← Chapters

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း (၃၁၈)

အကျိုးအမြတ်အတွက်နှင့် ရိုးရှင်းသောအရာကို ရှုပ်ထွေးအောင် ပြုလုပ်ခြင်း

“နာ့ဒင်္ဂါး တစ်ပြားလျှင် ဆွဲပြားတစ်ခု ဝယ်ယူနိုင်ပြီး နာ့ဒင်္ဂါး ကိုးပြားနှင့်ကိုးပဲဆိုလျှင် ဆွဲပြားဆယ်ခု ဝယ်ယူနိုင် ကာ နာ့ဒင်္ဂါး ကိုးဆယ့်ကိုးပြားဆိုလျှင်မူ ဆွဲပြားတစ်ရာအထိ ဝယ်ယူနိုင်ပေသည်…။”

“ဤသည်မှာ လျှော့ဈေးနှုန်းသာ ဖြစ်သေး၏...။ မူလဈေးနှုန်းမှာ ဆွဲပြားတစ်ခုလျှင် နာ့ဒင်္ဂါး နှစ်ပြား၊ ဆယ်ခုလျှင် နာ့ဒင်္ဂါး တစ်ဆယ့်ကိုးပြား ကိုးပဲနှင့် တစ်ရာလျှင် နာ့ဒင်္ဂါး တစ်ရာ့ကိုးဆယ့်ကိုးပြား ဖြစ်သည်…။”

“ဆွဲပြားကို အသုံးပြု၍ ရရှိလာသော ရွှေဒင်္ဂါးများကို သီးသန့်အရောင်းဆိုင်၌ ပစ္စည်းများ ပြန်လည်လဲလှယ်ရာ တွင် အသုံးပြုနိုင်ပြီး ၎င်းတို့မှာ လမ်းကြုံအမှာစာကတ်၊ အမှာစာလုကတ်၊ အမှာစာကြီးကတ်နှင့် လမ်းသာအမှာ စာကတ်တို့ ဖြစ်ကြသည်...။”

“သောက်ကျိုးနည်း...၊ ဒါက တရားဝင် ညစ်တာပဲ မဟုတ်လား...။”

လျန်ထျန်းသည် စက္ကန့်အနည်းငယ်မျှ မှင်တက်သွားပြီးနောက် ထို ‘ကျားကွက်’ များ၏ အသေးစိတ်စာမျက်နှာကို နှိပ်၍ ဆက်လက်ဖတ်ရှုလိုက်လေသည်။

“ရွှေဒင်္ဂါး ကိုးဆယ့်ကိုးပြားလျှင် လမ်းကြုံအမှာစာကတ် တစ်ရွက် လဲလှယ်နိုင်သည်...။ အသုံးပြုပြီးပါက တစ်ကီလိုမီတာအတွင်းရှိ လမ်းကြုံအမှာစာများကို ရရှိရန် အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်း ပိုမိုများပြားလာမည် ဖြစ်သည်…။”

“အမှာစာလုကတ် တစ်ရွက်လျှင် ရွှေဒင်္ဂါး တစ်ရာ့ကိုးဆယ့်ကိုးပြား ကျသင့်မည် ဖြစ်သည်...။ အသုံးပြုပြီးပါက အခြားသူများထက် စက္ကန့်အနှစ်ဆယ်စော၍ အမှာစာကို မြင်တွေ့နိုင်ပြီး အမှာစာအား ဦးစွာရွေးချယ်ပိုင်ခွင့်ကို ရရှိမည် ဖြစ်သည်…။”

“အမှာစာကြီးကတ် တစ်ရွက်လျှင် ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ့်ကိုးပြား ကျသင့်မည် ဖြစ်သည်...၊ အသုံးပြုပြီးပါက အခြေခံအမှာစာခထက် သုံးဆပိုမိုများပြားသော အမှာစာကြီးများကို ရရှိရန် အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်း ပိုမိုများပြားလာမည် ဖြစ်သည်…။”

“ရွှေဒင်္ဂါး လေးရာ့ကိုးဆယ့်ကိုးပြားလျှင် ‘ချောမွေ့အဆင်ပြေ’ ကတ်တစ်ရွက် လဲလှယ်နိုင်သည်...။ ၎င်းကို အသုံး ပြုပါက မိမိသွားမည့်လမ်းကြောင်းအတိုင်း အကောင်းဆုံး အမှာစာများကို ရရှိရန် အခွင့်အရေး ငါးဆယ်ရာ ခိုင်နှုန်း ပိုမိုများပြားလာမည် ဖြစ်သည်...။”

ကျားကွက်ပစ္စည်းအားလုံး၏ အသေးစိတ်ရှင်းလင်းချက်များကို ဖတ်ရှုပြီးနောက် လျန်ထျန်းမှာ ဒေါသအဟုန် ပြင်းပြင်း ထွက်လာရတော့သည်။

“ရှင်းရှင်းပြောရရင် နောင်ကျရင် အမှာစာတွေ ပိုရချင်လို့ပဲဖြစ်ဖြစ်၊ အမှာစာကောင်းကောင်း ရချင်လို့ပဲဖြစ်ဖြစ် ပိုက်ဆံပေးပြီး ဒီပစ္စည်းတွေကို ဝယ်ရမယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား...။”

“ပိုက်ဆံမပေးဘဲ ပစ္စည်းမဝယ်တဲ့သူတွေကျတော့ သူများပယ်ထားတဲ့ အမှိုက်အမှာစာတွေကိုပဲ ရတော့မှာပေါ့...၊ ဒီထဲမှာ ဘယ်နားမှာ တရားမျှတမှုနဲ့ သမာသမတ်ကျမှု ရှိလို့လဲ...။”

လျန်ထျန်းသည် ခေတ္တမျှ ရပ်နားကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ဒေါသတကြီးဖြင့် ဆက်လက် ရေရွတ်လိုက်လေသည်။

“အဆိုးဆုံးကတော့ တကယ်လို့များ လူတိုင်းကသာ ဒီအခွင့်အရေးတွေနဲ့ ပစ္စည်းတွေကို ဝယ်ကြမယ်ဆိုရင် ဝယ် တာနဲ့ မဝယ်တာ ဘာထူးတော့မှာလဲ...။”

“ဒါက ပို့ဆောင်ရေးသမားအချင်းချင်း အပြန်အလှန် ပြိုင်ဆိုင်ခိုင်းပြီး သူတို့ဆီကနေ ပိုက်ဆံညှစ်ဖို့ သက်သက် လုပ်ထားတာ သိသာလွန်းတယ်...။”

“ဘယ်လိုအရှင်သခင်မျိုးက ကိုယ့်ရဲ့ လူတွေကို ဒီလောက်အထိ ကောက်ကျစ်စွာ ခေါင်းပုံဖြတ်ရက်ရတာလဲ...။ ဒီအကြံကို ထုတ်တဲ့သူကတော့ တကယ်ပဲ ဦးနှောက်မရှိတာပဲ...။”

လျန်ထျန်းသည် ဟန်းဂရီးအုပ်စု၏ အဓိကအစုရှယ်ယာရှင်ကြီး ဖြစ်သဖြင့် သူကသာ အရှင်သခင်အစစ်အမှန် ဖြစ်လေသည်။

ဤအကြံဉာဏ်ကို မည်သူထုတ်သည်ဆိုသည်မှာ ခန့်မှန်းရလွယ်ကူလှပြီး ယာယီဥက္ကဋ္ဌ ဖြစ်သူ ကျုံးစုန့်မှလွဲ၍ အခြားမရှိနိုင်ပေ။

၎င်းက ဘာကြောင့် ဤကဲ့သို့ ပြုလုပ်ရသနည်းဆိုသည်ကို လျန်ထျန်း အနည်းငယ် ချိတ်ဆက်မိလိုက်သည်။

အယ်လာမာကို သူလွှဲပြောင်းယူပြီးကတည်းက ပို့ဆောင်ရေးသမားများကို အခွင့်အရေးနှင့် ခံစားခွင့်များစွာ ပေးခဲ့သဖြင့် ကုန်ကျစရိတ်မှာ အလွန်ကြီးမားလှသည်။

ထို့အပြင် ဝယ်ယူသူများအတွက် ပရိုမိုးရှင်းများနှင့် ကူပွန်များ ပေးရုံမျှမက ကုန်သည်များကိုလည်း ထောက်ပံ့ ကြေးများ မကြာခဏ ပေးခဲ့ရသေးသည်။

အစားအသောက်ပို့ဆောင်မှု အမှာစာတစ်ခုစီတိုင်းတွင် အယ်လာမာအနေဖြင့် အမြတ်အစွန်း အနည်းငယ်သာ ရရှိပြီး ပရိုမိုးရှင်းကာလများတွင်မူ အရှုံးပင် ပြရလေသည်။

အကယ်၍ အမှာစာအရေအတွက် အလွန်အမင်းများပြားခြင်းနှင့် လျန်ထျန်းက နောက်ကွယ်မှ ငွေကြေးစိုက် ထုတ်ပေးခြင်းတို့ မရှိခဲ့ပါက...၊ အထက်ပါအချက်များ မရှိဘဲ ကုမ္ပဏီလည်ပတ်ရေး ကုန်ကျစရိတ်များကို နှုတ် လိုက်လျှင် အယ်လာမာသည် အမှန်တကယ်ပင် အရှုံးပေါ်ပေလိမ့်မည်။

ဤကဲ့သို့သော ကုမ္ပဏီကြီးတစ်ခုသည် အရှုံးမရှိ အမြတ်မရှိ အခြေအနေဖြင့်သာ ထိန်းထားရသဖြင့် ယာယီဥက္ကဋ္ဌ ကျုံးစုန့်အနေဖြင့် ထူးခြားသော အောင်မြင်မှုတစ်ခုကို ပြသချင်နေသည်မှာ သဘာဝကျပေသည်။

သို့သော် သူ၏နည်းလမ်းမှာမူ လျန်ထျန်း၏ ကိုယ်ကျင့်တရား စည်းမျဉ်းကို ကျော်လွန်သွားခဲ့လေပြီ။

သူမ၏အမြင်တွင်မူ ထိုအစားအသောက်ပို့ဆောင်ရေးသမားများကို ခံစားခွင့်များစွာ ပေးထားပြီးမှ ထိုအထဲက အနည်းငယ်ကို ပြန်လည်ညှစ်ထုတ်ခြင်းမှာ ဘာအပြစ်ရှိသနည်းဟု ထင်နေပေလိမ့်မည်။

ထို့အပြင် ၎င်းတို့ထံမှ ရရှိမည့် ပိုက်ဆံပမာဏမှာ အမှာစာတစ်ခုလျှင် တစ်ယွမ်ပင် မပြည့်သဖြင့် မများလှပေ။

သို့သော် တစ်နိုင်ငံလုံးတွင် ရှိနေသော သန်းနှင့်ချီသည့် ပို့ဆောင်ရေးသမား အရေအတွက်နှင့် တွက်ချက်လိုက်ပါ က တစ်ရက်အတွင်း ရရှိမည့် ပမာဏမှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။

အကယ်၍ ကုမ္ပဏီအတွက် အမြတ်အစွန်းများ ဖန်တီးပေးနိုင်ပြီး အရှုံးမှ အမြတ်သို့ ပြောင်းလဲပေးနိုင်ပါက ယာယီ ဥက္ကဋ္ဌဖြစ်သူ သူသည်လည်း ဆုလာဘ်များစွာ ရရှိမည်မှာ သေချာသည်။

လျန်ထျန်း၏ ခန့်မှန်းချက်မှာ အမှန်တကယ် ပစ်မှတ်သို့ ထိမှန်ခဲ့လေသည်။ ဤအချိန်၌ ကျုံးစုန့်သည် ဟန်းဂရီး အုပ်စု၏ ဌာနချုပ်ရှိ ဥက္ကဋ္ဌရုံးခန်းအတွင်း၌ ထိုင်နေခဲ့လေသည်။

ထိုယာယီဥက္ကဋ္ဌသည် အေးမြသော လေအေးပေးစက်အောက်တွင် ကော်ဖီကို အရသာခံသောက်ရင်း မောက်မာ စွာ ပြုံးလိုက်လေသည်။

*အဲ့ဒီ နက်နဲလှတဲ့ အစုရှယ်ယာရှင်ကြီးက အခုထိ ပေါ်မလာသေးဘူးပဲ...။ သူက ငါ့ရဲ့ အရည်အချင်းကို စမ်းသပ် နေတာ ထင်တယ်...။*

*ငါ့ရဲ့ ဒီကွက်ကိုပဲ ကြည့်လိုက်လေ...၊ ငါက တစ်ရက်တည်းနဲ့ အမြတ်ငွေ သန်းနဲ့ချီပြီး သက်သာအောင် လုပ်ပေး နိုင်တယ်...။ နောက်ပိုင်းဆိုရင် ဒီထက်တောင် ပိုဦးမှာ...။*

*အရင်က ပို့ဆောင်ရေးသမားတွေကို ပေးခဲ့တဲ့ ခံစားခွင့်တွေက အရမ်းများလွန်းတယ်...။ ဒီလို အခြေခံ အလုပ် သမားတွေအတွက် ဒီလောက်အထိ အခွင့်အရေးကောင်းတွေ မလိုပါဘူး...။*

*အစုရှယ်ယာရှင်ကြီးကလည်း ဟန်းဂရီးအုပ်စုကို သိမ်းပိုက်ချင်လို့သာ လစာတွေကို အတင်းတိုးပေးခဲ့ရတာ နေမှာ...။ အခုကျတော့ အဲ့ဒီလစာတွေကို ပြန်မလျှော့ရဲဘဲ စိတ်ညစ်နေလောက်ပြီ...။*

*ဒီအချိန်မှာ နည်းဗျူဟာ သုံးရတာပေါ့...။ ငါ့ရဲ့ ဒီနည်းလမ်းက အစုရှယ်ယာရှင်ကြီးရဲ့ စိတ်ပူပန်မှုကို အကောင်း ဆုံး ဖြေရှင်းပေးနိုင်တာပဲ...။*

*သူမကြာခင် ငါ့ကို တွေ့ဖို့ လာမှာ သေချာတယ်...။ ပြီးရင် ငါ့ကို အမြဲတမ်း ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ဆုလာဘ် တွေ အများကြီး ပေးလိမ့်မယ်...။ ဒါဆိုရင် ငါ့ဘဝရဲ့ ထိပ်ဆုံးကို ရောက်ပြီပေါ့...၊ ဟားဟားဟား...။*

ကျုံးစုန့်သည် မိမိ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မြောနေဆဲ ဖြစ်သည်။

သူမသိသည်မှာ လျန်ထျန်းသည် ဤအခြင်းအရာကြောင့် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်နေခြင်းပင်။

“ဒီအရာသာ အပြင်ကို ထွက်သွားရင် ဝေဖန်မှုတွေ အများကြီး ခံရမှာ သေချာတယ်...။ ဟန်းဂရီးအုပ်စု ခက်ခက် ခဲခဲ တည်ဆောက်ထားရတဲ့ ပုံရိပ်တွေလည်း အကုန်ပျက်စီးသွားလိမ့်မယ်...။ မဖြစ်ဘူး...၊ ငါ ချက်ချင်း တားရ မယ်...။”

သို့သော် လျန်ထျန်းသည် လှုပ်ရှားရန် ပြင်ပြီးမှ ပြန်လည်ရပ်တန့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

*ဒါပေမဲ့ ငါသာ တိုက်ရိုက်သွားပြီး ရင်ဆိုင်ရင် သူ့လို လျှပ်ပေါ်လော်လီတဲ့သူက သူ့ကိုယ်သူ အပြစ်ကလွတ်အောင် ဆင်ခြေတွေ ရှာမှာ သေချာတယ်...။*

*တကယ်လို့ သူက သူ့ရဲ့ ရည်ရွယ်ချက်အမှန်ကို ငြင်းဆိုပြီး ပို့ဆောင်ရေးသမားတွေရဲ့ အကျိုးအတွက် လုပ်တာပါ လို့ အတင်းပြောနေရင် ငါလည်း ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး...။*

*ငါ အစီအစဉ်ကောင်းကောင်း ဆွဲရမယ်...။ တစ်ချိန်တည်းမှာပဲ သူငြင်းလို့မရအောင် အချက်အလက် သက်သေ တွေနဲ့ ပြောရမယ်...။ သူ့မျက်နှာကို ဖြန်းခနဲနေအောင် ရိုက်ပစ်ရမယ်...။*

ဤသို့ တွေးတောပြီးနောက် လျန်ထျန်းသည် စေ့စပ်သေချာသော အစီအစဉ်တစ်ခုကို စတင် ပြုလုပ်တော့သည်။

ဘက်ပေါင်းစုံမှ သေချာစွာ စဉ်းစားပြီးနောက် သူသည် ‘ကံကောင်းခြင်းကြယ်ပွင့်’ ခံစားခွင့်ကို စမ်းသပ်ဝယ်ယူ ကာ အစားအသောက်များကို စတင်ပို့ဆောင်လေသည်။

ကံကောင်းခြင်းကြယ်ပွင့် တစ်ရာကို အရင်ဝယ်ရမည်...။ ဤနေရာတွင် တစ်ဖန် ပြန်လည်ပြောရလျှင် လျန်ထျန်း ၏ အစားအသောက်ပို့ခမှာ ကမ္ဘာ့ငွေကြေးတန်ဖိုး အဆတစ်သန်း ပြုတ်ကျသွားခြင်း၏ သက်ရောက်မှုကို မခံ ရပေ။

ထို့ကြောင့် သူ၏ အစားအသောက်ပို့ဆောင်ရေးအကောင့်ဖြင့် ဤကံကောင်းခြင်းကြယ်ပွင့်ကို ဝယ်ယူခြင်း သည်လည်း ငွေကြေးဖောင်းပွမှု ဒဏ်ကို မခံရပေ။

တစ်နည်းအားဖြင့် ဆိုရသော် လျန်ထျန်းသည် ဤကံကောင်းခြင်းကြယ်ပွင့် တစ်ရာ၏ အခွင့်အရေးကို ဝယ်ယူရန် ကိုးဆယ့်ကိုးယွမ် သုံးစွဲရမည် ဖြစ်သည်။

လက်ရှိအချိန်၌ ကိုးဆယ့်ကိုးယွမ်ဆိုသည်မှာ ငွေကြေးတန်ဖိုး မကျဆင်းမီက ယွမ်ကိုးဆယ့်ကိုးဆယ် ဘီလီယံ နှင့် ညီမျှပေသည်။

မိမိကိုယ်ကိုယ်အတွက် ဤမျှများပြားသော ပိုက်ဆံကို မသုံးစွဲခဲ့ရသည်မှာ ကြာပြီဖြစ်ပြီး လက်ရှိ ကုန်ဈေးနှုန်း များကို ကျင့်သားရနေပြီ ဖြစ်သဖြင့် လျန်ထျန်းမှာ နှမြောတသဖြစ်ခြင်းကို မအောင့်နိုင်တော့ပေ။

ထိုမျှမက ဤကဲ့သို့သော အမှိုက်အစီအစဉ်ကို ထုတ်ခဲ့သည့် ယာယီဥက္ကဋ္ဌ ကျုံးစုန့်ကိုလည်း ပို၍ ရွံရှာမိလေ သည်။

သို့သော် ဝယ်ပြီးခါမှတော့ စမ်းသပ်ကြည့်ရုံသာ ရှိတော့သည်။

ကံကောင်းခြင်းကြယ်ပွင့် အင်္ဂါရပ်ကို အသုံးပြု၍ အမှာစာ ဆယ်ခုကို အရင်ဆုံး ပို့ဆောင်ကြည့်ရပေတော့မည်။

စည်းမျဉ်းများအရ အမှာစာတစ်ခုစီတိုင်းတွင် ဆွဲပြားတစ်ခု ကုန်ဆုံးမည်ဖြစ်ပြီး ရွှေဒင်္ဂါး တစ်ဆယ်မှ နှစ်ရာအထိ အလွတ်သဘော ရရှိမည်ဟု ဆိုထားသော်လည်း...၊

လျန်ထျန်း အမှန်တကယ် အသုံးပြုကြည့်သောအခါ အကြိမ်အများစုတွင် တစ်ခါလျှင် ရွှေဒင်္ဂါး တစ်ဆယ်ကျော်မှ နှစ်ဆယ်ခန့်သာ ရရှိကြောင်း သက်သေပြလိုက်နိုင်လေသည်။

အမှာစာ ဆယ်ခုကို ပို့ဆောင်ပြီးနောက် ပျမ်းမျှအားဖြင့် အမှာစာတစ်ခုလျှင် ရွှေဒင်္ဂါး နှစ်ဆယ်တိတိ ရရှိသဖြင့် ရွှေဒင်္ဂါး နှစ်ရာ ရရှိခဲ့ပြီး ဆယ်ယွမ်မှာ ကုန်ဆုံးသွားခဲ့လေပြီ။

ဆယ်ယွမ်ပေး၍ ရလာသော ရွှေဒင်္ဂါး နှစ်ရာဖြင့် ဘာများ လဲလှယ်နိုင်သနည်း။

လမ်းကြုံအမှာစာကတ် တစ်ရွက်လျှင် ရွှေဒင်္ဂါး ကိုးဆယ့်ကိုးပြား ကျသင့်ပြီး အမှာစာလုကတ် တစ်ရွက်လျှင် ရွှေဒင်္ဂါး တစ်ရာ့ကိုးဆယ့်ကိုးပြား ကျသင့်သည်။

ရှင်းလင်းလှသည်မှာ လမ်းကြုံအမှာစာကတ် နှစ်ရွက် သို့မဟုတ် အမှာစာလုကတ် တစ်ရွက်သာ လဲလှယ် နိုင်ပေသည်။

ထို့ကြောင့် လျန်ထျန်းသည် လမ်းကြုံအမှာစာကတ် တစ်ရွက်ကို ဦးစွာလဲလှယ်ပြီး ချက်ချင်း အသုံးပြုလိုက်ရာ...၊ အမှန်တကယ်ပင် တစ်ကီလိုမီတာအတွင်းရှိ လမ်းကြုံအမှာစာတစ်ခုကို လျင်မြန်စွာ ရရှိခဲ့လေသည်။

အကယ်၍ ဤပစ္စည်းကတ်များကို မသုံးလျှင်ပင် ပုံမှန်အားဖြင့် အမှာစာ သုံးခု သို့မဟုတ် ငါးခုလျှင် ဤကဲ့သို့ သော လမ်းကြုံအမှာစာတစ်ခုကို ရရှိနိုင်စမြဲ ဖြစ်သည်။

သို့သော် ယခုမူ ၎င်းကို ရရှိရန်အတွက် ပိုက်ဆံပေး၍ ‘ဝယ်’ နေရချေပြီ။

ရွှေဒင်္ဂါး နှစ်ဆယ်သည် တစ်ယွမ်နှင့် ညီမျှသည်ဟု တွက်ချက်လျှင် ရွှေဒင်္ဂါး ကိုးဆယ့်ကိုးပြားသည် အကြမ်းဖျင်း အားဖြင့် ငါးယွမ်နှင့် ညီမျှသည် မဟုတ်ပါလား။

လျန်ထျန်းသည် ဤအမှာစာမှ ပို့ခ ခုနစ်ယွမ်သာ ရရှိခဲ့ရာ...၊ ငါးယွမ်ကို နှုတ်လိုက်ပါက သူသည် နှစ်ယွမ်သာ မြတ်တော့သည် မဟုတ်ပါလား။

တစ်ကီလိုမီတာအတွင်းရှိ အမှာစာများဖြစ်လင့်ကစား အမှာစာလက်ခံခြင်း၊ အစားအသောက်သွားယူခြင်းမှသည် ပို့ဆောင်ခြင်းအထိ အနည်းဆုံး တစ်ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပေလိမ့်မည်။

အကယ်၍ တစ်ဆယ့်ငါးမိနစ်တွင် နှစ်ယွမ်ရပါက တစ်နာရီတွင် တစ်ဆယ့်ငါးမိနစ် လေးကြိမ်သာ ရှိသဖြင့် တစ်နာရီလျှင် ရှစ်ယွမ်သာ ရနိုင်တော့သည် မဟုတ်ပါလား။

ဤသို့ တွက်ချက်ကြည့်ပါက ယခင် ဟန်းဂရီးဂိုဏ်းအဟောင်းထက်ပင် ပို၍ ဆိုးဝါးနေချေပြီ။

ကိုယ်တိုင် ကြုံတွေ့ပြီးနောက် လျန်ထျန်းသည် ဤလမ်းကြုံအမှာစာကတ်မှာ အလွန်အမင်း ခေါင်းပုံဖြတ်ခြင်း ဖြစ်ကြောင်း ခံစားလိုက်ရပြီး ဖြစ်စဉ်တစ်ခုလုံးကို သူ၏ ဦးထုပ်ဆောင်းကင်မရာဖြင့် မှတ်တမ်းတင်ထား လိုက်လေသည်။

သို့သော် လျန်ထျန်းသည် ပစ္စည်းတစ်ခုတည်းနှင့် မလုံလောက်သေးဟု ခံစားရသဖြင့် အမှာစာအချို့ကို ထပ်မံပို့ ဆောင်ကာ ရွှေဒင်္ဂါး နှစ်ရာကျော်အထိ ထပ်မံစုဆောင်းလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ သူသည် အမှာစာလုကတ်တစ်ခုနှင့် လဲလှယ်ရန် ရွှေဒင်္ဂါး တစ်ရာ့ကိုးဆယ့်ကိုးပြား သုံးစွဲလိုက် လေသည်။

ရှင်းလင်းချက်များအရ အမှာစာလုကတ်တစ်ခုကို သုံးစွဲပါက မိမိသည် အခြားသူများထက် စက္ကန့်အနှစ်ဆယ် စော၍ အမှာစာကို လုယူခွင့် ရရှိမည် ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော် အမှာစာလုကတ် မရှိသူများသည် နောက်ဆုံးပေါ် အမှာစာများကို မမြင်တွေ့နိုင်ဘဲ အခြားသူများ ချန်ထားခဲ့သော အကြွင်းအကျန်များကိုသာ ‘ကောက်’ ရတော့မည့် သဘော ဖြစ်သည်။

ဤပစ္စည်းများ မရှိမီက လူတိုင်း၏ အမှာစာလုစာမျက်နှာမှာ တစ်ပြိုင်တည်း ဖြစ်သဖြင့် အမှာစာကောင်း ကောင်းရရန်မှာ ကံတရားနှင့် လက်အမြန်နှုန်းပေါ်တွင်သာ မူတည်သည်။

ယခုမူ အမှာစာလုကတ် ရှိလာသဖြင့် အချို့သောသူများသည် အမှန်တကယ်ပင် အားသာချက်များစွာ ရရှိသွားပြီး ဦးစွာရွေးချယ်ပိုင်ခွင့်ကို ခံစားရပေလိမ့်မည်။

ပထမဆုံး ကြည့်လိုက်လျှင် ဤအမှာစာလုကတ်သည် အသုံးဝင်ပုံရပေသည်။

အဘယ်ကြောင့်ဆိုသော် စောစီးစွာ ရွေးချယ်နိုင်ပါက ပို့ခပိုများသော အမှာစာ သို့မဟုတ် လမ်းကြောင်းပိုသာ သော အမှာစာကဲ့သို့သော အမှာစာကောင်းများကို သေချာပေါက် ရွေးချယ်နိုင်သောကြောင့် ဖြစ်သည်။

သို့သော် လျန်ထျန်းသည် မကြာမီမှာပင် အခြားပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်...။

ဤအမှာစာလုကတ်များကို ပေါင်းစပ်အသုံးပြုနိုင်ပြီး ကတ်တစ်ခုလျှင် စက္ကန့်အနှစ်ဆယ် ဦးစားပေးမှုရကာ ကတ်နှစ်ခုဆိုလျှင် စက္ကန့်လေးဆယ် ဦးစားပေးမှု ရရှိလေသည်။

အများဆုံး ကတ်သုံးကတ်အထိ တစ်ပြိုင်တည်း သုံးစွဲနိုင်ပြီး ၎င်းမှာ တစ်မိနစ်စာ ဦးစားပေးမှု ဖြစ်သည်။

ကတ်သုံးကတ် သုံးစွဲသူသည် နောက်ဆုံးအောင်နိုင်သူ ဖြစ်လာပြီး အကောင်းဆုံး အမှာစာကို ရွေးချယ်နိုင်ကာ ကျန်ရှိသော အမှာစာများကိုသာ ကတ်နှစ်ခု သို့မဟုတ် ကတ်တစ်ခု သုံးစွဲသူများထံ ပေးရပေလိမ့်မည်။

ထိုသို့ဆိုလျှင် အမှာစာလုကတ် တစ်ခုတည်း သုံးစွဲခြင်းသည် မည်သည့် အားသာချက်မျှ ရှိတော့မည်မဟုတ်ပေ။

ဤသည်မှာ အကယ်၍ လူတိုင်းက အကောင်းဆုံး အမှာစာကို လိုချင်ပါက ကတ်သုံးကတ်ကို သုံးစွဲရမည် ဖြစ်ပြီး ၎င်းကို လဲလှယ်ရန် ရွှေဒင်္ဂါး ခြောက်ရာအထိ လိုအပ်မည် ဖြစ်သည်။

ရွှေဒင်္ဂါး နှစ်ဆယ်သည် တစ်ယွမ်နှင့် ညီမျှသဖြင့် ရွှေဒင်္ဂါး ခြောက်ရာသည် သုံးဆယ်ယွမ်နှင့် ညီမျှပေသည်။

အမှာစာကို တစ်မိနစ်စော၍ လုယူရန်အတွက် သုံးဆယ်ယွမ် သုံးစွဲရမည် ဖြစ်ပြီး...၊ အကောင်းဆုံး အခြေအနေ တွင် ပို့ခအများဆုံး အမှာစာ သုံးခုကို ရွေးချယ်နိုင်သည်ဟု ထားဦးတော့...၊ အမှာစာတစ်ခုလျှင် ပို့ခ တစ်ဆယ့် ငါးယွမ်ရသည်ဟု ဆိုပါစို့...၊ အမှာစာ သုံးခုကို ပို့ဆောင်ပါက လေးဆယ့်ငါးယွမ် ရရှိမည်ဖြစ်သော်လည်း အနည်း ဆုံး တစ်နာရီခန့် ကြာမြင့်ပေလိမ့်မည်။

ကံဆိုးစွာဖြင့် ပို့ခများလေလေ အကွာအဝေး ပိုဝေးလေလေ ဖြစ်ပြီး လုပ်ငန်းစဉ်လည်း ပို၍ ကြာမြင့်လေလေ ဖြစ်သည်။

အကယ်၍ လေးဆယ့်ငါးယွမ် ရရှိပြီးနောက် ကျားကွက်ပစ္စည်း ‘ဝယ်ယူရန်’ သုံးစွဲခဲ့သော သုံးဆယ်ယွမ်ကို နှုတ်လိုက်ပါက ထိုတစ်နာရီအတွင်း သူသည် တစ်ဆယ့်ငါးယွမ်သာ မြတ်တော့သည် မဟုတ်ပါလား။

၎င်းနှင့် နှိုင်းယှဉ်ပါက ဤပစ္စည်းများ မရှိခြင်းကပင် ပို၍ ကောင်းမွန်ဦးမည် ဖြစ်သည်...။ ပစ္စည်းများအတွက် ပိုက်ဆံပိုသုံးလေလေ အမှန်တကယ် ရရှိမည့် ဝင်ငွေ ပိုနည်းလေလေဟု ခံစားရသည်။

ထို့အပြင် တစ်ခုလျှင် ရွှေဒင်္ဂါး သုံးရာ့ကိုးဆယ့်ကိုးပြား ကျသင့်သော အမှာစာကြီးကတ်များနှင့် တစ်ခုလျှင် ရွှေဒင်္ဂါး လေးရာ့ကိုးဆယ့်ကိုးပြား ကျသင့်သော လမ်းသာအမှာစာကတ်များလည်း ရှိသေးသည်။ လျန်ထျန်း သည် ရွှေဒင်္ဂါး လုံလောက်စွာ စုဆောင်းပြီးနောက် ၎င်းတို့ကိုလည်း စမ်းသပ်ကြည့်ခဲ့လေသည်။

အခြေအနေများမှာ အားလုံး အတူတူပင် ဖြစ်သည်။ ထိုပစ္စည်းများကို လဲလှယ်သည့် ကုန်ကျစရိတ်များကို နှုတ်ပြီးနောက် ရရှိမည့် အမြတ်အစွန်းမှာ အလွန်နည်းပါးလှသည်။

ကံကောင်းခြင်းကြယ်ပွင့် ခံစားခွင့်များ အားလုံး ကုန်ဆုံးသွားပြီးနောက် လျန်ထျန်းသည် ကံကောင်းခြင်းကြယ်ပွင့် ခံစားခွင့် သို့မဟုတ် ပစ္စည်းများကို မသုံးဘဲ ပုံမှန်အတိုင်း အမှာစာများကို လက်ခံကြည့်ရန် ကြိုးစားခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူရရှိသော အမှာစာများမှာ အားလုံး အမှိုက်အမှာစာများသာ ဖြစ်ပြီး ပို့ခနည်း၍ အကွာအဝေး ဝေးလံခြင်း သို့မဟုတ် ရှာဖွေရခက်ခဲသော ဝေးလံခေါင်သီသည့် နေရာများ ဖြစ်နေတော့သည်။

အမှာစာပို့ဆောင်ရမည့် အခက်အခဲမှာ သိသိသာသာ မြင့်တက်လာပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားများလည်း များပြား လာသဖြင့် လူများကို ထိုပစ္စည်းများ ပြန်လည်အသုံးပြုချင်စိတ် ပေါ်ပေါက်လာစေသည်။

အတည်ပြုနိုင်ခဲ့ပြီ...၊ ဤသည်မှာ အကျိုးအမြတ်အတွက်နှင့် ရိုးရှင်းသောအရာကို ရှုပ်ထွေးအောင် ပြုလုပ်နေ ခြင်း မဟုတ်ပါလား။

ဥပမာအားဖြင့် ဆိုရသော် အထူးကြည်လင်ပြတ်သားစွာ ကြည့်ရှုရန်အတွက် အဖွဲ့ဝင်ဖြစ်ရန် လိုအပ်ပြီး၊ ဖုန်းမျက်နှာပြင်ကို ရုပ်မြင်သံကြားသို့ ချိတ်ဆက်ရန်အတွက် ပလတ်တီနမ်အဖွဲ့ဝင် ဖြစ်ရန်လိုအပ်ကာ၊ ဇာတ်ကား များကို ကြိုတင်ကြည့်ရှုရန်အတွက် ဒိုင်မွန်းအဖွဲ့ဝင် ဖြစ်ရန်လိုအပ်သကဲ့သို့ ဖြစ်သည်။

သင်သည် အဖွဲ့ဝင် မဟုတ်လျှင်ပင် ၎င်းတို့က သင့်အား အင်တာနက်ဒေတာအသုံးပြုမှုကို ကန့်သတ်ထားဦးမည် ဖြစ်ရာ...၊ အလွှာလွှာ အဆင့်ဆင့် ခေါင်းပုံဖြတ်ခြင်းပင် ဖြစ်သည်...။ ထိုသို့ဆိုလျှင် သင်က ပိုက်ဆံပေးမည်လော၊ မပေးဘဲ နေမည်လော…

All Chapters