နက်နက်ရှိုင်းရှိုင်း စုံစမ်း စစ်ဆေးရာဝယ်
Vol. 170 Ch. 2417
လူတိုင်း အတွေးနက်သွားခဲ့ကြသည်။ ခေတ္တခန့်ကြာပြီးနောက် ကျူးကျွင်းချီက ဖြည်းညင်းစွာ ပြောလာခဲ့၏။
“ ဒီတိုင်း မတော်တဆဆိုပြီး ဘာရလဒ်မှ မရှိဘဲ အမှုပိတ်လိုက်တာမျိုးလား ….”
“ အတိအကျပဲ … ကျုပ်ပြောချင်နေတာ အဲ့တာ ….” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ကျုပ်သာ ဝမ်ကျန့်ရှု ဆုံးသွားတဲ့ ကိစ္စကို မသိခဲ့ရဘူး … ပြီးတော့ စုန့်လင်းနဲ့လည်း ဆက်စပ်နေတာကို မသိခဲ့ရဘူးဆိုရင် ဒီအမှုနှစ်ခုက ရှန်းရန်ကျေးရွာအမှုနဲ့ မဆိုင်တဲ့ အမှုအနေနဲ့ သတ်မှတ်ခံလိုက်ရမှာပဲ … အဲ့လိုသာဆိုရင် အမှုသုံးခုလုံးက ဆက်စပ်မှု မရှိတဲ့ အမှုတွေ ဖြစ်သွားပြီ … လူတစ်ဦးတစ်ယောက်တည်းက လုပ်ခဲ့တဲ့ လုပ်ရပ်ဆိုတာ စဉ်းစားကြည့်ဖို့ အတော်လေး ခဲယဉ်းတယ် …”
စကားကို ခေတ္တရပ်တန့်ပြီးနောက် လင်းရီ ဆက်ပြော၏။
“ ဒါကြောင့် ကျုပ်ရဲ့ ကောက်နုတ်ချက်က …. ဒီတစ်ခေါက်မှာ လူသတ်သမားက ကျုပ်တို့တွေ အမှုတွေ အကုန်လုံးကို ဆက်စပ်မိနိုင်မယ်လို့ ထင်မှတ်မထားခဲ့ဘူး ….”
“ အပေါ်ယံကြည့်လိုက်ရင်လည်း ဝမ်ကျန့်ရှုနဲ့ စုန့်လင်းတို့ရဲ့ အမှုက ရှန်းရန်ရွာက အမှုနှစ်ခုနဲ့ တကယ်လည်း ဆက်စပ်မှုမှ မရှိတာ … အကြီးမားဆုံး ကွာဟမှုကတော့ သူက ဒီတစ်ခေါက် ကျုပ်တို့ကို ရန်မစခဲ့ဘူး … ဆိုက်ကိုပါ့တစ်ယောက်အနေနဲ့ ဒါက ယုတ္တိတော့ မကျဘူး ….”
“ ယုတ္တိမကျတဲ့ အကြောင်းအရင်းကလည်း သူကျုပ်တို့ကို ကြောက်ရွံ့လို့ပဲ… တကယ်လို့ ကျုပ်တို့သာ ဒီအမှုလေးခုက ဆက်စပ်နေတယ်ဆိုတာကို သိသွားခဲ့ရင် ခြေရာခံပြီး ကျင်းသုန်ရွာအထိ ရောက်လာနိုင်တယ် ….”
“ ဒီတော့ ကျင်းသုန်ရွာမှာ ကွယ်ဝှက်ထားတာ တစ်ခုခုတော့ ရှိရမယ် … ဒါကြောင့်လည်း နဂိုအတိုင်း မပြုမူခဲ့တာပဲ … သူ့ရည်ရွယ်ချက်က ဒီအမှုတွေကို သီးခြားစီ ခွဲထားဖို့ … အမှုတွေက ဆက်စပ်မနေသရွေ့ သူလည်း အန္တရာယ်ကင်းတယ် ….”
လင်းရီ ဤသို့ ရှင်းပြလိုက်တော့ အမှုတစ်ခုလုံးက ရုတ်တရက်ဆိုသလို ပိုပြီး ရှင်းလင်းမြင်သာလာသလိုပင်။
နောက်ဆုံးတော့ သူတို့တွေ ဦးတည်ရာ လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်၏။
“ မင်းပြောသလိုဆိုရင် … ငါတို့ဘက်ကလည်း ပေါ်ပေါ်ထင်ထင် လှုပ်ရှားလို့ မရဘူးပေါ့ အဲ့လိုလား ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ လူသတ်သမားက ရှန်းရန်ရွာထဲမှာ ပုန်းနေနိုင်သေးတယ် .. တကယ်လို့ ငါတို့သာ အခု သိထားတဲ့ သတင်းတွေကို အပြင်ထုတ်ဖော်လိုက်ရင် သူ ပျာပျာသလဲ ဖြစ်သွားပြီး ဘာမဆို လုပ်လာနိုင်မယ် …”
ခေတ္တခန့် အတွေးနက်ပြီးနောက် ကျန်းဟွေ့ ဆက်ပြော၏။
“ နောက်တစ်ဆင့် ခြေလှမ်းအတွက်ကတော့ … ငါတို့တွေ ကျင်းသုန်ရွာကို သွားသင့်တယ် ….”
“ ကျွန်တော် အခုပဲ အထုပ်အပိုးတွေ ပြင်ထားလိုက်တော့မယ် …” ကျန်းဖန့် ပြောလိုက်သည်။
“ မလိုဘူး ….” ကျန်းဟွေ့က သူ့အား ဟန့်တားလိုက်ပြီး “ မင်းတို့နှစ်ယောက် စခန်းမှာ နေခဲ့ပြီး ဒီက ကိစ္စရပ်တွေကို ကိုင်တွယ်ထားလိုက် … လူသတ်သမားက အန္တရာယ်များတယ် … သူ့ကို စော်ကားမိရင် ရိရန်လို ဖြစ်ရပ်မျိုးက မင်းတို့နှစ်ယောက်ဆီမှာလည်း ဖြစ်လာနိုင်တယ် … ဒီတော့ ငါတို့ သုံးယောက်တည်းပဲ သွားမယ် …”
“ ကျွန်တော် အန္တရာယ်ရှိမှာကို မကြောက်ဘူး အစ်ကိုဟွေ့ ….” ကျန်းဖန့်က ရဲဝံ့စွာ ဆိုလိုက်သည်။
“ မင်းတို့အကုန်လုံး သတ္တိကောင်းကြတာကို ငါ နားလည်တယ် … “ ကျန်းဟွေ့က နားချသည့် လေသံဖြင့် “ ဒါပေမယ့် လက်တွေ့ကျဖို့လိုတယ်လေ … မင်းက အခုမှ အသက် နှစ်ဆယ်ကျော်လေး ရှိသေးတာ… မင်းတစ်ခုခု ဖြစ်သွားခဲ့ရင် မင်း မိဘတွေကို ငါ ဘယ်လို သွားရှင်းပြရမှာ ….”
“ ဒီကောင်လည်း အသက်နှစ်ဆယ်ကျော်တည်း ရှိသေးတာပဲဟာ …” ကျန်းဖန့် မေးခွန်းပြန်ထုတ်လိုက်သည်။
ကျန်းဟွေ့ အားပါးတရ ရယ်မောလိုက်၏။ “ မနှစ်တုန်းက ရှန်းဝေ့မြို့မှာ လူရာနဲ့ချီကို သူတစ်ယောက်တည်း အမှောက်သိပ်ခဲ့တာကို မှတ်မိလား … တကယ်လို့ လူသတ်သမားက သူ့ကို မြင်ရင် ဟိုက သူ့ကိုတောင် ပြန်ကြောက်ရဦးမယ် … အဲ့တာကြောင့် လင်းရီကို ငါခေါ်သွားတာ … သူ ငါတို့ကို ကာကွယ်ပေးလိမ့်မယ် …. ဟားဟား … ”
လင်းရီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ယခု သူက တစ်နည်းနည်းဖြင့် ဘော်ဒီဂတ် ဖြစ်လို့လာလေသည်။
သို့သော် ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ စခန်းမှာနေရစ်ခဲ့သည်ကလည်း ကောင်းမွန်သည့် ရွေးချယ်မှု တစ်ခု ဖြစ်၏။
ဘာလို့ဆိုတော့ လူသတ်သမားက ဘာမဆို ပြုလုပ်လာနိုင်သောကြောင့်ပင်။
“ ကောင်းပြီ … ဒီနေ့တော့ ဒီလောက်ပဲ … စောစီးသိမ်းပြီး အနားယူကြတော့ ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ လင်းရီ … မင်းလည်း အိမ်ကို သေချာပြောထား … ငါတို့ သန်ဘက်ခါကျရင် ကျင်းသုန်ရွာကို ခရီးထွက်ကြမယ် …”
“ အိုကေ ….”
ပြီးနောက် လင်းရိလည်း အမှုဖိုင်တွဲများကို ကောက်ကိုင်ကာ ၎င်းတို့အား ခေတ္တကြည့်ရှုလိုက်သည်။ ကျန်းဇီရှင်းက သူ့ကို သိချင်စိတ် ပြည့်နှက်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်၍ “ အစ်ကိုရီ … ရှင် ဘာတွေကြည့်နေတာလဲ ….”
“ စုန့်လင်းရဲ့ အဖေက အသက်ရှင်နေသေးတုန်းပဲ … သူ့ဆီသွားပြီး စကားနည်းနည်းပါးပါး သွားပြောမလို့ ….”
“ ညီမလည်း လိုက်မယ် …”
“ လိုက်ချင်တာလား … လိုက်ခဲ့လေ ….”
ဤသို့ဖြင့် နှစ်ယောက်မှာ ကျိုးဟိုင်၏ အဆင့်မြင့် ဘိုးဘွားရိပ်သာ တစ်ခု ဖြစ်သည့် ရိရှိုးဘိုးဘွားရိပ်သာသို့ မောင်းထွက်လာခဲ့ကြသည်။
ရိပ်သာက ကျိုးဟိုင် မြို့ပြင်တွင် တည်ရှိပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင်ရှုခင်းနှင့် ဧရိယာကလည်း အတော်လေး ကျယ်ဝန်းလှသည်။
“ နေရာက ကြည့်လိုက်တာနဲ့တင် ကျိန်းသေပေါက် ဈေးမပေါလောက်ဘူး ….” ကားထဲက ထွက်လျှင်ထွက်ချင်း လင်းရီ မှတ်ချက်ပြုလိုက်သည်။
“ လာတုန်းက လမ်းမှာ စစ်ဆေးကြည့်လိုက်တာ …” ကျန်းဇီရှင်းက “ တစ်နှစ်ကို ယွမ်တစ်သိန်းခွဲတောင် ပေးရတယ် … သာမန်လူတွေ ဘယ်လိုမှ မတတ်နိုင်မယ့် ပမာဏပဲ ….”
“ စုန့်လင်းရဲ့ ဝင်ငွေနဲ့ဆိုရင်တောင် သေးငယ်တဲ့ ပမာဏတော့ မဟုတ်ဘူး … ဝမ်ကျန့်ရှုက သူ့ကို ငွေကြေးလည်း ထောက်ပံ့ထားတယ်နဲ့တူတယ် …” လင်းရီ ပြောလိုက်သည်။
“ အဲ့တာကတော့ ပြောနေစရာတောင် လိုသေးလို့လား … ဝမ်ကျန့်ရှုလို လူစားမျိုးက သူ့လက်ဖျားက မုန့်ဖိုးနည်းနည်းလေးတောင် သာမန်လူတွေ အတွက် တစ်သက်သုံးမကုန်တဲ့ ပမာဏလောက် ရှိတယ်လေ …” ကျန်းဇီရှင်း ပြန်ပြောလိုက်၏။
“ အဲ့တာတော့ အဟုတ်ပဲ….” လင်းရီ ပြုံးလိုက်သည်။
ထို့နောက် ကျန်းဇီရှင်းက ရုတ်ချည်းပြောလာခဲ့၏။
“ ဒီလိုဆို အိမ်ထောင်မပြုလည်း အဆင်ပြေသလိုပဲနော်…. ငယ်ရွယ်တုန်းမှာ ဘဝကို လွတ်လွတ်လပ်လပ် သာသာယာယာနဲ့ ဖြတ်သန်းလိုက် … ကိုယ်အသက်ကြီးတဲ့ အခါကျရင် ဒီလို ဘိုးဘွားရိပ်သာကို လာလိုက် … အဘိုးကြီးတွေနဲ့ တစ်နေ့တစ်ယောက် ပြောင်းဒိတ်လို့တောင် ရသေးတယ် … အတွေးနဲ့တင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းနေပြီ …”
“ ပေါက်ကရတွေ ပြောမနေစမ်းနဲ့ ..” လင်းရီ တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် “ ဒီလိုနေရာမျိုးက မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုတာ မိသားစု နောက်ခံရှိနေမှပဲ … မိသားစုနောက်ခံသာ မရှိရင် မင်းဘာမင်း ဘယ်အချိန် အသက်ထွက်သွားလဲတောင် သိလိုက်မှာ မဟုတ်ဘူး ….”
“ အာ … အဲ့လောက်တောင် ဆိုးလား ….”
“ အင်း … စုန့်လင်းထက်တောင် ဆိုးလောက်တယ် …..”
“ တော်လိုက်တော့ အစ်ကိုရီ … ညီမကို ခြောက်လန့်မနေနဲ့တော့ … ဒီမှာ တကယ်ကြီး ကြောက်လာပြီ ….”
……
နှစ်ယောက်မှာ ရိပ်သာဝန်းထဲသို့ ဝင်ရောက်လာခဲ့ကြ၍ တာဝန်ရှိသူနှင့် တွေ့ဆုံပြီး လာရင်းရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
တာဝန်ရှိသူကလည်း အင်မတန် ပူးပေါင်းဆောင်ရွက်ပေးပြီး လင်းရီနှင့် ကျန်းဇီရှင်းတို့ကို လူလွှတ်ပြီး လိုက်ပို့ခိုင်းလိုက်၏။
ရိပ်သာဝန်းထဲတွင် ကြီးမားသည့် ဥယျာဉ်ကြီးတစ်ခုရှိပြီး အသက်ကြီးပိုင်း အများအပြားက နေဆာလှုံနေကြလေသည်။
မလှမ်းမကမ်းတွင် ဇရပ်ကဲ့သို့ သီးခြားအဆောင်လေးတစ်ခုရှိပြီး အဘိုးကြီး ၊ အဘွားကြီး တော်တော်များများက စကားပြောရင်း ရယ်မောနေကြသည်။
“ အရာရှိကြီးတို့ … ဟိုနားလေးမှာ အဖြူရောင် အဝတ်အစားနဲ့ တုတ်ကောက်ကိုင်ထားတဲ့လူက စုန့်ကျန့်ပါပဲ …” ဘိုးဘွားစောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးက ညွှန်ပြလိုက်သည်။
“ အိုကေ … ကျေးဇူးပါပဲ …”
“ ရပါတယ်ဗျာ … တစ်ခြားမရှိတော့ဘူးဆိုရင် ခွင့်ပြုပါဦး ….”
“ ဒါပေါ့ ဒါပေါ့ … ကိုယ်လုပ်စရာရှိတာ သွားလုပ်ပါ ….”
ဝန်ထမ်း ထွက်ခွာသွားပြီးနောက် နှစ်ဦးက စုန့်ရွှယ်ကျန့်ထံ ချဉ်းကပ်လာခဲ့ကြသည်။
“ သူ့ပုံစံကြည့်ရတာ စုန့်လင်း ကိစ္စကို မသိသေးတဲ့ပုံပဲနော် …” ကျန်းဇီရှင်း တီးတိုးဆိုလိုက်သည်။
“ ငါတို့လည်း အပြည့်အဝ မစုံစမ်းပြီးသေးတော့ ဟော်မန့်ရှန်းကလည်း သူ့ကို မပြောပြထားသေးတာနေမှာ …” လင်းရီ အသံနိမ့်ပြီး ပြောလိုက်သည်။ “ ဒီလို အရွယ်မှာ မိဘက ကိုယ့်သားသမီးကို အရင် မြေမြုပ်လိုက်ရမယ်ဆိုတော့ … သူ့စိတ်က လက်ခံနိုင်ပါ့မလားတောင် မပြောတတ်ဘူး ….”
“ ဘယ်လိုပြောကြမလဲဟင် … အမှန်အတိုင်း ပြောပြလိုက်တာကလည်း ကောင်းတဲ့ကိစ္စတော့ ဟုတ်မယ်မထင်ဘူး ….”
“ မပြောတာပဲ ကောင်းပါတယ် … တကယ်လို့ သူသိသွားမယ်ဆိုရင်တောင် ငါတို့နှုတ်ကနေတော့ မဖြစ်သင့်ဘူး ….” လင်းရီ အနည်းငယ် ရှုပ်ထွေးနေသည့် ခံစားချက်တို့ဖြင့် ဆိုလိုက်၏။
“ အမှန်ပဲ …”
နှစ်ယောက်မှာ ခံစားချက်ကို ချိန်ညှိပြီး စုန့်ရွှယ်ကျန်း အနားသို လျှောက်လှမ်းလာခဲ့ကြသည်။
လင်းရီနှင့် ကျန်းဇီရှင်းတို့ကို မြင်တော့ စကားပြောရင်း ရယ်မောနေကြသည့် အဘိုးအဘွားတို့မှာ စကားပြောဆိုနေတာကို ရပ်တန့်သွားခဲ့ကြပြီး သူတို့ထံသို့ စပ်စပ်စုစု ကြည့်လာခဲ့ကြ၏။
သို့သော် များများစားစား မတွေးမိကြဘဲ ဘယ်သူ့ ဆွေမျိုးသားချင်းတွေ ဖြစ်မလဲဟုသာ စဉ်းစားနေခဲ့ကြသည်။
လင်းရီတို့ကလည်း စုန့်ရွှယ်ကျန်းအနားသို့ ရောက်ရှိလာကာ ပြုံးလျက် နှုတ်ခွန်းဆက်လိုက်သည်။
“ အဘိုး … ကျွန်တော်တို့က အဘိုးသမီး အစ်မစုန့်ရဲ့ မိတ်ဆွေတွေပါ …. အဘိုးကို လာတွေ့တာပါ …”
သမီးဖြစ်သူ၏ မိတ်ဆွေများ ဖြစ်နေတာကို သိလိုက်ရတော့ စုန့်ရွှယ်ကျန်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
“ သမီးရဲ့ မိတ်ဆွေလေးတွေကိုး … လာလေ လာကြ … ဒီမှာလာထိုင်ကြ ….” အဘိုးကြီးက နွေးထွေးပျူငှာစွာ တုံ့ပြန်လာသည်။
“ ကျွန်တော်တို့ သီးသန့်ပြောချင်လို့ တစ်ခြားနေရာမှာ သွားထိုင်ကြမလား …”
ဤစကားကြားတော့ ဘေးနားရှိ အဘိုးအဘွားတို့က လူမှုရေး သိတတ်စွာဖြင့် ကြင်နာစွာ ပြောဆိုလာကြသည်။
“ အေး နင်တို့ ဒီမှာပြောကြ … ငါတို့ သွားနှင့်ပြီ … လေ့ကျင့်ခန်း လုပ်ရမယ့် အချိန်ပဲ….”
တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြပြီး သံစဉ်ဟောင်းလေးများ ညည်းတွားရင်း အကုန်လုံးက စိတ်ပျော်ရွှင်နေကြ၏။
“ လူလေးတို့က ဘာပြောချင်တာ … ပြောစရာရှိရင် ပြောလေ ….”
စုန့်ရွှယ်ကျန်း၏ မျက်လုံးထဲတွင် သတိထားသည့် အရိပ်အယောင်တစ်ချို့ ထွက်ပေါ်လာပြီး လင်းရီနှင့် ကျန်းဇီရှင်းတို့ကို အပြည့်အဝ မယုံကြည်သေးပေ။
ဒီကောင်တွေက ဘာလား … ငါ့နားလာပြီး ပိုက်ဆံ လာလိမ်မလို့လား …
ထိုသို့ တွေးနေမိလောက်၏။
လင်းရီလည်း သူ့ ရဲအထောက်အထားကို ထုတ်ပြ၍ “ ကျွန်တော်တို့က ရှင်းရှန်း ရဲစခန်းကပါ အဘိုး … ဒီ လာခဲ့တာက ကျင်းသုန်ရွာ အကြောင်း မေးမြန်းချင်လို့ပါ …”
“ ကျင်းသုန်ရွာ ….” စုန့်ရွှယ်ကျန်း၏ မျက်ဝန်းတို့ထဲ ခံစားချက်ပေါင်းစုံ ဖြတ်ပြေးသွားခဲ့ပြီး … သက်ပြင်းတစ်ချက် ချလိုက်သည်။
“ အဲ့ရွာကို မပြန်ဖြစ်တာတောင် နှစ် ၂၀ ကြာရောပေါ့ … ရွာက ဘယ်လိုပုံစံ ဖြစ်နေပြီလဲဆိုတာ အခု မမှတ်မိတော့ဘူး ….”
“ အဆင်ပြေပါတယ် … ကျွန်တော်တို့ကလည်း သေးသေးမွှားမွှားလေးတွေပဲ သိချင်တာပဲ … အဘိုးစိတ်ထဲ ရောက်လာတာ ပြောလို့ရတယ် ….”
“ ဒါဆို ကောင်းတာပေါ့ …” စုန့်ရွှယ်ကျန့်က ပေါ့ပေါ့ပါးပါး ရယ်မောသွားခဲ့ပြီး “ လူလေးတို့က ဘာတွေ သိချင်ကြတာ ….”
“ အဘိုးသမီး စုန့်လင်းက ရွာကနေ ထွက်ပြီး ဘာလို့ အပြင်မှာ အလုပ်ထွက်လုပ်ခဲ့လဲဆိုတာ သိချင်တာပါ ….”
“ ဒါအရင်နှစ်ပေါင်းများစွာတုန်းက ကိစ္စပဲ … စဉ်းစားလိုက်ဦးမယ် ….” စုန့်ရွှယ်ကျန့်မှာ အတိတ်အချိန်ကာလများထဲသို့ ရောက်ရှိသွားခဲ့ပြီး “ ဘယ်နှစ်လဲတော့ ငါလည်း အတိအကျမသိဘူး … ဒါပေမယ့် သူ ရန်ကျင်းကို ထွက်သွားတုန်းက ၁၆၊ ၁၇ အရွယ်လောက်တော့ ရှိပြီ ….”
လင်းရီနှင့် ကျန်းဇီရှင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ဤသည်က သူတို့ သုံးသပ်ကောက်ချက်ချထားသည်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။
ယနေ့တွင်တော့ ပိတ်စို့နေသည့် အရာများအားလုံးကို ဤနေရာတွင် ဖောက်ထွင်း၍ မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်လောက်သည်။