← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း (၃၂၀) အပေါ်ယံမျှသာ ထင်မှတ်ရသော အရာများတွင်လည်း မမြင်နိုင်သော အခက်အခဲများစွာ ရှိနေတတ်ခြင်း

ကျုံးစုန့်သည် လျန်ထျန်း၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ရွှေထွက်သကဲ့သို့ ကောင်းမွန်လှသော စကားလုံး များကို ဆက်လက်၍ မောဟိုက်ခြင်းမရှိဘဲ ဆိုပြန်သည်။

“ဒါ့အပြင် အရင်က ကျွန်တာ်တို့က အစားအသောက်ပို့ဆောင်သူတွေကို အကျိုးခံစားခွင့်တွေ အလွန်အမင်း ပေးခဲ့ လို့သာ ဒီလုပ်ငန်းထဲကို လူအများကြီး ဝင်လာကြတာပေါ့...။ အဓိကအစုရှယ်ယာရှင်ကြီးရဲ့ နည်းလမ်းတွေကို ကျွန်တော် အမြဲတမ်း အံ့ဩချီးကျူးမိပါတယ်...။ မြင့်မားတဲ့ အကျိုးခံစားခွင့်တွေကို ငါးစာအဖြစ်သုံးပြီး သူတို့ကို ဆွဲဆောင်ခဲ့တာလေ…။”

“အခုအချိန်ကတော့ သူတို့ကို ပြန်လည်ရိတ်သိမ်းရမယ့် အချိန်ပါပဲ…၊ လူနည်းနည်းလောက် ထွက်ပြေးသွားရင် တောင် အလုံးစုံကို မထိခိုက်နိုင်ပါဘူး...။ တစ်ချိန်တည်းမှာပဲ ကျွန်တော် ထုတ်ဖော်ခဲ့တဲ့ နည်းလမ်းကလည်း သူ တို့ တစ်ခါတည်းနဲ့ သဘောမပေါက်နိုင်အောင် ကာကွယ်ထားတာပါ၊ ဘာလို့လဲဆိုတော့ ဉာဏ်မပြေးတဲ့လူတွေက ဒါကို လုံးဝ ရိပ်မိမှာ မဟုတ်လို့ပါပဲ...။ သူတို့ ပိုက်ဆံရတဲ့အခါ ယခင်ကထက် ပိုများနေတာကိုပဲ တွေ့ရလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် အသုံးအဆောင်ပစ္စည်းတွေက အလကားမှ မဟုတ်တာ…၊ အကျိုးသက်ရောက်မှု အနည်းနဲ့ အများ တော့ ရှိတာပေါ့...။”

“စာရင်းအင်း မကျွမ်းကျင်တဲ့လူတွေက ယခင်ကထက် ပိုမိုရရှိတယ်လို့ အထင်မှားကြပြီး သူတို့ ပေးဆပ်လိုက်ရ တဲ့ ကုန်ကျစရိတ်တွေကိုတော့ သတိမမူမိကြတော့ဘူး...။ ဒါက ရှာဖွေရေးအင်ဂျင်တွေက လေလံစနစ် သုံးတာ ဒါမှမဟုတ် အီးကောမတ်စ်တွေက တိုက်ရိုက်လူစီးကြောင်းကို သုံးတာနဲ့ ဆင်တူပါတယ်၊ အင်တာနက်ကုမ္ပဏီ တွေက ဒီလိုမျိုးပဲ ပိုက်ဆံရှာကြတာ မဟုတ်လား...၊ ဒါကြောင့် ကျွန်တော်တို့ လုပ်ဆောင်နေတာက လုံးဝ မှန်ကန် ပါတယ်၊ တခြားလူတွေ ဘာပဲပြောပြော အလေးအနက် မထားပါနဲ့၊ သူတို့ကိုလည်း သနားမနေပါနဲ့၊ ကိုယ်တိုင် လည်း သွားပြီး မစမ်းသပ်ကြည့်ပါနဲ့...။”

လျန်ထျန်းသည် အစားအသောက်ပို့ဆောင်သူများ၏ ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ ကျုံးစုန့်က လျန်ထျန်းသည် ကောလာဟလအချို့ကို ကြားသိရသဖြင့် ကိုယ်တိုင် လာရောက်စမ်းသပ်နေခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။ သို့သော်လည်း သူ မသိသည်မှာ လျန်ထျန်း၏ ကြုံတွေ့မှုက စမ်းသပ်ရုံမျှတင် မဟုတ်ဘဲ သန်းနှင့်ချီသော သာမန်အစားအသောက်ပို့ဆောင်သူများကဲ့သို့ နေ့စဉ် လေဒဏ် မိုးဒဏ်ကို ကြံ့ကြံ့ ခံနေရသူ ဖြစ်သည်ဟူ၍ ဖြစ်သည်။

သို့ဖြစ်ရာ လျန်ထျန်းအနေဖြင့် အစားအသောက်ပို့ဆောင်သူများအပေါ် မည်သို့လျှင် မစာနာဘဲ နေနိုင်ပါအံ့နည်း။

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ချက်ချင်းပင် နှာခေါင်းရှုံ့ကာ အေးစက်စွာ ဆိုလိုက်သည်။

“တခြားကုမ္ပဏီတွေ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတဲ့ ဒါမှမဟုတ် ငါ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီမှာတော့ ဒီလိုမျိုး လုပ်ခွင့်မရှိဘူး...။ ငါ အယ်လာမာ ကုမ္ပဏီကို စတင်လွှဲပြောင်းယူတဲ့ နေ့ကတည်းက ပြောခဲ့တယ်၊ ငါတို့ လုပ်ဆောင်မယ့်အရာက ဒီလူ့အဖွဲ့အစည်းကို ပိုမိုမျှတပြီး တရားမျှတမှု ရှိစေဖို့ပဲ ဖြစ် တယ်...။”

“မျှတခြင်းနဲ့ တရားမျှတခြင်းဆိုတာ ဘာလဲသိလား...။ မျှတစွာ ခွဲဝေပေးခြင်းနဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခြင်း က မျှတခြင်းနဲ့ တရားမျှတခြင်းရဲ့ အခြေခံအကျဆုံး မူဝါဒတွေပဲ၊ ဒါကိုတောင် မလုပ်ဆောင်နိုင်ရင် တရားမျှတမှု ဆိုတာ ဘယ်ကနေ လာနိုင်ပါဦးမလဲ...။”

ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် လျန်ထျန်းသည် ကျုံးစုန့်ကို စူးရှစွာ စိုက်ကြည့်ရင်း ဆက်လက် ပြောလိုက်လေ သည်။

“ဘာလို့ ဒီလောက် ရှုပ်ထွေးလှတဲ့ အကြံအစည်တွေကို သုံးပြီး ရိုးရှင်းတဲ့အရာတွေကို အပိုတွေ လုပ်နေရတာ လဲ...။ မင်းက ရေနောက်ရင် ငါးမျှားချင်တာလား...။”

“ကုမ္ပဏီက မင်းတို့လို အမှုဆောင်အရာရှိတွေကို ပေးရမယ့် လစာတွေကို လျှော့ချခဲ့ဖူးလို့လား...။ ဘာလို့ မင်းတို့ က အားမရနိုင်ဘဲ အောက်ခြေဝန်ထမ်းတွေရဲ့ သွေးနဲ့ချွေးကို နောက်ဆုံးတစ်စက်အထိ ညှစ်ထုတ်ဖို့ အမြဲတမ်း ကြိုးစားနေရတာလဲ...။”

“မင်း မမြင်နိုင်တဲ့ နေရာတွေမှာ အစားအသောက်ပို့ဆောင်သူတွေက ပြင်းထန်တဲ့ နေရောင်အောက်နဲ့ သည်းထန် တဲ့ မိုးအောက်မှာ အမှာစာတွေကို တစ်ခုပြီးတစ်ခု အပြင်းအထန် ပို့ဆောင်နေကြရတယ်ဆိုတာ မင်း သိရဲ့ လား...။”

“မင်းကတော့ သူတို့ကို ထောက်ပံ့ကြေး အနည်းငယ်ပေးရတာကို အရှုံးပေါ်တယ်လို့ ထင်မြင်ပြီး မင်းရဲ့ အကြံ ဉာဏ်တစ်ခု ဒါမှမဟုတ် စကားတစ်ခွန်းတည်းနဲ့ သူတို့ရဲ့ ကြိုးစားမှုမှန်သမျှကို ပယ်ဖျက်လိုက်ရုံတင်မက သူတို့ကို သရော်လှောင်ပြောင်နေသေးတယ်...။”

ပြောရင်းနှင့် လျန်ထျန်းသည် မိမိ၏ ဖုန်းကို ထုတ်ယူကာ ကျုံးစုန့်၏ ရှေ့သို့ ပစ်ချလိုက်ပြီး ဆက်၍ ပြောလိုက် လေသည်။

“မင်း ကိုယ်တိုင် သေချာကြည့်လိုက်စမ်း၊ ဒါက မင်းရဲ့ အသုံးမဝင်တဲ့ ကံကောင်းခြင်းကြယ်ပွင့် လှုပ်ရှားမှုကို သုံး ပြီး ငါ ကိုယ်တိုင် သွားပို့ခဲ့တဲ့ အမှာစာတွေပဲ...။”

“အချို့အမှာစာတွေဆိုရင် ကုန်ကျစရိတ်ကိုတောင် မကာမိဘူး…၊ ဒါက လူတွေကို ကစားနေတာ မဟုတ်ဘူး လား...။ သူတို့က ပိုက်ဆံရှာဖို့အတွက် အလုပ်ကို ကြိုးစားလုပ်ကိုင်နေကြတာ၊ မင်းနဲ့ ဂိမ်းကစားနေကြတာ မဟုတ်ဘူး...။”

“သန်းနှင့်ချီတဲ့ အစားအသောက်ပို့ဆောင်သူတွေကို ပိုက်ဆံမရအောင် တားဆီးခြင်းအားဖြင့် မင်းက သန်းနှင့်ချီတဲ့ မိသားစုတွေကို ငတ်ပြတ်အောင် လုပ်ဆောင်နေတာပဲ...။”

“ဒါပေမဲ့ ငါက ဟန်းဂရီးအုပ်စုရဲ့ အဓိကအစုရှယ်ယာရှင်ကြီး ဖြစ်နေတော့ လူတွေက ပိုက်ဆံအားလုံးကို ငါပဲ ရနေတယ်လို့ ထင်ကြလိမ့်မယ်၊ မင်းက သန်းနှင့်ချီတဲ့ လူတွေက ငါ့ရဲ့ နောက်ကွယ်မှာ ကျိန်ဆဲကြတာကို လိုချင် နေတာလား...။”

လျန်ထျန်း အမှန်တကယ်ပင် ဒေါသထွက်နေသည်ကို မြင်သောအခါ ကျုံးစုန့်သည် ချက်ချင်းပင် ထိတ်လန့်သွား ပြီး အလျင်အမြန်ပင် ဆင်ခြေပေးကာ ရှင်းပြလိုက်လေသည်။

“အဓိကအစုရှယ်ယာရှင်ကြီး...၊ ကျွန်တော်... ကျွန်တော်က ကုမ္ပဏီအတွက်ပဲ အာရုံစိုက်မိလို့ အမှားအယွင်းအချို့ ဖြစ်သွားတာပါ၊ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့၊ ကျွန်တော် ဒါကို ပြန်ပြင်ပါ့မယ် ဟုတ်ပြီလား...။”

လျန်ထျန်း ခန့်မှန်းထားခဲ့သည့်အတိုင်းပင် ကျုံးစုန့်ကဲ့သို့ ပါးနပ်သောလူသည် မိမိ၏ ချီးမွမ်းစကားများက ဘေးဒုက္ခဖြစ်စေသည်ကို သိရှိသွားသောအခါ ချက်ချင်းပင် မိမိကိုယ်ကို အပြစ်မှ လွတ်မြောက်စေရန် အကြောင်း ပြချက်ကို ရှာဖွေတော့သည်။ သို့သော်လည်း လျန်ထျန်းက အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်၍ ပြတ်သားစွာပင် သူ၏ စကားကို ဖြတ်တောက်ကာ ပြောလိုက်လေသည်။

“အမှားအယွင်း ဟုတ်လား...။ မင်းက ဒီလိုမျိုး လှုပ်ရှားမှုကို စီစဉ်နိုင်လောက်အောင် အလွန် ပါးနပ်တဲ့သူပဲ၊ ဘယ်လိုလုပ်ပြီး အမှားအယွင်း ဖြစ်နိုင်ပါ့မလဲ...။”

“ပြီးတော့ မင်း ကုမ္ပဏီမှာ လုပ်ဆောင်ခဲ့တဲ့ အပြုအမူမှန်သမျှနဲ့ မင်းရဲ့ မရိုးသားတဲ့ စိတ်ကူးတွေကိုလည်း ငါ အကုန်လုံး သိရှိပြီးသားပဲ...။”

“ရှောင်လန်...၊ မင်းကို သူ ဘယ်လိုမျိုး နှောင့်ယှက်ခဲ့လဲဆိုတာရယ်၊ သူရဲ့ ပုံမှန်အပြုအမူတွေနဲ့ အလုပ်အခြေ အနေတွေကို ပြောပြလိုက်စမ်း...။ မင်း ငါ့ကို အသေးစိတ် တင်ပြခဲ့တာက အရမ်းကောင်းပါတယ်...။”

ထိုစကားများကို ကြားရသောအခါ ကျုံးစုန့်၏ မျက်လုံးသူငယ်အိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွားပြီး ဘေးနား ရှိ လှပသော အတွင်းရေးမှူးလေးကို လှည့်ကြည့်ကာ အံကြိတ်လျက် ဆိုလိုက်သည်။

“ရှောင်လန်...၊ မင်းက...။ ဒါဆိုရင် မင်းက ငါ့ရဲ့ ဘေးနားက သူလျှို ဖြစ်နေခဲ့တာပေါ့...။”

“မင်းက ငါ့ကို အမြဲတမ်း အလှမ်းကွာဝေးအောင် လုပ်နေတာ မဆန်းတော့ပါဘူး၊ မင်းက တကယ့်ကို သရုပ် ဆောင် ကောင်းတဲ့သူပဲ...။ မိန်းကလေးတွေကို ကစားရတာ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ငါက တစ်နေ့ကျရင် မိန်းကလေးတစ်ယောက်ရဲ့ ထောင်ချောက်ထဲကို ကျရောက်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး...။”

ပြောပြီးနောက် ကျုံးစုန့်သည် ထိုင်ခုံမှ ထရပ်လိုက်ပြီး ဝတ်စုံ၏ လည်ကော်လာကို ပြန်လည်ပြင်ဆင်ကာ လျန်ထျန်းကို လုံးဝ ကွဲပြားခြားနားသော အမူအရာဖြင့် ဆိုလိုက်သည်။

“အခြေအနေက ဒီလိုဖြစ်လာမှတော့ ဆက်ပြီး ပြောနေဖို့ မလိုတော့ဘူး...။ ဒီကာလအတွင်း ငါ့ရဲ့ လစာကိုသာ ပေးလိုက်ပါ၊ ငါ အခုပဲ ထွက်သွားမယ်...။”

“ငါ မထွက်ခွာခင် မင်းကို အကြံဉာဏ်အချို့ ပေးခဲ့ပါ့မယ် လူငယ်လေး...။ မင်းက တကယ့်ကို အတွေ့အကြုံ နုနယ် လွန်းသေးတယ်၊ ဒီလိုမျိုး အောက်ခြေလူတန်းစား ဝန်ထမ်းတွေအတွက်နဲ့ ငါ့လို အရည်အချင်းရှိတဲ့လူကို မောင်း ထုတ်တယ်ပေါ့ ဟုတ်လား...။”

“မင်း ဒီလိုပဲ ဆက်လုပ်နေရင် အုပ်စုတစ်ခုလုံးဟာ မကြာခင်မှာပဲ မင်းရဲ့လက်ထဲမှာ ပျက်စီးသွားလိမ့်မယ်...။ တခြားလူတွေကို ပိုက်ဆံအားလုံး ရစေပြီး ကိုယ်တိုင်ကတော့ အရှုံးခံနေတဲ့ မိုက်မဲသူမျိုးကို ငါ တကယ်ပဲ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ...။”

“စီးပွားရေးရဲ့ အနှစ်သာရကတော့ လူတိုင်းရဲ့ အိတ်ကပ်ထဲက နောက်ဆုံးတစ်ပြားအထိ ရရှိအောင် မိမိရဲ့ စွမ်းရည် မှန်သမျှကို သုံးပြီး လုပ်ဆောင်ရမှာပဲ၊ အကယ်၍ မင်းက ပိုက်ဆံမရှာရင် တခြားလူက စောစောစီးစီး လာပြီး ရှာသွားမှာပဲ မဟုတ်လား...။”

ကျုံးစုန့်သည် မိမိအနေဖြင့် ဟန်းဂရီးအဖွဲ့တွင် ဆက်လက်၍ မနေထိုင်နိုင်တော့သည်ကို ကောင်းစွာ သိရှိထား သဖြင့် လျန်ထျန်းကို ပွင့်လင်းစွာပင် ဆိုလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ခေါ်ဝေါ်ပုံမှာလည်း “အဓိကအစု ရှယ်ယာရှင်ကြီး” မှ “လူငယ်လေး” ဟု ပြောင်းလဲသွားခဲ့ရာ ဟန်ဆောင်မှုမျက်နှာဖုံးများကို လုံးဝ ခွာချလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း လျန်ထျန်းသည် ထိုစကားများကို ကြားသောအခါ ဒေါသထွက်ခြင်းမရှိဘဲ ပြုံးလျက် ပြောလိုက် လေသည်။

“မင်း စာချုပ်ချုပ်ဆိုတုန်းက ကတိပြုထားတဲ့ လစာက တစ်လကို (၁) ယွမ် မဟုတ်လား...။ အဲ့ဒါက ယွမ်တစ် သန်း ဖြစ်တယ်...။”

“ဒါပေမဲ့ စာချုပ်ထဲမှာ ပထမဆုံးလက အစမ်းခန့်ကာလ ဖြစ်ပြီး ဒီယွမ်တစ်သန်းကို ရဖို့အတွက် အလုပ်ကို တစ်လအပြည့် လုပ်ဆောင်ရမယ်လို့ ရှင်းလင်းစွာ ရေးသားထားတယ်...။”

“မင်းက တစ်လပြည့်ဖို့အတွက် နှစ်ပတ် လိုအပ်နေသေးတယ်၊ ဒါကြောင့် အခု ထွက်ခွာသွားရင် တစ်ပြားမှ ရမှာ မဟုတ်ဘူး...။ မင်း ဘာလုပ်ချင်လဲ...။”

ထိုစကားကို ကြားသောအခါ ကျုံးစုန့်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် မျက်မှောင်ကုတ်ကာ လျန်ထျန်းကို ကြည့်၍ ပြောလိုက်လေသည်။

“မင်း ဘာကို ဆိုလိုတာလဲ...။ အခြေအနေက ဒီလောက်အထိ ဆိုးဝါးနေပြီကို မင်းက ငါ့ကို ဒီမှာ ဆက်ပြီး အလုပ် လုပ်စေချင်သေးတာလား...။”

“ဒါပေမဲ့ ငါက ဒီမှာ ဆက်ပြီး အလုပ်လုပ်ချင်တယ်...။ တစ်လအပြည့် လုပ်ပြီးသွားရင်တော့ ငါ ကိုယ်တိုင် လုံးဝ အလုပ်ထွက်မှာ မဟုတ်ဘူး...။”

“အဲ့ဒီအခါကျမှ မင်းက ငါ့ကို အလုပ်က ထုတ်ပယ်ရင်တော့ အခြေအနေက ကွဲပြားသွားပြီ၊ မင်း ငါ့ကို အပို ထောက်ပံ့ကြေးတွေ ပေးရလိမ့်မယ်...၊ မင်း နားလည်ရဲ့လား...။”

လျန်ထျန်းသည် ပြုံးမြဲပြုံးလျက် လက်ချောင်းများကို ယှက်ကာ မေးစေ့ကို ထောက်၍ ဆိုလိုက်သည်။

“အခြေခံအကျဆုံး အလုပ်သမားဥပဒေတွေကို ငါ ကောင်းကောင်း နားလည်တာပေါ့...။ မင်း ဆက်ပြီး အလုပ် လုပ်နိုင်သရွေ့ ငါ မင်းကို တစ်လလျှင် ယွမ်တစ်သန်း အခွန်ပေးဆောင်ပြီးသား လစာကို တစ်ပြားမှ မလျော့ဘဲ ပေးပါ့မယ်...။”

“ဒါပေမဲ့ အခြေခံအချက်ကတော့ မင်း ဒီလရဲ့ အလုပ်တွေကို တစ်ရက်မှ မပျက်ကွက်ဘဲ ပြီးဆုံးအောင် လုပ် ရမယ်၊ ပြီးတော့ အလုပ်ပမာဏကိုလည်း အချိန်မီနဲ့ အပြည့်အဝ ပြီးစီးအောင် လုပ်ဆောင်ရမယ်၊ အပျင်းထူလို့ မရဘူး...။”

ထိုစကားကို ကြားပြီးနောက် ကျုံးစုန့်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆိုလိုက်သည်။

“ဒီအလုပ်က သိပ်ကို လွယ်ကူပါတယ်၊ ငါ ဘာလို့ ဆက်ပြီး မလုပ်နိုင်ရမှာလဲ...။”

“ကျန်တဲ့ လဝက်တင်မကဘူး၊ နောက်ထပ် ခြောက်လ ဖြစ်နေရင်တောင် ငါ ဒီမှာ သက်တောင့်သက်သာ ဆက်နေ နိုင်သေးတယ်...။”

“အဆိုးဆုံးကတော့ ငါ နေ့တိုင်း ရုံးခန်းထဲမှာ ထိုင်ပြီး စာရွက်စာတမ်းတွေကို ပုံမှန်အတိုင်း လက်မှတ်ထိုးရုံပဲ ရှိတာပေါ့...။”

“မင်းကတော့ ငါ့ကို တစ်လကို လစာ ယွမ်တစ်သန်း ပေးရလိမ့်မယ်...။ ဟားဟား...၊ မင်းကို မိုက်မဲတယ်လို့ ခေါ်ရမလား ဒါမှမဟုတ် အပြစ်ကင်းစင်လွန်းတယ်လို့ ခေါ်ရမလား...။”

ထိုကဲ့သို့ ပွင့်လင်းစွာ သရော်လှောင်ပြောင်ခြင်း ခံရသော်လည်း လျန်ထျန်း၏ အပြုံးမှာမူ မပြောင်းလဲဘဲ ခေါင်း ကို အနည်းငယ် ခါယမ်းကာ ဆိုလိုက်သည်။

“မင်းက ရုံးခန်းထဲမှာ သက်တောင့်သက်သာ ထိုင်နေချင်သေးတယ် ဟုတ်လား...။ ငါတို့ အရင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို သေချာ ပြန်ကြည့်လိုက်စမ်းပါအုန်း...။”

“စာရွက်စာတမ်းပေါ်မှာ အဖြူအမည်း ရှင်းလင်းစွာ ရေးသားထားတာကတော့...၊ ယာယီဥက္ကဋ္ဌ အနေနဲ့ စာရွက် စာတမ်း လက်မှတ်ထိုးခြင်းနဲ့ အစည်းအဝေး တက်ရောက်ခြင်း စတဲ့ နေ့စဉ်အလုပ်တွေအပြင် အောက်ခြေ အဆင့်ကိုလည်း သွားရောက်ဖို့ လိုအပ်တယ်...။”

“ဒါ့အပြင် မင်းက လစဉ် အလုပ်ချိန်ရဲ့ အနည်းဆုံး ထက်ဝက်ကို အောက်ခြေအဆင့်မှာ လုပ်ကိုင်ရင်း ကုန်ဆုံးရ မယ်၊ ငါက အဓိကအစုရှယ်ယာရှင်ကြီး အနေနဲ့ အခြေအနေအပေါ် မူတည်ပြီး မင်းကို မသွားဘဲ နေခွင့်ပြုမှသာ ချွင်းချက်ဖြစ်မယ်...။”

“ဒါပေမဲ့ ပထမလဝက်အတွင်းမှာ မင်းက အောက်ခြေအဆင့်ကို တစ်ရက်မှ မသွားခဲ့ဘူး မဟုတ်လား...။ ဒါက ဘာကို ဆိုလိုသလဲဆိုတော့ ကျန်ရှိတဲ့ လဝက်အတွင်းမှာ မင်းက နေ့တိုင်း အောက်ခြေအဆင့်မှာ အချိန်ကုန်ဆုံး ရမယ်ဆိုတာပဲ...။”

“ပိုပြီး ပွင့်လင်းစွာ ပြောရရင်တော့...၊ မင်းက လဝက်ခန့် အစားအသောက်ပို့ဆောင်သူအဖြစ် အလုပ်လုပ်ရမှာ ဖြစ်ပြီးတော့ ပြင်းထန်တဲ့ အပူရှိန် ဒါမှမဟုတ် လေဒဏ် မိုးဒဏ်ကို ဂရုမစိုက်ဘဲ နေ့စဉ် အမှာစာ (၆၀) ထက်မ နည်း ပို့ဆောင်ရလိမ့်မယ်...။”

ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ကုမ္ပဏီတွင် ရှိနေသော သုံးပွင့်ဆိုင် စာချုပ်မိတ္တူကို ကျုံးစုန့်၏ ရှေ့သို့ ပစ်ချလိုက်လေသည်။

ကျုံးစုန့်သည် မိမိရှေ့ရှိ စာချုပ်ကို ကြည့်ရှုလိုက်ရာ ရုတ်တရက် ကျောရိုးထဲအထိ စိမ့်အေးသွားသလို ခံစားလိုက် ရလေသည်။ သူသည် အလျင်အမြန်ပင် စာမျက်နှာကို လှန်လှောကြည့်ရှုလိုက်ရာ လျန်ထျန်း ပြောဆိုခဲ့သည့် အတိုင်း ဖြစ်နေသည်ကို တွေ့ရှိသွားတော့သည်။

သူ စာချုပ်ချုပ်ဆိုစဉ်က ဤစည်းကမ်းချက်ကို အမှန်တကယ်ပင် သတိမမူမိခဲ့ပေ။

မည်သို့ပင်ဆိုစေ ကုမ္ပဏီအများစုက အဆင့်မြင့်အရာရှိများကို အောက်ခြေအဆင့်ကို သွားရောက်ခိုင်းခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး အပေါ်ယံ အခမ်းအနားမျှသာ ဖြစ်တတ်သည် မဟုတ်ပါလား။

ဤစည်းကမ်းချက်က ယခုအချိန်တွင် အနိုင်ကတ်တစ်ခုအဖြစ် အသုံးပြုခံရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့ပေ။

ကျုံးစုန့်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုင်ခုံပေါ်တွင် ပြန်လည်ထိုင်ကာ လည်ချောင်းကို ရှင်းလျက် ပြောလိုက်သည်။

“မင်း...၊ မင်းက တော်တယ်ဗျာ...။ လုပ်လိုက်ကြတာပေါ့...။”

“ငါ မယုံဘူး...၊ အစားအသောက် ပို့ဆောင်တာက ဘာများ ဒီလောက်အထိ ခက်ခဲနေမှာလဲ...။ ယွမ်တစ်သန်း အတွက် နှစ်ပတ်လောက် အလုပ်လုပ်ရတာ ဘာဆန်းလို့လဲ...။”

ထိုနေ့မှစ၍ ထိုအလွန် အရည်အချင်းရှိလှသော လူသား ကျုံးစုန့်သည် အမှန်တကယ်ပင် အစားအသောက်များ စတင်၍ ပို့ဆောင်ခဲ့ရလေသည်။

ယခင်က သူ၏ အမြင်တွင်မူ အစားအသောက် ပို့ဆောင်ခြင်းသည် အလွန်ပင် ရိုးရှင်းသော အလုပ်ဖြစ်ပြီး လူမိုက် တစ်ယောက်ပင် လုပ်ဆောင်နိုင်သည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း သူ ကိုယ်တိုင် တကယ်တမ်း လုပ် ဆောင်ကြည့်လိုက်ရသောအခါမှသာ မိမိ၏ အတွေ့အကြုံ မရှိခြင်းနှင့် ဤလုပ်ငန်း၏ ပင်ပန်းဆင်းရဲမှု၊ အခက် အခဲများကို သဘောပေါက်သွားတော့သည်။

ပထမဆုံးအနေဖြင့် သူသည် တစ်နှစ်ပတ်လုံး ရုံးခန်းထဲတွင်သာ ထိုင်နေတတ်ပြီး နေရာတကာသို့ ကားမောင်း သွားတတ်သူ ဖြစ်သဖြင့် နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ ရှိနေပါက နေကာခရင်ကို သုံးစွဲရန် လိုအပ် သည်ကိုပင် မသိရှိပေ။

တခြားသော အစားအသောက်ပို့ဆောင်သူများမှာမူ နေကာအင်္ကျီများ၊ နှာခေါင်းစည်းများ၊ လက်အိတ်များနှင့် လက်စွပ်များ စသည်တို့ကို ဝတ်ဆင်ထားကြသည်။

အလုပ်စတင်သော ပထမဆုံးနေ့တွင် ကျုံးစုန့်သည် ဘာကိုမျှ ဝတ်ဆင်ခြင်းမရှိဘဲ (၄၀) ဒီဂရီ အပူရှိန်နှင့် ပြင်းထန် သော နေရောင်အောက်သို့ တိုးဝင်ခဲ့လေသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် သူ၏ အရေပြားများမှာ နေလောင်သဖြင့် ကွာကျလာခဲ့ပြီး တစ်ကိုယ်လုံးမှာလည်း ပြုတ် ထားသော ပုစွန်တစ်ကောင်ကဲ့သို့ နီရဲလာတော့သည်။

နေရောင်အောက်သို့ ထပ်မံ၍ ထွက်ခွာရသောအခါ နာကျင်မှုက ပြင်းထန်လှသဖြင့် ထိုအချိန်မှသာ နှာခေါင်းစည်း၊ လက်အိတ်နှင့် လက်စွပ်များကို ဝတ်ဆင်ရန် သတိရသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဤသည်က အကျိုးသက်ရောက်မှုကို ပိုမိုဆိုးဝါးစေခဲ့ပြီး ညအချိန်သို့ ရောက်သောအခါ အတွင်း၌ ပိတ်မိနေသော ချွေးများကြောင့် နေလောင်ထားသော အရေပြားများမှာ ဖောင်းကြွလာခဲ့ကာ သိပ်သည်းလှသော အရည်ကြည်ဖု များ ဖြစ်ပေါ်လာတော့သည်။

ဤကဲ့သို့သော အဆင့်မြင့်လူသားသည် မည်သည့်အချိန်က ထိုကဲ့သို့သော ဆင်းရဲဒဏ်ကို ခံစားဖူးပါအံ့နည်း...၊ သူသည် သန်းခေါင်ယံအချိန်တွင် ဆေးရုံသို့ အလျင်အမြန် သွားရောက်ခဲ့ရပြီးနောက် နောက်ရက်တွင်မူ ဘာပဲ ဖြစ်ဖြစ် ဆက်လက်၍ မလုပ်ဆောင်တော့ပေ။

သူ အလုပ်ထွက်ရန် ဆုံးဖြတ်ချက်သည် ယွမ်တစ်သန်း တန်ဖိုးရှိသော လစာကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူ ပင်ဖြစ်ပြီး ဤအချက်မှန်သမျှကိုလည်း စာချုပ်တွင် ရှင်းလင်းစွာ ရေးသားထားခဲ့သည်။

သို့ဖြစ်ရာ အစားအသောက် ပို့ဆောင်ခြင်းကို အထင်သေးခဲ့သောလူသည် နောက်ဆုံးတွင် အစားအသောက် ပို့ဆောင်ခြင်းဖြင့်ပင် လမ်းစပျောက်သွားခဲ့ရရှာသည်။

ဒါကြောင့် မည်သည့်လုပ်ငန်းကိုမျှ လုံးဝ အထင်မသေးသင့်ပေ။

အပေါ်ယံမျှသာ ရိုးရှင်းသည်ဟု ထင်မှတ်ရသော အလုပ်များတွင်လည်း ကိုယ်တိုင် မကြုံတွေ့ဖူးပါက မမြင်နိုင် သော အခက်အခဲများစွာ ရှိနေတတ်ပေသည်။

ယာယီဥက္ကဋ္ဌကို ရာထူးမှ ထုတ်ပယ်လိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဥက္ကဋ္ဌဝမ်၏ ကျန်းမာရေးမှာ သိသိသာသာ ကောင်းမွန်လာခဲ့သဖြင့် ကုမ္ပဏီကို ပြန်လည်၍ စီမံခန့်ခွဲနိုင်ခဲ့လေသည်။

လျန်ထျန်းသည်လည်း နောက်ဆုံးတွင် ယခင်ကကဲ့သို့ပင် စိတ်အေးချမ်းစွာဖြင့် အစားအသောက်များကို ဆက် လက် ပို့ဆောင်နိုင်ခဲ့တော့သည်။

မှန်ပေသည်...၊ ထို “ကံကောင်းခြင်းကြယ်ပွင့်” လှုပ်ရှားမှုကိုလည်း ချက်ချင်းပင် ပယ်ဖျက်လိုက်ပြီး အဆိုးရွားဆုံး ခံစားခဲ့ရသော အစားအသောက်ပို့ဆောင်သူများကိုလည်း ထောက်ပံ့ကြေးအချို့ ပြန်လည် ပေးဆောင်ခဲ့လေ တော့သည်...။

All Chapters