ပရောဂျက် ညှိနှိုင်းမှု
Vol. 170 Ch. 2420
“ နင်ဘာတွေ လျှောက်ပြောနေတာ ….” ကျီချင်းရန်၏ မျက်နှာတစ်ပြင်လုံး နီမြန်းသွားခဲ့ပြီး “ အဲ့လောက်ထိ ထွက်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….”
“ မင်းယောက်ျားက ပရော်ဖက်ရှင်နယ် ဒေါက်တာ ဖြစ်တယ်ဆိုတာကို မမေ့လိုက်နဲ့ဦးလေ …” လင်းရီ ပြောလိုက်ပြီး “ တစ်ချို့လူတွေဆို အဲ့ဒီအတိုင်းပဲ … ညှစ်စရာတောင် မလိုဘူး ….”
“ အာ ….” ကျီချင်းရန် ခေတ္တ ရပ်တန့်သွားခဲ့ပြီး “ ဒါဆို နင်ပြောချင်တဲ့သဘောက အရွယ်အစားနဲ့ ပမာဏက တကယ်ပဲ ပြဿနာ မဟုတ်ဘူးပေါ့ ဟုတ်လား …”
“ အဲ့လို ပြောချင်လည်း ရတယ် ….” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါပေမယ့် ကြီးရင်တော့ ပိုကောင်းတာပေါ့ … ပိုပြီး မျက်စိပသာဒ ရှိတယ်လေ ….”
“ နင် အဲ့လိုပြောမယ်မှန်း ငါသိသားပဲ ….” ကျီချင်းရန် ပြောလိုက်ပြီး လင်းရီအား မျက်လုံးလှိမ့်ကြည့်လိုက်သည်။
“ သွားစို့ … အဲ့အကြောင်း စဉ်းစားနေတာ တော်လိုက်တော့ …” လင်းရီ ပြောလိုက်ပြိး “ ဖိနပ်တွေ သွားဝယ်ကြမယ် … ဒီနေ့ကစပြီး မင်းရဲ့ အဲ့ဒီ ဒေါက်မြင့်ဖိနပ်တွေကို တာ့တာပြထားလိုက်တော့ … ပြန်ရောက်တာနဲ့ အကုန်လုံး သိမ်းပြီ ….”
“ အဲ့လိုတော့ ဘယ်ရမှာ … တစ်ချို့ လူမှုရေးပွဲတွေကျရင်တော့ ဝတ်ဖို့ လိုသေးတယ်လေ ….”
“ ဘာကို လူမှုရေးပွဲတက်မှာ … မင်းယောက်ျားက လင်းရီလို့ ပြောလိုက်တာနဲ့ ဘယ်လို စီးပွားရေး သဘောတူညီချက်မျိုး မရနိုင်တာရှိမှာမိုလို့ ….”
လင်းရီ၏ စကားကိုကြားတော့ ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်တစ်ခုက ကျီချင်းရန်၏ မျက်နှာထက်တွင် ထွက်ပေါ်လာသည်။
ယခင်နှစ်များတစ်လျှောက် .. လင်းရီ၏ ကြည့်ရှုဆောင်မပေးမှုကြောင့် တကယ်လည်း ကုမ္ပဏီ၏ စီးပွားရေးသည် အများအပြား လွယ်ကူလာခဲ့၏။
ငွေပေးချေခြင်းနှင့် ငွေချေးငှားခြင်း ကိစ္စရပ်များ၌ပင် ကလိုင်းယန့်များက သွယ်ဝိုက်မနေဘဲ တည့်တိုးသာ ဆိုလေ့ရှိကြသည်။
“ ဟုတ်ပါပြီ … ကျွန်မတို့ လူကြီးမင်းလင်းက အတော်ဆုံးပါပဲ ….” ကျီချင်းရန် တခစ်ခစ်ရယ်မောလိုက်၏။ “ နောင်လည်း ချောင်ရန်အုပ်စုကို သေချာလေး ဂရုစိုက်ပေးပါဦးနော် ….”
“ အင်း … ဒါတော့ မင်းရဲ့ အပြုအမူကို ကြည့်ရမှာပဲ ….”
“ နင်လည်း တစ်ထွာလောက် ပေးလိုက်တာနဲ့ တစ်လံလောက် လိုချင်လာတော့တာပဲ … ဘာလူမျိုးမှန်းကို မသိဘူး ….” သူမ စနောက်လိုက်၏။
နှစ်ယောက်မှာ ရယ်မောပြောဆိုရင်း AJ များ အထူးတလှယ်ရောင်းချသည့် စတိုးဆိုင်သို့ ရောက်ရှိလာသည်။
ယခင်ကလည်း AJ ဝယ်ဖူးသဖြင့် ယခုလို နေရာမျိုးများအပေါ် အထူးတလှယ် စိမ်းသက်နေခြင်း မဖြစ်မိပေ။
“ ငါ့ကို AJ1 Unversity blue တစ်ရံ၊ Aj 6 black red ၊ Aj11 Black white ၊ Aj 13 Chutney ၊ size 38 နဲ့ အဲ့ဒါကိုပဲ size 43 ပေးပါ …. “
ကျီချင်းရန်က အသက်တစ်ရှိုက်စာအတွင်း ဖိနပ်ငါးရံလုံး ဝယ်သွားတာမြင်တော့ အရောင်းဝန်ထမ်းများမှာ ကြက်သေသေသွားခဲ့ကြသည်။
သူမတို့တော့ ယနေ့ ဖောက်သည်အကြီးစားနှင့် တွေ့နေရပြီလေ။
“ ဟုတ် ဟုတ် .. ခဏလောက် စောင့်ပေးပါနော် ….”
ဖိနပ်များ ထုပ်ပိုးပေးနေစဉ်အတွင်း ဝန်ထမ်းများမှာ အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
“ အမျိုးသမီးက အတော်လေးလှတယ် … သူ့ကောင်လေးကလည်း မဆိုးဘူး … ဘယ်သူက ဘယ်သူ့ကို ထောက်ပံ့ပေးနေတယ်လို့ ထင်လဲ ….”
“ မိန်းကလေးပဲ နေမှာပေါ့ … သူ့ကြည့်ရတာ ဒီနေရာနဲ့ အတော်လေး ရင်းနှီးနေသလိုပဲ .. ဟန်ဆောင်နေတဲ့ပုံလည်း မပေါ်ဘူး ….”
“ ဘယ်သူပဲဖြစ်ဖြစ်ပါဟယ် … ငါတို့နဲ့ မဆိုင်ဘူး … ငါတို့က ဒီတိုင်း သာမန် အလုပ်သမားလေးတွေ …”
“ ဟုတ်ကဲ့ … စုစုပေါင်း ၁၇,၈၉၀ ယွမ် ကျပါတယ် …”
ကျီချင်းရန် ပြုံးလျက် ဘေးကပ်ရပ်နေလိုက်ပြီး လင်းရီကို ကြည့်လိုက်သည်။
“ ပေးလိုက်လေ …”
ဝန်ထမ်းလည်း လင်းရီဘက်သို့ လှည့်သွားခဲ့၏။
ဆိုတော့ သူကမှ တကယ့်ပိုက်ဆံပေးမယ့်သူကိုး …
လင်းရီ ဟိန်လုံပလာဇာ၏ စိန်အဆင့် အဖွဲ့ဝင်ကတ်ကို ထုတ်ယူ၍ “ ဒါလေးနဲ့ဆို ၅၀ ရာခိုင်နှုန်း လျှော့ဈေး ရနိုင်တယ်မလား …”
လင်းရီ၏ စိန်အဆင့် အဖွဲ့ဝင်ကတ်ကို မြင်တော့ အရောင်းဝန်ထမ်းများမှာ ကြက်သေသေသွားခဲ့ကြ၏။ သူမတို့တွေ ဤကတ်အကြောင်း ကြားဖူးရုံမျှသာ ကြားဖူကြသည်။ တစ်မြို့လုံး၌ပင် ငါးကတ်တည်း ရှိသည်ဆိုပင်။
“ ဟုတ် … ဟုတ်ပါတယ်ရှင့် … ကျေးဇူးပြုပြီး ခဏစောင့်ပေးပါနော် ….”
အရောင်းဝန်ထမ်းက လင်းရီလက်ထဲက ကတ်ကို တုန်ယင်နေသည့် လက်ဖြင့် ယူလိုက်ပြီး ပိုက်ဆံချေဖို့အတွက် ကူညီပေးလိုက်သည်။ ဤသို့သော အဆင့်အတန်းနှင့် လူတစ်ယောက်ကို မှားယွင်း အပြစ်ပြုမိပါက သူမတို့တွေ အလုပ်ပြုတ်သွားနိုင်သည်။
ပိုက်ဆံပေးချေပြီးနောက် လင်းရီသည် ကျီချင်းရန် ဝယ်ယူထားသည့် ဖိနပ်အိတ်များကို သယ်၍ ကားသို့ ပြန်လာကာ အိမ်သို့ မောင်းထွက်လာခဲ့ကြသည်။
“ အပြင်ထွက်တုန်းကတော့ မပင်ပန်းပေမယ့် အိမ်ရောက်တော့မှ လူက ရုတ်ချည်း ပင်ပန်းလာသလိုပဲ ….”
“ မပင်ပန်းမှပဲ ထူးဆန်းနေဦးမယ် …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ကိုယ်ဝန်မရှိဘူးဆိုရင်တောင် အစည်းအဝေးအကြာကြီးထိုင်တယ်ဆိုတာ အတော်လူပင်ပန်းတဲ့ အလုပ် … လွယ်တာ မဟုတ်ဘူး ….”
“ အဓိကက ခေါင်းဆောင်တွေ မနက်ဖြန် ရောက်လာကြတော့မှာမို့လို့လေ … သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းစဉ်းစားမှ ဖြစ်မှာ … ဘာပဲဆိုဆို သူတို့က အစိုးရ အရာရှိတွေပဲလေ … သာမန်လူတွေနဲ့မှ မတူတာ …”
“ ဘာမှ ကွဲပြားသွားတာ မဟုတ်ပါဘူးကွာ … လုပ်သင့်လုပ်ထိုက်သလိုပဲ လုပ် …” လင်းရီ ပြောလိုက်ပြီး “ ငါလည်း မနက်ဖြန်ကျ မင်းနဲ့လိုက်လာပြီး သူတို့ ဘာပြောမလဲ ကြည့်စမ်းဦးမယ် ….”
“ ကောင်းပြီလေ ….” သူမ ပြုံးလိုက်ပြီး “ သူတို့အကြောင်း စဉ်းစားလိုက်တာနဲ့ လူတောင် ခေါင်းကိုက်လာတယ် …..”
“ ဒါဆိုလည်း မစဉ်းစားနဲ့တော့ … မတန်ဘူး ….”
“ အင်း …” ကျီချင်းရန် ခေါင်းညိတ်လိုက်ပြီး “ ဒီနေ့ညနေ အစည်းအဝေးမှာ ငါ သေချာ စဉ်းစားပြီးသွားပြီ …. တကယ်လို့ ငါ့ဘာငါ ဖြေရှင်းလို့ရမယ်ဆိုရင် ကိုယ့်ဘာကိုယ်ပဲ ဖြေရှင်းမယ် … မရရင်တော့ နင်နဲ့ လွှဲလိုက်မလို့ပဲ … ဒီလို ကိစ္စမျိုးအပေါ် ငါ့ဦးနှောက်ဆဲလ်တွေကို အပင်ပန်းခံခိုင်းလို့ မဖြစ်ဘူးလေ …. ငါတို့ သမီးလေးရဲ့ ဖွံ့ဖြိုးမှုအပေါ် သွားထိခိုက်ရင် အဆင်မပြေဘူး ….”
“ ဟင် … သိပ်မကြာခင်တုန်းကပဲ သားလေး လိုချင်တယ်ဆို … အခုကျတော့ သမီးလေးဖြစ်သွားပြန်ပြီလား ….”
“ ငါစဉ်းစားကြည့်လိုက်တာ သမီးမိန်းကလေးက ပိုကောင်းမလားလို့လေ …” ကျီချင်းရန် ပြောလိုက်ပြီး “ နောင်ကျ သမီးနဲ့အတူ ရှော့ပင်အတူထွက်လို့ရတယ် … စကားပြောလို့လည်း ကောင်းတယ် … အရေးကြီးဆုံးကတော့ သမီးဆိုတာ မိဘတွေအတွက် အနွေးဂျက်ကတ်လေးပဲလေ … သားထက်စာရင် ပိုကောင်းတာပေါ့ ….”
“ အာ ….” လင်းရီ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်သွားခဲ့ပြီး “ ငါတို့ အခု ပြောနေတာ ကလေးတွေအကြောင်းနော် … ဘဏ်စာရင်းအကောင့်ဖွင့်မယ့် ကိစ္စမဟုတ်ဘူး … ယောက်ျားလေး ဖြစ်ဖြစ် ၊ မိန်းကလေး ဖြစ်ဖြစ် ၊ ငါတို့ ဆုံးဖြတ်ရမယ့် ကိစ္စမှ မဟုတ်တာ ….”
“ ဟာ … နင်ကလည်း …. ငါက ဒီတိုင်းတွေးကြည့်တာပါ ….” ကျီချင်းရန် ဆိုးနွှဲ့သည့် အမူအရာဖြင့် လင်းရီကို ချစ်စဖွယ်လေး ကြည့်လျက် “ သားလေးဖြစ်ဖြစ် ၊ သမီးလေးဖြစ်ဖြစ် ငါက ချစ်မှာ ….”
“ ကောင်းပြီ … နောက်ကျနေပြီဆိုတော့ အိပ်ကြစို့ …..”
“ စကားမစပ် အမှုက ဘယ်လိုဖြစ်သွားပြီလဲ ….” သူတို့ အိပ်ရာပေါ်ရောက်တော့ ကျီချင်းရန်က မေးမြန်းလာခဲ့၏။
“ လမ်းစတော့ရပြီ … သန်ဘက်ခါလောက်ကျ ကျင်းလင်ဘက်ကို ခရီးထွက်ရဖို့ ရှိတယ် .. ရက်နည်းနည်းကြာတော့လောက်မှ ပြန်လာဖြစ်မှာ ….”
“ ဒါဆိုလည်း သွားလေ … အိမ်က ကိစ္စတော့ ဘာမှ မပူနဲ့ … ယွမ်ယွမ်ရှိတယ် ….”
“ အင်း ….”
အလုပ်ကိစ္စအကြောင်း ခေတ္တ စကားပြောပြီးနောက် နှစ်ယောက်မှာ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက် တိုးဝှေ့ရင်း အတူအိပ်ပျော်သွားခဲ့ကြသည်။
မနက်ခင်း အိပ်ရာနိုးတော့ ရှစ်နာရီ ကျော်နေလေပြီ။ မနက်စာ အတူစားပြီးနောက် ကုမ္ပဏီသို့ ထွက်လာခဲ့ကြ၏။
မနက် ဆယ်နာရီ ဝန်းကျင်ခန့်တွင် အတွင်းရေးမှူးက ကျီချင်းရန်၏ ရုံးခန်းသို့ ရောက်လာပြီး “ ဥက္ကဌကျီ … သူတို့ရောက်လာပါပြီ …”
“ ကောင်းပြီ … ငါ ထွက်ပြီး တွေ့လိုက်မယ် ….”
အသိအမှတ်ပြုပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ အောက်သို့ အတူ ဆင်းလာခဲ့ကြသည်။
ထိုအချိန်မှာပဲ အဖြူရောင် ကားတစ်စင်းက ဝင်ပေါက်ဝတွင် ထိုးရပ်လာခဲ့ပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် လူ ခြောက်ယောက်လောက်က ကားပေါ်မှ ဆင်းလာသည်။
“ ဥက္ကဌကျီ … ငါတို့ ထပ်တွေ့ကြပြန်ပြီ …”
ပြောလိုက်သူက အသက် လေးဆယ်အရွယ် သတ်လတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်ပြီး နာမည်ကတော့ ဝမ်ကျောက်တဲ့ ဖြစ်၏။
သူ့အသက်အရွယ်ဖြင့် ယခုလို ထိပ်ပိုင်းရာထူး တစ်ခုတွင် နေရာရထားသည်က ကျိန်းသေပေါက်ကို အဆက်အသွယ်အင်အားက အတော်လေး ကောင်းမွန်သောကြောင့် ဖြစ်ရမည်။
“ ကြိုဆိုပါတယ် … ကျေးဇူးပြုပြီး အထဲကို ကြွကြပါဦးရှင့် ….”
ကျီချင်းရန်သည် ဖိတ်မန္တကပြုသည့် လက်ဟန်အမူအရာကို ပြုလုပ်ပြီးနောက် လူများကို အစည်းအဝေးခန်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
လူတိုင်း ဝင်ထိုင်ပြီးသည့်နောက်မှာပဲ ဆွေးနွေးမှုက တရားဝင် စတင်လေသည်။
“ အချိန်က အဖိုးတန်တယ်ဆိုတော့ ဝေ့ဝိုက်မနေဘဲ လိုရင်းတန်းသွားကြတာပေါ့ …” ဝမ်ကျောက်တဲ့ ပြောလိုက်ပြီး “ မနှစ်တုန်းက ငါတို့ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ ကျောက်တုံးနဲ့ ဘိလပ်မြေစက်ရုံက ယွမ်သန်း ၁၈၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားတယ် … ဒါပေမယ့် သက်ဆိုင်ရာ ဌာနတွေနဲ့ သေချာ ပြန်တိုင်ပင်ပြီးတဲ့နောက်မှာ ….” ဝမ်ကျောက်တဲ့က လက်ထဲရှိ မှတ်စုစာအုပ်ကို ဖွင့်၍ “ အခု ပြီးမြောက်ဖို့ဆို အပို ယွမ် သန်း ၁၂၀ လောက် ထပ်လိုမယ် ….”
ကျီချင်းရန် ခေါင်းညိတ်လိုက်၏။ ဤပမာဏက ကျိုးကြောင်းသင့်တင့်မှု ရှိသည်။
သို့သော် သူမ စိုးရိမ်သည်က ငွေကြေးကိစ္စ မဟုတ်။
ယခင် ရင်းနှီးမြုပ်နှံထားသည့် သန်း လေးဆယ်နှင့် ဆိုပါက စုစုပေါင်း သန်း ၁၆၀ အထိ ရှိပြီး အသေးစား စက်ရုံလေး တစ်ခုကို လည်ပတ်ဖို့ လုံလောက်သည်။
သို့သော် တကယ့် ပြဿနာက စက်ရုံကို မည်သို့ တည်ဆောက်ရန်နှင့် တစ်ဖက်လူပေးမည့် အရည်အသွေးနှင့် လုပ်ငန်းပြီးမြောက်မှု အာမခံချက်ပင်။ အနှီပြဿနာများကိုတော့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်သည်။
“ အရင်တုန်းက ကျွန်မတို့ ယွမ် သန်း လေးဆယ် ရင်းနှီး မြုပ်နှံထားခဲ့တယ် … ဒါပေမယ့် အခြေခံပုံစံလောက်လေးတွေပဲ ပြီးသေးတယ် … ပရောဂျက်ရဲ့ လုပ်ငန်းပြီးမြောက်မှုက မှန်းချက်နဲ့ ကိုက်မနေဘူး … ဒီကိစ္စကိုရော ရှင်ဘယ်လို ရှင်းပြချင်လဲ ….”
ယင်းကလျာထားသည့် လျာထားရွေးချယ်ထားသည့် ပရောဂျက်ဆိုသော်လည်း ကျီချင်းရန်သည် တစ်ဖက်သူ စိတ်တိုင်းကျ ပြုလုပ်ခွင့် မပြုနိုင်ပေ။
“ ကြန့်ကြာနေတယ်ဆိုတာက ဘက်ပေါင်းစုံကို ဂရုစိုက်ပြီး လုပ်နေလို့ပါ …” တစ်ဖက်က တည်ငြိမ်စွာ ရှင်းပြလာပြီး “ အားလုံးကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကိုင်တွယ်နေတယ် … ဒီတော့ ကြည့်တော့တာ နှေးတယ်ထင်ရပေမယ့် ဘာပြဿနာမှတော့ မရှိပါဘူး … ဥက္ကဌကျီ စိတ်ချပါ …”