ဆေးလုံးချိပ်ပိတ်ခြင်းကို ဖွင့်ခြင်း (၁)
Vol. 006 Ch. 252
တိမ်ကောင်းကင် ကလန်၏ ကောင်းကင်ခိုးယူခြင်း ဆေးမီးဖို ခုနစ်ခုက အလွန်ထူးဆန်း အံ့ဩဖွယ် ကောင်းသောအရာ တစ်ခုဖြစ်သည်။ ကောလာဟလ ပြောကြတာ ကတော့ ကလန် တည်ထောင်ခဲ့သူက ကောင်းကင် ခိုးယူခြင်းမီးဖို ကိုးခု ဖန်တီးခဲ့သည်ဟု ပြောကြလေသည်။
လီမူဝမ်က အလေးအနက် အမူအရာဖြင့် ဆေးမီးဖိုပေါ်ရှိ နဂါးခုနစ်ကောင် မှုတ်ထုတ်သောကြောင့် ဖြစ်ပေါ်လာသော အခိုးအငွေ့များကို စူးစိုက် ကြည့်နေသည်။ သူမက ခပ်တိုးတိုးလေး ပြောလိုက်သည်။
“ဆေးချိပ်ပိတ် ထားတာကို ပယ်ဖျက်ဖို့ စိတ်ဝိညာဉ် စွမ်းအင်ကော၊ အချိန်မှန်ဖို့ကော လိုတယ်။ ညီမတို့က စိတ်ဝိညာဉ် စွမ်းအင်တွေကို ကောင်းကင်ဘုံ ခိုးယူခြင်း ဆေးမီးဖို ခုနစ်ခုကနေ ငှားယူရမယ် ...”
ဝမ်လင်း ကတော့ တည်ငြိမ်လျက်သာ ရှိနေသည်။ သူက လီမူဝမ် ဘေးနား၌ ရပ်၍ ဆေးမီးဖိုကို ကြည့်နေလိုက်သည်။ သူက ခပ်တိုးတိုး ပြောလိုက်သည်။
“တိမ်ကောင်းကင် ကလန်က ဆေးတစ်လုံးကို အမြဲတမ်း တစ်လ တစ်ကြိမ်ပဲ ပြုလုပ်ကြတာလား ...”
လီမူဝမ်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူမက နူးညံသော အသံလေးဖြင့် ပြောလိုက်၏။
“ဟုတ်ပါတယ် ... ကောင်းကင်ခိုးယူခြင်း ဆေးမီးဖိုရဲ့ အကျိုးသက်ရောက်မှု အများဆုံးရဖို့ တစ်လမှာ တစ်ကြိမ်ပဲ အသုံးပြုကြတယ်။ ကလန်ရဲ့ အကြီးအကဲအချိုပဲ ဒီဆေးမီးဖိုတွေကို အသုံးပြုခွင့် ရကြတယ်။ ရှားပါးတဲ့ ဆေးတွေ အတွက်ပဲ ဒီဆေးမီးဖိုတွေကို အသုံးပြုကြရတယ် ...”
ဝမ်လင်းက ခေါင်းညိတ် ပြလိုက်သည်။ သူက သူတို့နှစ်ယောက် ရှေ့ရှိ နဂါးခုနစ်ကောင်နှင့် ဆေးမီးဖိုကို လက်ညှိုးထိုး၍ မေးလိုက်ပြန်သည်။
“ဒီဆေးမီးဖို ကကော ကောင်းကင်ခိုးယူခြင်း ဆေးမီးဖိုပဲလား ...”
လီမူဝမ်က ဂုဏ်ယူစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဒီဆေးမီးဖိုက ကောင်းကင်ခိုးယူခြင်း ဆေးမီးဖို မဟုတ်ပါဘူး။ ဒါပေမဲ့ အကျိုးသက်ရောက်မှု ကတော့ တူတူပဲ။ ဒီဆေးမီးဖိုက ကောင်းကင်ခိုးယူခြင်း ဆေးမီးဖိုတွေကို နှစ်ပေါင်းများစွာ လေ့လာထားပြီး ဝမ်အာ လျှို့ဝှက် ပြုလုပ်ထားတဲ့ ဆေးမီးဖိုပဲ။ တိမ်ကောင်းကင် ကလန်က လူတွေက ဝမ်အာကို ဆန့်ကျင့်မယ် ဆိုရင် ဒီဆေးမီးဖိုက အသုံးပြုပြီး ကောင်းကင် ခိုးယူခြင်း ဆေးမီးဖိုတွေ ဆေးလုံး ပြုလုပ်နေစဉ်မှာ သက်ရောက်မှု ရှိအောင် လုပ်မယ်။ အဲဒီအခါ ဒီဆေးမီးဖိုတွေက ဖုန်အဖြစ် ပြောင်းသွားကြလိမ့်မယ်။ ထိုသို့ သက်ရောက်ခဲ့လျှင် ကောင်းကင်ခိုးယူခြင်း ဆေးမီးဖိုတွေထံမှ စိတ်ဝိညာဉ် စွမ်းအင်များ စိမ့်ထွက်လာမည် ဖြစ်ပြီး စဦးစိတ်ဝိညာဉ် အဆင့်များက ထိုဆေးမီးဖိုများကို ပြင်ဆင်ရန်အတွက် အလုပ်ရှုပ်နေမည် ဖြစ်ပြီး သူမ ထွက်ပြေးလျှင် အနောက်မှ လိုက်လာနိုင်တော့မည် မဟုတ်ပေ ...”
ဝမ်လင်းက ပြုံးရယ် လိုက်သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့ရှေ့ရှိ ဆေးမီးဖိုကို ကြည့်၍ စကား ဆက်မပြောတော့ချေ။ အချိန်အတန်ကြာမှ သူက ရုတ်တရက် ထမေးလိုက်သည်။
“ညီမက ဒီနေရာရဲ့ အပေါ်မှာ ကောင်းကင်ခိုးယူခြင်း ဆေးမီးဖို ခုနစ်ခု ရှိတယ်လို့ ပြောခဲ့တယ်နော်။ ဒီတော့ ဒီဆေးမီးဖိုတွေထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် စိတ်ဝိညာဉ် စွမ်းအင်တွေ သိုလှောင်မိနေမှာပေါ့ ...”
လီမူဝမ်က ပြန်ဖြေလိုက်သည်။
“မှန်တယ်။ နှစ်ပေါင်းများစွာ ကြာအောင် စုစည်းမိနေတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက ဒီဆေးမီးဖိုတွေထဲမှာ စုဆောင်းမိနေတယ်။ ဆေးလုံး မြောက်များစွာ ဒီဆေးမီးဖိုတွေထဲမှာ ပြုလုပ်ပြီး ဖြစ်တဲ့အတွက် ဆေးတစ်လုံးချင်းစီရဲ့ အကြွင်းအကျန် စိတ်ဝိညာဉ် စွမ်းအင်တွေက ဒီအထဲမှာ ကျန်ရစ်နေခဲ့တာပဲ ...”
ဝမ်လင်း မျက်လုံးများက ရုတ်တရက် တောက်ပသွားလေ၏။ သူက ဆေးမီးဖို အထက်ရှိ နဂါးခုနစ်ကောင်ကို ပတ်ကြည့်လိုက်သည်။ သည့်နောက်သူက ၎င်းတို့ကို ညင်သာစွာ ထိတွေ့လိုက်၏။ သည်အခါ အထဲမှ တစီစီ အသံတစ်သံ ထွက်ပေါ်လာသည်။
သူက ထပ်မေးလိုက်ပြန်သည်။
“ညီမက ဒီကောင်းကင်ခိုးယူခြင်း ဆေးမီးဖိုတွေထဲက စိတ်ဝိညာဉ် စွမ်းအင်တွေကို ညီမ ဖန်တီးထားတဲ့ ဒီဆေးမီးဖိုထဲကို ခိုးယူနိုင်လား ...”
သူမက ဝမ်လင်း ဘာပြောချင်သည်ကို သဘောပေါက်မိ လိုက်သဖြင့် မျက်လုံးပြူးမိ သွားသည်။ သူမက မေးလိုက်၏။
“အစ်ကိုက ဒီဆေးမီးဖိုထဲမှာ ကျင့်ကြံခြင် လို့လား ...”
ဝမ်လင်းက လီမူဝမ်အား ပြန်လှည့်၍ ပြုံးပြကာ ဖြေလိုက်၏။
“အင်း။ အစ်ကိုက ဒီးဆေးမီးဖိုထဲမှာ ကျင့်ကြံမယ် ဆိုရင် အရမ်း အကျိုးရှိလိမ့်မယ်။ ဒါပေမဲ့ အခု ကိုယ်ပွားနဲ့တော့ ကျင့်ကြံမှာ မဟုတ်ဘူး။ မူရင်းကိုယ်နဲ့ ကျင့်ကြံမှာ ...”
လီမူဝမ်၏ အသွင်က ထူးဆန်း သွားလေ၏။ သူမက စကား ပြန်ပြောမလို လုပ်နေစဉ်မှာ နဂါးခေါင်းထဲမှ ခရမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာမှုက မြင့်တက်လာခဲ့၏။ ထိုအခိုးအငွေ့များက လေထဲမှာ မြောလွင့်နေပြီး ဆေးမီးဖို အထက်၌ အနက်ရောင်တိမ်စု တစ်ခု ဖြစ်တည် လာခဲ့တော့သည်။ ထိုအနက်ရောင် တိမ်စုအတွင်း၌ ဆေးလုံးကို ချိပ်ပိတ်ထားသော ဆေးမီးဖို ရှိလေ၏။ သည်ဆေးမီးဖိုက အနီရောင် တောက်ပလာပြီး ဆေးလုံး ချိပ်ပိတ်ထားမှုကလည်း နိမ့်လိုက်မြင့်လိုက်ဖြင့် မတည်မငြိမ် ဖြစ်လာသည်။
ထိုအခဏ၌ သည်အခန်းအပေါ်ရှိ နေရာတွင် တိမ်ကောင်းကင် ကလန်၏ အကြီးအကဲများက ကောင်းကင်ကို ကြည့်၍ နေ့အချိန်ကို တွက်ချက် နေကြလျက် ရှိသည်။
သည်အကြီးအကဲများက တိမ်ကောင်းကင် ကလန်၏ ဆေးဝါးပညာရှင်များ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် အဆင့်ငါး ဆေးဝါးပညာရှင် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ချူယောင်ဇီ ဖြစ်လေ၏။
ချူယောင်ဇီက ပုံမှန်ဆိုလျှင် အတွင်းကလန် ခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။ သို့သော် သူက ထိုအခွင့်အရေးကို စွန့်လွှတ်ခဲ့၏။ အကြောင်းမှာ သူက ဆေးပညာကိုသာ အာရုံစိုက် လိုသောကြောင့်ဖြစ်၏။ သူက ကျင့်ကြံခြင်း အဆင့်ကို ဂရုစိုက်ခြင်း မရှိပေ။ သူ့အတွက် ဆေးပညာကသာ အရာရာဖြစ်လေ၏။
ချူယောင်ဇီ သူ့ဘဝတွင် သမိုင်းဝင်အဆင့်ကိုး နတ်ဘုရား ဆေးလုံး ပြုလုပ်နိုင်ရန် ပန်းတိုင် တစ်ခုသာ ရှိသည်။ သို့သော် သူက ထိုပန်းတိုင်နှင့် အလှမ်း ဝေးကွားလွန်း လှသေးသည်။ အဆင့်ခြောက် နိုင်ငံတစ်ခုတောင်မှ အဆင့် ၆ ဆေးလုံးကိုသာ ပြုလုပ်နိုင်၏။ အချို့သော ဆေးပညာ ပါရမီရှင် အနည်းငယ်ကသာ အဆင့် (၇) ဆေးလုံးကို ပြုလုပ်နိုင်ကြခြင်း ဖြစ်သည်။ ဆေးပညာ၏ ခက်ခဲမှုကြောင့် တိမ်ကောင်းကင် ကလန်ကို အဆင့်လေး ဘီလူးနတ်ဆိုးနိုင်ငံမှ ကာကွယ် ပေးထားလေသည်။ ထို့ကြောင့် အဆင့်လေး နိုင်ငံတစ်ခုအတွက် အဆင့်ငါး ဆေးလုံးက အကန့်အသတ် ဖြစ်ကြောင်း သိနိုင်လေ၏။ သည့်အကြောင်းတရား များကြောင့် ဘီလူးနတ်ဆိုး ကလန်အတွက် တိမ်ကောင်းကင် ကလန်က မည်မျှ အရေးကြီးကြောင်း သိနိုင်လေသည်။
ချူယောင်ဇီက အဆင့်ငါး ဆေးဝါးပညာရှင် တစ်ယောက် ဖြစ်သလို စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်တစ်ယောက်လည်း ဖြစ်၏။ သူက ဆေးပညာပေါ်၌သာ အာရုံအပြည့်အဝ မထားဘဲ ကျင့်ကြံခဲ့မည် ဆိုပါက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလိမ့်မည် ဖြစ်သည်။
သည်နေ့ သူက အဆင့်ငါး ဆေးလုံးကို သန့်စင်မည်ဖြစ်သည်။ သူက ထိုအရာအတွက် နှစ်ပေါင်းများစွာ ကြိုပြင်ဆင်ခဲ့ပြီးလည်း ဖြစ်၏။ သူက သူ့ဘေးရှိ လူခြောက်ယောက်ကို သူ့အား စွန့်လွှတ် သန့်စင်ခြင်းနည်းဖြင့် ကူညီရန် မေးလိုက်သည်။ သည် စွန့်လွှန် သန့်စင်ခြင်း နည်းစနစ်က ချူယောင်စီ သူကိုယ်တိုင် တီထွင်ထားသော နည်းတစ်ခုဖြစ်သည်။ သူ့စိတ်ထဲ၌ ဆေးလုံး သန့်စင်ခြင်းက ကောင်းကင်ကို ဆန့်ကျင်သောအရာ ဖြစ်သည်။ ထို့ကြောင့် စွန့်လွှတ်ရမည့် အရာအချို့ လိုအပ်လေသည်။
ချူယောင်ဇီက ဆံပင် အဖြူရောင်များဖြင့် တစ်ခေါင်းလုံး ပြည့်နေပြီး အိုမင်းသည့်ပုံ ပေါက်နေ၏။ သို့သော် သူ့မျက်လုံးများ ကတော့ နတ်ဆိုး အလင်းရောင် တောက်ပလျက် ရှိသည်။ သူ့ဘေးရှိ ဆေးပညာရှင် ခြောက်ယောက်က သူ့ကို မျက်လုံးချင်းဆိုင်၍ မကြည့်ရဲကြပေ။ သည်နတ်ဆိုး အလင်းတန်းက လူတစ်ယောက်၏ စိတ်ဝိညာဉ်ပေါ်သို့ သက်ရောက်နိုင်စွမ်းရှိလေ၏။ထို့ပြင် ဆေးလုံးသန့်စင်ခြင်း၌ အသုံးပြုလျှင် ထိုအလင်းတန်းက ဆေးမီးဖိုအတွင်းကို မြင်နိုင်စွမ်း ရှိလေသည်။
သူက ထိုစွမ်းရည်ကို တစ္ဆေမြင်ကွင်း ဆေးလုံးထံမှ ရရှိခဲ့ခြင်း ဖြစ်၏။ သည်ဆေးလုံးက အလွန် ထူးဆန်းလေသည်။ ထိုဆေးလုံးကို သုံးစွဲသည့် ဆယ်ရောက်မှာ တစ်ယောက်သာ အခုလိုအမြင်မျိုးကို ရရှိနိုင်၏။ နတ်ဆိုးအလင်းတန်း အမြင်မျိုး မရရှိသူများ အားလုံးက မျက်လုံးကန်း သွားကြလေ၏။
အခုလက်ရှိ ချူယောင်ဇီက မီးခိုးရောင် ဝတ်ရုံကြီး ဝတ်ဆင်ထားပြီး ကောင်းကင်ကို မော့ကြည့်လျက် ရှိနေသည်။ ခဏအကြာ၌ သူက မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်၏။
“ငါဆေးလုံး သန့်စင်တဲ့ အချိန်မှာ အခြားလူတွေ လာကြည့်တာကို မုန်းတယ်ဆိုတာ ဂျူနီယာ ကလန်ခေါင်းဆောင် မသိတာလား ...”
လူသုံးယောက်က အဓိက ခန်းမထဲမှ လမ်းလျှောက်လို့ လာကြသည်။ သူတို့ထဲက တစ်ယောက်က အတွင်းကလန် ခေါင်းဆောင် ဖြစ်၏။ သူက အနည်းငယ် ပြုံး၍ ပြန်ပြောလိုက်သည်။
“ငါမင်းတို့ နှစ်ယောကို ကြိုမပြောခဲ့ဘူးလား။ ငါ့အစ်ကိုကြီးက ဆေးလုံး သန့်စင်နေရင် ဘယ်သူမှကြည့်ဖို့ ခွင့်ပြုတာ မဟုတ်ဘူး ...”
ထိုသို့ ပြောပြီးနောက် သူက ချူယောင်ဇီကို လက်ယှက်၍ ရိုသေစွာ ဆက်ပြောလိုက်သည်။
“အစ်ကိုကြီး ဒီနှစ်ယောက်က ထျန်ဝူ ကျင့်ကြံမှုနိုင်ငံက ဧည့်သည်တွေပါ။ သူတို့က အစ်ကိုကြီး ဆေးလုံးသန့်စင် နေတာကို ကြည့်ချင်နေကြလို့ ...”
ကလန်ခေါင်းဆောင် နောက်ရှိ လူနှစ်ယောက်လုံးက ပိန်ရှည်ရှည် ဖြစ်ကြသော်လည်း အားကောင်းသော အော်ရာများ ထုတ်လွှတ်လျက် ရှိသည်။ သူတို့ကျင့်ကြံမှု အဆင့်က မြင့်မားသည့်ဟန် ရသည်။
ချူယောင်ဇီက မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။
“အခုထွက်သွားစမ်း ...”
ထိုသို့ ပြောလိုက်သောအခါ ကလန်ခေါင်းဆောင် အမူအရာက ပုံမှန်အတိုင်း ရှိနေသော်လည်း ဧည့်သည် နှစ်ယောက်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူတို့ မျက်နှာပေါ်၌ လှောင်ပြောင်လိုဟန်များ ဖြစ်ပေါ်လာသည်။ သို့သော် သူတို့က ဘာမျှပြုလုပ်ခြင်း မရှိဘဲ ထွက်ခွာသွားလေ၏။
တိမ်ကောင်းကင် ကလန်ခေါင်းဆောင် ယွမ်ထျန်က သူတို့နှစ်ယောက်ကို ချူယောင်ဇီ အကြောင်းကို ပြောပြခဲ့ပြီး ဖြစ်သော်လည်း သူတို့နှစ်ယောက်က အတင်းလာခဲ့ခြင်း ဖြစ်သည်။ သက်ပြင်းချ လိုက်ပြီးနောက် ယွမ်ထျန်က သူတို့နှစ်ယောက်ကို ဆွေးနွေးလိုက်သည်။ သူ့အမြင်အရ သည်နှစ်ယောက်က ဆေးလုံးများကို လာရောက် ဝယ်ယူခြင်း ဖြစ်ကြသည်။ သူတို့နှစ်ယောက်၏ ကမ်းလှမ်းမှုကလည်း အလွန် စွဲဆောင်မှုရှိလေ၏။ ထို့ကြောင့် သူက ထိုလူနှစ်ယောက်နှင့် အလိုက်အထိုက် နေချင်သေးသည်။
ထိုလူသုံးယောက် ထွက်သွားပြီးနောက် ချူယောင်ဇီက အချိန်ကို ဆက်တွက် ချက်လိုက်သည်။ အသက်ဆယ်ကြိမ် ရှူစာလောက် ကြာပြီးနောက် သူ့မျက်လုံးက မြင့်တက် သွားသည်။ သူက ချိပ်ဟန် လက်ပုံစံများ ပြုလုပ်၍ လေထဲသို့ ခုန်တက်လိုက်သည်။ သည့်နောက် အလင်းတန်း ခုနစ်ခုကို ဆေးမီးဖို ခုနစ်ခုပေါ်သို့ ပစ်လွှတ်လိုက်၏။ အခုချိန်၌ သူ့မီးခိုးရောင် ဝတ်ရုံကြီးက လေထဲမှာ တဖားဖား ဖြစ်နေပြီးသူ့ပုံစံက ထူးဆန်းမှုကို ပေးစွမ်းလို့ နေသည်။ အောက်ရှိ ဆေးပညာရှင် ခြောက်ယောက်ကလည်း သူ့ကို လေးစားစွာ ကြည့်နေကြလေ၏။
ကောင်းကင်ခိုးယူခြင်း ဆေးမီးဖို ခုနစ်လုံးက ၎င်းတို့ အပေါ်သို့ အလင်းတန်းများ ကျရောက် လာပြီးနောက် စတင် ရွေ့လျားလို့ လာသည်။ ၎င်းတို့က စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်လာပြီး ၎င်းတို့ အထက်မှ ကြီးမားသော လက်ကြီးကလည်း ရွေ့လျားလို့ လာသည်။ ဆေးမီးဖို တစ်ခုကို ဗဟိုပြု၍ ကျန်ခြောက်ခုက လှည့်ပတ်လျက် ရှိနေသည်။
တစ်ချိန်တည်းမှာ မြေအောက်အခန်းထဲ၌ လီမူဝမ်၏ နဂါးဆေးမီးဖိုကလည်း စတင် ဓာတ်ပြုလို့ လာသည်။
လီမူဝမ်က အသက်ဝဝ ရှူသွင်းလိုက်ပြီး လက်ဟန်တချို့ ဖော်ထုတ်လိုက်သည်။ သူမက ဆေးမီးဖိုပေါ်ရှိ နဂါးခုနစ်ကောင်ပေါ်သို့ ချိပ်ပိတ်ဟန် လက်ဟန်များကို ပစ်လွှတ်လိုက်၏။ သည်နဂါးခုနစ်ကောင်က အသက်ဝင် လာသကဲ့သို့ မြေအောက်ခန်းထဲ၌ လွင့်မျော နေကြသည်။ သည့်နောက်သူတို့က ရစ်ခွေလိုက်ကြသည်။
သိပ်မကြာခင်မှာ နဂါးခုနစ်ကောင်က ပုံရိပ်ယောင် ဆေးမီးဖိုခုနစ်ခု အသွင်သို့ ပြောင်းသွားလေ၏။ ဆေးမီးဖို တစ်ခုက လီမူဝမ်၏ နဂါးဆေးမီးဖိုထဲသို့ လောင်ကျွမ်း ပေါင်းစပ်နေစဉ် အခြားခြောက်ခုက စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်ကြသည်။
ဝမ်လင်း မျက်လုံးများက မြင့်တက် သွားကြသည်။ သည့်နောက် စကားတစ်လုံးမှ မပြောဘဲ လက်ဟန်တစ်ခု ပြုလုပ်ကာ ပုံရိပ်ယောင် စက်ဝိုင်းတစ်ခု ဖန်တီးလိုက်ပြီး မူရင်း ခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်သည်။
ဝမ်လင်း၏ မူရင်းခန္ဓာကိုယ် ထွက်ပေါ်လာသည့်နှင့် မြေအောက်ခန်းက အေးစက် လာခဲ့သည်။ လေထဲမှာ ရှိနေသော ပုံရိပ်ယောင် ဆေးမီးဖိုများပင် အနည်းငယ် မှုန်ဝါးသွားခဲ့ရသည်။
လီမူဝမ်က ဝမ်လင်း၏ မူရင်း ခန္ဓာကိုယ်ကို စူးစိုက် ကြည့်မိလိုက်သည်။ သူမမျက်လုံးများက မြင့်တက်လို့ သွားလေ၏။ သည်လူက သူမ နှစ်ပေါင်းနှစ်ရာကျော် စောင့်နေခဲ့သော သူ ဖြစ်လေတော့သည်။
မူရင်းခန္ဓာကိုယ်က မြေအောက်ခန်း အလယ်သို့ လျှောက်လာခဲ့သည်။ သူက နဂါးဆေးမီးဖို ရှေ့သို့ရောက်သည်နှင့် လီမူဝမ်ကို ပြန်လှည့် ကြည့်လိုက်လေသည်။ လီမူဝမ်၏ နှလုံးသားက ထိုအေးစက်သော အကြည့်အောက်၌ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူမက ထိုအကြည့်နှင့် အလွန်ရင်းနှီး ခဲ့လေသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာက သူမ တွေ့မြင်ခဲ့ဖူးသော အကြည့်နှင့် ထပ်တူ ဖြစ်နေလေသည်။ နှစ်ပေါင်းနှစ်ရာ ကြာမြင့်ပြီးနောက် ထိုအကြည့်က ပို၍ပင် အေးစက် လာခဲ့သည်ကို သူမက တွေ့လိုက်ရသည်။
လီမူဝမ်က အသက်ဝဝ ရှူသွင်းပြီး အလျင်အမြန် လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ သူမ၏ ထိန်းချုပ်မှု အောက်၌ ဆေးမီးဖို အဖုံးက တဖြည်းဖြည်း ဘေးသို့ ရွေ့လျားလို့ လာသည်။ သည့်နောက် ဝမ်လင်း မူရင်း ခန္ဓာကိုယ်က ဆေးမီးဖိုထဲသို့ ဝင်ရောက်လိုက်ပြီး တုံ့ဆိုင်းခြင်း မရှိ လေ့ကျင်တော့သည်။ သိပ်မကြာခင် ဆေးမီးဖို အဖုံးက ပြန်၍ ပိတ်သွားလေသည်။
***