အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း (၃၁၇)
လုပ်အားခရဖို့ ပိုက်ဆံအရင်စိုက်ရမယ် ဟုတ်လား
“ပြီးတော့ ခင်ဗျားတို့ကို ဈေးနှုန်းအချိုဆုံးနဲ့ ပေးနိုင်တယ်...။ ဒါပေမဲ့ ခင်ဗျားတို့ဘက်က လူအများသိအောင် ဝါဒ ဖြန့်ပေးရမယ်...။”
“ဒုတိယအသုတ် ဝယ်တဲ့သူတွေကတော့ ဈေးနှုန်း အနည်းငယ် ပိုမြင့်သွားလိမ့်မယ်...။ ဒါပေမဲ့ အရင်ကထက် တော့ ဈေးသက်သာနေဆဲပဲ...။”
“တတိယအသုတ် ဝယ်တဲ့သူတွေကတော့ ပုံမှန်ပေါက်ဈေးအတိုင်း ရလိမ့်မယ်...။ စတုတ္ထအသုတ်နဲ့ ပဉ္စမအသုတ် ဝယ်တဲ့သူတွေကတော့ ပိုပြီး မြင့်မားတဲ့ ဈေးနှုန်းနဲ့ ဝယ်ရလိမ့်မယ်...။”
“အတိုချုပ်ပြောရရင် ခင်ဗျားတို့ နောက်ကျမှ ရောက်လာလေလေ ကုန်ကျစရိတ် ပိုများပြီး အမြတ်အစွန်း နည်းပါး လေလေ ဖြစ်လိမ့်မယ်...။ တစ်နည်းအားဖြင့် အရင်ဆုံး ရောက်လာတဲ့သူတွေက နောက်မှ ရောက် လာတဲ့သူတွေရဲ့ အမြတ်အစွန်းကို ဝါးမြိုသွားနိုင်တဲ့ သဘောပဲ...။”
ထင်ထားသည့်အတိုင်းပင် အထက်ဒိုင်များမှာ အလွယ်တကူ ဖြေရှင်းနိုင်သောသူများ မဟုတ်ပေ။ ဤအကွက်မှာ အလွန်ပင် ကောက်ကျစ်လှပေသည်။
သူတို့သည် လူနည်းစုကို ငွေကြေးအမြောက်အမြားဖြင့် ဆွဲဆောင်ကာ လူ့သဘာဝကို အသုံးချနေခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က ထိုမျှားခေါ်မှုကို မခံနိုင်ဘဲ လက်ခံလိုက်သည်နှင့် အခြားသောသူများသည်လည်း အဦးဆုံး အမြတ်ဝေစုကို ရရှိသွားသူအား ကြည့်ရှုရင်း စိတ်မငြိမ်မသက် ဖြစ်လာကာ အပြိုင်အဆိုင် လိုက်လံလုပ်ဆောင် ကြပေလိမ့်မည်။
သစ္စာဖောက်သူများ ပိုမိုများပြားလာသည်နှင့်အမျှ တစ်ချိန်က ခိုင်မာလှသော မဟာမိတ်အဖွဲ့သည် သဲပုံကြီး ပြိုကျသကဲ့သို့ ဖြစ်သွားရကာ ယခင် ကြိုးပမ်းအားထုတ်မှုအားလုံးသည်လည်း အလဟဿ ဖြစ်သွားပေလိမ့် မည်။
ထိုအချိန်ကျမှသာ ဈေးကွက်သည် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ ယခင်အတိုင်း ဆက်လက် တည်ရှိနေပေလိမ့် မည်။
အမှန်တကယ်တွင်မူ နောင်အနာဂတ်၌ လူအများက အသားတစ်တုံးနှင့် ပိုမိုများပြားသော အမြတ်အစွန်းများ အတွက် အပြိုင်အဆိုင် လုယူကြမည်ဖြစ်ရာ အခြေအနေမှာ ပိုမိုဆိုးဝါးလာရုံသာ ရှိပေလိမ့်မည်။
အကယ်၍ ခင်ဗျားတို့အနေဖြင့် နားမလည်နိုင်သေးပါက ဥပမာတစ်ခု ပေးပါရစေ။
၎င်းသည် မုန့်အခု ၁၀၀ နှင့် လူ ၅၀ ရှိနေသည့် သဘောနှင့် တူညီသည်။ အကယ်၍ ၎င်းတို့ကို ညီတူညီမျှ ခွဲဝေ ပေးမည်ဆိုပါက တစ်ဦးလျှင် မုန့်နှစ်ခုစီ ရရှိမည်ဖြစ်ရာ ဆာလောင်မှုကို ပြေပျောက်စေရန် လုံလောက်ရုံမျှသာ ရှိပေလိမ့်မည်။
မုန့်နှစ်ခုမှာမူ ဝပြောစွာ စားသုံးနိုင်ခြင်းမရှိပေ။ မုန့်ဝေပေးသူ၏လက်ထဲတွင် မုန့်များစွာ ကျန်ရှိနေသေးသည်ကို မြင်သောအခါ သူတို့သည် ပူးပေါင်း၍ ကန့်ကွက်ကြပြီး လူတိုင်းအား မုန့်များများ ခွဲဝေပေးရန်နှင့် မုန့်ဝေပေးသူ တစ်ဦးတည်းအား မုန့်အားလုံးကို မပိုင်ဆိုင်စေရန် မျှော်လင့်ကြသည်။
သို့သော်လည်း ထိုအချိန်တွင် မုန့်ဝေပေးသူက ပထမဆုံး နာခံသောသူအား မုန့်ဆယ်ခု ပေးအပ်မည်ဖြစ်ရာ ဝပြော စွာ စားသုံးနိုင်လိမ့်မည်ဟု ဆိုလိုက်သည်။
ဒုတိယအသုတ်တွင်မူ ကိုးခု၊ တတိယအသုတ်တွင် ရှစ်ခု၊ စတုတ္ထအသုတ်တွင် ခုနစ်ခုစသည်ဖြင့် တဖြည်းဖြည်း လျော့နည်းသွားပေလိမ့်မည်။
ဤသို့သော အခြေအနေမျိုးတွင် အချို့သောသူများသည် ဝပြောစွာ စားသုံးနိုင်ရန်အတွက် အဖွဲ့အစည်းကို သစ္စာ ဖောက်ကာ ပထမ၊ ဒုတိယ သို့မဟုတ် တတိယမြောက်သူ ဖြစ်လာရန် ကြိုးပမ်းကြမည် မဟုတ်ပါလား။
မုန့်များ တဖြည်းဖြည်း နည်းပါးလာပြီး လူအများက ငတ်မွတ်ခေါင်းပါးရမည်ကို စိုးရိမ်လာကြသောအခါ ရှေ့သို့ တိုးဝှေ့လာသူ ပိုမိုများပြားလာပြီး အဖွဲ့အစည်းတစ်ခုလုံးမှာလည်း လုံးဝ ပြိုကွဲသွားရတော့သည်။
၎င်းမှာ ဥပမာတစ်ခုမျှသာ ဖြစ်ပြီး အစစ်အမှန် အခြေအနေနှင့် ကွဲပြားသော်လည်း သဘောတရားမှာမူ အတူ တူပင် ဖြစ်သည်။
လူ့သဘာဝသည် အနှစ်သာရအားဖြင့် တိရစ္ဆာန်များနှင့် တူညီပြီး တိရစ္ဆာန်များသည်လည်း အတ္တဆန်သည့် စရိုက် ရှိကြသည်။ ဤစကားမှာ နားဝင်ခက်သော်လည်း အကျိုးအကြောင်း မရှိသည်တော့ မဟုတ်ပေ။
သို့ဆိုလျှင် ဤကုန်သည်များသည် ထိုကဲ့သို့သော ဆွဲဆောင်မှုကို မခံနိုင်ဘဲ အထက်ဒိုင်များနှင့် စေ့စပ်ညှိနှိုင်းရန် ရွေးချယ်ကြမည်လော။
သူတို့သည် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ကြသော်လည်း ခေတ္တမျှသာ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ကုန်သည် ကိုယ်စားလှယ်က ပြတ်သားစွာ ခေါင်းကို ရမ်းလိုက်လေသည်...။
“ကျွန်တော်တို့ လက်မခံနိုင်ပါဘူး...။ ဘာဖြစ်လို့လဲဆိုတော့ ဟန်းဂရီးအဖွဲ့က ကျွန်တော်တို့အားလုံးနဲ့ သဘော တူညီချက် ရယူထားပြီးသား ဖြစ်လို့ပါပဲ...။ တကယ်လို့ သစ္စာဖောက်တဲ့သူ ရှိလာရင် လူတိုင်းရဲ့ အပြစ်ပေးခြင်း ကို ခံရပါလိမ့်မယ်...။”
“ဒီအပြစ်ပေးမှုက အွန်လိုင်းလုပ်ငန်းတွေကိုတင်မကဘဲ ပြင်ပရှိ ဆိုင်အစစ်အမှန်တွေကိုပါ ထိခိုက်စေမှာ ဖြစ်ပါ တယ်...။ ဟန်းဂရီးအဖွဲ့မှာ ဒီလိုမျိုး ပြုလုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်တာကြောင့် ဘယ်သူ မှ သဘောတူမှာ မဟုတ်ပါဘူး...။”
မှန်ပေသည်... ဤသည်မှာ လျန်ထျန်း၏ နောက်ထပ် ပြင်ဆင်ချက်ပင် ဖြစ်ချေသည်။
တစ်ခါတရံတွင် လူအများကို ကိုယ်ကျင့်တရားသက်သက်ဖြင့်သာ စည်းရုံးနိုင်လိမ့်မည်ဟု ထင်မှတ်နေခြင်းမှာ အလွန်ပင် ရိုးအလှပေသည်။
လူများနှင့် ကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် အကောင်းဆုံးနည်းလမ်းမှာ အကြင်နာတရားနှင့် ပြတ်သားမှုကို ပေါင်းစပ်ပြီး နည်းလမ်းမျိုးစုံကို အသုံးပြုခြင်း ဖြစ်ပေသည်။
မုန့်ဝေသည့် ဥပမာကိုပင် တစ်ဖန် ပြန်လည် ကြည့်ကြပါစို့။
မုန့်ဝေပေးသူက ပထမဆုံးသူအား မုန့်ဆယ်ခု ပေးမည်ဟု ဆိုသော်လည်း လူ ၅၀ ရှိစဉ်ကတည်းက ကြိုတင်၍ သဘောတူညီချက် ရယူထားပြီးသား ဖြစ်သည်။
အကယ်၍ အဖွဲ့အစည်းကို သစ္စာဖောက်သူ ရှိလာပါက ထိုမုန့်ဆယ်ခု ရရှိသူအနေဖြင့် မုန့်ကို စားသုံးခွင့်မရမီမှာ ပင် ကျန်ရှိနေသော လူ ၄၉ ဦးက ဝိုင်းအုံ၍ သတ်ဖြတ်ကြပေလိမ့်မည်။
ဤသို့သော တားဆီးပိတ်ဆို့မှုများဖြင့် မည်သူ့ကိုမျှ ရှေ့သို့ မထွက်ရဲအောင် ပြုလုပ်ခြင်းနှင့်အတူ မျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ ပေါင်းစပ်လိုက်သောအခါ အမှုကိစ္စမှာ ပြီးမြောက်သွားရတော့သည်။
ဤအကြောင်းအရာများသည် စကားဖြင့် ဆိုရသည်မှာ လွယ်ကူသော်လည်း ပေးဆပ်ရသော တန်ဖိုးမှာမူ မသေး လှပေ။
မည်သည့်အရာမဆို ဖြစ်ပေါ်လာရန်အတွက် တစ်စုံတစ်ယောက်က တာဝန်ယူပေးဆပ်ရမည် ဖြစ်သည်။ အကယ် ၍ လျန်ထျန်း၏ ငွေကြေးထောက်ပံ့မှုသာ မရှိပါက ဤအစီအစဉ်သည် ပထမဆုံးခြေလှမ်းကိုပင် စတင်နိုင်လိမ့် မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် လက်ရှိ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားသော အခြေအနေမျိုး၌ လျန်ထျန်း အစားအသောက်ပို့ဆောင်ခြင်းမှ ရရှိသော ကော်မရှင်ခတစ်ခုတည်းသာလျှင် မည်သည့်သက်ရောက် မှုမျှမရှိဘဲ မူလအတိုင်း တည်ရှိနေခြင်း ဖြစ်သည်။
ဤအမှုကိစ္စ ပြီးမြောက်စေရန်အတွက် လျန်ထျန်းအနေဖြင့် အခုတလော ပိုမိုကြိုးပမ်းရမည်ဖြစ်ပြီး အစားအ သောက်အမှာစာ အချို့ကို ပိုမိုပို့ဆောင်ရပေလိမ့်မည်။
သို့သော်လည်း မိမိ၏ ရည်မှန်းချက်နှင့် ယုံကြည်ချက်အတွက်မူ သူသည် ဆင်းရဲပင်ပန်းမှုကို ခံနိုင်ရည် ရှိပေ သည်။
နောက်ပိုင်းတွင် အထက်ဒိုင်သည် အခြားသော လူအုပ်စုအချို့နှင့် ထပ်မံ၍ ကြိုးပမ်းခဲ့သော်လည်း အလားတူ အဖြေကိုသာ ရရှိခဲ့သဖြင့် နောက်ဆုံးတွင်မူ ၎င်းတို့ကို စည်းရုံး၍ မရနိုင်တော့ကြောင်း သဘောပေါက်သွား ခဲ့ရလေတော့သည်။
ကဏန်းများသည် အသက်ရှင်နေသော ကုန်စည်များ ဖြစ်သဖြင့် အခြားအရာများနှင့် မတူညီဘဲ ကြက်သွန်ဖြူ သို့မဟုတ် ငရုတ်သီးများကဲ့သို့ သိုလှောင်ထား၍ မရနိုင်ပေ။
၎င်းတို့ကို ရေထဲမှ ဆယ်ယူပြီးနောက် နေ့ရက်တိုင်း...၊ မဟုတ်ပေ...၊ နာရီတိုင်းတွင်ပင် ကြီးမားသော ပျက်စီး ဆုံးရှုံးမှုများ ရှိနေနိုင်ပေသည်။
ထို့ကြောင့် အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူတို့သည် အလျှော့ပေးလိုက်ရကာ ကဏန်းအားလုံးကို သားရေကွင်းများချွတ်၍ ဖယ်ရှားပြီးမှသာ ချိန်တွယ်ရတော့သည်။
ကုန်သည်များသည် ပစ္စည်းများကို လက်ခံရရှိပြီးနောက် ကဏန်းများ ထွက်ပြေးခြင်း၊ သွားလာခြင်း သို့မဟုတ် အချင်းချင်း တိုက်ခိုက်၍ ပျက်စီးခြင်းတို့ မဖြစ်စေရန်အတွက် သာမန် သားရေကွင်းအသေးလေးများဖြင့်သာ ပြန်လည်တုတ်နှောင်ထားလိုက်ကြသည်။
ထိုအဝါရောင် သားရေကွင်းအသေးလေးများ၏ အလေးချိန်မှာ တစ်ဂရမ်၏ အစိတ်အပိုင်းမျှသာ ရှိသဖြင့် ထည့်တွက်နေစရာ မလိုပေ။
ထို့အပြင် သားရေကွင်းအသေးလေးများသည်လည်း ကဏန်းများကို မြဲမြံစွာ ချည်နှောင်နိုင်သကဲ့သို့ ထိုထူထဲ လေးလံသော သားရေကွင်းကြီးများထက်ပင် ချွတ်ရလွယ်ကူကြောင်း တွေ့ရှိရသည်။
ထိုနည်းလမ်းဖြင့် စားသုံးသူများ ကဏန်းကို လက်ခံရရှိသည့်အခါ သားရေကွင်းကို ဝယ်ယူရခြင်းမျိုး ရှိတော့မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် လျန်ထျန်းသည် အယ်လာမာပလက်ဖောင်းကို တာဝန်များ ထုတ်ပြန်စေခဲ့ပြီး ပို့ဆောင်သူ အားလုံးမှတစ်ဆင့် ကုန်သည်များကို ကြည့်ရှုစစ်ဆေးသည့် စနစ်ကို မြှင့်တင်စေခဲ့သည်။
တာဝန်ပြီးဆုံးပါက ဆုလာဘ်များ ရရှိနိုင်သဖြင့် ပို့ဆောင်သူများ၏ တက်ကြွမှုမှာလည်း မလွဲမသွေ တိုးတက်လာ ခဲ့ပေသည်။
ထို့အပြင် ကုန်သည်များ၏ အကျိုးစီးပွားကိုလည်း ကာကွယ်ပေးရမည် ဖြစ်သည်။ မတရား တိုင်ကြားခြင်းမျိုး မဖြစ်စေရန်အတွက် အချက်အလက်အားလုံးကို ဦးထုပ်ပေါ်မှ ကင်မရာဖြင့် မှတ်တမ်းတင်ထားသော ဗီဒီယို များကိုသာ အခြေခံရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကုန်သည်ဖြစ်စေ ပို့ဆောင်သူဖြစ်စေ အမှန်တရားကိုသာ အခြေခံရပေလိမ့်မည်။ ထိုသို့ မဟုတ် ဘဲ လိမ်ညာလှည့်ဖြားသူ ရှိလာပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဖြစ်ပြီး မည်သည့်အခါမျှ ညှာတာလိမ့် မည် မဟုတ်ပေ။
ဤကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများနှင့် စီမံခန့်ခွဲမှုများအောက်တွင် အခြားသော လောကတစ်ခု၏ ဈေးကွက် သည်လည်း ပိုမိုတရားမျှတပြီး သန့်ရှင်းစွာ ပြောင်းလဲသွားခဲ့ရလေတော့သည်။
လျန်ထျန်းသည် ၎င်းအတွက် ကျေနပ်မိသော်လည်း မိမိ၏ ဂုဏ်ဒြပ်ကို ထုတ်ဖော်ပြသခြင်း သို့မဟုတ် ကြွားဝါ ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
သူသည် မိမိ၏ သရုပ်မှန်ကို သေသေချာချာ ဖုံးကွယ်ထားဆဲဖြစ်ပြီး ပုံမှန်အတိုင်း သာမန် အစားအသောက် ပို့ဆောင်သူတစ်ဦးကဲ့သို့သာ ပြုမူနေထိုင်သည်။
သူသည် လျှပ်စစ်စကူတာကို စီးနင်းကာ မြို့ပြ၏ လမ်းမများနှင့် ဟူထုံရပ်ကွက်များအတွင်း ဖြတ်သန်းလျက် အစားအသောက်အမှာစာများကို တစ်ခုပြီးတစ်ခု ပို့ဆောင်ပေးနေဆဲ ဖြစ်သည်။
သို့သော်လည်း တစ်နေ့သောအခါ၌ လျန်ထျန်းသည် တစ်စုံတစ်ယောက်က အစားအသောက် ပို့ဆောင်သူများကို ပစ်မှတ်ထားနေကြောင်း အမှတ်မထင် ရှာဖွေတွေ့ရှိသွားခဲ့ရသည်။
အဖြစ်အပျက်မှာ ဤသို့ ဖြစ်သည်။ အခုတလော မစ္စတာဝမ်သည် ခန္ဓာကိုယ် နေထိုင်မကောင်း ဖြစ်နေခဲ့သည်။
၎င်းမှာလည်း နားလည်ပေးနိုင်စရာ ရှိပေသည်။ မည်သို့ပင်ဆိုစေ သူသည် ယခုအခါ ဘီလီယံချီ တန်ဖိုးရှိသော မိမိ၏ ထိပ်တန်းသူဌေးကော်ပိုရေးရှင်းကို စီမံခန့်ခွဲနေရရုံတင်မကဘဲ ဟန်းဂရီးအဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန် ယူနေရသောကြောင့် ဖြစ်သည်။
ဒါ့အပြင် အချိန်ကာလသည် မည်သူ့ကိုမျှ စောင့်ဆိုင်းမနေဘဲ မစ္စတာဝမ်သည် အမှန်တကယ်ပင် အိုမင်းလာခဲ့ပြီ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်လှသော အလုပ်တာဝန်များကို ရေရှည် မခံနိုင်တော့သည်မှာ သေချာ လှပေသည်။
ထို့ကြောင့် လျန်ထျန်းသည် သဘာဝကျစွာပင် သူ့အား ခွင့်ရက်ရှည် ပေးအပ်ခဲ့ပြီး ဆေးရုံသို့ သွားရောက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးစေခဲ့ပြီးနောက် ကောင်းမွန်စွာ အနားယူစေခဲ့သည်။
ဘာပဲဖြစ်ဖြစ် လျန်ထျန်းသည် အစဉ်အမြဲပင် လူသားချင်းစာနာမှုကို အခြေခံသူဖြစ်ရာ ဥက္ကဋ္ဌဖြစ်စေ ပို့ဆောင်သူ ဖြစ်စေ ကျန်းမာရေးသည်သာ အရေးကြီးဆုံး အရာ ဖြစ်သည်။
သို့သော်လည်း မစ္စတာဝမ် မရှိတော့သည့်အခါ ဟန်းဂရီးအဖွဲ့၏ စီမံခန့်ခွဲမှုအပိုင်းတွင် ဟာကွက်တစ်ခု ရှိလာခဲ့ သည်မှာ သေချာပေသည်။
လျန်ထျန်းကိုယ်တိုင်မှာမူ အစားအသောက် ပို့ဆောင်ရန် အလွန်အလုပ်ရှုပ်နေသဖြင့် ၎င်းကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။ သူ မလုပ်နိုင်သည်မှာ သေချာသည်။ ကုမ္ပဏီအတွင်းရှိ ဟာကွက်များစွာကို သူ၏ အစားအသောက်ပို့ ဆောင်ရေး လုပ်ငန်းဖြင့်သာ ဖြည့်ဆည်းပေးရဦးမည် ဖြစ်သည်။
သူသည် ကမ္ဘာ့ကုန်ဈေးနှုန်း အဆတစ်သန်း ပြုတ်ကျသွားသော အခြေအနေမျိုး၏ သက်ရောက်မှုကို မခံရဘဲ အစားအသောက် ပို့ဆောင်ရုံမျှဖြင့် တစ်နေ့လျှင် ယွမ် သန်း လေးငါးရာနှင့် ညီမျှသော ဝင်ငွေကို ရရှိနေသဖြင့် ၎င်းကို လက်လွှတ်ရန် မဖြစ်နိုင်ပေ။
အခြားသော ဒုတိယ အထွေထွေမန်နေဂျာများမှာမူ မိမိတို့၏ အရေးကြီးသော စီမံကိန်းများကို လုပ်ဆောင်နေကြ ရသဖြင့် အလုံးစုံသော အခြေအနေကို စီမံခန့်ခွဲရန် အချိန်မရှိကြပေ။
ထို့ကြောင့် ဟန်းဂရီးအဖွဲ့သည် ယာယီ ဥက္ကဋ္ဌတစ်ဦးကို လျင်မြန်စွာ ခေါ်ယူရန် လိုအပ်လာခဲ့သည်။
သို့သော်လည်း လက်ရှိ ဟန်းဂရီးအဖွဲ့၏ ကျော်ကြားမှုအရ ပညာရှင်များကို ဆွဲဆောင်ရန်မှာ မခက်ခဲလှပေ။
မကြာမီအချိန်အတွင်းမှာပင် စီးပွားရေးလောကမှ ပညာရှင်အမြောက်အမြား ရှေ့သို့ ရောက်ရှိလာကြသည်။
အဆင့်ဆင့် ရွေးချယ်ပြီးနောက်တွင် ထူးချွန်လှသော ပညာရှင်တစ်ဦး ထွက်ပေါ်လာခဲ့လေသည်။
ထိုသို့ ရွေးချယ်နေသည့် အချိန်အတွင်း လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ရန် အလုပ်ရှုပ်နေခဲ့သလို မိမိ ၏ သရုပ်မှန်ကိုလည်း ဖုံးကွယ်ထားရသဖြင့် ၎င်းတွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ဘဲ အခြေအနေကိုသာ အနည်း ငယ် မေးမြန်းခဲ့လေသည်။
ထိုပညာရှင်၏ အထူးချွန်ဆုံးသော အစိတ်အပိုင်းမှာ သူ၏ ကိုယ်ရေးအကျဉ်း ဖြစ်သည်။
သူ့တွင် အရာရာ ရှိနေသည်။ ထိပ်တန်း တက္ကသိုလ်မှ ဘွဲ့ရရှိထားခြင်း၊ နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ဖူးသည့် အတွေ့အကြုံ ရှိခြင်း၊ ဖော်ကျွန်းကော်ပိုရေးရှင်း (၅၀၀) အတွင်း၌ အဆင့်မြင့် စီမံခန့်ခွဲမှု အတွေ့အကြုံ ရှိခြင်းနှင့် အမျိုးမျိုးသော ပညာရှင် ဘွဲ့ထူး ဂုဏ်ထူးများပင် ဖြစ်သည်။
အတိုချုပ်ပြောရရင် သူ၏ ကိုယ်ရေးအကျဉ်းမှာ အလွန်ပင် ပြည့်စုံလှပပြီး ကြည့်လိုက်ရုံမျှဖြင့် အရာရာကို လုပ်ဆောင်နိုင်စွမ်း ရှိသူဟု ခံစားရစေသည်။
ထိုအရာအားလုံးကို သိရှိရပြီးနောက် လျန်ထျန်းသည် အနည်းငယ် လွန်ကဲနေသည်ဟု ခံစားရကာ စိတ်မသက် မသာ ဖြစ်ရသည့် ခံစားချက်မျိုး ပေါ်ထွက်လာခဲ့သည်။
သို့သော်လည်း တစ်ဖန် ပြန်လည် တွေးတောမိသည်မှာ မိမိသည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုးကို မကြုံတွေ့ဖူးသေးသဖြင့် အနည်းငယ် အမြင်ကျဉ်းမြောင်းနေခြင်း ဖြစ်နိုင်ပေသည်။
ဤကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်များသည် ထူးခြားလှသော ဘဝမျိုး ရှိကြသည်မှာ သဘာဝပင် ဖြစ်လိမ့်မည်။
ဤသို့ တွေးတောမိသောအခါ လျန်ထျန်းသည် ခေါင်းညိတ်ကာ သူ့အား အရင်ဆုံး စမ်းသပ်လုပ်ကိုင်ခွင့်ပြုရန် သဘောတူလိုက်ပြီး တစ်လကြာလျှင် မည်သို့ရှိမည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ယခု အသစ်ခန့်အပ်လိုက်သော ယာယီဥက္ကဋ္ဌ၏ အမည်မှာ ကျုံးစုန့် ဖြစ်ပြီး အသက် လေးဆယ်ဝန်းကျင်မျှ ရှိပြီ ဖြစ်သည်။
ဤရာထူးနှင့် ဤအသက်အရွယ်အရ သူသည် အမှန်တကယ်ပင် မအိုသေးဘဲ ငယ်စဉ်ကတည်းက အောင်မြင် ကျော်ကြားသူတစ်ဦးဟု ဆိုနိုင်ပေသည်။
သူသည် ဟန်းဂရီးအဖွဲ့၏ ဌာနချုပ်သို့ ရောက်ရှိကာ ရာထူးကို လက်ခံရရှိပြီးနောက် ပထမဆုံးနေ့မှာပင် ချက်ချင်း ညွှန်ကြားချက်များ ပေးအပ်ကာ မိမိ၏ ထင်မြင်ချက်များကို ကျယ်လောင်စွာ ပြောဆိုလေတော့သည်။
ရလဒ်များကို ခေတ္တဖယ်ထားလျှင်ပင် သူ၏ ကိုင်တွယ်ပုံမှာ အလွန်ပင် ကောင်းမွန်လှပြီး မကြာမီအချိန်အတွင်း မှာပင် ဟန်းဂရီးအဖွဲ့အတွင်းရှိ လူတိုင်းသည် သူ၏ ညွှန်ကြားချက်များကို လိုက်နာကြတော့သည်။
စီမံခန့်ခွဲမှုအပိုင်းတွင်မူ သူ၌ အရည်အချင်းအချို့ ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။
သို့သော်လည်း လျန်ထျန်းသည် သူ့အား နောက်ကွယ်မှ တိတ်ဆိတ်စွာ ဆက်လက် စောင့်ကြည့်လိုသေးသဖြင့် သူ နှင့် လူကိုယ်တိုင် ဆုံတွေ့ခြင်း မရှိခဲ့ဘဲ ယခင်အတိုင်း မထင်မှတ်ထားသော အစုရှယ်ယာရှင်ကြီးအဖြစ်သာ ဆက် လက် တည်ရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် အခြားသော အမှုဆောင်များကိုလည်း မိမိ၏ သရုပ်မှန်ကို လျှို့ဝှက်ထားရန် ညွှန်ကြားခဲ့ပြီး အထူးသဖြင့် မိမိ နေ့ရက်တိုင်း အစားအသောက် ပို့ဆောင်နေသည့် အကြောင်းအရာကို အစ အနမျှပင် မပေါက်ကြားစေရန် တားမြစ်ခဲ့သည်။
ပထမ လဝက်အတွင်း၌ အရာရာသည် အဆင်ပြေချောမွေ့စွာ တည်ရှိနေခဲ့သည်။ ယာယီဥက္ကဋ္ဌ ကျုံးစုန့်သည် ကြီးမားသော အောင်မြင်မှုများကို မရရှိခဲ့သော်လည်း အနည်းဆုံးတော့ မည်သည့်အမှားမျှ ပြုလုပ်ခဲ့ခြင်း မရှိပေ။
လျန်ထျန်း၏ အမြင်အရ ၎င်းမှာ လုံလောက်လှပေပြီ။ အကယ်၍ နောင်အနာဂတ်တွင် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုး တက်လာပါက သူ့အား ဥက္ကဋ္ဌဝမ်၏ ဆက်ခံသူအဖြစ် အမှန်တကယ် မွေးမြူနိုင်ပြီး ဥက္ကဋ္ဌအသစ် ဖြစ်လာစေနိုင် ပေသည်။
သို့သော်လည်း ဖြစ်ရပ်တစ်ခုကြောင့် လျန်ထျန်းသည် ယာယီဥက္ကဋ္ဌ ကျုံးစုန့်၏ အစစ်အမှန် စရိုက်လက္ခဏာ ကို မြင်တွေ့သွားခဲ့ရပေတော့သည်။
လူအများ သိကြသည့်အတိုင်း လျန်ထျန်းသည် အရည်အချင်းကို အဓိက မထားပေ။ လူတစ်ဦးသည် မည်မျှပင် အရည်အချင်း ရှိစေကာမူ စာရိတ္တပိုင်း၌ ဟာကွက် ရှိနေပါက အရာအားလုံး ပျက်စီးသွားပေလိမ့်မည်။
ထိုဖြစ်ရပ်သည် ထိုနေ့နံနက်ခင်း၌ လျန်ထျန်း အပြင်သို့ ထွက်ခွာလာပြီး အမှာစာတစ်ခုကို လက်ခံရန် ပြင်ဆင် နေသည့် အချိန်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ပို့ဆောင်သူ အကောင့်၏ ပင်မမျက်နှာစာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လုပ်ဆောင်ချက်အသစ် ရှိကြောင်း အကြောင်းကြားစာတစ်ခု ပေါ်ထွက်လာခဲ့သည်။
လျန်ထျန်းသည် ၎င်းကို နှိပ်၍ ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားရပြီး နောက်ဆုံးတွင် အလန့်တကြား ရေရွတ်မိတော့သည်...။
“ဒါတွေက ဘာလဲ...၊ သူတို့က အမှာစာ ပို့ဆောင်ဖို့အတွက် ပိုက်ဆံအရင်စိုက်ရမယ့် ခေတ်သစ်ကို စတင်နေ တာလား...။ ဒါက လုပ်အားခရဖို့ ပိုက်ဆံအရင်စိုက်ရတာနဲ့ ဘာထူးလို့လဲ...။”
အစားအသောက် ပို့ဆောင်သူများသည် အစားအသောက်များနှင့် အမှာစာများကို ဘာဖြစ်လို့ ပို့ဆောင်နေ ကြပါသနည်း။ ပိုက်ဆံရှာရန်အတွက် မဟုတ်ပါလား။
“အခုတော့ သူတို့ကို ပစ္စည်းပို့ဖို့အတွက် ပိုက်ဆံအရင်ပေးခိုင်းနေတာလား...။ ဒါက အဓိပ္ပာယ်မရှိလိုက်တာ...။”
သူသည် ဒေါသတကြီးဖြင့် ရေရွတ်လိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ အသေးစိတ် စည်းမျဉ်းများကို ဆက်လက် ဖတ်ရှုလိုက်သည်။
“ဒေါသမထွက်နဲ့...၊ ဒေါသမထွက်နဲ့...။ ဒေါသထွက်လို့ ဖျားနာသွားရင် ဘယ်သူမှ ကိုယ့်ကိုယ်စား လာပြီး နာကျင် ပေးမှာ မဟုတ်ဘူး...။”
“အရင်ဆုံး ဒီအသေးစိတ် စည်းမျဉ်းတွေကို သေသေချာချာ ကြည့်ကြည့်ရအောင်...။ အချိုးအကွေ့တစ်ခု ရှိနေနိုင် တာပဲလေ...။”
“ဪ...၊ ဒါက ပို့ဆောင်သူတွေကို 'ကံကောင်းခြင်းကြယ်ပွင့်' လို့ ခေါ်တဲ့ ဆွဲပြားလေးတွေကို ပိုက်ဆံပေးပြီး ဝယ်ခိုင်းတာပဲ...။”
“ဒီဆွဲပြားလေးတွေရဲ့ အကျိုးကျေးဇူးကတော့...၊ အမှာစာတစ်ခု ပို့ဆောင်တိုင်း ဆွဲပြားတစ်ခု ကုန်ဆုံးသွားမှာ ဖြစ်ပြီး ရွှေဒင်္ဂါး (၁၀) ပြားကနေ (၂၀၀) ပြားအထိ ကျပန်း ရရှိနိုင်မှာ ဖြစ်တယ် ဆိုပါလား...။”