အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅)
ရေငန်ကဏန်း ဝယ်တာလား သားရေကွင်း ဝယ်တာလား
ပြင်းထန်လှသော နွေကာလ၌ ပူပြင်းသည်မှာ ရာသီဥတုတင်မကဘဲ မြိန်ယှက်ဖွယ်ရာ အစားအစာမျိုးစုံလည်း ပါဝင်လေသည်။
သို့သော်လည်း အခါအားလျော်စွာ စားသုံးသူတို့၏ စိတ်အာရုံကို ဖျက်ဆီးတတ်သော နှစ်ကာလရှည်ကြာစွဲကပ် နေသည့် ပြဿနာအချို့ အမြဲတစေ ရှိနေတတ်သည်။
ယခင်က ဖော်ပြခဲ့ဖူးသော ဒူးရင်းသီးအမှုကိစ္စကဲ့သို့ပင် ပုပ်သိုးနေသောအသီးအနှံများကို ရောင်းချခြင်းနှင့် အလေးခိုးခြင်းစသည့် ဖြစ်ရပ်များသည် တစ်ခါတစ်ရံတွင် မလွဲမသွေ ကြုံတွေ့ရတတ်ပေသည်။
ထိုသို့သောအချိန်၌ ဝန်ဆောင်မှုများကို စံသတ်မှတ်ချက်အတွင်း သွတ်သွင်းပြီး ရိုးသားဖြောင့်မတ်သော အ ရောင်းအဝယ်အပြီး ဝန်ဆောင်မှုများကို ပေးအပ်ခြင်းဖြင့်သာ ဈေးကွက်ဝန်းကျင်ကို ပြောင်းလဲစေနိုင် ပေလိမ့်မည်။
လျန်ထျန်းနှင့် ဟန်းဂရီးအဖွဲ့တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် အမှန်တကယ်ပင် များစွာ ထိရောက်မှု ရှိခဲ့ လေသည်။
သို့သော်လည်း တစ်နေ့သောအခါ၌ လျန်ထျန်းသည် အစားအသောက် ပို့ဆောင်နေစဉ်အတွင်း အခြားသော အခြေအနေတစ်ခုနှင့် ထပ်မံကြုံတွေ့ရပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူ ပို့ဆောင်ရမည့် ပစ္စည်းမှာ ကဏန်းအနည်းငယ် ဖြစ်လေသည်။
နွေရာသီသည် အသားပြည့်၍ အရသာရှိသော ကဏန်းများ ပေါများသည့် ရာသီဖြစ်သဖြင့် ပင်လယ်စာဈေးကွက် မှာ အလွန်ပင် စည်ကားလှသည်။
သို့သော်လည်း ကဏန်းများမှာ ဈေးနှုန်းမချိုသာပေ။ ကဏန်းအထီးအငယ်စားလေးများပင်လျှင် တစ်ကီလိုဂရမ် ကို ပြားဆယ်ဂဏန်းမျှ ပေးရသည်။
အနည်းငယ် ပို၍ကြီးမားသော ကဏန်းများ သို့မဟုတ် ကဏန်းအမများမှာမူ တစ်ပေါင်လျှင် ပြားတစ်ရာကျော် အထိ ဈေးနှုန်းရှိသဖြင့် နှစ်ကောင် သို့မဟုတ် သုံးကောင်မျှ ဝယ်ယူရုံနှင့် ပြားရာဂဏန်းမျှ အလွယ်တကူ ကုန်ကျ နိုင်ပေသည်။
သာမန်မိသားစုများအနေဖြင့်မူ ၎င်းတို့ကို အမြဲမပြတ် ဝယ်ယူစားသုံးနိုင်ရန် ခဲယဉ်းလှပြီး အလွန်ဆုံးမှ တစ်လ လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ ဝယ်ယူ၍ မြည်းစမ်းကြည့်နိုင်ကြရှာသည်။
လျန်ထျန်း၏ မိခင်ဖြစ်သူ ထျန်းဝန်ဝန်သည် ယခင်က ကဏန်းစားရသည်ကို အလွန်နှစ်သက်သော်လည်း ထိုစဉ် က မိသားစု၏ ငွေကြေးအခြေအနေကြောင့် ဝယ်ယူစားသုံးနိုင်ခြင်း မရှိခဲ့ပေ။
ရံဖန်ရံခါ အကောင်တစ်ကောင်မျှ ဝယ်ယူနိုင်သည့်အခါတွင်လည်း ထျန်းဝန်ဝန်သည် ကဏန်းလက်မများကိုသာ စားသုံးပြီး ကဏန်းအနှစ်၊ ကဏန်းအဆီနှင့် ကဏန်းအသားတို့ကိုမူ လျန်ထျန်းကိုသာ ပေးစားတတ်လေသည်။
ယခုအချိန်တွင် လျန်ထျန်း၌ ငွေကြေးအမြောက်အမြား ရှိနေပြီဖြစ်သော်လည်း အတိတ်က အကြောင်းအရာ များကိုမူ သူ၏ ရင်ထဲ၌ ထင်ထင်ရှားရှား မှတ်မိနေဆဲ ဖြစ်သည်။
ထို့ကြောင့် သာမန်မိသားစုများအနေဖြင့် ရာသီပေါ် ကဏန်းလတ်လတ်ဆတ်ဆတ်များကို စားသုံးနိုင်စေရန် အတွက် လျန်ထျန်းသည် ဟန်းဂရီးအဖွဲ့ကို အစီအစဉ်တစ်ခု ပြုလုပ်စေခဲ့သည်။
၎င်းမှာ ပင်လယ်စာသီးသန့် လျှော့ဈေးကူပွန်များကို ထုတ်ပေးခြင်း ဖြစ်သည်။ ဤကူပွန်များသည် အပေါ်ယံပြသ ရုံသက်သက် မဟုတ်ဘဲ ပြားတိုင်း ပြားတိုင်းကို လျန်ထျန်းကိုယ်တိုင် စိုက်ထုတ်ထောက်ပံ့ပေးထားခြင်း ဖြစ် ချေသည်။
ဤသို့ လျှော့ဈေးကူပွန်များဖြင့် ထောက်ပံ့ပေးခြင်းသည် ကုန်သည်များ၏ အကျိုးစီးပွားကို မထိခိုက်စေရုံ တင်မကဘဲ ကဏန်းစားသုံးလိုသူများအတွက်လည်း လျှော့ဈေးကို ခံစားခွင့်ရရှိစေသဖြင့် အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက် အဆင်ပြေစေသော နည်းလမ်းဖြစ်ပေသည်။
ဤသို့ ကောင်းမွန်သောအရာ ဖြစ်သော်လည်း အချို့သောသူများသည် အခွင့်ကောင်းယူရန် ကြံရွယ်ကြရာ လျန်ထျန်းသည် ထိုသူနှင့် အမှတ်မထင် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အဖြစ်အပျက်မှာ ဤသို့ ဖြစ်သည်။ လျန်ထျန်းသည် ကဏန်းအရှင်များကို ပို့ဆောင်ရမည့် အမှာ စာတစ်ခုကို လက်ခံရရှိသဖြင့် ပစ္စည်းသွားယူရန် ဆိုင်သို့ ရောက်ရှိလာခဲ့သည်။
သူသည် ပင်လယ်စာဆိုင်သို့ ရောက်ရှိသွားသောအခါ ဆိုင်ရှင်ဖြစ်သူက ကဏန်းအသေအချို့ကို ကန်ထဲမှ ဆယ် ယူကာ ထုပ်ပိုးနေသည်ကို မြင်တွေ့လိုက်ရလေသည်။
၎င်းကို မြင်လျှင် လျန်ထျန်းက လျင်မြန်စွာပင် သတိပေးစကား ဆိုလိုက်သည်။
“ဆိုင်ရှင်...၊ ဒီအမှာစာက ကဏန်းအရှင်တွေလေ...၊ ခင်ဗျား အခုလို လုပ်တာက... နည်းနည်း မဆီလျော်ဘူး မဟုတ်လား...။”
ပင်လယ်စာဆိုင်ရှင်မှာ နှုတ်ခမ်းတွင် စီးကရက်တစ်လိပ်ကို ခဲထားသော လူမိုက်ဆန်ဆန် သန်မာထွားကြိုင်းသည့် လူတစ်ဦး ဖြစ်သည်။ သူသည် လျန်ထျန်း၏ စကားကို ကြားလျှင် စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ဒီကဏန်းက ရှင်ရှင် သေသေ မင်းနဲ့ ဘာဆိုင်လို့လဲ အစားအသောက် ပို့တဲ့ကောင်...၊ ကိုယ့်အလုပ်ကိုယ်ပဲ လုပ် စမ်းပါ...။”
ထိုစကားကို ကြားရလျှင် လျန်ထျန်းသည် စိတ်မသက်မသာ ဖြစ်သွားရကာ -
“ဒါက ဘယ်လိုလုပ် မဆိုင်ရမှာလဲ...၊ ကျွန်တော်က ဒီကဏန်းတွေကို ခဏနေရင် ဝယ်သူဆီ ပို့ပေးရမှာ...။ ဝယ်သူ တွေက ကဏန်းအသေတွေကို မြင်ရင် စိတ်ဆိုးသွားမှာ မဟုတ်ဘူးလား...။ ပစ္စည်းပြန်အမ်းတာက ကိစ္စမရှိပေမဲ့ အဆိုးမြင်မှတ်ချက် ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ...။”
ပင်လယ်စာဆိုင်ရှင်သည် စီးကရက်ကို တစ်ချက် ဖွာလိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“မင်းဦးနှောက်က သစ်သားတုံးများ ဖြစ်နေသလား...၊ ဝယ်သူကို စကားကောင်းကောင်းလေး နှစ်ခွန်း၊ သုံးခွန်း လောက် မပြောတတ်ဘူးလား...၊ ပစ္စည်းယူတုန်းကတော့ အရှင်လတ်လတ်ကြီးပဲလို့ ပြောလိုက်လေ...၊ ရာသီ ဥတုက အရမ်းပူပြင်းလွန်းလို့ လမ်းမှာတင် သေသွားတာလို့ ပြောလိုက်ပေါ့...။ ပြီးတော့ အခုလေးတင် သေတဲ့ ကဏန်းနဲ့ ကဏန်းအရှင်က ဘာမှ ကွဲပြားတာမဟုတ်ဘူး အဆင်ပြေပါတယ်လို့ ပြောလိုက်ပေ့ါ...။”
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ရုတ်တရက် ဒေါသထွက်သွားရပြီး -
“ခင်ဗျားက ကဏန်းအသေတွေကို အခြားသူတွေဆီ ရောင်းတဲ့အပြင် ကျွန်တော့်ကိုပါ လိမ်ခိုင်းနေတာလား...။ ကိုယ်ကျင့်တရား မရှိလိုက်တာ...။”
သို့သော်လည်း လျန်ထျန်းထက်ပင် ပင်လယ်စာဆိုင်ရှင်က ပိုမိုဒေါသထွက်သွားကာ ချက်ချင်းပင် အမျက်ဒေါသ ခြောင်းခြောင်းထွက်လျက် ဆဲဆိုကြိမ်းမောင်းလေတော့သည်။
“မင်းလို အစားအသောက် ပို့တဲ့ကောင်စုတ်...၊ ဒီအမှာစာကို ပို့ချင်သေးသလား...။ ပို့ချင်ရင် ပို့...၊ မပို့ချင်ရင် လည်း တခြားသူဆီ လွှဲပြီး လစ်လိုက်တော့...။”
“အခုအချိန်မှာ မင်းတို့လို အစားအသောက် ပို့တဲ့ကောင်စုတ်တွေက လမ်းပေါ်မှာ အုန်းအုန်းထနေတာပဲ...။ ပြီး တော့ အခုတလော ပင်လယ်စာအမှာစာတွေမှာ ထောက်ပံ့ကြေး ရှိနေတော့ မင်းတို့တွေ ပိုက်ဆံအများကြီး ရနေ တာကို ငါ သိတယ်...။”
“မင်းက ပိုက်ဆံလည်း ရနေသေးတယ်...၊ ငါ့ကိုလည်း လာပြီး ဆရာလုပ်နေသေးတယ်...။ မင်းကိုတော့ အလို လိုက်လွန်းလို့ ဘဝင်မြင့်နေပြီ ထင်တယ်...၊ ပိုက်ဆံရှာရတာ အဲ့ဒီလောက် လွယ်ကူတယ်လို့ မင်း ထင်နေတာ လား...။ တကယ်လို့ ပိုက်ဆံရှာချင်ရင် အဲ့ဒီသေနေတဲ့ ကဏန်းတွေကို သေသေချာချာ ပို့ပေးပြီး အမှာစာ အပယ် မခံရအောင် လုပ်စမ်း...။”
ဤစကားများကို ကြားရလျှင် လျန်ထျန်း၏ ဒေါသတရားမှာ ပိုမိုမြင့်မားလာပြီး သူ၏ အသံမှာလည်း ထပ်တူပင် ကျယ်လောင်လာခဲ့သည်။
“ဟုတ်ပါတယ်...၊ အခုတလော ကျွန်တော်တို့ ပို့ဆောင်သူတွေဟာ ပင်လယ်စာ ပို့ဆောင်ခအတွက် သီးသန့် ထောက်ပံ့ကြေးကို ရနေတယ်ဆိုတာ ဟုတ်ပါတယ်...။ ဒါပေမဲ့ ဒါဟာ ပင်လယ်စာ အမှာစာတစ်ခုကို လက်ခံရရှိ တာနဲ့ အခြားအမှာစာတွေကို မယူတော့ဘဲ လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကို ဝယ်သူ့လက်ထဲ အမြန်ဆုံး ရောက်အောင် ပို့ဆောင်ပေးရလိုလေ...။”
“ပြီးတော့ ထောက်ပံ့ကြေးအကြောင်း ပြောရရင် ပလက်ဖောင်းက ခင်ဗျားကိုကော မပေးလို့လား...၊ ခင်ဗျား အနေနဲ့ ပုံမှန်အတိုင်း ရောင်းချရင်တောင် အမြတ်အစွန်း ရရှိနိုင်နေတာကို ဘာဖြစ်လို့ ကဏန်းအသေတွေကို အကောင်းစားအဖြစ် အစားထိုး ရောင်းချနေရတာလဲ...။”
“ခင်ဗျားရဲ့ လုပ်ရပ်က စားသုံးသူတွေကို လိမ်ညာလှည့်ဖြားနေတာပဲ...။ ကံကောင်းလို့ ဒီနှစ်ရဲ့ (၃၁၅) စားသုံး သူအခွင့်အရေးနေ့က ကျော်လွန်သွားခဲ့ပြီ...။ ဒါမှမဟုတ်ရင်တော့ ခင်ဗျားဟာ အတုအပ တိုက်ဖျက်ရေး သတင်း တွေရဲ့ ပင်မမျက်နှာစာမှာ ပါဝင်သွားမှာ သေချာတယ်...။”
“ဒါပေမဲ့ (၃၁၅) နေ့နဲ့ မကြုံရရင်တောင် ကျွန်တော့်အနေနဲ့ ဈေးကွက်ကြီးကြပ်ရေးဌာနကို ဖုန်းဆက်ပြီး ခင်ဗျားကို ဖမ်းဆီးခိုင်းလို့ ရသလို...၊ ခင်ဗျားရဲ့ လုပ်ရပ်တွေကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ ဖွင့်ချပြီးတော့ အင်တာနက် အသုံးပြုသူတွေကို ဆုံးဖြတ်ခိုင်းလို့ ရပါတယ်...။”
လျန်ထျန်းသည် အကျိုးအကြောင်းနှင့်တကွ စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ ပြောဆိုနေသည်ကို မြင်သောအခါ ပင်လယ်စာဆိုင်ရှင်၏ မောက်မာမှုမှာ အနည်းငယ် လျော့ပါးသွားသည်။ ထင်ရှားသည်မှာ သူသည်လည်း အားနွဲ့ သူကို နိုင်ထက်စီးနင်းပြုပြီး အင်အားကြီးသူကို ရိုသေတတ်သော လူမိုက်တစ်ဦးသာ ဖြစ်ပေသည်။
သူ၏ လေသံမှာ ပျော့ပြောင်းသွားသော်လည်း စကားလုံးများမှာမူ နားဝင်မချိုလှဘဲ ညည်းတွားလိုက်သည်။
“မင်းကလည်း အကြီးအကျယ် ဖြစ်ပျက်နေတာပဲ...၊ ရပြီ...၊ ရပြီ...။ ငါ နောက်ထပ် အကောင်အချို့ လဲပေး မယ်...။”
ပြောရင်းနှင့်ပင် ပင်လယ်စာဆိုင်ရှင်သည် ကဏန်းအသေများကို ဘေးဘက်ရှိ ရေခဲခြင်းတောင်းထဲသို့ ပစ်ထည့် လိုက်ပြီးနောက် မသေမရှင်ဖြစ်နေသော ကဏန်းအချို့ကို ကန်ထဲမှ ထပ်မံဆယ်ယူလိုက်သည်။
“မသေမရှင်ဖြစ်နေသော” ဆိုသည်မှာ စကားအလင်္ကာမျှ မဟုတ်ဘဲ ထိုကဏန်းများ၏ လက်ရှိအခြေအနေကို အတိအကျ ဖော်ပြနေခြင်း ဖြစ်သည်။
၎င်းတို့ကို ကောက်ကိုင်လိုက်သည့်အခါ ကဏန်းလက်မ ရှစ်ချောင်းလုံးမှာ တွဲလောင်းကျနေပြီး ၎င်းတို့၏ မျက်လုံးများကို တို့ထိလိုက်သည့်အခါမှသာ အနည်းငယ် တုန်ခါသွားကြရှာလေသည်။
သို့သော်လည်း မည်သို့ပင်ဖြစ်စေ လှုပ်ရှားနိုင်သေးသည်ဖြစ်၍ အသက်ရှင်နေသေးသည်ဟု ဆိုရမည် ဖြစ်ရာ လျန်ထျန်းအနေဖြင့် ထပ်မံ၍ စကားမဆိုတော့ပေ။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ပင်လယ်စာဆိုင်ရှင်သည် တောက်ပသော အနီရောင် သားရေကွင်းအချို့ကို ထုတ်ယူလိုက်သည်။ ထိုထူထဲသော အနီရောင် သားရေကွင်းများမှာ အမှန်တကယ်ပင် ရှည်လျားလှလေသည်။
ချက်ချင်းပင် ပင်လယ်စာဆိုင်ရှင်သည် ကျွမ်းကျင်လှသော လက်ဆွဲဖြင့် ထိုအနီရောင် သားရေကွင်းကြီးများကို ကဏန်းများ၏ လက်မများတွင် တုတ်နှောင်လိုက်တော့သည်။
၎င်းတို့ကို တုတ်နှောင်ပြီးနောက် ထူထဲသော အနက်ရောင် ပလတ်စတစ်အိတ်ကြီးတစ်ခုထဲသို့ ထည့်သွင်းကာ ချိန်တွယ်လိုက်လေသည်။
အလေးချိန်ကို စစ်ဆေးပြီးနောက် သူသည် လှုပ်ရှားမှု အရှိဆုံးနှင့် အကြီးဆုံး ကဏန်းတစ်ကောင်ကို ရွေးထုတ်
ကာ ကန်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်ပြန်သည်။
ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် ဆိုင်ရှင်သည် အလေးချိန်ကို တစ်ဖန်ကြည့်ကာ ပြုံးလိုက်ပြီး -
“နှစ်ပေါင်ခွဲ အတိပဲ...၊ ယူသွားတော့...။”
ယခုတစ်ကြိမ်တွင်မူ လျန်ထျန်းသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ -
“ဒီကဏန်းတွေက လက်မတောင် မမြှောက်နိုင်ကြတော့ဘူး...။ ခင်ဗျားက ဘာဖြစ်လို့ သားရေကွင်းတွေ အများ ကြီး ပတ်ထားရတာလဲ...၊ သူတို့တွေ မသေခင် နောက်ဆုံးအချိန်မှာ ရုန်းကန်ပြီး ခင်ဗျားကို ပြန်တိုက်ခိုက်မှာ စိုးရိမ်လို့လား...။”
“ပြီးတော့ ခင်ဗျားက ဘာဖြစ်လို့ သားရေကွင်း မပတ်ခင် အရင်မချိန်တာလဲ...၊ ကျွန်တော့်အမြင်အရတော့ ဒီနှစ်ပေါင်ခွဲရှိတဲ့ ကဏန်းတွေထဲမှာ သားရေကွင်းရဲ့ အလေးချိန်တင် တစ်ပေါင်နီးပါး ရှိနေလိမ့်မယ်...။”
“တကယ်လို့ ကျွန်တော်က ဒါကို သွားပို့ပေးရင် ဝယ်သူက 'ငါက ကဏန်းဝယ်တာလား သားရေကွင်း ဝယ်တာ လား' ဆိုပြီး မမေးနိုင်ဘူးလား...။”
လျန်ထျန်း၏ စကားကို ကြားလျှင် ပင်လယ်စာဆိုင်ရှင်၏ ဒေါသမီးမှာ တစ်ဖန် ပြန်လည်တောက်လောင်လာခဲ့ပြီး -
“ဟေ့... မင်းလို အစားအသောက် ပို့တဲ့ကောင်...၊ မင်းက ဘယ်တော့မှ ရပ်မှာလဲ...။”
“ငါ သားရေကွင်း ဘယ်လောက်သုံးသုံး မင်းနဲ့ ဘာဆိုင်လို့လဲ...။ တကယ်လို့ ဝယ်သူက တကယ်ပဲ ပြဿနာရှာ လာရင် ငါတို့ ဝယ်ကတည်းက ဒီလိုပဲ ချည်ထားတာလို့ ပြောလိုက်ပေါ့...။”
“ကဏန်းတွေကို သားရေကွင်းနဲ့ ချည်နှောင်တာက နှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာ ဖြစ်ခဲ့တာပဲ..၊ သားရေကွင်းနဲ့ မချည်ရင် ငါတို့က ဘာနဲ့ စားသောက်ရမလဲ...။ မင်းလို ဦးနှောက်မရှိတဲ့ကောင်မျိုးကို တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ...။”
လျန်ထျန်းသည် တရားမျှတသော စကားအချို့ကို ဆိုရန် ကြိုးပမ်းခဲ့သော်လည်း ဆဲဆိုခြင်းကိုသာ ခံခဲ့ရသဖြင့် သူ၏ ရင်ထဲ၌ အောင့်အည်းထားသော ဒေါသတရားတို့ကို ဆက်လက်၍ မထိန်းချုပ်နိုင်တော့ပေ။
“သားရေကွင်းနဲ့ မချည်ရင် ခင်ဗျားက ပိုက်ဆံမရဘူးလား...။ ဒါဆိုရင် ဟန်းဂရီးအဖွဲ့က ပေးတဲ့ ထောက်ပံ့ကြေး တွေကို ခွေးကျွေးလိုက်ရမှာလား...။”
“ဒီထောက်ပံ့ကြေးကို မကျင့်သုံးခင်ကတည်းက ပလက်ဖောင်းဘက်က ဈေးကွက်တရားမျှတမှုကို သေချာစေ ဖို့အတွက် ဆိုင်မှာ ဘယ်လောက်ဈေးသတ်မှတ်ထားလဲ အွန်လိုင်းပေါ်မှာလည်း အဲ့ဒီဈေးအတိုင်းပဲ ရောင်းချရ မယ်လို့ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီးသားပဲ...။”
“အပိုလျှော့ဈေးအားလုံးကို ပလက်ဖောင်းဘက်က လုံးဝ စိုက်ထုတ်ထောက်ပံ့ပေးတာ ဖြစ်လို့ ခင်ဗျားတို့ဘက်က ဘာမှ နစ်နာမှုမရှိဘဲ အမြတ်အစွန်း ရရှိဖို့ သေချာစေတယ်လေ...။”
“ဒါပေမဲ့ ခင်ဗျားရဲ့ အခုလုပ်ရပ်ကို ကြည့်ဦး...။ ခင်ဗျားက ပလက်ဖောင်းကို အသုံးမကျတဲ့သူလို မှတ်ယူထားပြီး ပို့ဆောင်သူတွေကို ကိရိယာလို သဘောထားပြီးတော့ ဝယ်သူတွေကိုတော့ လူအယောင်ဆောင်တွေလို ထင်နေ တာလား...။ ခင်ဗျားရဲ့ အသိစိတ်ထဲမှာ နာကျင်မှု မရှိဘူးလား...။”
လျန်ထျန်းက မည်သို့ပင် ဆိုစေကာမူ ပင်လယ်စာဆိုင်ရှင်မှာမူ ဂရုမစိုက်ဘဲ နေမြဲတိုင်း နေလေသည်။
ပလက်ဖောင်းက ထောက်ပံ့ကြေး ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မိမိနှင့် မဆိုင်ပေ။ ပိုက်ဆံမရှာသော သူသည်သာ လူမိုက် ဖြစ်လိမ့်မည်။ မိမိ အလိုရှိသလိုသာ ရောင်းချမည် ဖြစ်သည်။
“မင်းလို အစားအသောက် ပို့တဲ့ကောင်...၊ ငါ့အချိန်တွေကို ဒီမှာ လာပြီး မဖြုန်းစမ်းပါနဲ့...။ မင်း ပို့မှာလား မပို့ ဘူးလား...။ မပို့ရင်လည်း မြန်မြန် အမှာစာ ပြန်လွှဲလိုက်တော့...။”
ထိုသို့ ပြောဆိုပြီးနောက်တွင် လျန်ထျန်းသည် ဆက်လက်၍ စကားဆိုနေခြင်းမှာ အကျိုးမရှိကြောင်း သိရှိသွား သဖြင့် ခေါင်းညိတ်ကာ သူ၏ ဖုန်းကို ထုတ်၍ စာသားတစ်ခုကို ရေးသားပေးပို့လိုက်လေသည်။
ပင်လယ်စာဆိုင်ရှင်သည် လျန်ထျန်းက အမှာစာ လွှဲပြောင်းနေသည်ဟု ထင်မှတ်သဖြင့် လှောင်ပြောင် သရော် လိုက်လေသည်။
“ဒီနေ့တော့ လူအစစ်တစ်ယောက်နဲ့ တကယ် ကြုံတွေ့ရတာပဲ...။ သူ့ကိုယ်သူ မြင့်မြတ်တယ်လို့ ထင်နေပြီး ကိုယ်ကျင့်တရားနဲ့ မညီတာတွေကို မလုပ်ဘူးတဲ့...။”
“ဒါပေမဲ့ မင်းမလုပ်ရင်လည်း လုပ်မယ့်သူတွေ အများကြီး ရှိတယ်...။ ဘယ်သူ ပိုက်ဆံရရ အတူတူပါပဲ...၊ စောင့်ကြည့်နေလိုက်ပါ...။ မကြာခင်မှာ ပိုပြီး တော်တဲ့သူတစ်ယောက်က ဒီအမှာစာကို လာပို့လိမ့်မယ်...။”
လျန်ထျန်းသည် ခေါင်းငုံ့လျက် ဖုန်းဖြင့် စာရိုက်နေဆဲ ဖြစ်ပြီး တိုးညင်းသောအသံဖြင့် ဆိုလိုက်သည်။
“ခင်ဗျားက ပိုက်ဆံအတွက် ဒီလို အကွက်အဆန်းတွေကို သုံးတာကို တော်တယ်လို့ ထင်နေတာလား...။ ပြီးတော့ ဒီစံနှုန်းကိုပဲ အခြားသူတွေအပေါ်မှာလည်း အသုံးချနေတာလား...။”
“ဒါဆိုရင် ကျွန်တော် ပြောပြမယ်...။ မိမိကိုယ်မိမိ တော်လှပြီလို့ ထင်နေခြင်းက ဘေးဥပါဒ်ကိုသာ ဖြစ်စေလိမ့် မယ်...။ ခင်ဗျားဟာ ခင်ဗျားရဲ့ လိမ်မာပါးနပ်မှုအတွက် မကြာခင်မှာ တန်ဖိုးပေးဆပ်ရပြီး ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရလိမ့်မယ်...။”
ပင်လယ်စာဆိုင်ရှင်သည် ထိုစကားကို အမှန်တကယ် မယုံကြည်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး -
“ငါ့ကို ဒုက္ခရောက်အောင် လုပ်နိုင်တဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး...။ မင်းလို အောက်ခြေလူတန်းစား အစားအသောက် ပို့တဲ့ကောင်က ငါ့ကို ဘာလုပ်နိုင်မှာလဲ...။”
“ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်...၊ ငါတို့ ပင်လယ်စာ ရောင်းတဲ့သူတွေ ပိုက်ဆံရှာတာက ဒီလိုပဲ...။ ကဏန်းကို သားရေကွင်းနဲ့ ချည်တယ်...၊ ပုစွန်ထဲကို ရေအများကြီး ထည့်တယ်...၊ အေးခဲထားတဲ့ ငါးထဲကို ရေခဲတုံးတွေ ထည့်တယ်...။ ဒါတွေပဲလေ...။”
“ပလတ်စတစ်အိတ်တွေ ဆိုရင်တောင် ငါတို့က တတ်နိုင်သမျှ ထူထဲပြီး လေးလံတဲ့အိတ်တွေကို သုံးတာပဲ...၊ ဒါက ပုံမှန် လုပ်ရိုးလုပ်စဉ်ပဲ...။ အကယ်၍ အလိမ်မခံချင်ရင် မဝယ်နဲ့ ဒါမှမဟုတ် မစားနဲ့...။ ဒါပဲ...။”
“ပစ္စည်းဝယ်တဲ့သူတွေကလည်း ဒီစည်းမျဉ်းတွေကို သိကြပြီးသားပဲ...။ အားလုံးကလည်း လက်ခံကြတယ်...၊ မင်းက ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ...။”
“ဒါ့အပြင် ငါတို့ လိမ်ညာတာက ပိုက်ဆံအနည်းငယ်ပဲ ရှိသေးတယ်...။ အိမ်ခြံမြေတွေရဲ့ အများပိုင် ဧရိယာတွေ ထည့်တွက်တာမျိုးတွေကို ကြည့်ဦးလေ...။ ပိုပြီး တတ်နိုင်တဲ့သူတွေက ပိုပြီးတော့တောင် လိမ်ညာနေကြတာ မဟုတ်ဘူးလား...။”
“သူတို့နဲ့ ယှဉ်ရင် ငါတို့က ဘာမှမဟုတ်တဲ့ အကောင်သေးလေးတွေပဲ... ။ မင်းက ဘာဖြစ်လို့ ဒီလို သေးငယ်တဲ့ ကိစ္စလေးကို ပုံကြီးချဲ့ချင်နေရတာလဲ...။”
လျန်ထျန်းသည် ဖုန်းကို ကြည့်လျက် စာရိုက်နေဆဲ ဖြစ်ပြီး စကားလုံးတိုင်းကို သေသေချာချာ ဆိုလိုက်သည်။
“မကောင်းမှုဟူသည် သေးငယ်သည်ဆိုသော်လည်း မပြုကျင့်ရာ...၊ ကောင်းမှုဟူသည် သေးငယ်သည်ဆိုသော် လည်း မမေ့လျော့ရာ...။”
“အကယ်၍ ဒီနေ့ ကဏန်းရောင်းပြီး သားရေကွင်း ချည်နိုင်ရင် နောင်တစ်ချိန်မှာ ပိုက်ဆံရဖို့အတွက် ဘာတွေ ထပ် လုပ်ဦးမလဲဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ...။”
“အလွန်အကျွံ တုတ်နှောင်ခြင်းနဲ့ အလေးခိုးခြင်းက ဘာထူးလို့လဲ...။ စားသုံးသူတွေရဲ့ အခွင့်အရေးကို ဒီအတိုင်းပဲ လျစ်လျူရှုထားသင့်သလား...။ ဒီလို ဖြစ်ရပ်တွေကို ရပ်တန့်ဖို့ အချိန်တန်ပြီ...။”
လျန်ထျန်း၏ စကား ဆုံးသည်နှင့် တစ်ပြိုင်နက် ပင်လယ်စာဆိုင်ရှင်၏ ဖုန်းသည် မြည်လာခဲ့သည်။
သူသည် အမှာစာ လွှဲပြောင်းခြင်း အကြောင်းကြားစာဟု ထင်မှတ်သဖြင့် ဖုန်းကို ထုတ်ယူ၍ ကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး နိုင်ငံတော်အဆင့် ရတနာတစ်ခု၏ အမည်ကို အလန့်တကြား ရေရွတ်လိုက်မိတော့သည်။
“သေစမ်း... ဒါ ဘာဖြစ်တာလဲ...။”
“ငါ့ဆိုင်က ဘာဖြစ်လို့ အယ်လာမာပေါ်မှာ အနီရောင်ကတ် ပြသခြင်း ခံရတာလဲ...။ ပြီးတော့ ဗီဒီယိုတစ်ခုလည်း ရှိနေတယ်...၊ ခုနက ဖြစ်ပျက်ခဲ့တာတွေ အားလုံး ပါဝင်နေတာပဲ...။”