အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း (၃၁၉)
ယာယီဥက္ကဋ္ဌ၏ အကြိမ်ကြိမ် မှင်တက်ရခြင်း
ယခုနှစ် နွေကာလသည် အထူးပင် ပူပြင်းလှလေသည်။
တစ်ဆယ်ရက်လျှင် ခုနစ်ရက်၊ ရှစ်ရက်ခန့်မှာ အပူချိန်သည် (၃၅) ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေတတ်ပြီး ကျန်ရှိသော နှစ်ရက်၊ သုံးရက်တွင်မူ မိုးသည်းထန်စွာ ရွာသွန်းလိုက်မှသာ အပူချိန်သည် အနည်းငယ် ကျဆင်း သွားတတ်ပေသည်။ သို့ရာတွင် ထိုကဲ့သို့ ပြင်းထန်သော အပူရှိန်နှင့် သည်းထန်သော မိုးဒဏ်ကို မည်သူကမျှ နှစ်သက်လိမ့်မည် မဟုတ်ပေ။
ပြင်းထန်သော အပူရှိန်သည် (၃၇) ဒီဂရီ၊ (၃၈) ဒီဂရီ သို့မဟုတ် (၄၀) ဒီဂရီစင်တီဂရိတ်အထိပင် ရှိနေသည်ကို တွေးဆကြည့်ပါဦး။ နေရောင်အောက်တွင် မိနစ်အနည်းငယ်မျှ မတ်တတ်ရပ်ရုံမျှဖြင့် အရေပြားများ ပူစပ်ပူ လောင် နာကျင်လာရသည်ဖြစ်ရာ မည်သူက လမ်းမပေါ်၌ နေပူဆာလှုံချင်ပါအံ့နည်း။
သည်းထန်စွာ ရွာသွန်းသော မိုးအောက်တွင်မူ လမ်းမများပေါ်၌ ခြေကျင်းဝတ်ခန့်အထိ ရေများ ပြည့်လျှံနေပြီး များပြားလှသော မိုးစက်များက ကောင်းကင်ယံ၌ မိုးကာမျက်နှာကြက်ကြီးသဖွယ် ဖုံးလွှမ်းထားလေသည်။
မော်တော်ကားမောင်းနှင်သူများသည် ကားရှေ့မှန်သုတ်တံကို တတိယအဆင့်အထိ ဖွင့်ထားရုံမျှမက မြန်မြန် မောင်းရန်လည်း မဝံ့ရဲကြသဖြင့် လမ်းမများပေါ်၌ ကားများ ပိတ်ဆို့နေတော့သည်။ ဤသည်က လမ်းလျှောက် သူများနှင့် စက်ဘီးစီးသူများအတွက် ပို၍ပင် ဆိုးဝါးလှပေသည်။
မိုးသည်းထန်လွန်းသောအခါ လမ်းလျှောက်သူများ၏ လက်ထဲမှ ထီးများနှင့် လျှပ်စစ်စကူတာစီးသူများ၏ ပခုံး ပေါ်မှ မိုးကာအင်္ကျီများမှာလည်း အသုံးမဝင်တော့ပေ။ ပြင်းထန်သော လေပြင်းနှင့်အတူ ရောနှောပါဝင်လာသော မိုးရေများသည် အပေါက်အစအနမှန်သမျှကို ထိုးဖောက်ဝင်ရောက်လာတတ်ရာ ဤအခြေအနေကို ကြုံတွေ့ဖူး သူတိုင်း ကောင်းစွာ နားလည်နိုင်ပေသည်။ ယခုလက်ရှိ နွေကာလသည် အလွန်ပင် စိတ်ပျက်ဖွယ် ကောင်းလှလေ သည်။
သို့သော်လည်း ဤကဲ့သို့သော ရာသီဥတုကို အလွန်ချစ်ပြီး အလွန်မုန်းတီးကြသော လူတစ်စု ရှိနေလေသည်။
မုန်းတီးရခြင်း အကြောင်းရင်းမှာ ပြင်းထန်သော အပူရှိန်နှင့် သည်းထန်သော မိုးဒဏ်ကို မခံမရပ်နိုင်ခြင်းကြောင့် ဖြစ်ပြီး ၎င်းတို့အတွက် ထိုခံစားချက်က အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။ ချစ်ရခြင်း အကြောင်းရင်းမှာမူ ၎င်းတို့သည် ထောက်ပံ့ကြေးများ ပိုမိုရရှိနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ယခုနှစ်တွင် ကုမ္ပဏီ၌ အဓိက အစုရှယ်ယာရှင်ကြီး ပြောင်းလဲသွားခဲ့သဖြင့် ၎င်းတို့ရရှိသော ထောက်ပံ့ကြေးများမှာ ပိုမိုများပြားလာခဲ့သည်။
မှန်ပေသည်... ထိုလူစုမှာ တစ်နိုင်ငံလုံးတွင် ရှိနေကြသော သန်းနှင့်ချီသည့် အစားအသောက်ပို့ဆောင်သူများပင် ဖြစ်ကြပေတော့သည်။
လူတို့သည် နံနက် ခုနစ်နာရီ၊ ရှစ်နာရီအချိန်၌ အလုပ်သွားရန် ညည်းညူနေကြစဉ်မှာပင် အပူချိန်သည် (၃၀) ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ သင်သည် နံနက် ကိုးနာရီအချိန်တွင် ရုံးခန်းအတွင်း၌ အေးမြသော လေအေးပေးစက်ကို အေးဆေးစွာ ခံစားနေရသော်လည်း အစားအသောက်ပို့ဆောင်သူများမှာမူ ပြင်ပ၌ ရှိနေဆဲ ဖြစ်သည်ကို မည်သူမျှ ထည့်သွင်းစဉ်းစားဖူးခြင်း မရှိပေ။
ဤသည်က အစပျိုးရုံမျှသာ ရှိသေးသည်။ နံနက် (၁၀) နာရီမှ ညနေ ခြောက်နာရီ၊ ခုနစ်နာရီအထိ အမြင့်ဆုံး အပူချိန်သည် (၄၀) ဒီဂရီစင်တီဂရိတ်ထက်ပင် ကျော်လွန်သွားနိုင်ပေသည်။ သို့သော်လည်း အစားအသောက် ပို့ဆောင်သူများတွင် ရွေးချယ်စရာ မရှိပေ။ ၎င်းတို့သည် ထိုကဲ့သို့သော အပူချိန်မြင့်မားလှသည့် ပြင်းထန်သော နေရောင်အောက်တွင် လမ်းမများနှင့် လမ်းကြားများအနှံ့ ဆက်လက် သွားလာနေကြရရှာသည်။
အပူရှိန် လွန်ကဲလွန်းလှသဖြင့် မခံမရပ်နိုင်ဖြစ်ရသည့် အမှာစာနည်းပါးသော အချိန်ကာလတွင်မှသာ လေအေး ပေးစက်ရှိသည့် ဆိုင်ငယ်လေးတစ်ဆိုင်ကို ရှာဖွေကာ ခေတ္တမျှ နားခိုပြီး အစားအစာ အနည်းငယ် စားသုံးကြရ သည်။ ၎င်းတို့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်အတွက် အလွန်ဆုံးမှ (၃) ကီလို ဂရမ် တန်ဖိုးရှိသော ရေခဲ တုံးကဲ့သို့ အေးစက်နေသည့် ကိုကာကိုလာတစ်ပုလင်းကိုသာ ဝယ်ယူသောက်သုံးနိုင်ကြပြီး ဤသည်က (၄၀) ဒီဂရီစင်တီဂရိတ် အပူရှိန်ကို တိုက်ဖျက်ရန် ၎င်းတို့၏ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
အစားအသောက်များ စားသောက်ပြီးနောက် အမှာစာတစ်ခု ရရှိသည်နှင့် ပြင်ပတွင် (၄၀) ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေသည်ဖြစ်စေ၊ တစ်ကိုယ်လုံးကို ချက်ချင်း စိုရွှဲသွားစေနိုင်သည့် မိုးသက်မုန်တိုင်း ဖြစ်နေသည်ဖြစ်စေ ၎င်းတို့သည် အလျင်အမြန်ပင် ထွက်ခွာ၍ ပို့ဆောင်ကြရပြန်သည်။ ဤသည်မှာ အစားအသောက်ပို့ဆောင်သူ များ၏ လူနေမှုဘဝပင် ဖြစ်တော့သည်။ မိသားစုကို လုပ်ကျွေးပြုစုရန်နှင့် အသက်ရှင်သန်ရန် ရုန်းကန်နေရသဖြင့် ၎င်းတို့သည် ရပ်တန့်၍ မရနိုင်ကြပေ။
ထိုအချိန်တွင် အယ်လာမာ ကုမ္ပဏီ၏ ဌာနချုပ်အဆောက်အအုံအတွင်းရှိ ဥက္ကဋ္ဌရုံးခန်း၌မူ ယာယီဥက္ကဋ္ဌ ကျုံးစုန့် သည် ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေလေသည်။ ယာယီဥက္ကဋ္ဌသည် လေအေးပေးစက်၏ အအေး ဓာတ်ကို ခံစားရင်း ကော်ဖီသောက်နေကာ တစ်ခါတစ်ရံတွင် ဘေးနားရှိ လှပချောမောသော အမျိုးသမီး အတွင်းရေးမှူးမလေးကို ရစ်သီရစ်သီ ကြည့်ရှုနေလိုက်သည်။
သူ၏ မကြာသေးမီက ဆုံးဖြတ်ချက်တစ်ခုကြောင့် ယခုနှစ် နွေကာလတွင် ရေတွက်၍မရနိုင်သော အစားအ သောက်ပို့ဆောင်သူများမှာ မိသားစုကို လုပ်ကျွေးရန်အတွက် ပိုမိုပြင်းထန်သော ရာသီဥတုအောက်တွင် အလုပ် ချိန် ပိုမိုကြာမြင့်စွာ လုပ်ကိုင်ကြရတော့မည်ကို သူ သတိမမူမိပေ။ သူသည် မိမိ၏ ဆုံးဖြတ်ချက်ကို ကျေနပ် ဂုဏ်ယူနေပြီး ဥဒေါင်းတစ်ကောင် မင်းမြှောက်သကဲ့သို့ အမြီးအတောင်များကို ဖြန့်ကျက်ကာ လှပသော အတွင်းရေးမှူးလေးကို ပြောလိုက်လေသည်။
“ရှောင်လန်... ကိုယ် မကြာခင်မှာ တရားဝင် ဥက္ကဋ္ဌ ဖြစ်လာတော့မယ်ဆိုတာ မင်း ယုံသလား...။ ကိုယ့်ရဲ့ ဆုံးဖြတ် ချက်တစ်ခုကြောင့် ကုမ္ပဏီဟာ နေ့စဉ် ပိုက်ဆံအနည်းငယ်ကို သက်သာစေတယ်လေ... မြင်တယ်မလား... ဒါဟာ စမတ်ကျတဲ့ လူတွေ ဖန်တီးနိုင်တဲ့ တန်ဖိုးပဲ၊ တစ်နေ့ကုန် အလုပ်ပဲ ဖိလုပ်နေတဲ့လူတွေထက် အဆတစ်ထောင်၊ အဆ တစ်သောင်း ပိုတန်ဖိုးရှိတယ်...။ ဒါကြောင့် ကိုယ့်ရဲ့ ကမ်းလှမ်းချက်အချို့ကို စောစောစီးစီး သဘောတူဖို့ မင်း သေချာစဉ်းစားသင့်တယ်နော်၊ မူလရှယ်ယာတွေ ရရှိတာက အမြတ်အစွန်းကို အမြင့်ဆုံး ဖြစ်စေနိုင်မယ့် ရွေးချယ်မှုပဲလေ...။”
ထိုစကားကို ကြားသောအခါ လှပသော အတွင်းရေးမှူးလေးသည် ကျုံးစုန့်ကို ချိုသာစွာ ပြုံးပြလိုက်ပြီး ထိုင် နေရာမှ ထကာ လျှောက်လှမ်းလာခဲ့သည်။ သူမ၏ တိမ်းညွတ်စရာကောင်းသော ကိုယ်ဟန်ဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို ကြည့်ရင်း ကျုံးစုန့်သည် စိတ်လှုပ်ရှားကာ လည်ချောင်းများ ခြောက်သွေ့လာတော့ သည်။
သူသည် အေးစက်နေသော ကော်ဖီကို အမြန်ပင် တစ်ငုံတည်းဖြင့် သောက်ချလိုက်ပြီးနောက် ခွက်ကိုချကာ လည်စည်းကို လျှော့ချလိုက်သည်။
သို့ရာတွင် ကျုံးစုန့်သည် ယခုတစ်ကြိမ်၌ မိမိ အောင်မြင်တော့မည်ဟု ထင်မှတ်ကာ ရှောင်လန် အနီးသို့ ရောက်ရှိ လာသောအခါ လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ သူ လှုပ်ရှားလိုက်သည့် ခဏ၌ပင် ရှောင်လန်သည် သူ့ထံသို့ စာရွက်စာတမ်းအချို့ကို ကမ်းပေးရင်း ပြောလိုက်လေသည်။
“မစ္စတာကျုံး...၊ ဒီမှာ ရှင် လက်မှတ်ထိုးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းအချို့ ရှိပါတယ်၊ ဒါကို အရင်ကြည့်ပေးပါဦး၊ ကျွန်မ ရှင့်အတွက် ကော်ဖီတစ်ခွက် သွားဖျော်ပေးပါ့မယ်...။”
ပြောပြီးနောက် ရှောင်လန်သည် စာရွက်စာတမ်းများကို ချထားခဲ့ကာ ထွက်ခွာသွားခဲ့လေသည်။ ကျုံးစုန့်သည် ခေတ္တမျှ မှင်တက်လျက် ကျန်ရစ်တော့ပြီး ရှောင်လန် ရုံးခန်းထဲမှ ထွက်ခွာကာ တံခါးပိတ်လိုက်သည်ကို ကြည့် နေခဲ့လေသည်။ သူသည် ဒေါသတကြီးဖြင့် စာပွဲပေါ်ရှိ စာရွက်စာတမ်းများကို လက်ဖြင့် ရိုက်ပုတ်ကာ အံကြိတ် ၍ ရေရွတ်လိုက်တော့သည်။
“ဒီမိန်းမမိုက်...၊ ငါ့ကို လဝက်လောက် အချိန်ဆွဲထားပြီး အခုထိ အလှမ်းကွာနေတုန်းပဲ...။ ဘာလဲ...၊ ငါ့ကို ယာယီ ဥက္ကဋ္ဌပဲမို့လို့ အထင်သေးပြီး တမင် ကစားနေတာလား...။ ဘယ်မိန်းမမှ ငါ့ကို ဒီလိုမျိုး မဆက်ဆံရဲဘူး...၊ မင်း စောင့်နေလိုက်ပါ၊ တရားဝင် ဥက္ကဋ္ဌ ဖြစ်လာဖို့ သိပ်မကြာတော့ဘူး၊ အဲ့ဒီအခါကျရင် မင်း ငါ့ကို ဘယ်လိုမျိုး အသနားခံလာမလဲဆိုတာ ကြည့်ရသေးတာပေါ့...၊ ဟားဟား...။”
ကျုံးစုန့်သည် စိတ်ကူးယဉ် အိပ်မက်ထဲတွင် နစ်မြောနေစဉ်မှာပင် လှပသော အတွင်းရေးမှူးလေး ရှောင်လန် ပြန် လည်ရောက်ရှိလာခဲ့သော်လည်း ကော်ဖီကိုမူ ယူဆောင်လာခြင်း မရှိပေ။ သူမ၏ မျက်နှာပေါ်ရှိ ပုံမှန်အပြုံးများ မှာလည်း ကွယ်ပျောက်သွားပြီး အေးစက်လှသော အမူအရာဖြင့် ကျုံးစုန့်ကို ဆိုလိုက်သည်။
“အဓိကအစုရှယ်ယာရှင်ကြီး ရောက်ရှိနေပြီဖြစ်လို့ အစည်းအဝေးခန်းမကို လာခဲ့ဖို့ ပြောပါတယ်...။”
ထိုစကားကို ကြားသောအခါ စိတ်ကူးယဉ်နေသော ကျုံးစုန့်သည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားပြီး လေသံမြှင့်၍ ပြောလိုက်လေသည်။
“အဓိကအစုရှယ်ယာရှင်ကြီးက နောက်ဆုံးတော့ ငါ့ကို တွေ့ဖို့ သဘောတူပြီပေါ့...။ ကောင်းပြီလေ... အဓိက အစုရှယ်ယာရှင်ကြီးက ငါ့ရဲ့ အောင်မြင်မှုတွေကို မြင်တွေ့ပြီး ငါ့ကို တရားဝင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ချင်တာ သေချာပါတယ်...။
“ငါ သိတာပေါ့...၊ ငါ့ရဲ့ စွမ်းရည်နဲ့ ကြိုးစားမှုတွေကြောင့် ဘယ်နေရာရောက်ရောက် အတောက်ပဆုံး ဖြစ်နေ မှာပဲ...။ အရင်က ကုမ္ပဏီက လူတွေကတော့ မျက်စိမရှိကြဘူး၊ ငါ့လို အရည်အချင်းရှိတဲ့လူကို အလုပ်က ထုတ်ပစ်ကြတယ်...။ ငါ ဟန်းဂရီးအုပ်စုရဲ့ တရားဝင် ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ သူတို့ကို ဘယ်လိုမျိုး အကျပ်ရိုက် အောင် လုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်ပါ...။ နှစ်ခုစလုံးက ထိပ်တန်းသူဌေးကော်ပိုရေးရှင်း (၅၀၀) ထဲမှာ ပါဝင်ပေမယ့် ဟန်းဂရီးအုပ်စုက အဆင့်ပိုမြင့်တယ်လေ...၊ ငါ ဟန်းဂရီးအုပ်စုရဲ့ တရားဝင် ဥက္ကဋ္ဌ ဖြစ်လာရင် သူတို့ကို နောင်တရစေဖို့က အေးဆေးပါပဲ...။”
ဤနေရာသို့ ရောက်သောအခါ ကျုံးစုန့်သည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် လှပသော အတွင်းရေးမှူးလေးကို ရမ္မက်မျက်လုံးများဖြင့် ကြည့်ကာ ဆိုလိုက်သည်။
“ရှောင်လန်... ဒါက မင်း ကိုယ့်ဆီကနေ ရှယ်ယာအချို့ကို ရယူနိုင်မယ့် နောက်ဆုံးအခွင့်အရေးပဲနော်၊ ဒါကြောင့် အမြန်ဆုံး တစ်ခုခု လုပ်ဆောင်သင့်တယ်...။”
ပြောရင်းနှင့် ကျုံးစုန့်သည် လက်မောင်းများကို ဆန့်တန်းကာ တစ်စုံတစ်ဦးက မိမိ၏ ရင်ခွင်ထဲသို့ တိုးဝင်လာမည့် အမူအရာကို ပြုလုပ်လိုက်သည်။ သို့သော်လည်း ရှောင်လန်သည် သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ စကားတစ်ခွန်းကိုသာ ချန်ထားခဲ့ပြီး လှည့်ထွက်သွားလေသည်။
“အမြန်သွားပါ၊ အဓိကအစုရှယ်ယာရှင်ကြီးရဲ့ အချိန်က အလွန်တန်ဖိုးရှိပြီး လူတွေကို စောင့်ဆိုင်းရတာကို အမုန်း ဆုံးပဲ...။”
ကျုံးစုန့်သည် ထပ်မံ၍ လျစ်လျူရှုခြင်း ခံရသဖြင့် မှင်တက်သွားရပြန်သည်။ သူသည် အခြေအနေကို သဘော ပေါက်သွားပြီးနောက် ဝေခွဲမရစွာဖြင့် ရေရွတ်လိုက်သည်။
“ဘာဖြစ်တာလဲ...၊ ဒီမိန်းမက အမူအရာကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲပစ်တာလား...။ ရင့်ကျက် တဲ့ အမျိုးသမီးပုံစံမျိုးကို ဖော်ဆောင်နေတာလား...။ ဒါပေမဲ့...၊ ကိုယ်က ဒီလိုပုံစံမျိုးကိုလည်း အတော်လေး နှစ်သက်ပါတယ်...။ စောင့်နေလိုက်ပါ၊ မင်းရဲ့ ပုံစံမျိုးစုံကို တစ်နေ့ကျရင် ငါ စမ်းသပ်ရသေးတာပေါ့...။”
စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် ကျုံးစုန့်သည် မဆိုင်းမတွဘဲ အစည်းအဝေးခန်းမဆီသို့ အလျင်အမြန် လျှောက်လှမ်းလာခဲ့သည်။ မီတာအနည်းငယ်မျှသာ ရှိသော ထိုခရီးစဉ်အတွင်း သူသည် စိတ်ကူးထဲတွင် နက်နဲ ဆန်းကြယ်လှသော အဓိကအစုရှယ်ယာရှင်ကြီး၏ ပုံစံမျိုးစုံကို စိတ်ကူးပုံဖော်နေမိသည်။
*ကောက်ကျစ်ပြီး ပါးနပ်သူလား...၊ အပြင်ပန်းက ကြင်နာတတ်ပြီး အတွင်းစိတ်က ရက်စက်သူလား...၊ ဒါမှ မဟုတ် နက်နဲလွန်းသူလား...၊ အကြံအစည်များစွာ ရှိသူလား...။*
သို့သော်လည်း မည်သို့သော ပုံစံမျိုး ဖြစ်နေပါစေ ကျုံးစုန့်သည် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့ရာ တွင် သူ အစည်းအဝေးခန်းမသို့ ဝင်ရောက်ပြီး အဓိကအစုရှယ်ယာရှင်ကြီးနှင့် တကယ်တမ်း တွေ့ဆုံလိုက် ရသောအခါ၌မူ ဆွံ့အမှင်တက်သွားရရှာသည်။ အဘယ်ကြောင့်ဆိုသော် သူ ယခင်က စိတ်ကူးပုံဖော်ထားခဲ့သော ပုံစံများနှင့် လုံးဝ ကွဲလွဲနေခြင်းကြောင့် ဖြစ်သည်။
သူ၏ စိတ်ကူးထဲတွင်မူ ဤကဲ့သို့သော လုပ်ငန်းကြီးကို သိမ်းပိုက်နိုင်ပြီး ငွေရှင်ကြေးရှင်များစွာကို အနိုင်ယူနိုင်သူ မှာ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်ရှိသော ပါးနပ်လှသည့် သက်ကြီးငွေရှင်ကြေးရှင်ကြီးတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ဒုတိယဥက္ကဋ္ဌတစ်ဦး၏ တရားဝင် မိတ်ဆက်ပေးမှုအရ သူ ၏ ရှေ့မှောက်တွင် ပထမဆုံးထိုင်ခုံ၌ ထိုင်နေသောလူမှာ အသက် (၃၀) အောက်သာ ရှိသေးသည့် လူငယ်တစ်ဦး ဖြစ်နေပြီး အမှန်တကယ်ပင် အယ်လာမာ ကုမ္ပဏီ၏ နောက်ကွယ်မှ နက်နဲဆန်းကြယ်လှသော အဓိကအစု ရှယ်ယာရှင်ကြီး ဖြစ်နေလေသည်။
သာ၍ ထိတ်လန့်ဖွယ် ကောင်းသည်မှာ ထိုလူငယ်သည် အစားအသောက်ပို့ဆောင်သူများ၏ ဝတ်စုံကို ဝတ်ဆင် ထားပြီး အနီးသို့ ချဉ်းကပ်လိုက်ပါက (၄၀) ဒီဂရီစင်တီဂရိတ် အပူရှိန်အောက်တွင် အစားအသောက်များ ပို့ ဆောင်လာခဲ့သကဲ့သို့ ချွေးနံ့ပြင်းပြင်းကိုပင် ရရှိနိုင်ပေသည်။ ဤအမူအရာသည် ကျုံးစုန့် လုံးဝ မျှော်လင့်မထားခဲ့ သော အရာပင် ဖြစ်ချေသည်။
အကယ်၍ ဒုတိယဥက္ကဋ္ဌများအားလုံးက ထိုလူငယ်ကို အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံနေကြခြင်း မရှိပါ က ကျုံးစုန့်သည် ထိုလူငယ်ကို လမ်းမှားဝင်ရောက်လာသော အစားအသောက်ပို့ဆောင်သူတစ်ဦးဟု အမှန် တကယ် ထင်မှတ်ကာ ချက်ချင်းပင် မောင်းထုတ်မိပေလိမ့်မည်။ သို့သော် ယခုမူ သူသည် ရိုသေလေးစားစွာဖြင့် ရှေ့သို့ လှမ်းလာကာ ဦးညွှတ်လျက် ထိုလူငယ်ကို အောင့်သက်သက်ဖြင့် ပြုံးပြလိုက်ရလေသည်။
“မင်းက ငါတို့ ဟန်းဂရီးအုပ်စုရဲ့ အဓိကအစုရှယ်ယာရှင်ကြီး ဖြစ်ရပါမယ်၊ ဒီနေရာမှာ တွေ့ဆုံခွင့်ရတာ အလွန်ပဲ ဂုဏ်ယူမိပါတယ်...။”
“ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ အများကြီး ရရှိထားတယ်လို့ ထင်ခဲ့ တာ၊ ဒါပေမဲ့ ဒီနေ့ လူကြီးမင်းနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ သူရဲကောင်းဆိုတာ ငယ်ရွယ်သူတွေထဲကနေ ထွက် ပေါ်လာတတ်တယ်ဆိုတာကို နောက်ဆုံးတော့ နားလည်သွားခဲ့ရပါပြီ...။”
“လူကြီးမင်း နဲ့ ယှဉ်ရင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ ရှက်မိပါတယ်၊ တစ်ချိန်တည်းမှာပဲ လူကြီးမင်း အပေါ် ရိုသေလေးစားမှုတွေက ပိုပြီး ပြင်းထန်လာခဲ့ရပါတယ်၊ လူကြီးမင်းအတွက် အလုပ်လုပ် ပေးရတာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါပဲ...။”
သူ ပြင်ဆင်ထားခဲ့သော အရာမှန်သမျှမှာ အသုံးမဝင်တော့သော်လည်း ကျုံးစုန့်သည် လျင်မြန်စွာပင် စကားလုံး များကို ပြောင်းလဲပစ်ကာ ဟန်ဆောင်ပန်ဆောင် ချီးမွမ်းစကားများကို အတောမသတ် ဆိုလိုက်တော့သည်။ လျန်ထျန်းသည် သူ၏ ဟန်ဆောင်မှုများကို လုံးဝ နားယောင်လိမ့်မည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ကျုံးစုန့်၏ ချီးမွမ်းစကားများကို ကြားရသော်လည်း သူ၏ မျက်နှာမှာမူ လုံးဝ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ် နေဆဲဖြစ်ပေသည်။
သူသည် ကျုံးစုန့်ကို လှည့်ကြည့်လိုက်ရာ မျက်နှာမှာ အလွန်ပင် မည်းမှောင်နေပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“ကံကောင်းခြင်းကြယ်ပွင့်ကို ဖန်တီးပြီး အစားအသောက်ပို့ဆောင်သူတွေကို အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူ ခိုင်းဖို့ အကြံဥာဏ်ကို မင်း စီစဉ်ခဲ့တာလား...။”
ထိုစကားကို ကြားသောအခါ ကျုံးစုန့်သည် မဆိုင်းမတွဘဲ ချက်ချင်း ဝန်ခံလိုက်သည်။
“မှန်ပါတယ်...၊ ဒါက ကျွန်တော့ရဲ့ အကြံဉာဏ်ပါပဲ...။”
“အဓိကအစုရှယ်ယာရှင်ကြီးလည်း ဒီအကြံဉာဏ်က အလွန်ကောင်းမွန်တယ်လို့ ထင်တယ်မလား...။”
“စျေးကွက်ထဲမှာ အမှာစာတွေ အများကြီး ရှိနေပြီး ပို့ဆောင်ခတွေကိုတော့ အစားအသောက်ပို့ဆောင်သူတွေ ကပဲ ရရှိနေကြတာပါ၊ ကျွန်တော်တို့က သူတို့ကို ထောက်ပံ့ကြေးတွေ အများကြီးတောင် ပေးခဲ့ရသေးတယ်...။”
“ဒါပေမဲ့ ကျွန်တော်တို့က ဒီလိုမျိုး အရှုံးခံရတဲ့ စီးပွားရေးကိုပဲ ဆက်ပြီး လုပ်နေလို့ မရဘူးလေ၊ ဒါကြောင့် ဒီအကြံဉာဏ်ကို ထုတ်ခဲ့တာပါ၊ စျေးကွက်ကို လိုအပ်သလောက် အမှာစာတွေ ပေးမယ်...။”
“ဒါပေမဲ့ အဲ့ဒီအမှာစာတွေက ကျွန်တော်တို့လက်ထဲမှာရှိတဲ့ ရင်းမြစ်တွေပဲလေ၊ သူတို့က ဘာလို့ ပို့ဆောင်ခ အားလုံးကို ရ ရမှာလဲ၊ ခွဲဝေပေးပိုင်ခွင့်က ကျွန်တော်တို့လက်ထဲမှာပဲ ရှိသင့်တာပေါ့...။”
“ဒါကြောင့် သူတို့က ဒီပိုက်ဆံကို ရချင်ရင် အရင်ဆုံး ကြိုးစားရမယ်၊ အရောင်းအဝယ် ဖြစ်ချင်ရင် ပိုက်ဆံပေး ရမယ်၊ ဒီလိုမျိုး လုပ်မှသာ ကျွန်တော်တို့က အုပ်ချုပ်သူဖြစ်ပြီး သူတို့က အလုပ်သမားတွေဖြစ်တယ်ဆိုတာကို ပြသနိုင် မှာပေါ့...။”
သူ၏ စကားလုံးများ မဆုံးမီမှာပင် ကျုံးစုန့်သည် လျန်ထျန်း၏ မျက်နှာအမူအရာ မမှန်သည်ကို ရုတ်တရက် သတိပြုမိသွားသည်။ သူ၏ မျက်လုံးများကို အလျင်အမြန် ကစားလိုက်ပြီးနောက် ချက်ချင်းပင် စကားလုံးများကို ပြောင်းလဲပစ်လိုက်သည်။
“အဓိကအစုရှယ်ယာရှင်ကြီး...၊ ကျွန်တော့်ရဲ့ စိတ်ရင်းကတော့ ကျွန်တော်တို့ ဟန်းဂရီးအုပ်စုအတွက်ပဲ လုံးဝ ဖြစ်ပါတယ်...။”
“စဉ်းစားကြည့်ပါဦး...၊ အခုက နွေရာသီကို ရောက်နေပြီဖြစ်လို့ ပုံမှန်အကျိုးခံစားခွင့်တွေအပြင် အစားအသောက် ပို့ဆောင်သူတွေအတွက် အပူရှိန်ပြင်းထန်မှု ထောက်ပံ့ကြေးနဲ့ ဆိုးဝါးတဲ့ ရာသီဥတု ထောက်ပံ့ကြေးတွေကိုပါ ပေးဆောင်ရဦးမှာပါ...။”
“ကျွန်တော်တို့က သူတို့ဆီကနေ ပိုက်ဆံမရတဲ့အပြင် အခုဆိုရင် အရှုံးပေါ်လုနီးပါး ဖြစ်နေပါပြီ၊ ဒါကို ဆက်ပြီး ခွင့်ပြုထားရင် ကုမ္ပဏီရဲ့ ဘဏ္ဍာရေးကို ထိခိုက်စေပါလိမ့်မယ်...။”
“ဒီလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ သူတို့ရရှိထားတဲ့ အရာအချို့ကို ပြန်လည်ရယူဖို့ပဲ ဖြစ်ပါတယ်၊ စိတ် မပူပါနဲ့...၊ သူတို့ မကျေမနပ်ဖြစ်ရင်တောင် အရေးမကြီးပါဘူး...။”
“ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီအောက်ခြေလူတန်းစား အလုပ်သမားတွေကို အကောင်းဆုံး နားလည်ထား လို့ပါပဲ၊ သူတို့က အနည်းငယ် ညည်းညူကြလိမ့်မယ်၊ ဒါပေမဲ့ ဆက်ပြီးတော့ အလုပ်လုပ်ကြမှာပါပဲ၊ နောက်ဆုံး တော့ အချို့လူတွေ အလုပ်ထွက်သွားရင်တောင် တခြားလူတွေ အများကြီး ရှိနေသေးတာပဲ မဟုတ်လား...။”