက်သည်။
"ခွင့်ပြုပါဦး၊ ကျွန်တော် လူနာအမှတ် (၀) ကို တွေ့ဖို့ လိုတယ်"
ပါလာသော လက်မှတ်သည် အတုမဟုတ်သည့်အတွက် ချန်ပင်းမှာ သူ့ကို ပေးဖြတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ရှရန် တစ်စုံတစ်ရာ မိုက်မိုက်မဲမဲ မလုပ်မိစေရန် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလိုက်သည်။
ရဲဆေးရုံသည် အခြားဆေးရုံများနှင့် မတူဘဲ လက်တွေ့ကျမှုကိုသာ ပို၍ အလေးပေးထားခြင်းဖြစ်သည်။ လူနာဆောင်အားလုံးတွင် တူညီသော ပစ္စည်းကိရိယာများ တပ်ဆင်ထားပြီး တံခါးပေါ်ရှိ အခန်းနံပါတ်များသာ ကွဲပြားပေသည်။
ကော်ရစ်ဒါအဆုံးသို့ ရောက်သောအခါ ရှရန်သည် သုံးထပ်ကွမ်းစစ်ဆေးမှုများကို ကျော်ဖြတ်ပြီး လူနာဆောင်နံပါတ် (၀) တံခါးကို တွန်းဖွင့်လိုက်သည်။
သန့်ရှင်းသပ်ရပ်ပြီး လုံခြုံရေးမြင့်မားသော ထိုအခန်းထဲတွင် ဆေးဘက်ဆိုင်ရာ အခြေခံကိရိယာ အနည်းငယ်နှင့် အဖြူရောင် လူနာကုတင်တစ်လုံးသာ ရှိပေသည်။
နတ်ဘုရားတစ်ပါးကဲ့သို့ ပြည့်စုံလှသော ထိုကလေးငယ်သည် ကုတင်အခင်းပေါ်တွင် ထိုင်လျက်ရှိနေသည်။ သူ့မျက်လုံးများကို ပိတ်ထားပြီး သူ့ဝိညာဉ်မှာ အခြားကမ္ဘာတစ်ခုထဲသို့ နစ်မြုပ်နေပုံရသည်။ သူ့မျက်လုံးများက မြင်နိုင်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ပတ်ဝန်းကျင်ကို အာရုံမခံနိုင်ပေ။
ရှရန်သည် အခန်းထောင့်တွင် တိတ်တဆိတ် ရပ်နေရင်း စက္ကူနှင့် ဘောပင်ကို ထုတ်ယူလိုက်သည်။ သူသည်လည်း ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်ပြီး လက်ချောင်းများက တစ်စုံတစ်ခုကို ရေးဆွဲနေသည့်အလား အနည်းငယ် လှုပ်ရှားနေလေသည်။
ခိုင်မာသော အခြေခံရှိသည့် ရှရန်သည် သူမြင်နေရသည့် အရာများ ရေးဆွဲရသည်ကို မနှစ်သက်တော့သည်မှာ ကြာပြီဖြစ်သည်။ သူသည် မမြင်နိုင်သော၊ ထိတွေ့မရသော၊ ငြင်းပယ်မရအောင် အစစ်အမှန်ဖြစ်နေသော 'အချစ်' ၏ ပုံသဏ္ဌာန် သို့မဟုတ် 'သေခြင်းတရား' ၏ ရုပ်သွင်ကဲ့သို့သော အရာများကိုသာ ပုံဖော်လိုသည်။
သူသည် 'သုည' ၏ ကမ္ဘာထဲသို့ ဝင်ရောက်ရန် ကြိုးစားနေပြီး တစ်ဖက်လူ တည်ဆောက်ထားသော ကမ္ဘာကြီးကို ပုံဖော်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် ကြိုးစားပြီးနောက် အခန်းထဲ၌ စက္ကူစုတ်များသာ ပြည့်နှက်သွားတော့သည်။
နေဝင်ရီတရော အချိန်အထိဖြစ်ပြီး ကြည့်ရှုခွင့် အချိန်ကုန်ဆုံးတော့မည့်ဆဲဆဲတွင် ချန်ပင်းက တံခါးဖွင့်လိုက်ရာ ရှရန်မျက်လုံးပွင့်လာသည်။
သူသည် မဖော်ပြနိုင်လောက်အောင် လှပသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ ထိုကောင်လေးသည် မည်သည့်အချိန်က ကုတင်ပေါ်မှ ဆင်းလာသည်မသိဘဲ သူ့ရှေ့တွင် ရပ်ကာ လွှင့်ပစ်ထားသော သူ၏ပုံကြမ်းများကို ဖြန့်ကြည့်ပြီး သေချာစွာ စစ်ဆေးနေခြင်းဖြစ်သည်။
"မင်းက ငါ့ခေါင်းထဲမှာ တည်ဆောက်ထားတဲ့ ကမ္ဘာကို ဆွဲနေတာလား"
"ငါဆွဲတာ မမှန်သေးဘူး"
ရှရန်သည် သူ့အလုပ်များနှင့် သူ့အတွေးအားလုံးကို စွန့်လွှတ်ကာ ထိုအထဲတွင် အမှန်တကယ် နစ်မြုပ်နေခဲ့ခြင်းဖြစ်သည်။ သူသည် ကမ္ဘာသစ်၏ လှပမှုအပေါ် အံ့သြလေးစားနေမိသည်။ သူ့ပန်းချီကားထဲတွင် မလိုအပ်သော ခံစားချက်များ လုံးဝမပါဝင်ပေ။
"အရမ်းနီးစပ်နေပြီ၊ မင်း တကယ်ကို နီးစပ်အောင် ဆွဲနိုင်ခဲ့တာပဲ"
လူနာအမှတ် (၀) သည် လူအားထက်ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သော အထီးကျန်နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားနေရပြီး သူ့ပတ်ဝန်းကျင်တွင် ငတုံးငအများ၊ ရုပ်ဆိုးပြီး ပုံပျက်နေသော မကောင်းဆိုးဝါးများသာ ရှိနေခဲ့သည်။ သူသည် ဤကဲ့သို့သော 'ဝိညာဉ်ဖော်' မျိုးကို တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
"ငါသာ အဲ့ဒီကမ္ဘာကို သွားကြည့်နိုင်ရင် တကယ် ဆွဲနိုင်လိမ့်မယ်ထင်တယ်"
ဘောပင်ကိုင်ထားသော ရှရန်၏လက်က တုန်ရီနေပြီး ကောင်လေး၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံရဲ့ ဆေးရုံအုပ်ကြီးက ကမ္ဘာသစ်ထဲကို ဝင်သွားပြီလို့ မင်းပြောခဲ့တယ်နော် ဟုတ်တယ်မလား"
"ဟုတ်တယ်၊ သူ ပျောက်သွားတာမဟုတ်ပါဘူး၊ ရှေ့ဆောင်လမ်းပြတစ်ယောက်အနေနဲ့ ထွက်သွားတာပါ"
ကောင်လေးက ပြုံးပြီး ခေါင်းငြိမ့်ပြသည်။
"အဲ့ဒီဆေးရုံအုပ်ကြီးက ငါမြင်ဖူးသမျှထဲမှာ အသိဉာဏ်အရှိဆုံး၊ ဗဟုသုတအရှိဆုံး၊ ပညာအရှိဆုံးနဲ့ သတ္တိအရှိဆုံး မကောင်းဆိုးဝါးတစ်ကောင်ပဲ"
"ဒါဆို မင်းမျက်စိထဲမှာ ငါက ဘယ်လိုလဲ"
ရှရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်းက လူသားတစ်ယောက်ပဲ၊ လုံးဝကို သာမန်ဖြစ်နေတဲ့ လူသားတစ်ယောက်ပေါ့"
မကောင်းဆိုးဝါး၊ လူသား၊ နတ်ဘုရား။ လူနာအမှတ် (၀) ၏ ရှင်းလုအပေါ် ရှုမြင်ပုံမှာ အလွန် ထူးခြားလှသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရှရန်က အဓိကအကြောင်းအရာသို့ ပြန်လှည့်လိုက်သည်။
"ငါ ကမ္ဘာသစ်ထဲကို ပထမဆုံးဝင်မယ့် 'လူသား' ဖြစ်ခွင့် ရှိမလား"
"ရတာပေါ့၊ ဒါပေမယ့်…"
လူနာအမှတ် (၀) သည် ကုတင်ပေါ်သို့ ပြန်သွားလိုက်သည်။
"ဆေးရုံအုပ်ကြီး အသုံးပြုခဲ့တဲ့ စက်ကိရိယာအမျိုးမျိုးကို ချိတ်ပိတ်ထားလိုက်ကြပြီ၊ သူ့ကို အတုခိုးဖို့ ခက်လိမ့်မယ်"
"ရပါတယ်၊ ငါ ကြိုးစားကြည့်လို့ရတယ်"
ရှရန်သည် သူ့လက်ထဲမှ နောက်ဆုံးပန်းချီကားကို ကုတင်ပေါ် တင်ထားခဲ့ပြီး ပြုံးလျက် ထွက်လာခဲ့သည်။
ထိုည၌ပင် ရဲဆေးရုံသို့ စက်ကိရိယာမျိုးစုံ သယ်ဆောင်လာကြတော့သည်။ တရားစီရင်ရေးအာဏာပိုင်များနှင့် ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့ဝင်များက ဦးဆောင်လာပြီး လူ့အခွင့်အရေးကော်မတီမှ အဆင့်မြင့်အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။ သူတို့အားလုံးသည် ကမ္ဘာသစ်ဟုခေါ်သော ထိုအရာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုကြခြင်းဖြစ်သည်။
လူနာအမှတ် (၀) အား သာမန်နည်းလမ်းများဖြင့် ဆက်သွယ်၍မရနိုင်ပေ၊ သူတို့နှစ်ဦးသည် မတူညီသော ဒိုင်မန်းရှင်းများမှ သက်ရှိများကဲ့သို့ ဖြစ်သည်။ ဆရာရှသည် ဆက်သွယ်ရန်နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုတွင် စမ်းသပ်ကြည့်ရန်အတွက် မိမိကိုယ်ကိုပင် စတေးရန်ဆန္ဒရှိနေသဖြင့် အဆင့်မြင့်ခေါင်းဆောင်များက သဘာဝကျစွာ ဝမ်းမြောက်နေကြတော့သည်။
အရာအားလုံး ပြင်ဆင်ပြီးသောအခါ အဖွဲ့အစည်းသုံးခုမှ အဆင့်မြင့်အရာရှိများသည် ဤသမိုင်းဝင် အခိုက်အတန့်ကို မှတ်တမ်းတင်နိုင်ရန် လူနာဆောင်အတွင်း၌ များစွာသော စောင့်ကြည့်ကင်မရာများ တပ်ဆင်လိုက်ကြသည်။
အဖွဲ့အစည်းသုံးခု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရာအားလုံးမှာ အလွန်ချောမွေ့နေခဲ့သည်။ သူတို့သည် အပြည့်အဝပြင်ဆင်ထားကြပြီး လူနာဆောင်နှင့် အဝေးတစ်နေရာတွင် ထိုင်ကာ စောင့်ကြည့်ကင်မရာများမှတစ်ဆင့် လူနာအမှတ် (၀) ၏ အခန်းအတွင်းပိုင်းကို စောင့်ကြည့်နေကြသည်။
ရှရန်သည် ဝါယာကြိုးမျိုးစုံဖြင့် ရစ်ပတ်ခံထားရပြီး လူနာအမှတ် (၀) နှင့် ပြည့်ပြည့်စုံစုံဖြစ်လုနီးပါး ဆက်သွယ်ထားပြီးဖြစ်သည်။
စက်က စတင်လည်ပတ်လာတော့သည်။ ကိရိယာအားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နေသော်လည်း ရှရန်က သတိမေ့မြောမသွားပေ။ သူ့လက်ချောင်းများက လေထဲတွင် လှုပ်ရှားနေပြီး ဟင်းလင်းပြင်ထဲတွင် သူ၏နောက်ဆုံးလက်ရာကို ပုံဖော်နေသကဲ့သို့ မျက်လုံးများကို မှိတ်ထား၏။
"ဒါ မဖြစ်သင့်ဘူး၊ စက်ကို စတင်လိုက်တာနဲ့ သူက အနက်ရှိုင်းဆုံးအိပ်မက်ထဲကို ကျဆင်းသွားရမှာ၊ ရှရန် ဘာတွေ ဆွဲနေတာလဲ"
မော်နီတာစခရင်ပေါ်တွင် ရှရန်က ပြုံးနေလေသည်။ သူသည် ယခင်ကထက် ပို၍ စိတ်ကျေနပ်နေပုံရသည်။ စုတ်ချက်တစ်ခုစီနှင့်အတူ သူ့ခန္ဓာကိုယ်က တစ်စုံတစ်ခု ပြောင်းလဲလာနေပုံရသည်။
အခန်းထဲရှိ အလင်းရောင်များ ရွေ့လျားနေပြီး အချိန်သည် အခန်းတွင်း၌ တိတ်ဆိတ်စွာ စီးဆင်းနေလေသည်။
ရှည်လျားပြီး ပင်ပန်းနွမ်းနယ်ဖွယ်ရာ စောင့်ဆိုင်းပြီးနောက် ရှရန်က နောက်ဆုံးစုတ်ချက်ကို အဆုံးသတ်လိုက်တော့သည်။ မြှောက်ထားသော သူ့လက်က ရုတ်တရက် ပြုတ်ကျသွားပြီး ချက်ချင်းဆိုသလိုပင် ဝိညာဉ်ဆွဲခွာခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
"ပြီးသွားပြီလား"
"ဒါမှမဟုတ် ကျရှုံးသွားတာလား"
"အရင်ဆုံး သူ့ကို ကယ်ကြ!"
မော်နီတာဗီဒီယိုထဲတွင် လူနာအမှတ် (၀) သည် မျက်တောင်များ တဖျတ်ဖျတ်ခတ်နေပြီး နာကျင်နေသည့်အမူအရာ ရှိနေလေသည်။သို့ သော်လည်း ရှရန်မှာမူ မည်သည့်အသက်ဓာတ် လက္ခဏာမျှမရှိဘဲ ငြိမ်သက်နေဆဲဖြစ်သည်။
"ရှရန်ရဲ့ အခြေအနေကို ချက်ချင်း သွားစစ်ဆေးကြစမ်း"
လူနာဆောင်တံခါးများကို ဖွင့်လိုက်ကြပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ကော်ရစ်ဒါအဆုံးသို့ ပြေးထွက်သွားကြသည်။ သို့သော် လူနာဆောင်နံပါတ် (၀) တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင်မူ လူတိုင်း အံ့အားသင့်ကာ အေးခဲသွားကြတော့သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
လူနာဆောင်ထဲတွင် လူနာကုတင်နှစ်လုံး ဘေးချင်းယှဉ် ရှိနေလေသည်။ လူနာအမှတ် (၀) သည် သူ့မျက်လုံးများကို ဖွင့်နိုင်ရန် အစွမ်းကုန် ကြိုးစားနေသော်လည်း မရပေ။ တစ်စုံတစ်ယောက်က သူ့စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ဖျက်ဆီးနေသကဲ့သို့ပင်။
ရှရန်လဲလျောင်းနေသင့်သည့် အခြားကုတင်တစ်လုံးမှာမူ ယခုအခါ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။
"ရှရန်ပျောက်သွားပြီ၊ ရှင်းလုရဲ့ အကြီးမြတ်ဆုံးပန်းချီဆရာ ပျောက်ကွယ်သွားပြီ"
စောင့်ကြည့်ကင်မရာများတွင် ရှရန်သည် ကုတင်ပေါ်၌ သေဆုံးနေသကဲ့သို့ လဲလျောင်းနေသည်ကို မြင်ရသော်လည်း လက်တွေ့တွင်မူ ကုတင်က အလွတ်ကြီး ဖြစ်နေပေသည်။
ယင်းကို မျက်မြင်တွေ့လိုက်ရသော အဖွဲ့အစည်းသုံးခုမှ အဆင့်မြင့်အဖွဲ့ဝင်များသည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် လူနာအမှတ် (၀) ပြောခဲ့သမျှမှာ အမှန်တရားဖြစ်ကြောင်း သူတို့ သေချာသွားကြပြီ ဖြစ်သည်။ သို့သော် အမှန်တကယ် ရူးသွပ်နေသူမှာ လူနာအမှတ် (၀) မဟုတ်ခဲ့လျှင် ထိုရူးသွပ်နေသူများမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်တော့သည်။
အပိုင်း (၈၈၆) နောက်ဆုံးတစ်ယောက် ကျန်သေးတယ်
"စောင့်ကြည့်ကင်မရာတွေက သူ့ကို မြင်နေရပေမယ့် ငါတို့တော့ မမြင်ရဘူး"
အဖွဲ့အစည်းသုံးခု၏ ထိပ်တန်းခေါင်းဆောင်များသည် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း ရှရန်ကမ္ဘာသစ်ထဲသို့ ဝင်ရောက်သွားစဉ်တစ်လျှောက်လုံး ရိုက်ကူးထားသည့် ကင်မရာတစ်လုံးတည်းတွင်သာ သူသည် လူနာကုတင်ပေါ်၌ လဲလျောင်းနေသည်ကိုသာ မြင်တွေ့နိုင်ပေသည်။ နောက်မှ ထပ်မံတပ်ဆင်သည့် ကင်မရာများနှင့် ဗီဒီယိုရိုက်ကူးရေး ကိရိယာများမှာမူ ရှရန်ကို ဖမ်းယူနိုင်ခြင်း မရှိတော့ပေ။
သူသည် အချို့သော အချိန်ကာလတစ်ခု၌သာ တည်ရှိနေပြီး အချို့သော သတ်မှတ်ထားသည့် နည်းလမ်းဖြင့်သာ မြင်တွေ့နိုင်သည့်ပုံစံ ဖြစ်နေလေသည်။
"ဒါက မျက်လှည့်ပြတာ မဟုတ်ဘူး၊ ကမ္ဘာသစ်က တကယ်တည်ရှိနေတာ ဖြစ်နိုင်တယ်"
လူနာဆောင်နံပါတ် (၀) ထဲတွင် အတိအကျ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ ရှရန်က ကမ္ဘာသစ်ထဲကို ဘယ်လိုဝင်သွားတာလဲ။ ဘယ်သူမှ မသိကြပေ။ ယခုတွင် လူနာအမှတ် (၀) သည်လည်း သတိမေ့နေပြီဖြစ်ရာ သူယူဆောင်လာသော လျှို့ဝှက်ချက်က ပိုမိုထူထပ်သော မြူနှင်းများကြား ဖုံးလွှမ်းသွားတော့သည်။
အဖွဲ့အစည်းသုံးခု၏ ထိပ်တန်းခေါင်းဆောင်များသည် ထိုအထပ်တစ်ခုလုံးကို ယာယီပိတ်ဆို့ထားပြီး တင်းကြပ်စွာစောင့်ကြပ်ရန် အင်အားတိုးမြှင့်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူတို့သည် ဆေးရုံအုပ်ဟောင်း ချန်ထားခဲ့သော သုတေသနအချက်အလက်များနှင့် ဒေတာများကို ပြန်လည်စုစည်းရန် စတင်ခဲ့ကြသည်။
ရဲဆေးရုံတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများသည် နေထိုင်ရာစီမံခန့်ခွဲရေးနယ်မြေရှိ ဓာတ်ခွဲခန်းသို့ လျင်မြန်စွာ ရောက်ရှိသွား၏။ ပုံပျက်နေသူသည် သတင်းအချက်အလက်၏ အရေးကြီးပုံကို ထောက်ထား၍ အံကြိတ်လိုက်ပြီး ဓာတ်ခွဲခန်းထဲဝင်ကာ မစ္စတာရှစ်ရှစ်ထံ အစီရင်ခံရန် ဆုံးဖြတ်လိုက်သည်။ သူသည် လုံခြုံရေးအဆင့်ဆင့်ကို ဖြတ်ကျော်၍ အတွင်းဘက်အကျဆုံးအပိုင်းသို့ ဝင်ရောက်သွားချိန်တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် အမှန်တကယ်ပင် တုန်လှုပ်သွားတော့သည်။
ဧရာမခွဲစိတ်စားပွဲပေါ်တွင် ထိုင်နေသည်မှာ ရှည်လျားပြီး ပုံပျက်နေသော နတ်ဘုရားတစ်ပါးဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော သရဲမျက်နှာလေးခုနှင့် ကောင်းကင်ကို ထောက်ထားသည့် ဧရာမကျောက်တိုင်ကြီးများကဲ့သို့ လက်ရှစ်ဖက်မှာ အာဟာရကန်တစ်ခုအတွင်း နစ်မြုပ်နေလေသည်။ သူ့ခန္ဓာကိုယ်သည် သွေးနီရောင်သရဲတက်တူးများဖြင့် ဖုံးလွှမ်းနေပြီး ခန့်ညားထည်ဝါသော ရဲတိုက်ကြီးတစ်ခုနှင့် ဆင်တူနေခဲ့သည်။
"ဒါ…ဒါက"
ခွဲစိတ်စားပွဲပေါ်ရှိ နတ်ဘုရားမှာ ပုံပျက်နေသူ ယခင်က မြင်ဖူးခဲ့သော ရှစ်ရှစ်နှင့် လုံးဝကွဲပြားနေခြင်းဖြစ်သည်။ မစ္စတာရှစ်ရှစ်က အဘယ်ကြောင့် ဧရာမခွဲစိတ်စားပွဲကြီးကို တောင်းဆိုခဲ့ရကြောင်း သူအခုမှ နားလည်သွားတော့သည်၊ ဤနေရာကား ခွဲစိတ်မှုပြုလုပ်ရန် နေရာမဟုတ်ဘဲ နတ်ဘုရားတစ်ပါးမွေးဖွားလာမှုကို ကြိုဆိုမည့် ယဇ်ပလ္လင်တစ်ခု ဖြစ်တော့သည်။
ပုံပျက်နေသူသည် မသိစိတ်ဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး ရှစ်ရှစ်၏ မျက်လုံးများကို တည့်တည့်မကြည့်ဝံ့တော့ပေ။ သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီနေခဲ့သည်။ သူ့နှလုံးသားသည်လည်း စွမ်းအားတစ်မျိုးဖြင့် ဆွဲငင်ခံထားရသကဲ့သို့ သို့မဟုတ် တစ်စုံတစ်ယောက်၏ လက်ထဲတွင် အချိန်မရွေးပေါက်ကွဲသွားနိုင်သကဲ့သို့ ဖျစ်ညှစ်ခံနေရသည်။
"ခွင့်ပြုချက်မရှိဘဲ ဝင်လာတယ်ပေါ့… ငါက မင်းတို့အပေါ် အခုထိ အရမ်း အလျှော့ပေးလွန်းနေတာလား"
နတ်ဘုရား၏ ပါးစပ်မှ ရှစ်ရှစ်၏အသံ ထွက်ပေါ်လာလေသည်။ ထူးဆန်းသည်မှာ သူ စကားပြောလိုက်ချိန်တွင် သရဲမျက်နှာလေးခုလုံး အသက်ဝင်လာသကဲ့သို့ပင် အခြားအသံသုံးခုလည်း ထွက်ပေါ်လာခဲ့သည်။
"ဆရာ၊ လူနာ (၀) နဲ့ ပတ်သက်ပြီး အရမ်းအရေးကြီးတဲ့သတင်း ရထားပါတယ်"
"လူနာအမှတ် (၀) လား"
"ဆရာရှရန်က ဆရာ့ရဲ့ အဆက်အသွယ်တွေသုံးပြီး ရဲစခန်းထဲ ဝင်သွားခဲ့ပါတယ်၊ သူဟာ အဖွဲ့အစည်းကြီးသုံးခုနဲ့ သဘောတူညီမှုတစ်ခု လုပ်ခဲ့ပြီး လူနာအမှတ် (၀) နဲ့ အနီးကပ် တွေ့ဆုံခွင့် ရခဲ့ပါတယ်၊ သူတို့ရဲ့ အကူအညီနဲ့ သူက ကမ္ဘာသစ်ထဲကို ဝင်သွားပါပြီ"
မစ္စတာရှစ်ရှစ်၏ ကြီးမားသောခန္ဓာကိုယ်က ဖြည်းညင်းစွာ လည်ပတ်သွား၏။ ပုံပျက်နေသူသည် နောက်ဆုံးတွင် အပေါ်ပိုင်းခန္ဓာကိုယ်က မယုံနိုင်ဖွယ် သန်မာသော်လည်း အောက်ပိုင်းမှာမူ ပြောင်းလဲခြင်းမရှိဘဲ ပိုမိုရုပ်ဆိုးကာ ပိုမိုပုံပျက်နေသည်ကို မြင်လိုက်ရသည်။
"သူ အောင်မြင်သွားလား"
"ဟုတ်ပါတယ်၊ လူတိုင်းရဲ့ ရှေ့မှာပဲ ရှရန်က လူနာဆောင်ထဲကနေ ပျောက်ကွယ်သွားပါတယ်၊ လူနာအမှတ် (၀) လည်း အကြောင်းမသိရဘဲ အိပ်မောကျသွားခဲ့ပါတယ်၊ အဖွဲ့အစည်းကြီးသုံးခုက နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပေမယ့် သူ့ကို နိုးအောင် မလုပ်နိုင်ကြပါဘူး"
သူ့လက်အောက်ငယ်သားထံမှ အစီရင်ခံစာကို ကြားပြီးနောက် ခွဲစိတ်စားပွဲပေါ်ရှိ မစ္စတာရှစ်ရှစ်မှာ တိတ်ဆိတ်နေခဲ့သည်။ အဖွဲ့အစည်းကြီးသုံးခုထဲတွင် ရှရန် ဘာလုပ်ခဲ့သည်ကို သူတစ်ဦးတည်းသာ သိခြင်းဖြစ်သည်။
ကမ္ဘာကြီး၏ အမှန်တရားကို ဖော်ထုတ်လိုက်ခြင်းဖြင့် ရှရန်သည် ကမ္ဘာသစ်ထဲသို့ ဝင်ရောက်ကာ ဖျက်ဆီးမှုများ စတင်ခဲ့သည်။ ထိုသို့လုပ်ခဲ့သဖြင့် လူနာအမှတ် (၀) မှာ အိပ်မောကျသွားရခြင်း ဖြစ်သည်။ သူသည် ရှရန်ကို လုံးဝမဖယ်ရှားနိုင်မချင်း သူ့စိတ်ထဲရှိ ကမ္ဘာသစ်ကို ဆက်လက်ပြည့်စုံအောင် လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
"ငါ နောက်ထပ်တစ်ယောက်ကို ယာယီ ဟန့်တားထားနိုင်ခဲ့ပြီ"
မစ္စတာရှစ်ရှစ်သည် သွေးမြို့တော်သရဲတက်တူးများ ဖုံးလွှမ်းနေသော အရေပြားကို ရရှိပြီးနောက် သူ၏ ကိုယ်ပိုင်လက္ခဏာတချို့ကို ပြန်လည်ရရှိလာခဲ့သည်။ သူသည် ရှင်းလုတွင် ကြောက်စရာအကောင်းဆုံး ပုံပျက်ပန်းပျက် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေနှင့်ပြီးဖြစ်ရာ ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့၏ ဒုတိယခေါင်းဆောင် ဖြစ်လာပြီးနောက် ဆက်လက်ဝါးမြိုရင်း ပိုမိုသန်မာလာခဲ့သည်။ အခြားသွေးမြို့တော်သခင်များသည် သူတို့၏ အသိတရားကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားနေကြချိန်တွင် သူကမူ သူ့အသိတရားကို အခြားလူတစ်ဦးထံ အပြည့်အဝ အပ်နှံထားပြီး မည်သည့်ကန့်သတ်ချက်မှမရှိဘဲ ပိုမိုသန်မာလာခဲ့ခြင်းဖြစ်သည်။
"ထွက်သွားတော့၊ နောက်တစ်ခါ ထပ်ဖြစ်ရင် မင်းကို ပန်းအိုးထဲမှာ စိုက်ပစ်မယ်"
ဓာတ်ခွဲခန်းထဲတွင် တိတ်ဆိတ်မှုများ ပြန်လည်လွှမ်းမိုးသွားပြီး စက်ကိရိယာအားလုံး ရပ်တန့်သွား၏။
"ဒီစိတ်ဖောက်ပြန်မှုကမ္ဘာထဲကို ဝင်လာခဲ့တဲ့ မပြောသင့်သူ ရှစ်ယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေအရ မတူညီတဲ့လူတွေ ဖြစ်လာကြတယ်၊ သူတို့ လုံးဝရူးသွပ်သွားရင်တောင် တချို့အရာတွေ ကျန်ရှိနေဦးမှာပဲ… ဒါက ကံကြမ္မာကတောင် ဖျက်ဆီးလို့မရတဲ့ စည်းမျဉ်းတွေပဲ"
မျှဝေထားသော မှတ်ဉာဏ်များနှင့် အသိစိတ်သည် လူ့အရေပြားပေါ်ရှိ သရဲတက်တူးများအတွင်း ပုန်းကွယ်နေခြင်း ဖြစ်သည်။ မစ္စတာရှစ်ရှစ်သည် သူ့လက်မောင်းများဖြင့် ကြမ်းပြင်ကို ထောက်ထားရင်း စဉ်းစားခန်း ဝင်နေမိသည်။
"ဒီစိတ်ဖောက်ပြန်မှုက သူတို့ကို ရူးသွပ်သွားအောင် လုပ်နိုင်ပေမယ့် သေအောင်တော့ မလုပ်နိုင်ဘူး၊ ဒီစိတ်ဖောက်ပြန်မှုကမ္ဘာရဲ့ ရူးသွပ်မှုစည်းမျဉ်းအားလုံးကို တိုက်ခိုက်မှုတစ်ခုထဲမှာ စုစည်းတာ ဒါမှမဟုတ် သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို အချင်းချင်းဝါးမြိုစေတာ အဲ့လိုနည်းနဲ့ပဲ သူတို့ကို တဖြည်းဖြည်း အားနည်းသွားအောင် လုပ်နိုင်လိမ့်မယ်"
"အိုမင်းခြင်းက တောအုပ်ကို ဖန်တီးခဲ့ပြီး နယ်မြေအကျယ်ကြီးကို ကျူးကျော်ခဲ့တယ်၊ တစ်မြို့လုံးရဲ့ ဒေါသကို ဆွပေးခဲ့ပြီး အဖွဲ့အစည်းကြီးသုံးခုနဲ့ တခြားသွေးမြို့တော်သခင်တွေရဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်၊ အဲ့ဒီနောက် ဒေါက်တာကောင်းရဲ့ အသိစိတ်ဖျက်ဆီးတဲ့ဆေး အထိုးခံရပြီး အဆိုးရွားဆုံး ကံကြမ္မာနဲ့ ကြုံခဲ့ရတယ်၊ အခုတော့ ပြန့်ကျဲနေတဲ့မျိုးစေ့ နည်းနည်းလောက်ပဲ ကျန်တော့တယ်"
"အချိန်က လူသားစားအခန်းဖြစ်လာခဲ့ပြီး ပုပ်သိုးခြင်း၊ ပုံရိပ်ယောင်နဲ့ ငါ့ရဲ့ ပူးပေါင်းအားနဲ့ ဖျက်ဆီးခံခဲ့ရတယ်"
"ပုံရိပ်ယောင်က သွေးမြို့တော်သခင်ရဲ့ အင်အားစုတွေကြောင့် အကြိမ်ကြိမ် အသတ်ခံခဲ့ရပေမယ့် ပြန်လည် မွေးဖွားလာခဲ့တယ်၊ သူ့မှတ်ဉာဏ်တွေကတော့ အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်တာပေါ့"
"သွေးနီရောင်(သွေးစွန်းသူ) က လူသားတွေရဲ့ ဝိညာဉ်ကို မြင်နိုင်ခဲ့တယ်၊ ဒါပေမယ့် သူဟာ အိုမင်းခြင်းနဲ့ ဦးနှောက်ချိတ်ဆက်ခဲ့လို့ အိုမင်းခြင်းရဲ့ ဦးနှောက်ထဲက အဆိပ်တွေနဲ့ ဆိုးယုတ်မှုတွေ ကူးစက်တာ ခံရပြီး အရူးတစ်ယောက် ဖြစ်သွားခဲ့တယ်"
"လိပ်ပြာ(အိပ်မက်) ကတော့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိနေဖို့ ရွေးချယ်ခဲ့တယ်၊ ဒီအကျပ်အတည်းကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ သူသိခဲ့ပေမယ့် သူဟာ အင်အားအနည်းဆုံး ဖြစ်နေခဲ့တယ်၊ သွေးမြို့တော်သခင်နဲ့ ဒေါက်တာကောင်းတို့ရဲ့ နှစ်ပေါင်းများစွာ နှိပ်စက်မှုကို ခံခဲ့ရတယ်"
"ကျန်တဲ့ ပုပ်သိုးခြင်းသွေးမြို့တော်သခင်ကတော့ ငါနဲ့ ပေါင်းစည်းမှုအသစ်တစ်ခု လုပ်ခဲ့ပြီးပြီ၊ ဟန်ဟိုင်းအရှင်သခင်ရဲ့ ဝိညာဉ်အမှတ်အသားက သူ့ခန္ဓာကိုယ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကပ်ငြိနေပြီး သူ့အတွေးအခေါ်တွေကို လွှမ်းမိုးနေခဲ့တယ်"
"လက်တွေ့ကမ္ဘာကနေ ရှင်းလုထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ မိဘမဲ့ကလေး 'သုည' ဟာ အစစ်အမှန် လူနာအမှတ် (၀) ဖြစ်လာခဲ့တယ်၊ သူဟာ ပြင်ပကမ္ဘာနဲ့ ဘယ်လိုအကြောင်းအကျိုး ဆက်စပ်မှုမှ မရှိသလို အခြားသွေးမြို့တော်သခင်တွေနဲ့လည်း ပဋိပက္ခ မရှိဘူး၊ သူက သူ့စိတ်ထဲမှာ ပုံဖော်ခြင်းကနေတဆင့် ကမ္ဘာကြီးကို လုံးဝအဖြေရှာနိုင်ခဲ့တယ်၊ သူ့မှာ အားနည်းချက် မရှိသလို သတ်လို့လည်း မရဘူး၊ တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ရဲ့ စိတ်ကမ္ဘာထဲကို အတွေးစတစ်ခု စတေးပြီး ဝင်ရောက်ဖျက်ဆီးဖို့ပဲ၊ ဒါမှပဲ သူ ကမ္ဘာသစ်ကို ပြန်တည်ဆောက်မယ့် အချိန်ကို နှောင့်နှေးစေမှာ"
"စုစုပေါင်း ခုနစ်ယောက်ရှိပြီ၊ နောက်ဆုံးတစ်ယောက်ကိုတော့ အခုထိ မသိရသေးဘူး၊ အခုထိ သူနဲ့ ပတ်သက်တဲ့ ဘာအချက်အလက်မှ ရှာမတွေ့သေးဘူး"
ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်သည် လက်ရှိအခြေအနေကို ဖန်တီးရန် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်ထိ မစုံစမ်းနိုင်သေးသော အမည်မသိတစ်ယောက် ကျန်ရှိနေဆဲ ဖြစ်သည်။
"အသိဉာဏ်အရှိဆုံးလူက သေသွားပြီ၊ အကောက်ကျစ်ဆုံးလူက ကိုယ့်ကိုယ်ကိုယ်ကို စတေးသွားပြီ၊ အကြီးမားဆုံး ထောက်တိုင်လည်း အန္တရာယ်ရှိနေပြီ၊ နောက်ဆုံးသူငယ်ချင်းကလည်း ပြန့်ကျဲသွားပြီ၊ ငါ ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ"
ရှစ်ရှစ်သည်လည်း ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ အချိန်နှင့် လူနာအမှတ် (၀) တို့သည် သတိရှိနေဦးမည့် နောက်ဆုံး အမည်မသိနှစ်ယောက် ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သူတို့သာ ရူးသွပ်သွားပါက ဤစိတ်ဖောက်ပြန်မှုကမ္ဘာကြီးမှာ ထာဝရ ရူးသွပ်မှုထဲသို့ ကျဆင်းသွားလိမ့်မည်။ သို့သော် ထိုသို့ ဖြစ်မလာခဲ့ပေ။
"အမှောင်ထဲမှာ ပုန်းကွယ်နေတာ ငါတို့ မဟုတ်တော့ဘူး၊ အရာအားလုံးကို စောင့်ကြည့်နေခဲ့တဲ့ မသိထိုက်သူ တည်ရှိမှုတစ်ခု ရှိနေနိုင်တယ်"
မပြောသင့်သူ ခုနှစ်ယောက်၏ နှောင့်ယှက်မှု မရှိတော့သဖြင့် အဓိပ္ပာယ်မဲ့ပြီး ရူးသွပ်သော စည်းမျဉ်းများက ကျန်ရှိနေသော ပုံမှန်အခြေအနေများကို တဖြည်းဖြည်း အစားထိုးလာတော့သည်။ ရှင်းလုသည် လမ်းကြောင်းတစ်ခုဆီသို့ လျှောကျနေပြီး အနာဂတ်တွင် မည်သည့်အရာများ ဖြစ်လာမည်ကို ဘယ်သူမှ မခန့်မှန်းနိုင်ကြတော့ပေ။
"ဒါကို ဆွဲဆန့်ထားရမယ်၊ အချိန်ပိုရအောင် လုပ်ရမယ်"
ရှစ်ရှစ်သည် သူ့ခန္ဓာကိုယ်ပေါ်မှ သွေးစွန်းနေသော အမှတ်အသားများကို ထိတွေ့ရင်း အတွင်းထဲမှ နာကျင်မှုကို ခံစားနေရသည်။ မရေရာမှုများကြားတွင် သေချာနေသည့် တစ်ခုတည်းသောအချက်မှာ ဟန်ဟိုင်းသွေးမြို့တော် အရှင်သခင်သည်လည်း ကြာရှည်စွာ တောင့်ခံထားနိုင်မည် မဟုတ်တော့ချေ။