တဖြည်းဖြည်း ကျဲပါးလာတဲ့ မြူခိုးအလွှာ
Vol. 170 Ch. 2425
လင်းရီတို့ အုပ်စုလည်း မတ်တပ်ထရပ်လိုက်ကြပြီး လီပေါင်းလုံ၏ ခြံဝန်းထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။
“ ငါတို့ ခန့်မှန်းတာ မှန်နေတဲ့ပုံပဲ …” ကျန်းဟွေ့ ပြောလိုက်ပြီး “ အဲ့လူတွေ မြို့ပေါ်သွားတုန်းက ကိစ္စတစ်ခုခုတော့ ဖြစ်ခဲ့ရမယ် … အဲ့တာကြောင့်လည်း ရွာကို ပြန်ရောက်တာနဲ့ ချက်ချင်း ထွက်သွားခဲ့ကြပြီး ဒီလောက်နှစ်တွေကြာပြီးတာတောင် ရွာကို ပြန်မလာရဲ ဖြစ်နေကြတာပဲ ….”
ကျူးကျွင်းချီ ခေါင်းညိတ်လိုက်သည်။ “ ကျန်းဝန်ဟွားလို့ခေါ်တဲ့ အမျိုးသမီးကလည်း ရွာကနေ ထွက်သွားခဲ့တယ် … ဒါပေမယ့် သူကတော့ ရံဖန်ရံခါ ရွာကို ပြန်လာနေတုန်းပဲ ….”
“ အဲ့တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ကျန်းဝန်ဟွား သိမသိ ကြည့်လိုက်ကြတာပေါ့ ….”
မိနစ် အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် လေးယောက်မှာ အုတ်နီခဲဖြင့် ဆောက်ထားသည့် အိမ်တစ်လုံးရှေ့မှောက်သို့ ရောက်ရှိလာသည်။
“ ဗျို့ အဘိုးကြီးကျန်း … တံခါးအမြန်ဖွင့် …”
လီပေါင်းလုံ၏ အော်ဟစ်သံကိုကြားတော့ စိုက်ခင်းထဲ အလုပ်လုပ်နေသည့် အဘိုးကြီးတစ်ဦးက ခေါင်းလှည့်ကြည့်လာခဲ့ပြီး “ တိုးတိုးပြောစမ်းဟေ့ကောင် … မင်း အဘိုး ငါက နားမကန်းသေးဘူး ….”
လီပေါင်းလုံ ရယ်သွမ်းလိုက်ပြီး အခြားသူများဘက်သို့ လှည့်၍ “ အဘိုးကြီးက တော်တော်လေး သဘောကောင်းပါတယ် … နည်းနည်းလေး လူ့ဂွစာ နိုင်တယ်ဆိုပေမယ့်ပေါ့ ….”
“ သူ့ကြည့်ရတာ တော်တော်ကျန်းမာတဲ့ ပုံပဲနော်….” ကျန်းဟွေ့ သာမန်လျှံကာ ပြောလိုက်သည်။
“ သူ့နာမည်က ကျန်းစစ် … နာမည်အရင်းလည်း အဲ့တာပဲ … ဒီနှစ်ထဲမှာ အသက် ၇၈ ရှိပြီ …. ဘာရောဂါမှလည်း မရှိဘူး … အလုပ်လည်း လုပ်နိုင်တုန်း … ဒီ စိုက်ခင်းတစ်ခုလုံးကိုလည်း သူ တစ်ယောက်တည်း စိုက်ထားတာလေ …”
သူတို့ စကားပြောနေစဉ်မှာပဲ ကျန်းစစ်က တံခါးဝသို့ ရောက်ရှိလာခဲ့ပြီး လင်းရီနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်သည်။
“ ခင်များရဲ့သားက ဘယ်မှာလဲ … သူ အိမ်မှာ မရှိဘူးလား ….” လီပေါင်းလုံ မေးလိုက်သည်။
“ အဲ့ကောင် မြို့က ပြန်မလာသေးဘူး …” ကျန်းစစ် ပြန်ပြောလိုက်ပြီး လင်းရီနှင့် ကျန်သူများကို ခပ်တန်းတန်းကြည့်လိုက်ကာ “ ဒီလူတွေက ဘယ်သူတွေတုန်း ….”
“ ကျိုးဟိုင်က ရောက်လာတဲ့ ရဲအရာရှိကြီးတွေလေ … ခင်များကို မေးချင်တာလေး နည်းနည်းရှိလို့ ရောက်လာတာ …”
“ ရဲတွေ ဟုတ်လား ….”
လင်းရီတို့ မည်သူမည်ဝါ ဖြစ်သည်ကို သိလိုက်ရတော့ ကျန်းစစ်မှာ အတော်လေး အံ့အားသင့်သွာခးဲ့သည်။
သာမန်ရွာသားများ၏ အမြင်တွင် ရဲအရာရှိများ သူတို့ အိမ်တံခါးဝရှေ့သို့ ရောက်ရှိလာသည်က ပြဿနာကို အလိုအလျောက် သယ်ဆောင်လာခြင်းနှင့်တူညီသည်။ သူ့စိတ်ထဲ သတိထားမှုတို့ဖြင့် ပြည့်နှက်သွားခဲ့တော့၏။
ကျန်းဟွေ့က သူ၏ ရဲအထောက်အထားကို ထုတ်ပြ၍ “ အဘိုး … စိတ်မလှုပ်ရှားပါနဲ့ … အထွေအထူး ကိစ္စကြီး မဟုတ်ပါဘူး …” ကျန်းဟွေ့ ပြောဆိုလိုက်ပြီး “ ကျုပ်တို့က အဘိုးရဲ့သမီး ကျန်းဝန်ဟွားရဲ့ လိပ်စာ သိချင်လို့ လာမေးတာပါ … “
“ ငါ့သမီးက ဘာဥပဒေမှလည်း ချိုးဖောက်မထားတာကို မင်းတို့က ငါ့သမီးလိပ်စာကို ဘာကိစ္စ သိချင်နေရတာ … ငါဘာမှ မသိဘူး … လာမမေးနဲ့ ….”
“ အဘိုးကျန်း … ခင်များ ဘာတွေ လုပ်နေတာတုန်းဗျာ … သူတို့က ဒီတိုင်း မေးခွန်းမေးရုံ သပ်သပ်ပဲလေ … ခင်များ သမီးက တရားမဝင်တာတွေ လုပ်ထားတယ်လို့လည်း ပြောမနေဘူး …. ဒီတိုင်း ပူးပေါင်းပေးလိုက်စမ်းပါဗျာ …..” လီပေါင်းလုံက တိုက်တွန်းလိုက်၏။
“ ဘာမှမဖြစ်ထားဘူးဆိုလည်း ဘာလို့ လာမေးနေလဲ ….”
“ ဒီလိုပါ … ကျုပ်တို့ အမှုတစ်ခုအကြောင်း စုံစမ်းနေတာ ခင်များသမီး ကျန်းဝန်ဟွားက နစ်နာသူနဲ့ သိနေတယ် … သူ ဥပဒေကို ချိုးဖောက်ထားတာ မဟုတ်လို့ စိတ်ချပါ …” ကျန်းဟွေ့ စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
တဖြည်းဖြည်းချင်း ကျန်းစစ် မျက်နှာထက်ရှိ ခုခံကာကွယ်လိုမှုတို့က လျော့နည်းပျောက်ကွယ်လာခဲ့၏။
“ သူ ကျင်းလင်မှာ နေတာ … သူ့ လိပ်စာအတိအကျတော့ ငါလည်း မမှတ်မိဘူး …. မင်းတို့ သိချင်ရင် ငါ့သားကို မေးလိုက် ….”
“ အိုကေ … သဘောပေါက်ပြီ …. ကျုပ် သူ့ကို ဖုန်းခေါ်လိုက်မယ် ….”
အုပ်စုမှာ ပြန်ထွက်လာခဲ့ကြပြီး လီပေါင်းလုံသည် ကျန်းဝန်ဟွားမောင်၏ နံပါတ်ကို ဆက်သွယ်လိုက်၏။
အခြေအနေကို ရှင်းပြပြီးနောက် မကြာမီ ကျန်းဝန်ဟွား၏ လိပ်စာအတိအကျကို ရရှိလာသည်။
“ ရွှမ်ကျင်း အင်တာနေရှင်နယ် ၊ အဆောက်အဦး နံပါတ် ၄ ၊ ယူနစ် ၁ ၊ ၁၆၀၁ ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်က ၁၅၈ ……”
အသေးစိတ် အချက်အလက်များ ရရှိပြီးနောက် လင်းရီတို့သုံးဦးလည်း ကြာကြာ ဆက်နေစရာ အကြောင်း မရှိတော့ချေ။
“ ကဲ ရွာလူကြီးလီ … ဒီနေ့ ပူးပေါင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် … ကျုပ်တို့ ပြန်ရတော့မယ်… နောင်ကျ ပြန်လာဖြစ်ရင် ပြန်လာခဲ့ပါမယ် … အခုတော့ ခွင့်ပြုပါဦး ….”
“ ငါးနာရီတောင် ကျော်နေပြီ အိမ်မှာ ထမင်းတစ်ခါတည်း စားသွားလိုက်ပါလား … ဗိုက်ဟောင်းလောင်းကြီးနဲ့ ပြန်လွှတ်လိက်ရင် ဧည့်ဝတ်မကျေရာ ကျတာပေါ့ ….” လီပေါင်းလုံက စိတ်အားထက်သန်မှု အပြည့်ဖြင့် ပြောလာခဲ့သည်။
“ မဟုတ်တာ မဟုတ်တာ … ကျုပ်တို့မှာ စည်းမျဉ်းတွေ ရှိတယ် … ရွာလူကြီးရဲ့ ဧည့်ဝတ်ကျေပွန်မှုကို လက်မခံနိုင်ပါဘူး …. စေတနာကိုပဲ လက်ခံလိုက်ပါ့မယ် … အခုတော့ ခွင့်ပြုပါဦး ….” လင်းရီတို့အားလုံး ငြင်းဆန်လိုက်ကြသည်။
“ အဲ့လိုဆိုမှတော့ ငါလည်း အရာရှိကြီးတို့ကို အတင်းဆွဲမထားတော့ပါဘူး …”
“ အိုကေ ဘိုင့် ….”
နှုတ်ဆက်စကားဆိုပြီးနောက် သုံးယောက်မှာ ကားထဲ ဝင်လာခဲ့ကြပြီး ကျင်းလင်သို့ ဦးတည်လိုက်ကြသည်။
“ သူတို့ငါးယောက်မှာ ဘယ်လို ကိစ္စတွေများ ဖြစ်ပျက်ခဲ့ကြလို့ ရွာကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပြီး တစ်ယောက်တစ်နေရာစီ ရောက်သွားခဲ့ကြတာပါလိမ့် …..” ကျူးကျွင်းချီ ရေရွတ်လိုက်သည်။
“ အဲ့တာ အဓိကအချက်ပဲလေ … အဲ့ဒီ ဆန်းကြယ်မှုကိုသာ ဖြေရှင်းနိုင်ရင် အမှုကိုလည်း ဖြေရှင်းလို့ရပြီ ….” ကျန်းဟွေ့ ပြောလိုက်သည်။ “ စကားမစပ် လီဟုန်ကျူးကို စုံစမ်းစစ်ဆေးဖို့ စခန်းကို အကြောင်းကြားလိုက်ဦး …. အဲ့ငါးယောက်က အတူတွဲသွားတွဲလာ လုပ်ခဲ့ကြတယ်ဆိုတော့ အဲ့လူလည်း အခု အန္တရာယ်ရှိနေလောက်ပြီ ….”
“ ကျုပ်ကတော့ သူ ဒုက္ခရောက်နေပြီလို့ သံသယ ဖြစ်မိတယ် …” လင်းရီ ထပ်ပေါင်းပြောလိုက်သည်။
“ ဘာလို့ အဲ့လိုပြောတာ ….”
“ အဲ့ငါးယောက်ကို ကြည့်လိုက်လေ … ရွာက ထွက်သွားပြီးတဲ့နောက်မှာ တစ်ယောက်တစ်နေရာစီ ထွက်သွားခဲ့ကြတယ် … ဒါ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာ ကျုပ် လောင်းကြေးထပ်ရဲတယ် … မဟုတ်ရင် အခုလိုမျိုး ပြန့်ကျဲသွားစရာ အကြောင်း မရှိဘူး ….”
ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့ နှစ်ဦးလုံး အာရုံတစိုက်နှင့် နားထောင်နေကြ၏။ လင်းရီ၏ အတွေးအခေါ်တို့က အမြဲတစေ ထက်ရှလှပြီး ယုတ္တိလည်းတန်သည်။
“ တကယ်လို့ မာဟိုင်ချန်သာ ဖန်းတရဲ့ဆီ ရောက်မလာခဲ့ဘူးဆိုရင် သူ သေမယ့်နေရာက မြောက်ပိုင်းမှာ ဖြစ်သွားလောက်တယ် ….”
“ တကယ်လို့ စုန့်လင်းကလည်း ဝမ်ကျန့်ရှုကို မရှာခဲ့ဘူးဆိုရင် သူ သေမယ့် နေရာကလည်း ရန်ကျင်းမှာ ဖြစ်လောက်တယ် … ဒါပေမယ့် တိုက်ဆိုင်ချင်းသားကောင်းတော့ ဒီလူလေးယောက်လေးက ကျိုးဟိုင်မှာပဲ အဆုံးသတ်သွားခဲ့ကြတယ် …”
“ တကယ်လို့ လီဟုန်ကျူးက ကျိုးဟိုင်မှာ မဟုတ်ဘူးဆိုရင် သူ့အခြေအနေနဲ့ ပတ်သက်ပြီး ကျုပ်တို့မှာ သဲလွန်စရှိမှာ မဟုတ်ဘူး … သူ သေနေပြီလားဆိုတာတောင် သိချင်မှပဲ သိနိုင်မှာ ….” လင်းရီ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ လူသတ်မှုတွေက တစ်နိုင်ငံလုံးအနှံ့မှာ အချိန်နဲ့အမျှ ဖြစ်ပေါ်နေတာ … အမှုတိုင်းကို သတိထားမိဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ ….”
“ ယုတ္တိရှိတယ် …”
“ ကံတရားအပေါ် မူတည်တာပေါ့ …” ကျူးကျွင်းချီ ပြောလိုက်ပြီး “ လူသတ်သမားက ကျိန်းသေပေါက်ကို စကေးရှိတဲ့လူပဲ … မလှုပ်ရှားခင် အရာအားလုံးကို သေချာ ဂရုတစိုက်နဲ့ စီစဉ်ထားတယ် … ကျိုးဟိုင်မှာ သေသွားတဲ့ လူလေးယောက်နဲ့ အခြေအနေ မသိရသေးတဲ့ လီဟုန်ကျူးတို့က မသိလိုက်ခင်မှာပဲ သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်နေတာ ဖြစ်နိုင်တယ် … တကယ်လို့ သူသာ လီဟုန်ကျူးကို အရင်သတ်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် ဘာမှ များများစားစား ပြောစရာရှိတော့မှာ မဟုတ်ဘူး … သူက သေပြီးနေပြီ … ဒါပေမယ့် သူက ကျိုးဟိုင်က လေးယောက်ကို အရင်ဆုံး သတ်ဖို့ ရွေးချယ်လိုက်တယ်ဆိုတော့ ငါတို့မှာ အခွင့်အရေး တစ်ခု ရှိနေတုန်းပဲ …..”
ကျန်းဟွေ့ သူ့ပေါင်ကို ဖြန်းကနဲ ဖြတ်ရိုက်လိုက်ပြီး “ အမှန်ပဲ … လီဟုန်ကျူးကို ကယ်တင်နိုင်မယ့် အခွင့်အရေးရှိသေးတယ် … ဒါပေမယ့် သူလည်း အန္တရာယ် ကြီးကြီးမားမားထဲ ကျရောက်နေနိုင်လောက်တယ် … လူသတ်သမားက ဘယ်အချိန် လှုပ်ရှားလာမလဲ သေချာ ပြောလို့မရဘူး ….”
“ ဒါကြောင့်မို့ ငါတို့တွေ လီဟုန်ကျူး ဘယ်မှာရှိနေလဲဆိုတာ အမြန်သိအောင် လုပ်ရမယ် … လူတစ်ယောက်ကို ကယ်တင်လိုက်နိုင်တာကလည်း အောင်မြင်မှု တစ်ခုပဲလေ ….”
ပြောရင်းဖြင့် ကျူးကျွင်းချီသည် စခန်းသို့ ဖုန်းဆက်ပြီး လီဟုန်ကျူးအကြောင်း စုံစမ်းခိုင်းထားလိုက်သည်။
တစ်ချိန်တည်းမှာပဲ ကျန်းဟွေ့က ကျန်းဝန်ဟွားထံ ဖုန်းခေါ်လိုက်၏။
“ ဟယ်လို … အခုပြောနေတာ ကျန်းဝန်ဟွားလား မသိဘူး ….”
“ ရှင်တို့က ကျိုးဟိုင်က ရဲတွေလား ….”
“ ငါတို့ ဘယ်သူမှန်း သိပြီးနေပြီပေါ့ ….”
“ ကျွန်မမောင် အခုလေးတင်ပဲ ဖုန်းခေါ်လာတယ် … သူပြောတာ ကျိုးဟိုင်မှာ လူသတ်မှု တော်တော်များများ ဖြစ်သွားခဲ့တယ်ဆိုပဲ … မာဟိုင်ချန် သေသွားလို့လား ….”
“ မာဟိုင်ချန်တင် မကဘူး … ဖန်းတရဲ့ ၊ ဝမ်ကျန့်ရှု ၊ စုန့်လင်း … သူတို့ အကုန် သေပြီ … မင်း သူတို့ကို သိတယ်မလား ….”
“ သိတယ် … ကျွန်မတို့ချင်း အတူဆော့ကစားပြီး ကြီးပြင်းလာကြတာပဲလေ ….”
“ ဒီအကြောင်းကြောင့်ပဲ မင်းဆီကို ငါတို့ ဆက်သွယ်လိုက်တာ … အမှုစုံစမ်းမှုမှာ ပိုပြီး အကူအညီ ဖြစ်အောင်လို့ပေါ့ ….”
“ ဒါပေမယ့် အခု လောလောဆယ် ကျွန်မက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာ … အမြန်ရထားပေါ်မှာ …. ညသန်းခေါင်အထိတော့ ကျင်းလင်ကို ပြန်ရောက်နိုင်မှာ မဟုတ်ဘူး … ကျွန်မတို့ မနက်ဖြန်မှ တွေ့လို့ရမလား …..”
“ ပြဿနာ မရှိဘူး …” ကျန်းဟွေ့ ပြောလိုက်ပြီး “ အချိန်နဲ့ နေရာ … မင်း ရွေးလိုက် …..”
“ မနက်ဖြန် မနက် ဆယ်နာရီ … ကျန်းတုံးလမ်း ၊ ထုံသ အဆောက်အဦး အောက်ခြေမှာရှိတဲ့ စတားဘက်ခ်မှာ ဆုံကြတာပေါ့ …. အဆင်ပြေလောက်မလား … ”
“ပြေပါတယ် … ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ….”
“ ရပါတယ် ….”
ဖုန်းချပြီးနောက် ကျန်းဟွေ့က စိတ်သက်သာရစွာ သက်ပြင်းချရင်း ထိုင်ခုံနောက်သို့ မှီလိုက်၏။
“ ဟူး အမေရေ … နောက်ဆုံးတော့ တိုးတက်မှု တစ်ချို့ ရှိလာခဲ့ပြီ … လူလည်း ပင်ပန်းလို့ သေတော့မယ် …”
“ ဒီကိစ္စက လွယ်ပါတယ် ….” လင်းရီ အားပါးတရ ရယ်မောလျက် “ ဒီည ကိုယ့်အစ်ကိုကြီးတွေကို ထူးရှယ်တစ်ခုခု စီစဉ်ပေးမယ် …”
စာစဉ် (၁၇၀)ပြီး၏။
(31 May 2026, 1:31 PM )