အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း (၃၁၂)
ဖြောင့်မတ်သော ကုန်သည်တို့အတွက် အကောင်းဆုံးသော အကာအကွယ်
အမှန်စင်စစ် ယခင်က ဒူးရင်းသီး အရောင်းအဝယ်ပြုရာ၌ အလေးခိုးခြင်းနှင့် ပုပ်သိုးနေသော သစ်သီးဝလံတို့ကို ရောနှောရောင်းချခြင်းမရှိကြောင်း အစားအသောက်ပို့ဆောင်ရေး ပလက်ဖောင်းမှ သက်သေပြခဲ့ပြီးနောက် ‘ထိုက်ရှန့်’ ဟု အမည်ရသော ဒူးရင်းဆိုင်ကလေးသည် ညတွင်းချင်းပင် ကျော်ကြားလာခဲ့လေသည်။
မကြာမီကာလ၌ ‘ဈေးကွက်ကို သန့်စင်ပေးနေသော အစားအသောက်ပို့ဆောင်သူ’ ဟူသည့် ဗီဒီယိုများမှာ အင်တာနက်အသုံးပြုသူတို့အကြား အနှံ့အပြား ပျံ့နှံ့သွားခဲ့တော့သည်။ ထိုဗီဒီယိုကို လျန်ထျန်း၏ ခေါင်းဆောင်း တွင် တပ်ဆင်ထားသော အာရုံခံကိရိယာဖြင့် အစအဆုံး မှတ်တမ်းတင်ထားခြင်း ဖြစ်သဖြင့် အကျိုးကျေးဇူးများ စွာ ရှိပေသည်။
ပထမဦးစွာ အကြောင်းအရာ အစအဆုံးကို မျှတမှန်ကန်စွာ ရှုမြင်နိုင်ခြင်း ဖြစ်ပြီး ဒုတိယအနေဖြင့် အာရုံခံ ကိရိယာ မှာ လျန်ထျန်း၏ ဦးခေါင်းထက်၌ ရှိနေသဖြင့် သူ၏ အသံကိုသာ ကြားရပြီး ရုပ်သွင်ကိုမူ မြင်တွေ့ရခြင်း မရှိပေ။ သို့ဖြစ်၍ လျန်ထျန်း၏ အသံသာ ပါဝင်ပြီး သူ၏ ရုပ်ရည်အစစ်အမှန်ကိုမူ မည်သူမျှ မသိရှိနိုင်ကြချေ။
သို့သော်လည်း ဤအခြင်းအရာက ကြီးထွားလာပြီးနောက် လူအများအကြား ပြင်းထန်သော ဆွေးနွေးငြင်းခုံမှု များ ဖြစ်ပေါ်လာခဲ့လေသည်။
အချို့သော လူတို့ကမူ ဤသို့ ဆိုကြသည်။
[ဈေးကွက်ထဲက အလေးခိုးတဲ့ ကိစ္စတွေကို နှိမ်နင်းသင့်တာ ကြာလှပြီ...။ ပြီးခဲ့တဲ့တစ်ခေါက်က ငါလည်း အလိမ် ခံရသေးတယ်...။]
[ဒါက တကယ် ကောင်းတာပဲ...၊ အဝါရောင်ကတ်နဲ့ အနီရောင်ကတ် သတိပေးတဲ့စနစ်က တကယ့်ကို ထိရောက် တယ်...။ မရိုးသားတဲ့ ကုန်သည်တွေကို သတိပေးတားမြစ်ရာ ရောက်တာပေါ့...။]
[ကြားရသလောက်တော့ အယ်လာမာက နောက်ပိုင်းမှာ ဒီအချက်ကို အဓိကထား ကိုင်တွယ်တော့မယ် တဲ့...၊ စားသုံးသူတစ်ယောက်အနေနဲ့ အပြည့်အဝ ထောက်ခံတယ်...။ နောင်ကျရင် အစားအသောက် မှာရတာ ပိုပြီး စိတ်အေးရတာပေါ့...။ ပြင်ပက ဈေးကွက်ကြီးကြပ်ရေး အပိုင်းကလည်း ဒီလိုပဲ လိုက်လုပ်နိုင်ရင် ကောင်းမှာ ပဲ...။]
သို့သော် အချို့ကမူ ဤသို့ ကဲ့ရဲ့ရှုတ်ချကြသည်။
[မင်းတို့ကလည်း သဘောထား သေးသိမ်လိုက်တာ...၊ သူတို့မှာလည်း စီးပွားရေးအသေးစားလေး လုပ်နေရတာ မလွယ်ကူရှာပါဘူး...။ ဘာလို့ နားမလည်ပေးနိုင်ရတာလဲ...။]
[ငါ့အမြင်တော့ အဲဒီ ပို့ဆောင်ရေးသမားရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပြဿနာရှိနေတာ...။ ကိစ္စအသေးအမွှားလေး ကို ဒီလောက်အထိ အကျယ်အကျယ် ငြင်းခုံနေစရာ မလိုပါဘူး...။]
[အလေးခိုးတာက သဘာဝပဲ မဟုတ်လား...။ အလေးအပြည့်ပေးရင် ဈေးနှုန်းက တက်လာမှာပဲ...။ ဒီလောက် ဈေးကြီးနေရင် ဘယ်သူက ဝယ်တော့မှာလဲ...။]
အချို့ကမူ ပို၍ ဆိုးဝါးစွာ ပြောဆိုကြသေးသည်။
[ဒီပို့ဆောင်ရေးသမားက နာမည်ကြီးချင်လို့ ဒါတွေ လုပ်နေတာလား...။]
[ဒါက တမင်တကာ နာမည်ကြီးအောင် လုပ်နေတာလား...၊ အခုခေတ် လူတွေက နာမည်ကြီးဖို့ဆိုရင် ဘာမဆို လုပ်ကြတာပဲ...။]
[နောက်နှစ်ရက်လောက်ဆိုရင် သူလည်း ဟိုခြင်္သေ့ဟိန်းသံ အွန်လိုင်းနမည်ကျော်လိုမျိုး ဒူးရင်းသီးတွေ ထွက် ရောင်းပြီး ဈေးကစားတော့မှာ ထင်တယ်...။]
ကံကောင်းထောက်မစွာဖြင့် လူအများစုမှာ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကြသဖြင့် ဖြောင့်မတ်စွာ ရပ်တည် ၍ စကားဆိုကြလေသည်။
[ပို့ဆောင်ရေးသမားက ဗီဒီယိုထဲမှာ ရုပ်တောင် မပြထားတာကို မင်းတို့က ဘာတွေ လျှောက်ပြောနေတာလဲ...။]
[ဟုတ်ပ...၊ ရိုက်ကွင်းထောင့်ကို ကြည့်ရုံနဲ့တင် ပို့ဆောင်သူရဲ့ ခေါင်းဆောင်းက ကင်မရာနဲ့ ရိုက်ထားတာ သိသာ ပါတယ်...။]
[မှန်တယ်...၊ ဒီညီလေးက ပုံမှန်အတိုင်း ပစ္စည်းပို့ရင်းနဲ့ ဒီအခြေအနေကို ကြုံရလို့ တရားမျှတမှုအတွက် မားမား မတ်မတ်ရပ်တည်ပြီး ကူညီပေးခဲ့တာပဲ...။]
[အမြဲတမ်း စောင်းမြောင်းပြောနေတဲ့သူတွေ...။ မင်းတို့ ဒီလို ကိစ္စတွေကို အလေးမထားရင်တောင် တစ်နေ့ကျ ရင် သူတို့ ရှာဖွေပေးခဲ့တဲ့ အလင်းရောင်က မင်းတို့အပေါ် ဖြာကျလာနိုင်တယ် ဆိုတာ မမေ့နဲ့...။]
[အပေါ်က မိတ်ဆွေတို့... စိတ်မဆိုးပါနဲ့... နားလည်တဲ့သူတွေကတော့ မှတ်ချက်ပေးတဲ့သူတွေထဲမှာ လူသုံးမျိုးရှိတာ သိကြပါတယ်...။]
၁။ ပုံမှန် လူကောင်းများ။
၂။ အချိန်အကြာကြီး ဒူးထောက်နေရလို့ ပြန်မတ်တတ်မရပ်နိုင်တော့တဲ့သူများ။
၃။ အကျိုးစီးပွား ထိခိုက်သွားတဲ့သူများ ။
[မှန်တယ်...။ အပြစ်တင်တဲ့သူတွေက သူတို့ကိုယ်တိုင်လည်း မကောင်းတာ လုပ်နေလို့ပဲ...။ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုမရှိတဲ့သူတွေက အမြဲတမ်း တရားမျှတမှုကို စည်းကမ်းဖျက်ဆီးတတ်ကြတယ်...။]
အရာအားလုံးကို သုံးသပ်ကြည့်သောအခါ ထောက်ခံသူဦးရေကသာ ပိုမိုများပြားလေသည်။ အစွမ်းထက်လှသော အင်တာနက်အသုံးပြုသူတို့သည် ထိုလှောင်ပြောင်ကဲ့ရဲ့သူတို့၏ လူမှုကွန်ရက် အကောင့်များကို လိုက်လံစုံစမ်းကြ ရာမှတစ်ဆင့် ပြဿနာများစွာကို ဖော်ထုတ်နိုင်ခဲ့ကြလေသည်။
၎င်းတို့အနက် အထင်ရှားဆုံးသော ကိစ္စမှာ ‘လိမ်လည်သောအလေး’ များကို အထူးပြုရောင်းချသည့် လုပ်ငန်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ စျေးကွက်ကြီးကြပ်ရေးဌာနသို့ တိုင်ကြားကာ အရေးယူနိုင်ခဲ့ခြင်း ဖြစ် သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် လူထုအကြား၌ ဖုံးကွယ်နေသော ပညာရှင်များနှင့် အစွမ်းထက်သူများစွာ ရှိကြောင်း သိသာလှပေသည်။
လူထုကြီး၏ အပြည့်အဝ ထောက်ခံမှုကို ရရှိသောအခါ လျန်ထျန်းသည် မိမိပြုလုပ်ခဲ့သော အမှုကိစ္စမှာ အမှား အယွင်းမရှိကြောင်း ပိုမို ယုံကြည်လာခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် အယ်လာမာ ပလက်ဖောင်းသည် အဝါရောင်ကတ်နှင့် အနီရောင်ကတ် သတိပေးစနစ်ကို တရားဝင် စတင်ကျင့်သုံးခဲ့ပြီး အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းပေါ်ရှိ ကုန်သည်အားလုံးကို စစ်ဆေးကြီးကြပ်မှု ခံယူစေခဲ့လေသည်။
စစ်ဆေးကြီးကြပ်မည့်သူများမှာမူ အခြားမဟုတ်ချေ...၊ သုံးစွဲသူ လူထုကြီးနှင့် သန်းနှင့်ချီသော ပို့ဆောင်ရေး သမားများပင် ဖြစ်ပေတော့သည်။
အကယ်၍ အလေးခိုးမှုကို တစ်ကြိမ်မျှ တွေ့ရှိရပါက အဝါရောင်ကတ် သတိပေးချက် ထုတ်ပြန်မည်ဖြစ်ပြီး ထိုဆိုင်၏ ပင်မမျက်နှာစာတွင် ဤသတိပေးချက်ကို ထင်ရှားစွာ ပြသထားမည် ဖြစ်သည်။
[မရိုးသားသော ကုန်သည်အား အဝါရောင်ကတ် သတိပေးချက် ထုတ်ပြန်ထားသည်။ လူအများ စစ်ဆေးကြီး ကြပ်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်...။]
အကယ်၍ အမှားကို ထပ်မံကျူးလွန်ပါက အနီရောင်ကတ် ပြသမည်ဖြစ်ပြီး အယ်လာမာ၏ ပင်မမျက်နှာစာတွင် ထင်ရှားစွာ ကြေညာမည့်အပြင် အော်ဒါမှာယူသည့် စနစ်ကိုပါ ပိတ်သိမ်းမည် ဖြစ်သည်။ အဝါရောင်ကတ်ဖြစ်စေ၊ အနီရောင်ကတ်ဖြစ်စေ တစ်လလျှင် တစ်ကြိမ် သတ်မှတ်ချက်ရှိပြီး ထိုတစ်လအတွင်း ပြုပြင်ပြောင်းလဲ၍ ကောင်းမွန်စွာ လုပ်ဆောင်ပါက ကတ်အဆင့်ကို လျှော့ချပေးခြင်း သို့မဟုတ် ပယ်ဖျက်ပေးခြင်း ပြုလုပ်မည် ဖြစ်ပေသည်။
သို့သော် အွန်လိုင်းပေါ်တွင် ရောင်းချခွင့် ပိတ်ပင်ထားသော်လည်း ပြင်ပစတိုးဆိုင်များ၌ ဆက်လက်၍ လိမ်လည် လှည့်ဖြားနေသော ကုန်သည်များကိုမူ အယ်လာမာအနေဖြင့် အလွတ်ပေးမည် မဟုတ်ပေ။ သက်ဆိုင်ရာ ဌာန များနှင့် ချက်ချင်း ဆက်သွယ်ကာ ထိုဆိုင်ကို အပြီးတိုင် ပိတ်သိမ်းရန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ဤအစီအမံကို အကောင်အထည်ဖော်ပြီးနောက် ဒဏ်ငွေရိုက်ခြင်းထက် ပိုမိုထိရောက်ကြောင်း သက်သေပြနိုင် ခဲ့ပေသည်။ ဤသည်မှာ ဖြောင့်မတ်သော ကုန်သည်များအတွက် အကောင်းဆုံးသော အကာအကွယ်ဖြစ်ပြီး ဈေးကွက်၏ တရားမျှတမှုကို အမှန်တကယ် စောင့်ရှောက်ပေးနိုင်ခဲ့လေသည်။
နောက်ပိုင်းတွင် လူအများအပြား လိမ်လည်လှည့်ဖြားခြင်းမှ ကာကွယ်နိုင်ရန်အတွက် လျန်ထျန်းသည် နည်းလမ်း တစ်ခုကို စဉ်းစားမိခဲ့လေသည်။
အချို့သော အချိန်များ၌ ဟန်းဂရီးအုပ်စု၏ ဒေသခံဝန်ထမ်းများသည် အဖွဲ့နှစ်ဖွဲ့ ခွဲကာ လမ်းဘေးဈေးသည်များ အဖြစ် ဟန်ဆောင်၍ လမ်းတစ်လမ်းတည်း၌ ပစ္စည်းများ ထွက်ရောင်းကြလေသည်။ နွေရာသီတွင် အများဆုံး စားသုံးကြသော ဖရဲသီးကို ဥပမာထား၍ ပြုလုပ်ကြခြင်း ဖြစ်သည်။
ပထမအဖွဲ့သည် ပုံမှန်ဈေးကွက်ပေါက်ဈေးအတိုင်း ရိုးသားစွာ အလေးပေး၍ ရောင်းချသည်။
ဒုတိယအဖွဲ့မူကား ဈေးနှုန်းကို လျှော့ချရောင်းချသော်လည်း စိတ်ကြိုက်ပြင်ဆင်နိုင်သော ‘လိမ်လည်သော အလေး’ ကို အသုံးပြုလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လူတို့သည် ဈေးနှုန်းကွာခြားချက်ကို မြင်သောအခါ မဆိုင်းမတွဘဲ ဈေးပေါသော ဒုတိယအဖွဲ့ထံ၌သာ ဝယ်ယူကြတော့သည်။
သို့သော် အစားအသောက် ပို့ဆောင်ရေးအဖွဲ့၏ ဝမ်းထမ်းများသည် ထိုလိမ်လည်သောအလေးဖြင့် အမှန်တကယ် ရောင်းချခြင်း မဟုတ်ပေ။ ပစ္စည်းကို ချိန်တွယ်ပြီးနောက် ဝယ်ယူသူက ဖုန်းကို ထုတ်ယူကာ ငွေပေးချေရန် ပြု လုပ်သည့်အချိန်၌ ၎င်းတို့ကို တားမြစ်၍ အကျိုးအကြောင်း ရှင်းပြကြသည်။
“ခဏလောက် စောင့်ပါဦး...၊ ငွေမပေးပါနဲ့ဦး...။ ခင်ဗျား အလိမ်ခံလိုက်ရပါပြီ...။”
ထိုအခါ ဝယ်ယူသူသည် ဝေခွဲမရ ဖြစ်သွားတတ်သဖြင့် ဝန်ထမ်းများက ဆက်လက် ရှင်းပြရသည်။
“ကျွန်တော်တို့ရဲ့ အလေးက လျှော့ထားတာဗျ။ ခင်ဗျား သတိမထားမိဘူးမလား...။ အခု ကျွန်တော် အလေးကို ဘယ်လို ပြင်ရလဲဆိုတာ ပြပေးမယ်…။”
“သင့်ဖုန်းကို ကြည့်လိုက်ပါ...။ ပုံမှန်ဆိုရင် (၂၃၀) ဂရမ် ရှိတယ် မဟုတ်လား...။ ဒါပေမဲ့ ကျွန်တော် ဒီခလုတ်ကို နှိပ်လိုက်ရင် (၂၅၅) ဂရမ် ဖြစ်သွားပြီး အလေးချိန် တိုးပြလိမ့်မယ်။”
“ဒီခလုတ်ကို ထပ်နှိပ်ရင် (၂၈၇.၅) ဂရမ် ဖြစ်သွားမယ်...။ နောက်တစ်ခါ ထပ်နှိပ်ရင်တော့ (၃၂၈) ဂရမ် ဖြစ်သွား ပါလိမ့်မယ်…။”
“ဒါကြောင့် နောက်နောင် တခြားပစ္စည်းတွေ ဝယ်တဲ့အခါ တစ်ဖက်လူရဲ့ အလေးချိန် မမှန်ဘူးလို့ ခံစားရရင် ခင်ဗျား မှာရှိတဲ့ ဖုန်းကိုထုတ်ပြီး ချက်ချင်း ချိန်တွယ်ကြည့်လိုက်ပါ…။”
“ကိုယ့်ရဲ့ ဖုန်းထဲမှာ အလေးချိန်ကို မှတ်မိနေရင် တစ်ဖက်လူက အလေးခိုးထားသလား၊ မခိုးဘူးလား အလွယ် တကူ စစ်ဆေးနိုင်ပါတယ်။ ဒါပေမဲ့ အမှန်ကန်ဆုံးဖြစ်ဖို့ကတော့ ရေသန့်ဘူးကို သုံးပြီး ချိန်တာက အကောင်းဆုံး ပါပဲ…။”
“ဘာလို့လဲဆိုတော့ အခုခေတ် လိမ်တဲ့အလေးတွေက အရမ်း ခေတ်မီလာလို့။ တစ်ကျင်းအောက်ဆိုရင် အလေး မှန်ပြပြီး တစ်ကျင်းကျော်မှသာ အလေးခိုးတာမျိုး လုပ်တတ်ကြလို့ပါပဲ…။”
“မိမိတို့ကိုယ်တိုင် သတိရှိကြဖို့ ကျွန်တော် စိတ်ရင်းနဲ့ တိုက်တွန်းချင်ပါတယ်…။ ဒီလို သတိရှိခြင်းအားဖြင့် ဈေးကွက်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် တွန်းအားပေးနိုင်ပါလိမ့်မယ်…။”
“လူတိုင်းက အမှားအမှန်ကို ခွဲခြားသိမြင်ပြီး ရိုးသားတဲ့ ကုန်သည်တွေကို အခွင့်အရေးပေးမှသာ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ သစ္စာတရား တိုးတက်လာမှာ ဖြစ်သလို၊ မိမိတို့ရဲ့ ဥစ္စာပစ္စည်းတွေကိုလည်း ကာကွယ်နိုင်မှာပါ…။”
“ဒါကို မလုပ်ရင်တော့...၊ ဟိုဘက်က ကျွန်တော့်လုပ်ဖော်ကိုင်ဖက်က ပုံမှန်အတိုင်း အလေးမှန်မှန်နဲ့ ရောင်းနေပေ မဲ့ ဘယ်သူမှ သွားမဝယ်ကြဘူး…။ အားလုံးက အပေါ်ယံပဲ ဈေးပေါပြီး နောက်ကွယ်မှာ အလေးခိုးထားတဲ့ ကျွန်တော့်ဆီမှာပဲ လာဝယ်ကြတာ…။”
“တကယ်တော့ ဒီလို လိမ်လည်တဲ့ အလေးတွေက ဈေးမပေါပါဘူး။ ပုံမှန်အလေးတွေထက် ပိုပြီး ဈေးကြီးသလို အမြတ်လည်း ပိုထွက်ပါတယ်…။”
“ဒီလိုဆိုရင် မကောင်းတဲ့ငွေကြေးက ကောင်းတဲ့ငွေကြေးကို မောင်းထုတ်သလို ဖြစ်မနေဘူးလား...။ အချိန်ကြာ လာရင် ရိုးသားပြီး ပိုက်ဆံမရတဲ့ ကုန်သည်တွေလည်း မရိုးသားတဲ့ လမ်းစဉ်ကို လိုက်ကြရတော့မှာပဲ...။”
သို့သော်လည်း မည်သို့ပင် ပြုလုပ်စေကာမူ ပြဿနာအချို့ကား ရှိနေဆဲပင်။
ဥပမာအားဖြင့် အချို့သော လူများသည် ဝန်ထမ်းများက ပစ္စည်းမရောင်းတော့ကြောင်း ပြောဆိုသည့်တိုင်အောင် အခွင့်အရေးကို အမိအရဆုပ်ကိုင်၍ ဆက်လက် ဝယ်ယူလိုကြသည်။ ဖရဲသီးများကို ‘အလိမ်ခံရသူ’ တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်ကို ဘေးလူများက မြင်တွေ့သောအခါ ၎င်းတို့လည်း ထိုဈေးနှုန်းဖြင့် ဝယ်ယူလိုကြခြင်း ဖြစ်သည်။
ထိုအခါ ဝန်ထမ်းများက ပြန်လည် ရှင်းပြရလေသည်။
“ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ဖရဲသီးရောင်းဖို့ မဟုတ်ပါဘူး...၊ အမှန်အတိုင်း ပြောရရင် ဒီလိုရောင်း ရင် အရှုံးပေါ်ပါတယ်...။”
အခွင့်အရေး လိုချင်သူတို့က ချက်ချင်းပင် ဆိုကြသည်။
“ဒါဆို ဟိုလူတွေကျတော့ ဘယ်လို ဝယ်သွားတာလဲ...။”
ဝန်ထမ်းများက ထပ်မံ၍ ရှင်းပြရပြန်သည်။
“ကျွန်တော်တို့က လိမ်လည်မှု ကာကွယ်ရေး အသိပညာပေးနေတာပါ...။ သူတို့က အလိမ်ခံလိုက်ရလို့ အကျိုးအ ကြောင်း ရှင်းပြပြီးမှ အလေးချိန်ကို အမှန်ပြန်ပြင်ပြီး ရောင်းပေးလိုက်တာပါ...။”
“အခုတော့ ခင်ဗျားတို့လည်း အမှန်တရားကို သိသွားကြပြီဆိုတော့ ကျန်တဲ့ဖရဲသီးတွေကို အခြားနေရာရွှေ့ပြီး လူအများကြီးကို ဆက်ပြီး အသိပညာပေးရဦးမှာပါ...။”
သို့သော် မည်သို့ပင် ရှင်းပြစေကာမူ အခွင့်အရေးသမားတို့အား တားဆီးနိုင်ခြင်း မရှိဘဲ ဖရဲသီးများကို မဆိုင်းမတွ ဘဲ ဆွဲယူကြတော့သည်။
“ငါတော့ မသိဘူး...၊ ငါလည်း တစ်လုံးလောက် ချိန်ကြည့်ချင်တယ်...။”
ဤကဲ့သို့သော လူမျိုးများမှာ အနည်းငယ်မျှ မဟုတ်ပေ။ အချို့သော အချိန်များတွင် ဝန်ထမ်းများသည် လုယက် ဝယ်ယူနေကြသော ဖရဲသီးများကို ကြည့်ကာ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ကြချေ။
“ခင်ဗျား တို့ အခုတော့ အခွင့်အရေး ရနိုင်ကောင်း ရနိုင်လိမ့်မယ်...။ ဒါပေမဲ့ နောက်တစ်ခါ တကယ် လိမ်လည် မယ့်သူနဲ့ တွေ့ရင်ကော ဒီလို အခွင့်အရေး ရဦးမှာတဲ့လား...။”
ရံဖန်ရံခါတွင် အချို့သော လူများမှာ ရှက်ရွံ့သွားသဖြင့် စကားနာထိုးတတ်ကြသေးသည်။
“အခုခေတ် လူတွေက လည်ပါတယ်...၊ ဒီလောက်နဲ့တော့ အလိမ်မခံရပါဘူး...။”
“ဟုတ်တယ်...၊ ငါတို့က အခွင့်အရေး လိုချင်လို့ မဟုတ်ပါဘူး...။ မင်းရဲ့ ဖရဲသီးက ပိုကောင်းလို့ ဝယ်တာပါ...။”
ဝန်ထမ်းများသည် ထိုစကားကို ကြားသောအခါ ရယ်မောမိကြလေသည်။
“အရင်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မေ့သွားကြပြီလား...။”
“ပြီးတော့ ကျွန်တော်တို့ နှစ်ဖွဲ့လုံးက ဖရဲသီးတွေကို တစ်နေရာတည်းက ယူလာတာပါ...။ ကျွန်တော့်ဟာက ပိုကောင်းပြီး သူတို့ဟာက ဘာလို့ ညံ့ရမှာလဲ...။”
“တကယ်လို့ ကျွန်တော့်ပစ္စည်းက ပိုကောင်းတယ်ပဲ ထားဦး...။ အခု ဒါက အလေးခိုးထားတာလို့ သိရက်နဲ့ အလေးမှန် ပြန်မပြင်ပေးရင် ခင်ဗျား တို့ ဝယ်ကြဦးမှာလား...။”
ဤသို့ မေးမြန်းသောအခါ ဝယ်ယူသူက ရိုးသားစွာ ပြန်လည် ဖြေကြားသည်။
“မဝယ်တော့ဘူး...။”
ဝန်ထမ်းများက စိတ်ရှည်စွာဖြင့် ထပ်မံ ရှင်းပြရပြန်လေသည်။
“မှန်ပါတယ်...၊ ဒါကြောင့် အပေါ်ယံ ဈေးနှုန်းလေးတစ်ခုတည်းကို မကြည့်ကြဖို့ ကျွန်တော် တိုက်တွန်းချင် တာပါ...။”
“အပေါ်ယံမှာ ဈေးပေါသလို ထင်ရပေမဲ့ ကောက်ကျစ်တဲ့ အလေးတွေ သုံးပြီး သင့်ဆီက ပိုက်ဆံတွေကို ပိုပြီး လိမ်ယူနေတာပါ...။”
“ဒါကြောင့် ကျွန်တော် အရင်က ပြောခဲ့သလိုပဲ...။ လိမ်လည်မှု ကာကွယ်ရေး သတိပညာကို မြှင့်တင်ဖို့နဲ့ ရိုးသား တဲ့ ကုန်သည်တွေကို ထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ဈေးကွက်ကြီးက ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်...။”
ဤအရာအားလုံးမှာ လျန်ထျန်း၏ စိတ်ကူးယဉ်မှု သက်သက် မဟုတ်ဘဲ သူကိုယ်တိုင် အဖွဲ့ကို ဦးဆောင်၍ လက်တွေ့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဦးစွာ မိမိကိုယ်တိုင် ပြုလုပ်၍ နည်းလမ်း ရှာဖွေပြီးနောက် အခြားသူများကို သင်ကြားပေးကာ လူထုကြီးထံသို့ တဖြည်းဖြည်း အသိပညာ ပြန့်ပွားအောင် ပြုလုပ်ခဲ့သည်။ ရှေးလူတို့ ဆိုရိုးရှိသည် မဟုတ်ပါလား...။
တစ်ဦးတည်းသော အင်အားမှာ သေးငယ်သော်လည်း လူအများ စုပေါင်းလျှင် တောင်ကြီးကိုပင် ဖြိုနိုင်သည် ဟု ဖြစ်ပေသည်။
လူအများအပြား လိမ်လည်မှု ကာကွယ်ရေး သတိပညာ ရှိလာကြသောအခါ ဈေးကွက်ကြီးမှာလည်း သိသာ ထင်ရှားစွာ ပြောင်းလဲတိုးတက်လာခဲ့လေတော့သည်။
သို့သော်လည်း လျန်ထျန်းမှာမူ မကြာသေးမီက တကယ့်ကို ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။ အစားအသောက် ပို့ဆောင်ခြင်း၊ လိမ်လည်မှု ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပလက်ဖောင်း၏ အဝါရောင်၊ အနီရောင်ကတ် စည်းကမ်းချက်များကို စနစ်တကျ ရေးဆွဲခြင်း စသည်တို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရသဖြင့် မအားမ လပ်နိုင်အောင် ရှိနေခဲ့ရပေသည်။
ကံကောင်းထောက်မစွာဖြင့် ကြိုးစားမှုအားလုံးမှာ အချည်းနှီး မဖြစ်ခဲ့ဘဲ အရာရာ တည်ငြိမ်သွားသောအခါ လျန်ထျန်းသည် ကိုယ်တိုင်ကိုယ်ကျ အားလုံးကို လုပ်ဆောင်ရန် မလိုတော့ဘဲ အနည်းငယ် အနားယူနိုင်ခဲ့ လေသည်။
လူတို့သည် အလုပ်တစ်ခုကို ပြုလုပ်နေစဉ်အတွင်း စိတ်ဓာတ်များ တင်းမာနေတတ်သဖြင့် ပင်ပန်းမှုကို သတိ မထားမိတတ်ကြချေ။ စိတ်ကို လျှော့ချလိုက်သည့် အချိန်၌သာ ပင်ပန်းနွမ်းနယ်မှုတို့ကို ခံစားရတတ်ရာ လျန်ထျန်း သည်လည်း ထိုနည်းတူပင် ဖြစ်သည်။
ထိုနေ့တွင် အစားအသောက် ပို့ဆောင်ခြင်း ကိစ္စရပ်များကို အဆုံးသတ်ပြီးနောက် လိမ်လည်မှု ကာကွယ်ရေး အသိပညာပေးရန် မလိုသေးသဖြင့် မိမိ၏ လျှပ်စစ်စကူတာလေးကို လမ်းဘေး၌ ရပ်နားကာ နံရံကို မှီ၍ ဆောင့် ကြောင့်ထိုင်လျက် ခေတ္တမျှ အနားယူနေလိုက်သည်။
ယခုခေတ်ကာလ၌ အနားယူသည့်အချိန်တွင် ဖုန်းကို မကြည့်ဘဲ နေနိုင်မည့်သူမှာ ရှားလှပေသည်။ လျန်ထျန်း သည်လည်း ထိုနည်းတူပင် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ မကြာသေးမီက ကြုံတွေ့ခဲ့ရသော စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေရန် ဖုန်းကို ကြည့်ရှုနေလိုက်သည်။
သို့သော်လည်း...
သူ လုံးဝ မျှော်လင့်မထားသည်မှာ...၊ ဤကဲ့သို့ ဆောင့်ကြောင့်ထိုင်၍ ဖုန်းကို ကြည့်ရှုနေခြင်းကပင် သူ၏ထံသို့ ဘေးဒုက္ခများ သယ်ဆောင်လာလိမ့်မည် ဟု ဖြစ်ပေတော့သည်။