ရှာဖွေတွေ့ရှိမှုကြီး တစ်ခု
Vol. 170 Ch. 2416
“ ဟူး …..”
လင်းရီ သက်ပြင်းမောကြီး တစ်ချက်ချ၍ “ ဝမ်ကျန့်ရှုဘက်ခြမ်းကိုတော့ ကျုပ် ဆက်သွယ်လိုက်မယ် … ဖန်းတရဲ့နဲ့ မာဟိုင်ချန်ကိုတော့ အစ်ကိုဟွေ့နဲ့ လွှဲထားလိုက်မယ် …”
“ ပြဿနာ မရှိဘူး ….”
ဖုန်းကို ကိုင်လျက် လင်းရီသည် တိတ်ဆိတ်သည့် ထောင်တစ်နေရာသို့သွား၍ စွန်းယွီ့ရှန်ထံ ဖုန်းခေါ်လိုက်သည်။
“ ဟယ်လို ဒါရိုက်တာလင်း ….”
“ မရီး … ကျုပ် ခင်များကို တစ်ခုလောက် မေးချင်လို့ပါ ….” လင်းရီ စကားဝေ့ဝိုက်မနေဘဲ လိုရင်းကို တန်းသွားလိုက်၏။ “ ခင်များတို့တွေ စတွေ့တဲ့အချိန်ကစပြီး အခုထိ … ဒါရိုက်တာဝမ် သူ့ရဲ့ ကျင်းသုန်ရွာကို အလည်အပတ် သွားဖြစ်သေးလား …..”
စွန်းယွီ့ရှန်မှာ ဤသို့သော မေးခွန်းမျိုး မေးခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ဟန်ပင်။
“ ကျင်းသုန်ရွာကို သွားတာလား …. သူ မသွားဘူး ထင်တာပဲ ….”
“ ထင်တာပဲလို့ မပြောနဲ့ … ကျုပ် တိကျတဲ့ အဖြေကို လိုချင်တယ် …”
“ မသွားဘူး ….” စွန်းယွီ့ရှန် ပြောလိုက်ပြီး “ ကျွန်မတို့ချင်း ဆက်ဆံရေးက အမြဲတမ်းကောင်းခဲ့တာ … နေ့တိုင်းနီးပါးလည်း ဖုန်းပြောဖြစ်ကြတယ် … ဒီတော့ သူ ဘယ်သွားလဲ ၊ ဘယ်လာလဲဆိုတာ ကျွန်မ အမြဲတမ်းသိတယ် … တစ်ခါတစ်လေဆို သူ့မှာ အခု ပိုက်ဆံရှိလာပြီဆိုတော့ ရွာပြန်ပြီး အလှူအတန်းတွေ လုပ်ဖို့တောင် အကြံပေးသေးတယ် … ဒါပေမယ့် သူကတော့ မလိုဘူးပဲ ပြောတာ … ကျင်းသုန်ရွာအပေါ် ဘာသံယောဇဉ်မှ မရှိသလိုပဲ …”
လင်းရီ၏ နှလုံးခုန်သံတို့ ရုတ်ချည်း မြန်ဆန်လာသည်။
“ ကျုပ် မှတ်မိသာ မှန်မယ်ဆိုရင် အဘိုးဝမ်က ဆုံးသွားခဲ့တာ ကြာပြီမလား …..”
“ အင်း … သူ လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ဆုံးသွားခဲ့တာ … အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်နဲ့လေ … အမေရိကားထိသွားပြီး ဆေးကုခဲ့တာတောင် အသက်မရှင်နိုင်ခဲ့ပါဘူး …”
“ ပုံမှန်ဆို ရွာရဲ့ ဓလေ့အတိုင်း အကြီးအကဲ တစ်ယောက်ယောက် သေသွားခဲ့ရင် မိသားစုဝင်တွေက ရွာကို ပြန်လာပြီး သူတို့ရဲ့ ဘိုးဘေးတွေကို အရိုအသေပေးသင့်တယ်မဟုတ်လား ….”
“ အဲ့လိုကိစ္စမျိုးတော့ မဖြစ်ခဲ့ဘူးရယ် …” စွန်းယွီ့ရှန် ခွန်းတုံ့ပြန်လာခဲ့ပြီး “ အဖေ့ကို ရွာကနေ ဟိုးအရင်တုန်းကတည်းကရင် ခေါ်လာခဲ့တာဆိုတော့ ကျိုးဟိုင်မှာ နှစ်တွေ အများကြီး နေခဲ့တယ် ပြောရမယ် … မြို့က ဓလေ့တွေနဲ့ ကျင့်သားရနေပြီလေ …”
“ အဖေ သေသွားပြီးတော့ သင်္ချိုင်းမြေ တစ်ကွက်ဝယ်ပြီး ဒီကျိုးဟိုင်မှာပဲ မြုပ်လိုက်တယ် ….”
“ ဆိုတော့ မရီး မှတ်မိသလောက်ဆိုရင် … ဒါရိုက်တာဝမ်က သူ ရွာက ထွက်လာပြီးကတည်းက ကျင်းသုန်ရွာကို တစ်ခေါက်တစ်လေလေးတောင် ပြန်မသွားခဲ့ဖူးဘူးပေါ့ … ပြီးတော့ အဲ့ဒီနေရာအပေါ် ဆန့်ကျင်တဲ့ သဘောထားတစ်ချို့တောင် ရှိနေသေးတယ် … ဟုတ်တယ်နော် ….”
စွန်းယွီ့ရှန် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့၏။
“ အနည်းနဲ့အများပေါ့ ….”
“ အိုကေ … ကောင်းပြီ … ကျုပ် တစ်ခြား ဘာမေးစရာမှ မရှိတော့ဘူး … အမှုအကြောင်း ရလဒ်ထွက်တာနဲ့ မရီးဆီ ဖုန်းခေါ်လိုက်မယ် …”
“ အင်း အင်း … ကြိုးစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဒါရိုက်တာလင်း ….”
“ ရပါတယ် … ဒါကလည်း ကျုပ် အလုပ်တစ်စိတ်တစ်ပိုင်းပါပဲ …”
ဖုန်းချပြီးနောက် လင်းရီ ချက်ချင်းပဲ ထျန်းရန်ထံ ဖုန်းခေါ်လိုက်သည်။
“ ဟယ်လို ဥက္ကဌလင်း ….”
“ ငါ့ကို ဟောက်ယွီ storage ရဲ့ ပရဟိတ ပရောဂျက်တွေ အကုန် စုံစမ်းပေးစမ်းပါ ….”
“ အဲ့မှာ ကျင်းသုန်ရွာကို ထောက်ပံ့လှူဒါန်းပေးတဲ့ ပရောဂျက်တွေ ပါလား ငါသိချင်တယ် ….”
“ အိုကေ … ကျွန်မ အခုပဲ စုံစမ်းကြည့်လိုက်မယ် ….” ထျန်းရန် မတုံ့နှေးဝံ့ဘဲ တက်တက်ကြွကြွ ဖြေဆိုလိုက်၏။
ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် လင်းရီ စစ်ကြောရေးခန်းထဲသို့ ပြန်ဝင်လာသည်။
ကျန်းဟွေ့က ဖုန်းပြောနေဆဲဖြစ်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူလည်း ဖုန်းပြောလို့ ပြီးသွားခဲ့သည်။
“ မင်းဘက်ခြမ်းက ဘယ်လိုလဲ ….”
“ ထင်ထားတဲ့အတိုင်းပါပဲ … “ လင်းရီ ပြောလိုက်ပြီး “ ကျင်းသုန်ရွာက ထွက်လာပြီးတဲ့နောက်မှာ အဲ့ရွာကို ဘယ်တော့မှ ပြန်မသွားခဲ့ဘူး …
“ သူ့ဇနီးပြောပုံအရဆိုရင် ရွာပြန်မယ့်ကိစ္စအပေါ် ခုခံတဲ့ စိတ်သဘောထားတစ်ချို့ ရှိနေပုံပဲ … စုန့်လင်းနဲ့ အတော်လေး ဆင်တယ် ….”
“ ဒါဆိုရင်တော့ အကုန်လုံးက တစ်ပုံစံတည်းတွေ ဖြစ်နေကြတာပဲ …” ကျန်းဟွေ့၏ မျက်နှာအမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး “ ဖန်းတရဲ့နဲ့ မာဟိုင်ချန်လည်း ရွာကို တစ်ခေါက်မှ မပြန်ဖြစ်ခဲ့ကြဘူး … ဒါပေမယ့် သူတို့မိသားစုဝင်တွေဆီကနေ မနှစ်မျို့တဲ့ သဘောထားလိုမျိုး စကားတွေတော့ မကြားခဲ့ရဘူး ….”
“ အဲ့တာက အရေးမဟုတ်တော့ဘူး … ဒီမှာ တူညီနေတဲ့အချက်က သူတို့အကုန်လုံး ရွာက ထွက်လာပြီးတဲ့နောက်မှာ ဘယ်တော့မှ ပြန်မသွားကြတော့တာပဲ …” လင်းရီ၏ မျက်နှာအမူအရာသည်လည်း လေးနက် တင်းမာနေပြီး “ ကျုပ် အထင်တော့ ဒီလူတွေ ရွာက ထွက်လာခဲ့ကြတာ အဆင်ပြေပြေနေချင်ရုံလောက်နဲ့တော့ မဟုတ်လောက်ဘူး … ဖုံးကွယ်ထားတဲ့ တစ်ခြားအကြောင်းအရင်းတွေ ရှိနေနိုင်တယ် …”
“ နောက်တစ်ချက်လည်း ရှိသေးတယ် …” ကျန်းဟွေ့ ဖြည့်စွက်ပြောလာခဲ့ပြီး “ ဖန်းတရဲ့ ၊ မာဟိုင်ချန်နဲ့ ဝမ်ကျန့်ရှုတို့တွေ ရွာက ထွက်လာတုန်းက နှစ်ဆယ်ကျော်ဝန်းကျင်မှာ ….”
“ ဒါပေမယ့် စုန့်လင်းကျတော့ အဲ့ဒီအချိန်မှာ ၁၆၊၁၇ လောက်ပဲ ရှိဦးမယ် …”
“ အဲ့အရွယ်မှာ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့က ငယ်လွန်းသေးတယ် … အထူးသဖြင့် ရန်ကျင်းလို နေရာမျိုးမှာပေါ့ … “
“ မင်း အစောက ပြောခဲ့သလိုပဲ တစ်ခုခုက သူတို့ကို ရွာကနေ အတင်းအကြပ် ထွက်လာအောင် တွန်းပေးပြီး ပြန်မသွားချင်အောင် လုပ်နေတာ ဖြစ်ရမယ် ….”
“ အခု ကိစ္စရပ်တွေက ရှင်းလင်းသထက် ရှင်းလင်းလာနေပြီ … ပြဿနာတွေ အကုန်လုံးက ကျင်းသုန်ရွာမှာ အခြေတည်နေတာပဲ …” လင်းရီ ပြောလိုက်သည်။ “ နောက်ပြီး အဲ့တာအပြင်ကို နောက်ထပ် တစ်ယောက်ကလည်း လူသတ်သမားရဲ့ ပစ်မှတ် ဖြစ်လာဖို့ ရှိသေးတယ် … နောက်ဆုံးတစ်ယောက်က ဘယ်သူလဲဆိုတာ မရှင်းလင်းသေးပေမယ့်ပေါ့ … တကယ်ပဲ တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် … နစ်နာသူက ကံဆိုးသွားတယ်လို့ပဲ ဆိုနိုင်မှာပဲ ….”
“ ငါတို့ အခု တတ်နိုင်တာက လက်ရှိ ငါတို့ရှေ့မှာ ဖြစ်နေတဲ့အရာတွေကို ကိုင်တွယ်ဖို့ပဲ … အနာဂတ်ကိစ္စတွေကိုတော့ … မိုးနတ်မင်းအလိုကျသာ လုပ်ပါစေတော့ ….”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပဲ ကျန်းဖန့်က အပြင်ဘက်ကနေ ဝင်ရောက်လာသည်။
“ အစ်ကိုဟွေ့ … ၊ လင်းရီ … ၊ ကျွန်တော်တို့တွေ ကင်မရာမှတ်တမ်း ယူလာခဲ့ပါပြီ …”
ကျန်းဟွေ့ ခေါင်းညိတ်ပြပြီး မတ်တပ်ထရပ်လိုက်သည်။
“ သွားစို့ … ရုံးခန်းထဲ သွားကြရအောင် ….”
ရုံးခန်းထဲ၌ ကျန်းဖန့်က USB drive ကွန်ပျူတာတွင် တပ်ဆင်လိုက်သည်။
မြင်ကွင်းအရ … အခင်းမဖြစ်ပွားမီ ခေတ္တအလိုတွင် စုန့်လင်း၏ တိုက်ခန်း အပြင်ဘက်၌ ဒီလီသမား တစ်ဦး ရောက်လာခဲ့၏။
တံခါးပွင့်လာခဲ့ပြီးနောက်တွင် သူက စုန့်လင်းကို အိမ်ထဲသို့ အတင်းအကြပ် တွန်းပို့လိုက်ပြီး တစ်နာရီကျော် ကြာသည်အထိ ပြန်ထွက်မလာခဲ့ချေ။
ပိုပြီး ဇဝေဇဝါ ဖြစ်ဖို့ကောင်းသည်က လူသတ်သမား ထွက်သွားခဲ့ပြီး တစ်နာရီကျော်ကြာမှသာ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ယင်းက သူတို့ စိတ်ကူးယဉ်ထားသည်နှင့် ကွဲလွဲနေသည်။
“ ငါ မှတ်မိသလောက်ဆိုရင် မီးလောင်မှု စတင်ခဲ့တာက မီးဖိုချောင်ထဲက ဆီဒယ်အိုးကြောင့်ပဲ ….” ကျန်းဖန့် ပြောလိုက်ပြီး “ ငါတို့ အရင်တုန်းက ကောက်ချက်ချထားတဲ့ အတိုင်းဆိုရင် လူသတ်သမား ထွက်သွားတဲ့အချိန်မှာ စုန့်လင်းက သေပြီးနေပြီ … “
“ သူ ဟင်းချက်နေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
“ ပြီးတော့ လူသတ်သမားက မထွက်သွားခင် ဂက်စ်မီးဖိုကို ဖွင့်သွားခဲ့တယ်ဆိုရင်တောင် တစ်နာရီကျော်ကြာပြီးမှ မီးလောင်တယ်ဆိုတာကတော့ ယုတ္တိမရှိဘူး ….”
“ ဒါကြောင့်မို့ ဂက်စ်မီးဖိုကတော့ မဖြစ်နိုင်ဘူး …” လင်းရီ ပြောလိုက်ပြီး “ လျှပ်စစ်မီးဖို ဖြစ်နိုင်တယ် ….”
“ တကယ်လို့ လျှပ်စစ်မီးဖိုက ပါဝါအဖွင့်အပိတ်ကို အပြင် ရီမုကွန်ထရိုး တစ်ခုခုနဲ့ ချိတ်ဆက်ထားနိုင်တဲ့ မီးဖို ဖြစ်နေမယ်ဆိုရင်တော့ ဖြစ်နိုင်တယ် …”
ကျန်းဇီရှင်း မျက်လုံးအရောင် လက်လာခဲ့ပြီး “ ညီမ သဘောပေါက်ပြီ … လူသတ်သမားက ထွက်လာပြီးတဲ့နောက်မှာ smart app တစ်ခုခုနဲ့ ထိန်းချုပ်ပြီး ပါဝါဖွင့်လိုက်တယ် … အဲ့မှာ လျှပ်စစ်မီးဖိုက အလိုအလျောက် မီးထွက်လာပြီး ဆီဒယ်အိုးကို မီးလောင်ကျွမ်းသွားစေခဲ့တာပဲ …”
“ အင်း … ယုတ္တိတော့ ရှိတယ် … အဲ့အတိုင်းပဲ အတည်ပြုလိုက်ကြတာပေါ့ ….”
“ အိုကေ …”
ကျန်းဇီရှင်းသည် ကျင်းချွမ်ရဲစခန်းသို့ ဖုန်းဆက်လိုက်ပြီး တုံ့ပြန်မှုက လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာသည်။
အသေးစိတ်အချက်အလက်များက လင်းရီ ပြောသွားသည်နှင့် တစ်ထေရာတည်းကျလုနီးပါးပင်။
ဟင်းချက်ပစ္စည်းက တကယ်လည်း လျှပ်စစ်မီးဖိုဖြစ်လို့နေသည်။
အရာအားလုံးက လင်းရီ ခန့်မှန်းသည့်အတိုင်း အတိအကျ ဖြစ်နေခဲ့၏။
“ ဟူး …..”
လင်းရီ ထိုင်ခုံနောက်သို့ မှီ၍ “ စုန့်လင်းအမှုရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြန် စီစစ်ပြီးသွားပြီ … ကျန်တာက လူသတ်သမား ရှာတွေ့ဖို့ပဲ ….”
“ မင်းတို့ကောင်တွေ တစ်ခု သတိပြုမိကြလား ….” ကျန်းဟွေ့ ရုတ်တရက် ပြောလာခဲ့ပြီး “ ဖန်းတရဲ့နဲ့ မာဟိုင်ချန် အမှုက ဝမ်ကျန့်ရှုနဲ့ စုန့်လင်းတို့ အမှုနဲ့ ကွာခြားနေတာကိုလေ …”
ကျန်းဇီရှင်းမှာ ကျန်းဟွေ့ ဆိုလိုချင်တာကို အနည်းငယ် သဘောမပေါက်နိုင် ဖြစ်နေခဲ့၏။
“ ဘာတွေ ကွာခြားနေလို့ ….”
“ လူသတ်သမားက ဖန်းတရဲ့နဲ့ မာဟိုင်ချန်ကို သတ်တဲ့အချိန်မှာ တစ်ယောက်ကိုကျ ရည်ရွယ်ချက်ရှိရှိ အခေါင်းထဲမှာ ထားပြီး နောက်တစ်ယောက်ကိုကျတော့ မြေကြီးထဲမှာ မြုပ်ထားခဲ့တယ် ….”
“ ပြီးတော့ ငါတို့ကိုတောင် ရည်ရွယ်ချက်ရှိရှိ ရှာတွေ့စေလိုက်သေးတယ် ….”
“ အဲ့တာက ငါတို့ကို ပေါ်တင်စော်ကားရာ ရောက်တယ် … ငါတို့ကို ထိကပါး၊ရိကပါး ရန်စနေတာ အသိသာကြီး …”
“ ဒါပေမယ့် ဝမ်ကျန့်ရှုနဲ့ စုန့်လင်းတို့ကျတော့ ……”
“ ရက်စက်တာကလွဲလို့ တစ်ခြား ဘာရန်စတဲ့ ခံစားချက်မျိုးမှ မခံစားမိဘူး ….”
“ သေချာ အကွက်ချပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ အမှုမျိုး ဖြစ်အောင် လုပ်ထားတယ် …”
“ လူသတ်သမားရဲ့ ပုံစံက ဘာလို့ ကွာခြားနေတယ် ထင်လဲ …”
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။
တကယ်လည်း ကွာဟမှုက ကြီးမားလွန်းလှ၏။
“ ဘာလို့ဆိုတော့ အမှုနှစ်ခုက လူသတ်သမား မျှော်လင့်ထားတာထက်ကို ကျော်လွန်နေလို့လေ …” လင်းရီ ပြောလိုက်သည်။
“ သူ မျှော်လင့်ထားတာထက်ကို ကျော်လွန်နေလို့ ဟုတ်လား ….”
လင်းရီ မျက်မှောင်ကြုတ်လျက် စက္ကန့်အနည်းငယ်ကြာ အတွေးနက်သွားခဲ့ပြီး ဖြည်းညင်းစွာ စတင်ပြောဆိုလိုက်၏။
“ ဝမ်ကျန့်ရှု သေသွားခဲ့တဲ့ ကိစ္စကို မတော်တဆ သိခဲ့ရတာ … သူ့ဈာပနာကို တက်ခဲ့တယ်ဆိုတာလည်း ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့်ပဲ …”
“ ပြီးတော့ သူလည်း ကျင်းသုန်ရွာက ဖြစ်နေတယ်ဆိုတာလည်း တိုက်တိုက်ဆိုင်ဆိုင် မတော်တဆ ကြားလိုက်ရပြီး အခုလို အခြေအနေတွေ ရောက်လာခဲ့ပဲ ….” စကားကို ခေတ္တရပ်နားပြီးနောက် လင်းရီ ထပ်ပေါင်း ပြောလိုက်၏။
“ စဉ်းစာကြည့် …”
“ တကယ်လို့ ကျုပ်သာ မပါဝင်ခဲ့ဘူးဆိုရင် ….”
“ ဝမ်ကျန့်ရှုနဲ့ စုန့်လင်းတို့ရဲ့ အမှုက ဘယ်လိုမျိုးနဲ့ အဆုံးသတ်သွားမယ် ထင်လဲ …”