← Chapters

အခန်း (၈၈၇-၈၈၈)

Vol. 62 Ch. 887-888

အခန်း (၈၈၇-၈၈၈)

Vol. 62 Ch. 887-888

အပိုင်း (၈၈၇) အကြမ်းဖက်ခြင်းသည် နောက်ဆုံးလက်နက်

"လူသားတွေဟာ ဒီအခြေအနေအထိ မလွဲမသွေ ရူးသွပ်သွားကြမှာပဲ၊ တကယ်လို့ မရူးသွပ်ဘူးဆိုရင်တောင် တခြားပုံစံနဲ့ ရူးသွပ်နေကြတာပဲ ဖြစ်လိမ့်မယ်"

လူနာအမှတ် (၀) နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီ ဖြစ်သည်။ ရှင်းလုသည် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသော်ငြား လှောင်အိမ်ထဲက ငါးများ မပျံသန်းနိုင်တော့သလို ပင်လယ်နက်ထဲမှ ငှက်များလည်း သေဆုံးကုန်ကြပြီ ဖြစ်သည်။

"မစ္စတာရှစ်ရှစ်၊ မစ္စတာရှစ်ရှစ်၊ မနက်ဖြန်ညက ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ ပြန်လည်ဖွဲ့စည်းဖို့ နောက်ဆုံးသတ်မှတ်ချက်ပဲ၊ ခေါင်းဆောင်အသစ်ကို ရွေးချယ်တော့မယ်"

နေထိုင်ရာစီမံခန့်ခွဲရေးနယ်မြေ၏ ရွှံ့ထူသော လမ်းများပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည့် လူငယ်များ ရပ်နေကြသည်။ သူ့တို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံသည် သာမန်လူများနှင့် များစွာ ကွာခြားသော်လည်း စိတ်ဓာတ်မှာမူ မြို့သားများထက် ပိုမိုကျန်းမာကြသည်။ သူတို့သည် မြို့အနှံ့ ပြန့်ကျဲနေသော ကိုယ်အင်္ဂါချို့ယွင်းသူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်း၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်။

ရှေ့ဆုံးတွင် ရပ်နေသူမှာ လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်သာရှိပြီး သူ့နှုတ်ခမ်းက တစ်ဝက်ခန့် ချုပ်ခံထားရကာ ကျန်မျက်လုံးတစ်ဖက်မှာလည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေလေသည်။

"ပန်ပန်၊ ငါတို့မွေးစားအဖေဆီက ညွှန်ကြားချက်အသစ်မရတာ တစ်ပတ်ရှိပြီနော်၊ ပြန်လည်ဖွဲ့စည်းမှုရလဒ်က မနက်ဖြန်ညကျရင် ထွက်လာတော့မှာ၊ အခြေအနေက ငါတို့အတွက် အရမ်းဆိုးနေပြီ"

ကိုယ်ချင်းဆက်အမြွှာညီအစ်မမှာ အထူးပြုလုပ်ထားသော ဝှီးချဲပေါ်တွင် ရှိနေလေသည်။ သူတို့သည် ရုပ်ရည်ချောမောကြသဖြင့် မစ္စတာရှစ်ရှစ်သာ မွေးစားမထားခဲ့ပါက ငယ်စဉ်ကတည်းက တစ်စုံတစ်ယောက်၏ ထူးဆန်းသောဝါသနာအတွက် ရောင်းစားခံရဖွယ် ရှိသည်။

"ငါတို့ အဖွဲ့ခေါင်းဆောင်နေရာအတွက် အများကြီး တိုက်ခိုက်ခဲ့ရတာ၊ အခုတော့ အားလုံး သဲထဲရေသွန် ဖြစ်ကုန်တော့မှာပဲ"

"ပန်ပန်၊ လမ်းဖယ်စမ်း၊ ငါ မွေးစားအဖေကို တွေ့ရမှဖြစ်မယ်"

ဤနေရာတွင် စောင့်ဆိုင်းနေကြသော ပုံပျက်နေသူများသည် မစ္စတာရှစ်ရှစ်ကိုယ်တိုင် ရွေးချယ်ထားသူများ ဖြစ်သည်။ သူတို့အားလုံး အရည်အချင်းကိုယ်စီ ရှိကြပြီး ယုံကြည်ထိုက်သူများလည်း ဖြစ်သည်။

မိုးဖွဲလေးများ ကျဆင်းလာပြီး ရွှံ့နွံများထဲမှ မြူခိုးများ ထွက်ပေါ်လာ၏။ ငြင်းခုန်သံများ ပြင်းထန်လာစဉ် ပန်ပန်က ကျန်ရှိသော သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ပန်ပန်၏ နှုတ်ခမ်းမှ ချုပ်ရိုးများ ဖြည်းညင်းစွာ ပြေလျော့သွားပြီး ပြောလိုက်သည်။

"တကယ်တော့ မွေးစားအဖေနဲ့ အဆက်အသွယ် ပြတ်နေတာ တစ်လရှိပါပြီ၊ ဒီအတောအတွင်း ညွှန်ကြားချက်အားလုံးက ငါကိုယ်တိုင် ထုတ်ပြန်ခဲ့တာပါ"

"မင်း ဟုတ်လား"

"လူအိုကြီးက မင်းအပေါ် ကောင်းခဲ့တာလေ၊ မင်းက ဘယ်လိုတောင် အမိန့်အတုတွေ ထုတ်ရဲတာလဲ"

"ပန်ပန် မစ္စတာရှစ်ရှစ် ဘယ်မှာလဲ၊ ငါတို့ကို သူ့ဆီ ခေါ်သွားစမ်း"

"မင်းသာ ငါတို့မွေးစားအဖေကို တစ်ခုခုလုပ်ခဲ့ရင် ငါတို့မောင်နှမတွေက မင်းကို လူဖြစ်လာရတာ နောင်တရအောင် လုပ်ပစ်မယ်"

"စိတ်အေးအေးထားကြစမ်း"

ဝှီးချဲက နောက်လှည့်လာပြီး အမြွှာညီအစ်မတို့၏ အကြည့်က ပန်ပန်ထံ ကျရောက်သွားသည်။

"နင် ဘာလို့ ဒီလိုလုပ်တာလဲ၊ နင်က မွေးစားအဖေရဲ့ အယုံကြည်ရဆုံးလူ မဟုတ်လား"

"ဒါက မစ္စတာရှစ်ရှစ်ရဲ့ အမိန့်ပဲ၊ သူက တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ ပြောခဲ့တာ ၊ ကံမကောင်းတာက ငါ အရမ်းတုံးအမိသွားတယ်၊ သုံးပတ်အကြာမှာပဲ လူသိခံလိုက်ရတယ်"

ပန်ပန်သည် လွန်ခဲ့သောသုံးနှစ်ကထက် များစွာ ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။ ထိုသုံးနှစ်အတွင်း သူ ဘာတွေကြုံတွေ့ခဲ့ရသည်ကို ဘယ်သူမှ မသိနိုင်သော်လည်း ယခင်က နုနယ်သောလူငယ်လေးမှာ ယခုအခါ ပင်ပန်းနွမ်းနယ်မှုများဖြင့်သာ ပြည့်နှက်နေတော့သည်။

"မွေးစားအဖေက ဘာလို့ ဒီလိုအမိန့်မျိုး ပေးရမှာလဲ၊ လမ်းဖယ်စမ်း"

ပုံပျက်နေသူများ၏ စိတ်ထဲတွင် မစ္စတာရှစ်ရှစ်သည် အစားထိုးမရနိုင်သော တည်ရှိမှု၊ ယုံကြည်ချက်နှင့် ဘုရားသခင်သဖွယ် ဖြစ်၏။

သူတို့ကို တားဆီးရန် မဖြစ်နိုင်သလို တားဆီးရန် အကြောင်းပြချက်လည်း မရှိသဖြင့် ပန်ပန် လမ်းဖယ်ပေးလိုက်သည်။

ပုံပျက်နေသူ အများအပြားသည် ရွှံ့နွံလမ်းတစ်လျှောက် ခက်ခက်ခဲခဲ လျှောက်လှမ်းလာကြပြီး ဘန်ကာဓာတ်ခွဲခန်းကို ဖွင့်လိုက်ကြသည်။ ထိုနေရာသည် ပြုပြင်ရေးစခန်းနှင့် ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့တို့၏ ပူးပေါင်းစီမံကိန်းဖြစ်ပြီး လူနေရပ်ကွက်အတွင်း တည်ရှိခြင်းဖြစ်သည်။ လေးလံသော တံခါးကြီးများ၏ နောက်ကွယ်မှ ပုပ်အဲ့အဲ့ အနံ့အသက်နှင့် ထူးဆန်းသော အသားနံ့များ ထွက်ပေါ်လာလေသည်။ ကြမ်းပြင်နှင့် နံရံအက်ကြောင်းများတွင် အရေပြားကဲ့သို့သော အရာများ ကြီးထွားနေကြသည်။

"ငါ ဒီကို အရင်က ရောက်ဖူးပါတယ်၊ ဘန်ကာဓာတ်ခွဲခန်းက အရင်က ဒီလိုမဟုတ်ပါဘူး"

လူများက ပန်ပန်ကို ကြည့်လိုက်ကြသည်။ သူသည် နံရံကို အမှီပြု၍ လမ်းကြောင်းထဲသို့ ဝင်လာကာ ပြောပြသည်။

"လွန်ခဲ့တဲ့ ခြောက်လက ရူးသွပ်သွားခဲ့တဲ့ ဒေါက်တာဝူကျိက လွန်ခဲ့တဲ့တစ်လမှာ ရုတ်တရက် ရောက်လာခဲ့တယ်၊ သူက သူ့နာမည်ကို ပြန်မှတ်မိပြီလို့ ပြောပြီး မစ္စတာရှစ်ရှစ်နဲ့ ဆွေးနွေးစရာရှိတယ်လို့ ပြောခဲ့တယ်"

"ဒါ ပြုပြင်ရေးစခန်းကကောင်တွေ လုပ်တာလား၊ ငါတို့ သူတို့နဲ့ ပူးပေါင်းနေတာ အများကြီးရှိပေမယ့် အဲဒီကောင်တွေက ယုံလို့ကို မရဘူး၊ ကိုယ့်ကိုယ်ကို သာမန်လူလို့ သတ်မှတ်ထားတဲ့ကောင်တွေက ငါတို့ကို နှိမ့်ချတဲ့အကြည့်နဲ့ပဲ ကြည့်နေကြတာ"

"ဟုတ်တယ်၊ သူတို့က ငါတို့ကို အမျိုးတူတွေလို့ ပြောပြီး အမြဲတမ်း စမ်းသပ်ခံပစ္စည်းနဲ့ အမြောက်စာတွေအဖြစ်ပဲ အသုံးချနေကြတာ"

ပန်ပန် ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တော့ သူလည်း ထိုသို့ပင် ထင်မြင်မိသည်။

အောက်သို့ ဆက်ဆင်းသွားသော်လည်း ဘန်ကာထဲတွင် သက်ရှိဟူ၍ တစ်ကောင်တစ်မြီးမှ မရှိပေ။ ဝန်ထမ်းများသာမက လုံခြုံရေးတာဝန်ယူထားသော ပုံပျက်နေသူများလည်း ပျောက်ကွယ်သွားပုံရသည်။

စူးရှလှသော အနံ့ဆိုးကို သည်းခံရင်း ကိုယ်အင်္ဂါချို့ယွင်းသူအဖွဲ့၏ အဓိကအဖွဲ့ဝင်များသည် မြေအောက်အနက်ပိုင်းသို့ ဆင်းလာပြီး ပန်ပန်အား နောက်ဆုံးတံခါးကို အတင်းအကြပ် ဖွင့်ခိုင်းလိုက်သည်။

လေးလံသော သတ္တုကာကွယ်ရေးတံခါးကြီး ဖြည်းညင်းစွာ ပွင့်လာသောအခါ စေးပျစ်ပျစ်သွေးများ အောက်သို့ စီးကျလာပြီး လက်တံများကဲ့သို့ အပြင်ဘက်သို့ ဆန့်ထွက်လာတော့သည်။

"ဖျတ်"

သွေးကွက်များကို နင်းဖြတ်၍ ပုံပျက်မှုအကြီးမားဆုံးဖြစ်နေသူက မော့ကြည့်လိုက်ရာ သူ၏ ထိတ်လန့်ကြောက်ရွံ့မှုများကို ဖုံးကွယ်မရနိုင်အောင် ဖြစ်သွားရသည်။

ဘန်ကာ၏ ကျောက်တုံးများမှ အရုပ်ဆိုးလှသော ဦးခေါင်းများ ပေါက်ထွက်နေပြီး အပုပ်နံ့နံသော ပန်းများသဖွယ် ဖြစ်နေကြသည်။ ထူထဲသော သွေးကြောများက ၎င်းတို့ကို မြေအောက်မြစ်များကဲ့သို့ ချိတ်ဆက်ထားကြသည်။

ထိုနေရာတွင် ကမ္ဘာပေါ်၌ ရုပ်အဆိုးဆုံးနှင့် ပုံပျက်ပန်းပျက်အဖြစ်ဆုံးဖြစ်နေသော အမျိုးသားတစ်ဦးနှင့် အပြည့်စုံဆုံးသော အမျိုးသမီးတစ်ဦး ရှိနေလေသည်။

ထိုအမျိုးသားတွင် ထူးဆန်းသောစာလုံးများ ရေးထွင်းထားသော လက်ရှစ်ဖက်ရှိပြီး ၎င်းတို့က သူ့ခန္ဓာကိုယ်ကို တိုင်ကြီးများသဖွယ် ထောက်ကူထား၏။ ရုပ်ဆိုးလှသော သူ့မျက်နှာလေးခုသည် ကြည့်ရှုရန်ပင် ခက်ခဲလှပြီး ရှင်းလုရှိ မည်သည့်ထူးဆန်းသူများထက်မဆို ပို၍ ထူးဆန်းနေခဲ့သည်။ သို့သော် ထိုရွံရှာစက်ဆုပ်ဖွယ်သတ္တဝါထံမှ အလွန်မွှေးကြိုင်သော အသားနံ့တစ်ခု ထွက်ပေါ်နေသဖြင့် အဝေးက အနံ့ခံကြည့်ရုံဖြင့်ပင် ဗိုက်ပေါက်ထွက်မတတ် စားချင်စိတ်များ ပေါက်ဖွားလာစေသည်။

အမျိုးသမီးမှာမူ ဆန့်ကျင်ဘက် ဖြစ်သည်။ သူမသည် သာမန်ထက် အရပ်ပိုရှည်ပြီး သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ တစ်စုံတစ်ရာသော စည်းမျဉ်းများနှင့်အညီ အပြည့်စုံဆုံး ဖြစ်နေလေသည်။ သူမသည် မြို့တော်၏ အလှပဆုံး အမျိုးသမီးတစ်ဦး ဖြစ်နိုင်သော်လည်း သူမ၏ အရေပြားတစ်လက်မတိုင်းမှ နံစော်နေသော အလောင်းနံ့များ ထွက်ပေါ်နေသဖြင့် ဘယ်သူမှ မချဉ်းကပ်ရဲကြပေ။

ဘန်ကာ၏ အလယ်တွင် ထိုအမျိုးသားနှင့် အမျိုးသမီးသည် ဖက်ထားကြရင်း အတူအကွ တစ်သားတည်း ဖြစ်နေပုံရသည်။ အမျိုးသမီးက အမျိုးသား၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်နေပြီး အမျိုးသား၏ နှလုံးသားထဲသို့ သူမ၏ ဦးခေါင်းကို မြှုပ်နှံရန် ကြိုးစားနေသည့်ပုံ ဖြစ်သည်။

"စက်ကိရိယာတွေက ဘာသက်ရှိလက္ခဏာမှ ရှာမတွေ့ဘူး၊ ဓာတ်ခွဲခန်းထဲမှာလည်း လူမရှိတော့ဘူး၊ ဒီမကောင်းဆိုးဝါးနှစ်ကောင်က သေသွားကြပြီ"

"အဲဒါတွေက မကောင်းဆိုးဝါးတွေ မဟုတ်ဘူး"

ပန်ပန်က ရုတ်တရက် အမှန်ပြန်ပြင်ပေးလိုက်သည်။ တခြား ပုံပျက်နေသူများ၏ အကြည့်အောက်တွင် ပန်ပန် ခေါင်းငုံ့လိုက်သည်။

"အဲဒါ မစ္စတာရှစ်ရှစ်ပဲ၊ သူဒီလိုဖြစ်နေတာ သုံးနှစ်ရှိပြီ၊ ဒါကြောင့် သူ့ကိုယ်စား ငါက အရာအားလုံးကို လုပ်ဆောင်ပေးနေခဲ့တာပဲ"

"ဒါဆို မစ္စတာရှစ်ရှစ်က နင့်ကို လေ့ကျင့်ပေးနေတာ မဟုတ်ဘဲ လူလုံးမပြနိုင်တော့တာပေါ့ ဟုတ်လား"

အမြွှာညီအစ်မက သဘောပေါက်သွားသည်။

"မဖြစ်နိုင်ဘူး၊ တစ်ခုခုတော့ မှားနေပြီ"

ပုံပျက်သူများကြားမှ လုံခြုံရေးတာဝန်ခံ အမျိုးသားက ခေါင်းခါရင်း တုန်လှုပ်နေဆဲ မျက်လုံးများဖြင့် ကြည့်ရှုလိုက်သည်။

"ဒီမကောင်းဆိုးဝါးက မစ္စတာရှစ်ရှစ် မဟုတ်ဘူး၊ သူက ကပ်ဆိုးပဲ၊ အဓိကအဖွဲ့အစည်းသုံးခုရဲ့ ထိပ်တန်းလျှို့ဝှက်ဖိုင်တွေထဲမှာ ငါတွေ့ဖူးတယ်၊ ကပ်ဆိုးလို့ နာမည်ပေးထားတဲ့ ဒီမကောင်းဆိုးဝါးက လွန်ခဲ့တဲ့သုံးနှစ်က လူနာအမှတ် (၀) ကို ကုသပေးခဲ့တဲ့ အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံက ဆရာဝန်အားလုံးကို သတ်ပစ်ခဲ့တာ၊ လွန်ခဲ့တဲ့နှစ်နှစ်က ညဘက်မှာ ရဲစခန်းနဲ့ အပြင်းအထန် ပဋိပက္ခဖြစ်ခဲ့ပြီး အရာရှိရွှယ်ရဲ့ ဦးနှောက်ချိတ်ဆက်ခြင်း စမ်းသပ်ချက်ကို ရပ်တန့်အောင် လုပ်ခဲ့တယ်၊ လွန်ခဲ့တဲ့ တစ်နှစ်ကလည်း လူပေါင်း ၂၇ ယောက်ကိုသတ်ပြီး တောအုပ်ထဲက မျိုးစေ့တွေကို ဝါးမြိုခဲ့တယ်"

ကပ်ဆိုး၏ လှုပ်ရှားမှုတိုင်းသည် အလွန်အန္တရာယ်များပြီး အကြမ်းဖက်မှုများ၊ သွေးညှီနံ့များ၊ အသားနံ့များဖြင့် ပြည့်နှက်နေလေသည်။

"လွန်ခဲ့တဲ့ ကိုးလက မြို့ဟောင်းလူနေရပ်ကွက်ကို အဖွဲ့အစည်းသုံးခုက ရှင်းလင်းရေးလုပ်တာကိုလည်း သူတားဆီးခဲ့လို့ လူပေါင်းများစွာ ဒဏ်ရာရပြီး မြို့ဟောင်းသား အများအပြား အဖမ်းခံခဲ့ရသေးတယ်"

"လွန်ခဲ့တဲ့ ရှစ်လက သားဖောက်စင်တာရဲ့ နမူနာခန်းကိုလည်း သူတိုက်ခိုက်ခဲ့လို့ လူပေါင်းရာနဲ့ချီ သေကြေပျက်စီးခဲ့ရတယ်၊ အဲဒီထဲမှာ ဒေါက်တာဝူကျိရဲ့ ကလေးလည်း ပါသွားပြီး မွေးကင်းစကလေး အများအပြား ပျောက်ဆုံးသွားခဲ့တယ်"

"လွန်ခဲ့တဲ့ ခုနစ်လက …"

အပိုင်း (၈၈၈) နောက်ဆုံးရေခဲသေတ္တာထဲတွင် ဝှက်ထားသောအဖြေ

"လူသားတွေဟာ ဒီအခြေအနေအထိ မလွဲမသွေ ရူးသွပ်သွားကြမှာပဲ၊ တကယ်လို့ မရူးသွပ်ဘူးဆိုရင်တောင် တခြားပုံစံနဲ့ ရူးသွပ်နေကြတာပဲ ဖြစ်လိမ့်မယ်"

ပန်ပန်သည် မစ္စတာရှစ်ရှစ်၏ စာကြည့်ခန်းထဲတွင် သူတွေ့ခဲ့ဖူးသော စာသားတစ်ခုကို တိုးတိုးလေး ရွတ်ဆိုရင်း သူ့အဖော်များက ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများအကြောင်း ပြောပြနေသည်ကို နားထောင်နေမိသည်။

တစ်စုံတစ်ခုကို ကြိုတင်သိမြင်နေခြင်းဖြစ်နိုင်သည်၊ လွန်ခဲ့သော လအနည်းငယ်အတွင်း မစ္စတာရှစ်ရှစ်တစ်ဖြစ်လဲ ထိုမကောင်းဆိုးဝါးသည် တိုက်ခိုက်မှုများကို ပို၍ ခပ်စိပ်စိပ်ပြုလုပ်လာခဲ့သည်။ တစ်လတစ်ကြိမ် တိုက်ခိုက်ရာမှ အပတ်စဉ် အပြင်ထွက်သည်အထိ ဖြစ်လာပြီး သူ့ဒဏ်ရာများလည်း အချိန်မီ ပြန်ကောင်းမလာနိုင်တော့ပေ။

ပန်ပန်သည် သူ့မွေးစားဖခင်သည် သူ့အသက်နှင့်လဲလောက်သည်အထိ မည်သည့်အရာကိုလုပ်ဆောင်ချင်နေသနည်းဟု တွေးတောမိသော်လည်း နောက်ဆုံးတွင်မူ သူ မမေးဖြစ်ခဲ့ပေ။

တခြား မွေးစားသားများနှင့် ယှဉ်လျှင် သူ၏ တစ်ခုတည်းသောအားသာချက်မှာ အမိန့်နာခံခြင်းပင် ဖြစ်သည်။

"လွန်ခဲ့တဲ့ ခြောက်ပတ်က လူသားအဝင်ဝဆေးရုံမှာ သိမ်းဆည်းထားတဲ့ ဦးနှောက်တွေအားလုံး အခိုးခံခဲ့ရတယ်၊ ရဲတွေကတော့ အခင်းဖြစ်ပွားရာနေရာမှာ အသားနံ့နံတဲ့ သွေးကွက်တွေ တွေ့ခဲ့ရတယ်"

"လွန်ခဲ့တဲ့ငါးပတ်က မြို့တော်ရဲ့ ဒေတာစင်တာ အဟက်ခံရပြီး ကျန်ခဲ့တဲ့ဝန်ထမ်းတွေအားလုံး အသတ်ခံခဲ့ရတယ်၊ ပြီးတော့ မြို့သားတချို့ရဲ့ အချက်အလက်တွေလည်း အပြီးတိုင် ဖျက်ဆီးခံလိုက်ရတယ်"

"လွန်ခဲ့တဲ့လေးပတ်ကတော့ အဓိကအဖွဲ့အစည်းသုံးခုက သူ့ကို ဖမ်းဖို့ ထောင်ချောက်ဆင်ခဲ့ပေမယ့် သူက လူအများကြီး ပြန်သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်၊ အခုထိ ဘယ်ရောက်သွားလဲဆိုတာ ခြေရာခံလို့ မရဘူး"

လုံခြုံရေးတာဝန်ခံ ပုံပျက်နေသူသည် သူတို့ အလေးစားဆုံးဖြစ်သော မွေးစားဖခင်က အဖွဲ့အစည်းသုံးခုအတွက် ဒုက္ခအပေးဆုံးဖြစ်သည့် ‘ကပ်ဆိုး’ ဖြစ်နေသည်ကို… လူ့အသက်ကို တန်ဖိုးမထားသော ရက်စက်သည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေသည်ကို လုံးဝ မယုံကြည်နိုင်ဖြစ်နေရသည်။

"ငါ့မွေးစားအဖေက အပြစ်မဲ့လူတွေကို အကြောင်းမဲ့သတ်မယ့်သူလို့ ငါမယုံဘူး၊ သူ ဒီလိုလုပ်ရတာ သူ့မှာ ကိုယ်ပိုင်အကြောင်းပြချက် ရှိမှာပဲ၊ ဒါ့အပြင် အားလုံးကို တစ်ခုတော့ နားလည်စေချင်တယ်"

ပုံပျက်နေသူများ ထိတ်လန့်နေစဉ် ပန်ပန်က ကြမ်းပြင်ပေါ်က အပုပ်နံ့ထွက်နေသော အသားစကို ကောက်ယူလိုက်သည်။

"ငါ့မွေးစားအဖေက ကပ်ဆိုး ဖြစ်နေတယ်ဆိုတဲ့အချက်သာ ပေါက်ကြားသွားရင် ငါတို့ရဲ့ ဆိုးရွားနေတဲ့ အခြေအနေက ပိုပြီး အန္တရာယ်ရှိလာလိမ့်မယ်၊ ဒါကြောင့် ဒါကို အားလုံးက လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းပေးကြဖို့ ငါမျှော်လင့်ပါတယ်"

သုံးနှစ်ကြာပြီးနောက် ပန်ပန်သည် အမှန်တကယ် ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။

ယခင်က ကိုယ်အင်္ဂါချို့ယွင်းချက်ရှိသူများသည် ပြင်းထန်သော ခွဲခြားဆက်ဆံမှုနှင့် နှိပ်စက်မှုများကို ခံခဲ့ရသည်။ မစ္စတာရှစ်ရှစ်ကသာ သူတို့၏ အခြေအနေကို ပြောင်းလဲပေးခဲ့ပြီး သူတို့ ဘယ်တော့မှ စိတ်ကူးမယဉ်နိုင်သော လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

"ဟုတ်တယ်၊ ဒါကိုတော့ သာမန်လူတွေကို လုံးဝအသိပေးလို့ မဖြစ်ဘူး"

အမြွှာညီအစ်မက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

သွေးစွန်းတံခါးကြီး ပြန်ပိတ်သွားခဲ့သော်လည်း လျှို့ဝှက်ချက်ဆိုသည်မှာ ထာဝရ ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူတို့အားလုံး သိကြသည်။

မစ္စတာရှစ်ရှစ်၏ နေအိမ်သို့ ပြန်ရောက်သောအခါ ပန်ပန်သည် အစေခံများ ယူဆောင်လာသော ဟင်းလျာများနှင့် စားသောက်ဖွယ်ရာများကို ငြင်းပယ်လိုက်ပြီး မစ္စတာရှစ်ရှစ်၏ စာကြည့်ခန်းထဲသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။

လွန်ခဲ့သော တစ်လလုံးလုံး သူသည် ဖခင်ဖြစ်သူ၏ မျက်နှာဖုံးကို တပ်ဆင်ကာ အမိန့်များ တစ်ခုပြီးတစ်ခုထုတ်ပြန်ရင်း အလျင်အမြန် တိုးတက်လာခဲ့သော်လည်း ဖခင်ဖြစ်သူက အဘယ်ကြောင့် ထိုအရာများကို လုပ်ဆောင်ခဲ့ကြောင်းကိုတော့ သူ နားမလည်နိုင်သေးပေ။

ကြမ်းပြင်ပေါ်တွင် စာအုပ်များ ပြန့်ကျဲနေပြီး စားပွဲနှင့် ကုလားထိုင်ပေါ်တွင်လည်း စာရွက်စာတမ်းများ တောင်လိုပုံနေလေသည်။ ပန်ပန်သည် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။ သူသည် စာရွက်ပုံများကြားတွင် အားကိုးရာမဲ့စွာ ထိုင်ချလိုက်မိသည်။

မွေးစားဖခင် မကောင်းဆိုးဝါးတစ်ကောင် မဖြစ်လာမီက သူ့ကို ဒေါက်တာကောင်းနှင့် ဆရာရှရန်တို့ထံတွင် ပညာသင်ခိုင်းခဲ့သော်လည်း သူ ဘာကို သင်ယူရမည်ကို မသိခဲ့ရပေ။

လူနာဆောင်နံပါတ် (၀) မှ ဆရာရှ ပျောက်ကွယ်သွားပြီးနောက် ရှရန်ချန်ထားခဲ့သော နောက်ဆုံး ပန်းချီကားကို ကိုင်၍ သူ စတူဒီယိုထဲမှ ထွက်လာခဲ့သည်။ ထိုပန်းချီကားကို မြင်ပြီးနောက် မွေးစားဖခင်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် လူတိုင်း ကြောက်ရွံ့ရသော အစစ်အမှန် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာရန် ဆုံးဖြတ်ခဲ့ပုံရသည်။

ဖယောင်းတိုင်များ မီးလင်းလာပြီး ထမင်းစားခေါင်းလောင်းသံ မြည်လာသောအခါ ပန်ပန်သည် ချက်ချင်းထရပ်၍ အပြင်သို့ ပြေးထွက်သွားသော်လည်း အစေခံ၏ တောင်းပန်နေသော မျက်လုံးများကိုသာ တွေ့လိုက်ရသည်။

"ကျွန်တော် မတော်တဆ တိုက်မိသွားတာပါ၊ တောင်းပန်ပါတယ် သခင်လေး"

"ငါက မင်းသခင်မဟုတ်ဘူး၊ အဖေကမှ သခင်ပဲ"

ပန်ပန်သည် အချို့ကိစ္စများတွင် အလွန်ခေါင်းမာတတ်သူ ဖြစ်သည်။ သူက လက်ကို ဝှေ့ယမ်း၍ စားပွဲဆီသို့ လျှောက်သွားပြီး ထမင်းစားခေါင်းလောင်းကို ပွတ်သပ်လိုက်သည်။

"အဖေက ကလေးတွေ အများကြီး မွေးစားခဲ့တယ်၊ အားလုံးက ငါ့ထက် ထူးချွန်ကြပေမယ့် သူက ငါ့ကို အယုံကြည်ဆုံးပဲ"

ပန်ပန်သည် ထိုကိစ္စနှင့်ပတ်သက်၍ တစ်ချိန်က အလွန်စိတ်ရှုပ်ထွေးမိခဲ့သည်။ သူသည် လူတုံးလူအတစ်ယောက်ဖြစ်ပြီး ဘာကိုမှ ကောင်းကောင်းမလုပ်နိုင်ဟု ခံစားခဲ့ရသော်လည်း မစ္စတာရှစ်ရှစ်ကမူ သူ့ကို ပျိုးထောင်ပေးရန် အမြဲတမ်း အစွမ်းကုန်ကြိုးစားခဲ့ပြီး အခွင့်အရေးများစွာ ပေးအပ်ခဲ့သည်။

သူ လက်မြှောက်အရှုံးပေးကာ ထွက်ပြေးချင်စိတ် ပေါက်လာချိန်တွင် ပုံပျက်ချို့ယွင်းသူများ၏ စိတ်ထဲ၌ နတ်ဘုရားသဖွယ် ဖြစ်နေသော ထိုရှစ်ရှစ်သည် အခြားတစ်ဖက်ခြမ်းကို ပြသခဲ့သည်။ သူသည် ပန်ပန်အား ရိုက်နှက်ဆုံးမခြင်းကို ရပ်တန့်လိုက်ပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့်ပုံစံဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်ချတတ်သည်။

"မစ္စတာရှစ်ရှစ်က ငါ့ကို တကယ်ကြီး သူ့ရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်ခဲ့တာပဲ၊ သူက အမြဲပြောတတ်တယ်၊ ငါက တခြားသူတွေနဲ့ မတူဘူးတဲ့၊ ဒီမြို့ထဲက ဘယ်သူနဲ့မှ မတူဘူးတဲ့၊ ငါက ချို့ယွင်းချက်ရှိသူ မဟုတ်ဘူး၊ ငါက နောက်ဆုံးလက်နက်ပဲတဲ့၊ ဒါပေမဲ့ ငါက အဲဒါနဲ့ လုံးဝ မထိုက်တန်ဘူးလေ"

မွေးစားဖခင် သူ့ကို နောက်ဆုံးပြောခဲ့သည့်စကား ပန်ပန် မှတ်မိနေသေးသည်။ အကယ်၍ ‘ဆက်မတောင့်ခံနိုင်တော့ဘဲ လက်လျှော့ချင်လာပါက မီးဖိုချောင်ထဲက နောက်ဆုံးရေခဲသေတ္တာကို ဖွင့်ကြည့်ပါ၊ အဲဒီထဲမှာ အဖြေရှိတယ်’ ဟု ပြောခဲ့ဖူးသည်။

ပန်ပန်သည် ခေါင်းလောင်းကို ကိုင်ရင်း မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။ ရှစ်ရှစ်သည် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားပြီးနောက်ပိုင်း ထိုနေရာသို့ ပြန်မလာတော့ပေ။ စားဖိုမှူးများလည်း အကုန်ထွက်သွားကြသဖြင့် မီးဖိုချောင်မှာ စွန့်ပစ်ခံထားရသကဲ့သို့ ဖြစ်နေခဲ့သည်။

ပန်ပန်သည် ရေခဲသေတ္တာတန်းများကို ကျော်ဖြတ်ကာ သော့ကို ရှာဖွေလိုက်ပြီး ရေခဲသေတ္တာပေါ်က ဧရာမသော့ခလောက်ကြီးကို ဖွင့်လိုက်သည်။

ဖုန်များကို သုတ်လိုက်ပြီးနောက် ပန်ပန်သည် မည်သည့်ဆိုးဝါးသောအနံ့ဆိုးမျှ မရပေ။ သူသည် လက်ကို ဖြည်းညင်းစွာဆန့်၍ ရေခဲသေတ္တာတံခါးကို ဆွဲဖွင့်လိုက်သည်။

အအေးဓာတ်များ အပြင်သို့ စိမ့်ထွက်လာသဖြင့် ပန်ပန် တုန်ယင်သွား၏။ ရေခဲသေတ္တာထဲတွင် လက်တစ်ဖက်၊ ခြေတစ်ဖက်နှင့် သူနှင့် ကွက်တိကျသော ပျောက်ဆုံးနေသည့် မျက်လုံးတစ်ဖက်၊ နားတစ်ဖက်၊ နှာခေါင်းတစ်ဝက်နှင့် သူ့နှုတ်ခမ်းကို ချုပ်ထားသော ပါးလွှာသောချည်မျှင်လေးကို တွေ့လိုက်ရသည်။

ဖြတ်တောက်ခံထားရသော ထိုအင်္ဂါအစိတ်အပိုင်းများသည် အေးခဲမည်းနက်နေပြီး ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံစံကွက်များ ရေးထွင်းထားပေသည်။ အနီးကပ် ကြည့်ရှုလိုက်ပါက ခန္ဓာကိုယ်နှင့် အင်္ဂါအစိတ်အပိုင်းများမှ ထွက်ပေါ်နေသော အနက်ရောင်ကြိုးမျှင်လေးများကို တွေ့ရပြီး ၎င်းတို့က နိမိတ်မကောင်းသော ခံစားချက်ကို ဆောင်ကြဉ်းပေးနေလေသည်။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ ကံဆိုးမှုအားလုံးကို ကိုယ်စားပြုပြီး အမှောင်နက်ဗျူလာတစ်ခုကဲ့သို့ အချင်းချင်း ရစ်ပတ်နှောင်ဖွဲ့နေကြသည်။

"ဒီလက်က... ဒီမျက်လုံးက..."

တူးထုတ်ခံထားရသော မျက်လုံးကို ကြည့်ရင်း ပန်ပန်သည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရသည်။ သူ့ဦးခေါင်းထဲတွင် ပြင်းထန်သော နာကျင်မှုတစ်ခု တိုးဝင်လာတော့သည်။ သူသည် မျက်ရည်များစီးကျလာသည်အထိ ရူးသွပ်စွာ ငိုယိုရယ်မောလိုက်ပြီး နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ရုတ်တရက် သူ့အတွင်း၌ ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာ၏။ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသော အေးခဲနေသည့် အသားစိုင်များသည် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်မှ ဖြတ်တောက်ယူထားခြင်း ဖြစ်ပြီး ထိုအစိတ်အပိုင်းများ ဖြတ်တောက်ခံရခြင်းကြောင့်သာ သူသည် ပန်ပန်ဟူသော ပုံပျက်နေသူတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ပန်ပန်သည် နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးလိုက်ပြီး သူ့ခေါင်းကို ရေခဲသေတ္တာထဲအထိ တိုးဝင်လိုက်မိသည်။ ထိုမည်းနက်နေသော ခြေလက်များနှင့် အင်္ဂါအစိတ်အပိုင်းများကြားတွင် မျက်လုံးမှိတ်ထားသော မျက်နှာရှစ်ခုကို သူတွေ့လိုက်ရသည်။ အချို့က အမျိုးသား၊ အချို့က အမျိုးသမီးနှင့် တစ်ခုမှာမူ ဘာမှမရှိသော ဗလာကျင်းနေသည့်မျက်နှာ ဖြစ်သည်။

"ဒီတစ်ခုက အရာရှိရွှယ်နဲ့ တူတယ်၊ ဒီတစ်ခုကတော့ တောအုပ်ထဲက အဓိကလူနာနဲ့ တူတာပဲ၊ ဒီတစ်ခုက... ဒါ ဒေါက်တာဝူကျိ မဟုတ်လား"

ထိုမျက်နှာရှစ်ခုသည် နာမည်ရှစ်ခု၊ စိတ်ခံစားမှုရှစ်ခုနှင့် စည်းမျဉ်းရှစ်ခုတို့ကို ကိုယ်စားပြုနေပြီး အမှောင်ထုများဖုံးလွှမ်းကာ ကံကြမ္မာဆိုးများ ဝန်းရံခံထားရသည်။

"မစ္စတာရှစ်ရှစ် ကာကွယ်ပေးနေခဲ့တာတွေက ဒါတွေလား"

အချိန်တန်၍လား သို့မဟုတ် မစ္စတာရှစ်ရှစ် သေဆုံးသွား၍လား မသိသော်လည်း ပန်ပန် ရေခဲသေတ္တာတံခါးကို ပြန်ပိတ်ရန် ကြိုးစားလိုက်ချိန်တွင် အတွင်းရှိ ဖြတ်တောက်ထားသော အင်္ဂါအစိတ်အပိုင်းများနှင့် ထူးဆန်းသော မျက်နှာရှစ်ခုက ကြေမွပျက်စီးကာ ပျောက်ကွယ်သွားတော့သည်။

"ဘာဖြစ်သွားတာလဲ"

အအေးဓာတ်များ ပျောက်ကွယ်သွားသည်နှင့် ရေခဲသေတ္တာအတွင်းရှိ ထူးဆန်းသော သွေးနီရောင်ပုံစံကွက်များလည်း မှေးမှိန်သွားပြီး လွန်ခဲ့သော အချိန်ကတည်းက မစ္စတာရှစ်ရှစ် ရေးသားထားခဲ့သော စာသားများကို ဖော်ပြလာလေသည်။

အလွန်ဝေဝါးနေသဖြင့် ပန်ပန်သည် ၎င်းကို နားလည်ရန် အချိန်အတော်ကြာ ဖတ်လိုက်ရပြီးနောက် သူ့မွေးစားဖခင်သည် အလွန်မရင်းနှီးသော နာမည်တစ်ခုကို ရေးသားထားကြောင်း သိလိုက်ရသည်။ ထိုနာမည်ကား ရှန်းလော် ဖြစ်သည်။

သူ့မွေးစားဖခင်က သူသည် ရှန်းလော်၏ အမှောင်ကံကြမ္မာကို ခွဲထုတ်ပစ်ခဲ့သည်ဟု ဆိုထားသည်။ ယခုအချိန်တွင် လူတိုင်း သေဆုံးကုန်ကြပြီ ဖြစ်သဖြင့် သူအနေဖြင့် ဤခက်ခဲသည့်ကစားပွဲကို သက်တမ်းတိုးပေးနိုင်မည့်သူတစ်ဦးကို ရှာဖွေရန် ရှန်းလော်ကို လိုအပ်နေသည်ဟု ရေးသားထား၏။

ပန်ပန်သည် သူ၏ တစ်ဖက်တည်းသော မျက်လုံးကို တဖျတ်ဖျတ်ခတ်ရင်း ထိုစကားလုံးများကို နားလည်အောင် ကြိုးစားနေမိသည်။

"ရှန်းလော် ငါ့နာမည်များလား၊ ငါက အရင်က ဒီလိုမျိုး မဟုတ်ဘူးလား၊ ငါ့ရဲ့ ခြေလက်တွေကို မွေးစားအဖေက ဖြတ်ထုတ်ပစ်ခဲ့တာလား"

ပန်ပန် နားမလည်နိုင်ခဲ့ပေ။ သူသည် သူ့မွေးစားဖခင် ဘာတွေလုပ်နေသည်ကို မသိသေးပေ။ သူသည် ရေခဲများအားလုံး အရည်ပျော်သွားသည်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ပြီးနောက် ရေခဲသေတ္တာအောက်ခြေတွင် ဝှက်ထားသော ဆေးပုလင်းလေးတစ်လုံးကို ကောက်ယူလိုက်လေသည်။

All Chapters