နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးခြင်း
Vol. 170 Ch. 2423
ကျန်းဟွေ့ ညွှန်ကြားသည့်အတိုင်း လင်းရီလည်း ကားကို မြို့ရဲစခန်းသို့ မောင်းနှင်လာခဲ့လိုက်သည်။
အမှုကိစ္စကို ဖုန်းထဲတွင် ကြိုတင် ပြောဆိုထားပြီး ဖြစ်သော်ငြားလည်း လူကိုယ်တိုင် သွားရောက် နှုတ်ဆက်ဖို့တော့ လိုအပ်သေး၏။
အခြေခံကျသည့် လူမှုရေးကျင့်ဝတ်များကို လျစ်လျူရှုထားလို့ လုံးဝ မဖြစ်ပေ။
တစ်ဖက်က မြူနီစီပယ် ဌာနခွဲက ဖြစ်ပြီး ကျန်တစ်ဖက်က မြို့ငယ်လေး တစ်မြို့၏ အရာရှိတစ်ဦးဖြစ်၏။ ရာထူးအဆင့်အတန်း ကွာဟမှုကြောင့် လင်းရီတို့သုံးဦးမှာ အင်မတန် နွေးထွေးပျူငှာစွာ ကြိုဆို ဆက်ဆံခံခဲ့ရသည်။
တက်တက်ကြွကြွနှင့် ပူးပေါင်းပေးလိုသည့် သဘောထားကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး ကူညီပေးဖို့အတွက် လူအင်အားတစ်ချို့ပါ ကမ်းလှမ်းလာခဲ့၏။ သို့သော် ကျန်းဟွေ့ကတော့ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆန်လိုက်သည်။ ကျင်းသုန်ရွာကို ၎င်းတို့ဘာသာ သွားရောက် စုံစမ်းဖို့ ဟန်ပြင်ထားသည်။
အမှုအကြောင်းကို အကြမ်းဖျင်း ဆွေးနွေးပြီးနောက် လင်းရီတို့ သုံးဦးလည်း နှုတ်ဆက်စကားဆိုရင်း ကျင်းသုန်ရွာသို့ထွက်ခွာရန် ဟန်ပြင်ကြ၏။
မြို့ရဲစခန်းမှ ရဲအရာရှိများက သူတို့သုံးယောက်ကို ဧည့်ဝတ်ကျေပွန်စွာဖြင့် လိုက်ပို့ပေးဖို့ အပြင်သို့ ထွက်လာသောအခါ လင်းရီ၏ အဲဖာ့ဒ်ကို မြင်တွေ့သွားခဲ့ပြီး ကြက်သေသေသွားခဲ့သည်။
ကျိုးဟိုင်က ချမ်းသာသည့် မြို့ကြီးတစ်မြို့မှန်း သူတို့သိသော်ငြားလည်း ရဲအရာရှိများ စီးသည့် ကားက အဲဖာ့ဒ် ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားကြသည်မှာ အမှန်ပင်။
သုံးယောက်လည်း မြို့မှ ထွက်ခွာလာခဲ့ကြပြီး ကျင်းသုန်ရွာသို့ ဦးတည်လိုက်ကြသည်။
လာသည့်လမ်းတွင် အေးဆေး သက်တောင့်သက်သာ ဖြစ်သည့် လေထုအခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုပါက ကားထဲရှိ လေထုမှာ အများအပြားပို၍ တင်းမာလေးလံလာနေသည်။
ကျင်းသုန်ရွာတွင် ကြာရှည်စွာ မြုပ်နှံထားသည့် လျှို့ဝှက်ချက်တို့က အရာအားလုံးကို ဖြေရှင်းရန်အတွက် သော့ချက် ဖြစ်နေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
ဟိုင်းဝေးလမ်းဘေးတွင် အနီရောင် တောက်တောက်ဖြင့် ‘ ကျင်းသုန်ကျေးရွာမှ ကြိုဆိုပါ၏’ ဟူသော ဆိုင်းဘုတ်ကို မြင်သည့် အချိန်တွင် လင်းရီသည် ကားကို ထိုလမ်းကျဉ်းလေးထဲသို့ ချိုးကွေ့မောင်းနှင်လိုက်သည်။ လမ်းအနေအထားကတော့ ချောချောမွေ့မွေ့လေးပင်။
လမ်း၏ ဘေးတစ်ဖက်တစ်ချပ်စီတွင် ကျယ်ပြောသည့် စိုက်ပျိုးမြေများ ရှိနေပြီး လူအများအပြားကလည်း ကွင်းထဲတွင် စိုက်ပျိုးဖို့ရန်အတွက် ကိုယ်စီ အလုပ်များနေကြ၏။
အဖြူရောင် အဲဖာ့ဒ်ကားလေးက တငြိမ့်ငြိမ့်နှင့် မောင်းနှင်လာခဲ့ရာ မကြာမီ ရှေ့ မီတာ နှစ်ရာကျော်အကွာတွင် အိမ်ခြေတစ်ချို့ကို စတင်မြင်တွေ့လာရ၏။
မြေပုံအရတော့ ယင်းက ကျင်းသုန်ရွာပင်။
လင်းရီလည်း ရွာထဲသို့ မောင်းဝင်လာခဲ့လိုက်သည်။
ရှန်းရန်ရွာကဲ့သို့ ရွာ၏ လမ်းကလေးက ကွန်ကရစ်လမ်း ဖြစ်ပြီး အုတ်နီခဲနှင့် ဆောက်လုပ်ထားသည့် အိမ်အများအပြားကိုလည်း မြင်တွေ့နေရသည်။
“ ပုံစံကြည့်ရတာတော့ သူတို့ ပြောသလောက်လည်း နွမ်းပါးတဲ့ပုံ မပေါ်ဘူးပဲ …” ကျူးကျွင်းချီက အိမ်များကိုကြည့်ရင်း ထိုသို့ မှတ်ချက်ပြုလိုက်သည်။
“ ခေတ်ကာလတွေက ပြောင်းလဲသွားခဲ့ပြီလေ ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ အရင်ကဆို ကျိုးဟိုင် ၊ ရန်ကျင်းနဲ့ တုန်းပေကလွဲရင် ဟွာရှရဲ့ ဘယ်နေရာက ချမ်းသာတဲ့ နေရာ ဖြစ်ခဲ့ဖူးလို့ … အခုတော့ အခြေအနေတွေက နေရာတိုင်းမှာ တိုးတက်ဖွံ့ဖြိုးလာနေပြီ … ကျေးလက်ဒေသတွေကလည်း ပိုကောင်းလာတာ ထုံးစံပါပဲ …”
သူတို့နှစ်ဦး စကားပြောနေစဉ် လင်းရီကတော့ ကားကို ဖြည်းညင်းစွာ မောင်းနှင်ရင်း လမ်း၏ ရှုခင်း ပတ်ဝန်းကျင်ကို သေချာကြည့်ရှုနေခဲ့သည်။
လင်းရီကတော့ ကျေးလက်ဧရိယာတိုင်းက အတိုင်းအတာတစ်ခုတိုင်အောင် တူညီနေသည်ဟု ခံစားမိသည်။ ဤနေရာကလည်း ရှန်းရန်ရွာနှင့် အတော်လေး ဆင်တူနေသည်။
သက်ကြီးရွယ်အို တော်တော်များများက အိမ်ရှေ့ ကွပ်ပျစ်ပေါ်တွင် နေဆာလှုံနေကြ၏။ လူငယ်အရွယ်တို့ကတော့ သိပ်မများလှပေ။ ဤသို့သော နေရာမျိုးတွင် မျိုးဆက်သစ် ကလေးငယ်ဆိုသည်မှာ တစ်ရွာလုံးက ဂရုစိုက် ကာကွယ်ပေးရမည့် ရှားပါး အဖိုးတန်လေးများ ဖြစ်လာနေလေပြီ။
နေရာတော်တော်များများက ရှန်းရန်ရွာနှင့် ဆင်တူသော်လည်း အချို့ ကွဲထွက်နေသည့် အရာများတော့ ရှိ၏။
“ အစ်ကိုဟွေ့ … အစ်ကိုကျူး … ရွာသားတွေ ကျုပ်တို့ကို ကြည့်တဲ့အကြည့်က နည်းနည်း ထူးဆန်းနေတယ်လို့ မခံစားရဘူးလား ….”
“ ထူးဆန်းတာလား …”
နှစ်ယောက်လုံးက မသိစိတ်အလျောက် အပြင်သို့ လှမ်းကြည့်မိသွားခဲ့ကြသည်။
“ သာမန်ပါပဲဟ … ရွာမှာ ပုံမှန် ဘာစိတ်အပန်းဖြေစရာမှ မရှိတာ သူစိမ်းတွေ ရွာထဲ ဝင်လာတာ မြင်တော့ လူတွေ အာရုံစိုက်လာကြတာ ထုံးစံပါပဲ ….”
လင်းရီ ဘာမှ ဆက်မပြောတော့ဘဲ ဆက်ပြီးသာ စူးစမ်းလေ့လာနေလိုက်သည်။
သူ့ မွေးရပ်မြေကလည်း ရွာလေး တစ်ရွာဖြစ်သောကြောင့် သူကိုယ်တိုင်လည်း ရွာ၏ အမူအကျင့်များကို နားလည်သဘောပေါက်နေသည်။
အပြင်က ဧည့်သည်များအပေါ် သိချင်စိတ်ဖြစ်သည်က သာမန်မျှပင်။ သို့သော် ဤအတိုင်း သိချင်ရုံမျှ ဖြစ်၏။
ယခုမူကား … အနှီ ရွာသားများ၏ အကြည့်တို့ထဲတွင် သတိထားသည့် အရိပ်အယောင်တို့ ပါဝင်နေသည်။
နှစ်ခုမှာ မတူကွဲပြားသည့် အရာများ ဖြစ်သည်။
“ လင်းရီ … ရှေ့လမ်းဆုံကြရင် ညာဘက်ချိုးလိုက် … ပြီးရင် ဆက်သွား … ငါတို့ ရွာလူကြီးနဲ့ သွားတွေ့ကြမယ် …”
“ အိုကေ ….”
ကျန်းဟွေ့ ညွှန်ကြားသည့်အတိုင်း လိုက်နာရင်း လင်းရီလည်း လမ်းဆုံလမ်းခွသို့ ရောက်သောအခါ ညာဘက်ချိုးလိုက်ပြီး ကြီးမားသည့် အုတ်နီခဲအိမ်ကြီးတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။
ကား၏ အင်ဂျင်သံက အိမ်ထဲရှိ တစ်စုံတစ်ယောက်ကို သတိပေး နိုးကြားသွားစေသည့်နှယ် သက်လတ်ပိုင်း အမျိုးသားတစ်ဦး သူ့ခြံဝန်းထဲက အပြင်သို့ ထွက်လာသည်။
အဖြူရောင် အဲဖာ့ဒ်ကို မြင်တော့ အနည်းငယ် ချီတုံချတုံ ဖြစ်သည့် အမူအရာတို့ ဖြစ်ပေါ်လာခဲ့၏။
လင်းရီတို့ သုံးဦးလည်း တစ်ယောက်ပြီး တစ်ယောက် ကားပေါ်က ဆင်းလိုက်ကြပြီး ကျန်းဟွေ့က သူ၏ ရဲအထောက်အထားကို ထုတ်ပြလိုက်သည်။
“ မင်္ဂလာပါ ရွာလူကြီး …. ကျုပ်နာမည် ကျန်းဟွေ့ပါ … ကျိုးဟိုင် ရှန်းရှန်း ဗျူရိုရုံးခွဲက ရာဇဝတ်မှု စုံစမ်းရေးဌာန ခေါင်းဆောင်ပါ … ကျုပ်တို့အချင်းချင်း ဖုန်းထဲမှာ စကားပြောဖူးကြတယ်လေ ….”
သူတို့သုံးဦးရှေ့တွင် ရပ်နေသူက ရွာ၏ ရွာသူကြီး လီပေါင်းလုံပင်။
လင်းရီတို့၏ အထောက်အထားကို အတည်ပြုပြီးသည့်နောက် သူ့ပုံစံက အများအပြား သက်တောင့်သက်သာ ဖြစ်သွားခဲ့ပြီး လက်ကို အလျင်အမြန် ဆန့်တန်းလာခဲ့သည်။
“ မင်္ဂလာပါ မင်္ဂလာပါ … မင်းတို့က ဒီလို ကားအကောင်းစားကြီးနဲ့ လာတော့ ငါတောင် မမှတ်မိလုနီးပါး ဖြစ်သွားတယ် ….”
ကျန်းဟွေ့ ပြုံးလျက် “ မိတ်ဆွေတစ်ယောက်က စပွန်ဆာပေးထားလို့ပါ … ကျုပ်တို့ဘာသာဆို ဒီလို ကားမျိုး ဘယ်တတ်နိုင်လိမ့်မှာ … အထဲဝင်ပြီး စကားသွားပြောကြတာပေါ့ ….”
“ ကောင်းတယ် ကောင်းတယ် ကောင်းတယ် ….”
ခြံဝန်းထဲတွင် လေးထောင့်စားပွဲလေး တစ်လုံးရှိပြီး ရေနွေးကရားအိုးနှင့် လက်ဖက်ရည်ခွက်များလည်း အသင့်ရှိထားသည်။
လီပေါင်းလုံက သူတို့သုံးယောက်အလာကို ကြိုတင်စောင့်ဆိုင်းနေသည်မှာ ကျိန်းသေသည်။
လီပေါင်းလုံ၏ စိတ်အားထက်သန်သည့် ဧည့်ဝတ်ပျူငှာမှု အောက်မှာတင်ပဲ သုံးဦးမှာ ထိုင်ချလိုက်ကြသည်။ လေထုအခြေအနေကလည်း အရမ်းကြီး လေးလေးနက်နက် ဖြစ်မနေဘဲ ပေါ့ပေါ့ပါးပါးလေးပဲ ရှိနေသည်။
“ ကဲ … ခရီးဝေးက လာခဲ့ကြတာဆိုတော့ ရေနွေးလေး နည်းနည်းသောက်လိုက်ကြဦး … စကားတော့ ဖြည်းဖြည်းချင်း ပြောကြတာပေါ့ … ငါ့ဘက်က တတ်နိုင်သလောက် ပူးပေါင်းပေးပါ့မယ် ….”
ကျန်းဟွေ့သည် ရေနွေးကြမ်းကို တစ်ကျိုက် မြည်းစမ်းလိုက်ပြီး အကျင့်အလျောက် လီပေါင်းလုံနှင့် ကျူးကျွင်းချီထံ ဆေးလိပ်ကမ်းလိုက်သည်။
“ ဒါဆိုလည်း ကျုပ်တို့ လိုရင်းကိုပဲ တန်းပြောလိုက်တော့မှာ … အခုတလော ကျိုးဟိုင်မှာ အမှုတွေ တော်တော်များများ ဖြစ်သွားခဲ့တယ် … အဲ့ဒီမှာ တစ်ချက်က နစ်နာသူတွေ အကုန်လုံးက ကျင်းသုန်ရွာက ဖြစ်နေခဲ့တာပဲ … ဒါနဲ့ ကျုပ်တို့လည်း ဒီလာပြီး အခြေအနေကို စုံစမ်းကြည့်လိုက်တာ ….”
“ သူတို့ အကုန်လုံးက ငါတို့ ကျေးရွာက ဟုတ်လား … သူတို့ အသက်က ဘယ်လောက်လဲ … နာမည်တွေက ဘယ်သူတွေလဲ ….”
လီပေါင်းလုံမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဖုန်းထဲ စကားပြောပြီး ဆိုသော်ငြားလည်း ကျန်းဟွေ့က သတင်းအချက်အလက် တစ်ချို့ စုဆောင်းချင်ရုံမျှဟု ဆိုထားပြီး အခြား မည်သည့် အသေးစိတ်ကိုမျှ ပြောမပြခဲ့ချေ။
ယခု ဤသတင်းကို ကြားသိလိုက်ရတော့ အတော်လေးကို အံ့အားသင့်သွားခဲ့လေသည်။
ကျူးကျွင်းချီက ကြိုတင်ပြင်ဆင်လာသည့် အမှုဖိုင်များကို ကမ်းပေးလိုက်သည်။
“ အကုန်ဒီမှာပဲ … ကျေးဇူးပြုပြီး တစ်ချက်ကြည့်ကြည့်ပါဦး ရွာသူကြီး ….”
လီပေါင်းလုံလည်း အသေးစိတ် သေချာ ဖတ်ရှုကြည့်လိုက်၏။ အချိန် ငါးမိနစ် ၊ ခြောက်မိနစ်ခန့် ကုန်ဆုံးသွားခဲ့သည်။
“ ဒီလူတွေက အရင် နှစ် ၂၀ ၊ ၃၀ ကျော်လောက်က ရွာထဲကနေ ထွက်သွားခဲ့ကြတဲ့လူတွေပဲ ….”
“ အင်း … အမှန်ပဲ … အတော်တော့ ကြာပြီ …” ကျန်းဟွေ့ ခေါင်းညိတ်လိုက်ပြီး “ ပြီးတော့ ဒီလူတွေက အချင်းချင်း ရင်းနှီးကြတယ် … ရွာကနေလည်း အတူထွက်လာခဲ့ကြတဲ့လူတွေ … ပြီးတော့ အကုန်လုံးက အခု ဆန်းကြယ်တဲ့ အခြေအနေအောက်မှာ သေဆုံးသွားခဲ့ကြတဲ့လူတွေ … ဒါကြောင့်မို့ အရင်တုန်းက သူတို့ရဲ့ အခြေအနေတွေကို နားလည်ချင်တာပဲ ….”
“ ဒါက ….” လီပေါင်လုံ လျှာတစ်ချက် စုတ်သပ်လိုက်ပြီး “ ဒါ နည်းနည်းတော့ ခက်တယ် …. ငါ စဉ်းစားဖို့ လိုတယ် ….”
“ အဆင်မပြေတာများ ရှိနေလို့လား ….”
“ ဖုံးကွယ်စရာတော့ မရှိပါဘူး … ငါ့အသက်က လေးဆယ့်ခြောက်နှစ် ရှိပြီ … ကျင်းသုန်ရွာကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်မှ လာခဲ့တာ … အရင်တုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သေချာ ရှင်းရှင်းလင်းလင်း မသိဘူး ….”
“ ခင်များက ကျင်းသုန်ရွာကို ဘယ်လို ဖြစ်ပြီး ရောက်လာခဲ့တာ …..”
“ ငါ့မိသားစုက မြို့ကလေ … အဲ့တုန်းက မိသားစုရဲ့ အခြေအနေက တော်တော်လေး အဆင်ပြေတယ် .. အဲ့နောက်မှာ ကျေးလက်က မြေတွေကို စပြီး အငှားချတယ် … အဲ့ကနေ ပိုက်ဆံ တစ်ချို့ရလာပြီး ပိုများတဲ့ မြေတွေကို စပြီး အငှားချတယ် … အချိန်ကြာလာတာနဲ့ မြို့ကို မပြန်ဖြစ်တော့ဘဲ ဒီမှာပဲ အိမ်ဆောက်လိုက်တော့တယ် … ရွာမှာပဲ အခြေချလိုက်တယ် …” လီပေါင်းလုံ ရှင်းပြလိုက်သည်။
“ ပြီးတော့ ငါတို့လို အရွယ် လူကြီးတွေ အတွက်က မြို့မှာ နေရတာထက်စာရင် ကျေးလက်မှာ ခြံဝန်းလေးနဲ့ နေရတာကို ပိုပြီး သဘောကျတယ် ….”
ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့ ခေါင်းညိတ်လိုက်သည်။ ယင်းက မမှားပေ။ သူတို့လည်း ထိုသို့သော ဘဝနေထိုင်မှု ပုံစံမျိုးကို နှစ်သက်မိကြ၏။
“ ဒေသခံ ရွာသားတစ်ချို့နဲ့ ဆက်သွယ်ပေးလို့ ရမလား … ကျုပ်တို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့ လိုလို့ပါ ….”
“ လွယ်ပါတယ် … ငါမင်းတို့ကို ငါ့ယောက်ဖဆီ ခေါ်သွားပေးမယ် …” လီပေါင်းလုံ ပြောလိုက်ပြီး “ ငါ့ ယောက္ခမရဲ့ မိသားစုက ကျင်းသုန်ရွာ ဒေသခံတွေလေ … ငါယောက်ဖကလည်း ဒီနှစ်တွေတစ်လျှောက်လုံး ရွာမှာပဲ နေလာခဲ့တာ ကိစ္စကြီးကြီး ၊ သေးသေး သူအကုန်သိတယ် … ငါသူ့ကို လှမ်းခေါ်လိုက်မယ် … မင်းတို့ကတော့ သိချင်တာ မေးကြပေါ့ ….”
“ အဲ့လိုဆို ကောင်းတာပေါ့ …..”
လီပေါင်းလုံ ဖုန်းထုတ်ပြီး သူ့ယောက်ဖထံ ဖုန်းဆက်ဖို့ လုပ်လိုက်သည်။
ချလပ် …
ထိုအချိန်မှာပဲ တံခါးက တွန်းပွင့်လာပြီး သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက ခေါင်းပြူထွက်လာသည်။ သူမ၏ မျက်နှာအမူအရာက အေးစက်တင်းမာနေပြီး လေသံကလည်း နားဝင်ပီယံ မရှိလှပေ။
“ ရှင် အထဲကို ခဏဝင်ခဲ့စမ်း …”