← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) - အတိတ် (၂)

ကျန်းရှောင်ဖန်းနှင့် စုန့်တာ့ရန်တို့သည် ဖာရှန်၏ နေရာမှ ထွက်ခွာလာခဲ့ကြသည်။ ၎င်းတို့ ပြန်လာချိန်တွင် ဖာရှန်း၏ ရယ်မောသံမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

ညဉီးယံမှာ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ညအစောင့် တပည့်များမှလွဲ၍ လူတိုင်းက သူတို့၏ အိပ်စက်ရာနေရာများသို့ ဖြည်းညင်းစွာ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။

တာ့ကျူးတောင်ထိပ်မှ တပည့်များ နေထိုင်ရာ ဂူဆီသို့ ရောက်ရှိခါနီးတွင် စုန့်တာ့ရန်၏ ရင်ထဲ၌ အနည်းငယ် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့ပြီး ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ရှောင်ဖန်း... မင်း ငါပြောတာတွေကို မှတ်မိသေးတယ်မလား"

ကျန်းရှောင်ဖန်းက ပြန်လည်ဖြေကြားလိုက်၏။

"ဟုတ်ကဲ့...မှတ်မိပါတယ် ဂိုဏ်းတူအစ်ကိုကြီး"

စုန့်တာ့ရန်က ခေါင်းညိတ်လိုက်သည်။

"ဆရာက မင်းကို ဘာကြောင့် ရှာခိုင်းလဲဆိုတာကို ငါ မသိဘူး။ ဒါပေမယ့် ရှောင်ယိချိုင်ဆီ သွားလည်ပြီး ပြန်လာကတည်းက သူ့မျက်ခုံးတွေ တွန့်ချိုးနေတာဆိုတော့ တစ်ခုခု ဖြစ်လာတဲ့ပုံစံပဲ"

ကျန်းရှောင်ဖန်းက တိတ်ဆိတ်နေလေသည်။ သူ၏ စိတ်ထဲတွင် မငြိမ်မသက် ဖြစ်နေခဲ့ပြီး ရှောင်ယိချိုင်က သူ၏ဆရာအား သရဲဘုရင်နှင့် ပိယောင်တို့ အကြောင်း ပြောပြလိုက်ခြင်းများ ဖြစ်နေမည်လားဟု တွေးတောနေမိသည်။

အကယ်၍ ထိုသို့သာ တကယ်ဖြစ်နေခဲ့လျှင် ဆရာဖြစ်သူက မေးမြန်းလာပါက မည်သို့ ပြန်လည်ဖြေကြားရမည်ကို မသိတော့ချေ။

စုန့်တာ့ရန်သည် ကျန်းရှောင်ဖန်း စကားမပြောသည်ကို မြင်လိုက်ရသဖြင့် ကြောက်လန့်နေသည်ဟု ထင်မှတ်သွားကာ သူ၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

"ရှောင်ဖန်း... စိုးရိမ်နေဖို့ မလိုပါဘူး။ ဆရာက အမြဲတမ်း တင်းကျပ်လေ့ရှိပေမယ့် သူက ငါတို့ကို တကယ် ချစ်ပါတယ်”

ထို့နောက် သူက ခေတ္တရပ်သွားပြီး အသံကို နှိမ့်လိုက်လေသည်။

"ဒါပေမယ့် စိတ်မလောပါနဲ့။ မင်းသာ ဆရာ့ကို ဆန့်ကျင်မိရင် ငါတို့လည်း မင်းအတွက် ဝင်တောင်းပန်ပေးနိုင်မှာ မဟုတ်ဘူးနော်"

ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် နွေးထွေးသွားခဲ့သည်။ သူက စုန့်တာ့ရန်ကို ကြည့်ပြီး တိတ်ဆိတ်စွာ ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး... ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ဆက်ဆံခဲ့တဲ့ပုံစံအတွက် တကယ်ပဲ တောင်းပန်ပါတယ်။ ခွင့်... ခွင့်လွှတ်ပေးပါ"

စုန့်တာ့ရန်က ရယ်မောလိုက်ပြီး သူ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။

"မင်းဘာတွေ လာပြောနေတာလဲ။ မြန်မြန်သွား။ ဆရာ့ကို အကြာကြီးစောင့်ရအောင် မလုပ်နဲ့။ ဒီနေ့က တကယ်ကို ထူးဆန်းတယ်”

“အခုလေးတင် လသာနေတာလေ။ အခုတော့ တိမ်တွေ ရောက်လာပြန်ပြီ။ အရှေ့ပင်လယ်က ငါတို့ အလယ်ပိုင်းဒေသနဲ့တော့ ကွာခြားတာ အမှန်ပဲ"

ကျန်းရှောင်ဖန်းက ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်ရာ မှောင်မိုက်နေသည်ကို မြင်လိုက်ရသည်။

လွန်ခဲ့သော အခိုက်အတန့်က ရှိနေခဲ့သည့် တောက်ပသော လမင်းကြီးမှာ ယခုအခါ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ပြီး ၎င်း၏ တောက်ပမှုကို သိသိသာသာ အားနည်းသွားစေကာ လူတို့ကို အနှောင့်အယှက် ဖြစ်စေ၏။

သူတို့ စကားပြောနေစဉ်မှာပင် ဂူဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ စုန့်တာ့ရန်နှင့် ကျန်းရှောင်ဖန်းတို့က ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

ထျန်းလင်းအာနှင့် တုပိရှုတို့ထံမှ ထွက်ပေါ်လာသော ရယ်မောသံများကို သူတို့ ကြားနေရပေသည်။

ကျန်းရှောင်ဖန်းသည် ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် စုန့်တာ့ရန်အား ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော် အထဲကို မဝင်တော့ဘူး။ ဆရာ့ကို ရှာဖို့ သစ်တောထဲကို တိုက်ရိုက်ပဲ သွားလိုက်တော့မယ်"

စုန့်တာ့ရန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုလည်း ပြီးတာပါပဲ။ မြန်မြန်သွား။ ဒါပေမယ့် အခုက မှောင်နေပြီဆိုတော့ သစ်တောထဲမှာ လမ်းလျှောက်ရင် သတိထားဖို့ လိုတယ်နော်။ နားလည်လား"

ကျန်းရှောင်ဖန်းက ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သစ်တောအတွင်းသို့ ဦးတည်သွားလေတော့သည်။

စုန့်တာ့ရန်က သူ၏ ကျောပြင်ကို ကြည့်ရင်း ဂိုဏ်းတူညီငယ်လေးမှာ အနည်းငယ် အထီးကျန်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူက သက်ပြင်းချကာ ခေါင်းခါလိုက်ပြီးနောက် ဂူအတွင်းသို့ ဝင်သွားလေသည်။

သစ်တောအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ထုက သူ့ကို ဝန်းရံလာခဲ့သည်။

ကျန်းရှောင်ဖန်းက ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး သူ၏ ရင်ထဲတွင် လှုပ်ခတ်သွားခဲ့၏။ အခိုက်အတန့်အကြာတွင် သူ၏ မျက်လုံးများက သစ်တော၏ ပတ်ဝန်းကျင်နှင့် အသားကျလာခဲ့သည်။

လရောင်အကြွင်းအကျန်များက ထူထပ်သော သစ်ရွက်များကြားမှ ဖြတ်သန်းတောက်ပလာပြီး မြေပြင်ပေါ်သို့ ကျရောက်ကာ အလင်းရောင် အနည်းငယ် ကျန်ရစ်နေစေသည်။

သစ်တောအတွင်းရှိ အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။ နံနက်ခင်း ငှက်များ၏ အော်မြည်သံများ၊ သားရဲများ၏ အသက်ရှူသံများ မရှိတော့သလို အင်းဆက်များ၏ သီချင်းသံများပင်လျှင် ယနေ့ညတွင် ပျောက်ကွယ်သွားခဲ့ပေပြီ။

အမှောင်ထုထဲတွင် စစ်သည်တော်တစ်ဦးကဲ့သို့ နေရာအနှံ့ ရပ်တည်နေသည့် ကြီးမားလှသော သစ်ပင်ကြီးများသာ ရှိလေတော့သည်။

ပင်လယ်ပြင်မှ ဖြတ်သန်းလာသောလေက သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်သွားရာ တရှဲရှဲ အသံများကို ဖန်တီးနေခဲ့သည်။

ခြောက်ခြားဖွယ်ကောင်းသော သစ်တောထဲတွင် လူငယ်လေးတစ်ယောက် တစ်ကိုယ်တည်း လျှောက်လှမ်းနေခဲ့လေသည်။

ကျန်းရှောင်ဖန်း၏ စိတ်အစဉ်မှာ တိတ်ဆိတ်လွန်းလှသော ညတွင် လွင့်မျောသွားခဲ့သည်။ အတိတ်က အရာများစွာကို သူ ရုတ်တရက် ပြန်လည်သတိရလာခဲ့လေသည်။

ညနေအချိန်တွင် သူ ကလေးဘဝက မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထားခံရပြီး ည၏ အမှောင်ထုကို ရင်ဆိုင်ရချိန်၌ သူ၏ မျက်လုံးကျယ်ကြီးများထဲတွင် ဖျော့တော့သော အကြောက်တရားများ ရှိနေခဲ့ပေသည်။

သို့သော် ထိုသို့ဖြစ်ပျက်ခဲ့သည်ကို မသိလိုက်ဘဲ ကုန်ဆုံးသွားသော အချိန်ကာလများက အလွန်ဝေးကွာနေခဲ့ပြီ ဖြစ်သည်။

သူက မျက်လုံးများကို မှိတ်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခေါင်းခါလိုက်ပြီးနောက် သူ၏ ခြေလှမ်းများကို အရှိန်မြှင့်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။

သို့သော် သူ လျှောက်လှမ်းနေသော လမ်းကြောင်းပေါ်တွင် အမှောင်ထုထဲမှ တောက်ပသော မျက်လုံးတစ်စုံက တိတ်တဆိတ် ထွက်ပေါ်လာပြီး အမုန်းတရား မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ကိုမူ သူ သတိမထားမိခဲ့ချေ။

လူတစ်ယောက်၏ ဒေါသထွက်နေသော မျက်လုံးတစ်စုံနှင့်ပင် တူနေလေသည်။

ထျန်းပုယီက မျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ် စိတ်မရှည်တော့ဘဲ ပြောလိုက်သည်။

"သူ ဘာဖြစ်နေတာလဲ။ ခုထိကို ရောက်မလာသေးဘူး"

စုရုက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"သူက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာနိုင်မှာလဲ။ တာ့ရန်က သူ့ကို ပြေးရှာရသေးတယ်။ ပြီးတော့ သူက ဖာရှန်းဆီကနေ ပြန်လာရဦးမယ်လေ”

“ပြေးလာရင်တောင် အချိန်တစ်ခုတော့ ယူရမှာပေါ့။ ကိစ္စသေးသေးလေးအတွက်နဲ့ ရှင်က သူ့ကို ပျံသန်းလာခိုင်းလို့တော့ မရဘူးလေ"

ထျန်းပုယီက နှာမှုတ်လိုက်ပြီး ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်ရင်း ပြောလိုက်သည်။

"ထူးဆန်းတယ်။ အရှေ့ပင်လယ်က ကောင်းကင်က ဘာလို့ ဒီလောက် အပြောင်းအလဲမြန်ရတာလဲ”

စုရုက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေသည်။

"ဟုတ်တယ်။ အခုလေးတင် လင်းထိန်နေတာပဲ။ အခုတော့ တိမ်မည်းတွေ ဖုံးလွှမ်းသွားပြီ။"

သို့သော် သူမက ဤအရာကို စိတ်ထဲမထားတော့ဘဲ အခြားအရာတစ်ခုကို မေးလိုက်၏။

"ပုယီ... အစကတည်းက ကျွန်မ နားမလည်နိုင်တဲ့ အရာတစ်ခု ရှိနေသေးတယ်။"

ထျန်းပုယီက သူမကို ကြည့်ကာ မေးလိုက်သည်။

"ဘာလဲ”

စုရုက ဆက်ပြောလေ၏။

"ရှောင်ယိချိုင် ပြောသလိုသာ ရှောင်ဖန်းက သရဲဘုရင်နဲ့ သူ့သမီးကို တကယ်သိနေခဲ့ရင် ဘယ်လိုအကြောင်းပြချက်ပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်ကို ချန်းစုန့်ကို သူ ပြောပြသင့်တာပေါ့”

“ဒါကို သူက ရှင်းရှင်းလင်းလင်း သိရဲ့သားနဲ့ သူက ရှင့်ကိုပဲ သီးသန့်လာပြောပြပြီး ဂိုဏ်းတူအစ်ကို ချန်းစုန့်ဆီကနေ ဖုံးကွယ်ထားခဲ့တယ်”

“ပြီးတော့ သူက ကျွန်မတို့ရဲ့ တာ့ကျူးတောင်ထိပ်နဲ့လည်း သိပ်ရင်းနှီးတာမဟုတ်ဘူးဆိုတော့ ဒါက မှန်ကန်တယ်လို့ ကျွန်မ မထင်ဘူး"

ထျန်းပုယီက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ပေါ့ပါးစွာ ပြောလိုက်သည်။

"သူ့ရဲ့ ရည်ရွယ်ချက်က အပေါ်ယံမြင်နေရသလောက် မရိုးရှင်းဘူး”

စုရု၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုးသွားခဲ့၏။

"ဘယ်လိုမျိုးလဲ"

ထျန်းပုယီက ချက်ချင်း ပြန်မဖြေဘဲ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ငါ သိထားသလောက်ဆိုရင် ဂိုဏ်းချုပ်အစ်ကိုကြီးက လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျင့်စဉ်ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်နေခဲ့ပြီး ဂိုဏ်းရဲ့ ကိစ္စတွေကို လျစ်လျူရှုလာခဲ့တယ်။ နေ့စဉ်ကိစ္စရပ် အများစုကို ချန်းစုန့်နဲ့ အကြီးအကဲ အနည်းငယ်ကပဲ တာဝန်ယူ ဖြေရှင်းနေကြတာ"

ထို့နောက် သူက ခေတ္တရပ်သွားပြီး အေးစက်စွာ ရယ်မောလိုက်၏။

"အခု လူတွေက လုံရှို့တောင်ထိပ်မှာ နေထိုင်နေတဲ့ ချန်းစုန့်က ဂိုဏ်းချုပ်ဖြစ်နေပြီလို့ တိတ်တဆိတ် ဆွေးနွေးနေကြပြီလေ"

စုရုမှာ အံ့အားသင့်သွားခဲ့ပြီး အနည်းငယ် စိုးရိမ်စိတ်ဖြင့် ထျန်းပုယီ၏ အင်္ကျီလက်ကို ဆွဲကာ တီးတိုးပြောလိုက်သည်။

"ဒီစကားကို အပြင်မှာ မပြောရဘူးနော်။"

ထျန်းပုယီက ခေါင်းညိတ်လိုက်၏။

"ငါ သိပါတယ်။ စိတ်ချပါ"

ထို့နောက် သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆက်ပြောလေသည်။

"မင်းလည်း ဒါကို သိပါတယ်။ ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ နှစ်ပေါင်း နှစ်ထောင်သက်တမ်းတစ်လျှောက်လုံး၊ အထူးသဖြင့် ဘိုးဘေးချင်းယဲ့က ချင်းယွင်တောင်ထိပ် ခုနစ်ခုကို တည်ထောင်ခဲ့ကတည်းက ဂိုဏ်းချုပ်နေရာကို ထုံထျန်းတောင်ထိပ်က တပည့်တွေကပဲ အမြဲတမ်း ဆက်ခံခဲ့ကြတယ်။ ဒါပေမယ့် အခုတော့..."

စုရုက ပြုံးလိုက်ပြီး သူ့ကိုယ်စား ဆက်ပြောလိုက်၏။

"ဒါပေမယ့် အခုတော့ ဂိုဏ်းတူအစ်ကို ချန်းစုန့်က ဂိုဏ်းထဲမှာ လေးစားခံရတဲ့အပြင် ကျင့်စဉ်ပိုင်းမှာလည်း အားကောင်းတယ်။ ဂုဏ်သတင်းကလည်း ဂိုဏ်းတူအစ်ကိုကြီး တာအိုရွှမ်ပြီးရင် ဒုတိယလိုက်တယ်”

“ရှောင်ယိချိုင်က ဂိုဏ်းချုပ်အဖြစ် ဆက်ခံမယ့်ကိစ္စက အငြင်းပွားစရာ မရှိဘူးလို့ ထင်ရပေမယ့် အခုတော့ မေးခွန်းထုတ်စရာ ဖြစ်လာပြီလေ”

ထျန်းပုယီက ပေါ့ပါးစွာ ပြောလိုက်သည်။

"ပြီးတော့ နှစ်ပေါင်း နှစ်ရာကြာတဲ့အထိ ချန်းစုန့်က ချင်းယွင်ရဲ့ ပြစ်ဒဏ်စီရင်ရေးဌာနကို အမြဲတမ်း တာဝန်ယူခဲ့ပြီး သူ့သဘောဆန္ဒကလွဲရင် တခြားဘာကိုမှ လက်ခံတာ မဟုတ်ဘူး”

“ဂိုဏ်းတူအစ်ကိုကြီး တာအိုရွှမ်ကလွဲရင် သူက လူတိုင်းကို အထင်သေးနေပြီလေ။ တူတော်ရှောင်ရဲ့ စိုးရိမ်မှုက ပုံမှန်ပါပဲ"

စုရုက ခေါင်းငုံ့လိုက်ပြီးနောက် အတန်ကြာမှ ပြောလိုက်၏။

"ပုယီ... ဒီဂိုဏ်းချုပ်နေရာအတွက် တိုက်ပွဲက အတော်လေး ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိလိမ့်မယ်။ အဲဒီအထဲကို သိပ်မပါဝင်ပါနဲ့"

ထျန်းပုယီက ခေါင်းခါလိုက်သည်။

"ငါက ဘယ်လိုလုပ် မသိဘဲနေမလဲ။ ဒါပေမယ့် ငါက တောင်ထိပ်တစ်ခုရဲ့ သခင်ဖြစ်နေတာပဲ။ ဘယ်လိုလုပ် ရှောင်လွှဲလို့ ရမှာလဲ”

“ဒီနေ့ ရှောင်ယိချိုင်က ငါ့ကို ကျေးဇူးတင်စကား လာပြောတာက အဓိကအားဖြင့် အနာဂတ်ပဋိပက္ခတွေမှာ ငါက သူ့ကို အထောက်အပံ့ပေးနိုင်ဖို့ မျှော်လင့်နေလို့ပဲ။ ငါတို့က ခြေတစ်လှမ်းလှမ်းပြီး တစ်လှမ်း စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်။"

စုရုက သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။

"ဝူး..."

သစ်တော၏ နက်ရှိုင်းသော နေရာမှ အေးစက်သော လေပြေတစ်ခု ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။

ကျန်းရှောင်ဖန်းမှာ သူ၏ လည်ပင်းပေါ်တွင် အေးစက်မှုကို ခံစားလိုက်ရပြီး ခေါင်းမော့ကြည့်လိုက်ရာ မိစ္ဆာများကဲ့သို့ ကခုန်နေသော သစ်ပင်များ၏ ပုံရိပ်များဖြင့် ကောင်းကင်ယံတွင် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။

သူက မျက်မှောင်ကြုတ်လိုက်၏။ ယနေ့ညတွင် သစ်တောမှာ ခြောက်ခြားနေပြီး ယခင်နှင့် အလွန်ကွာခြားနေသည်။

ထို့နောက် လွန်ခဲ့သောရက်က ဤနေရာတွင် ကံမကောင်းသော အရာများကို သူ မတွေ့ခဲ့ရသဖြင့် ကောင်းကင်ယံ အနည်းငယ်မှောင်သွားပါက ၎င်းတို့ ထွက်ပေါ်လာမည်လားဟု သူ တွေးတောလိုက်မိလေသည်။

ထိုအရာကို တွေးမိပြီးနောက် သူ၏ ရင်ထဲတွင် ရယ်မောလိုက်ကာ ဆက်လက် လျှောက်လှမ်းသွားလေသည်။

ရုတ်တရက် သူ၏ အနောက်ဘက်မှ တစ္ဆေ၏ငိုကြွေးသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားခဲ့သည်။

အမှောင်ထုထဲတွင် ဦးခေါင်းခွံတစ်ခုက အနီရောင်အလင်းတန်းဖြင့် ဖြည်းညင်းစွာ တောက်ပလာပြီး လေထဲတွင် လည်ပတ်နေလေသည်။

တစ္ဆေ၏ ငိုကြွေးသံထဲတွင် အနီရောင်ဦးခေါင်းခွံမှာ ရပ်တန့်သွားပြီး ကျန်းရှောင်ဖန်းကို မျက်နှာမူနေခဲ့၏။

ကျန်းရှောင်ဖန်းသည် ၎င်း၏ မျက်လုံးပေါက်များထဲရှိ တစ္ဆေမီးတောက်များကို မြင်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် အရိုးခေါင်း၏ အနောက်ဘက်၌ လူနှစ်ယောက်၏ ပုံရိပ်များ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ဦးခေါင်းခွံ၏ အနီရောင်အလင်းတန်းဖြင့် ကျန်းရှောင်ဖန်းသည် ၎င်းတို့အနက်မှ တစ်ဦးမှာ အရပ်ရှည်ပြီး ပိန်ချုံးနေသော အဘိုးအိုတစ်ဦးဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းပြီး ခြောက်သွေ့နေသော မျက်နှာရှိပြီး အရေခွံနှင့် အရိုးများသာ ရှိသကဲ့သို့ ဖြစ်နေကာ အနီရောင်ဦးခေါင်းခွံနှင့် သိပ်မကွာခြားလှသည်ကို မြင်လိုက်ရလေသည်။

သူ၏ မျက်လုံးတစ်စုံက ကျန်းရှောင်ဖန်းကို စိုက်ကြည့်နေပြီး ဒေါသတကြီး လောင်ကျွမ်းနေ၏။

အခြားလူတစ်ဦးမှာမူ အလွန် ရှက်ရွံ့စရာကောင်းသော အခြေအနေတွင် ရှိနေခဲ့သည်။

သူက အတော်လေး ကြီးမားသော်လည်း ကြက်ကလေးတစ်ကောင်ကဲ့သို့ အဘိုးအိုက သူ့ကို လေထဲတွင် တွဲလောင်းချီထားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေခဲ့သည်။

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားခဲ့ပြီး အသံထွက်သွားခဲ့သည်။

"ဟင်။"

ဤလူမှာ အလွန် ရင်းနှီးနေခဲ့၏။ သူသည် ကုန်းစွန်းတောင်ရှိ လင်းနို့တစ်သောင်းဂူတွင် သူ တွေ့ခဲ့ရပြီး လျိုပိုတောင်တွင်လည်း အကြိမ်အနည်းငယ် ပြေးဆုံခဲ့ဖူးသည့် ခွေးရိုင်းတာအိုဆရာပင် ဖြစ်ပေသည်။

အရိုးသာကျန်တော့သော အဘိုးအိုက သူ၏ ကော်လာကို ကိုင်ထားခဲ့ပြီး ငိုကြွေးနေခဲ့သည်။ မကြာမီတွင် သူသည် ကျန်းရှောင်ဖန်းကို သတိထားမိသွားပြီးနောက် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားကာ ကျန်းရှောင်ဖန်းအား ချက်ချင်း လက်ညှိုးထိုး၍ အော်ဟစ်လိုက်လေသည်။

"အာ... သူပဲ။ သူပဲဗျ..."

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားခဲ့ပြီး ခွေးရိုင်းတာအိုဆရာက မည်သို့ ဆိုလိုသည်ကို မသိခဲ့ချေ။ အဘိုးအိုက သူ့ကို စိုက်ကြည့်လိုက်ပြီး ခွေးရိုင်းတာအိုဆရာအား စူးရှပြီး အက်ရှရှ အသံဖြင့် မေးလိုက်သည်။

"ဒါက ချင်းယွင်က ကောင်လေးလား"

ခွေးရိုင်းတာအိုဆရာဆရာက ခေါင်းညိတ်ကာ လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်။ သူပဲဗျ။ သွေးစုပ်မိစ္ဆာအိုကြီး... ခင်ဗျားရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ သွေးစုပ်ဖုတ်ကောင် ကျန်လောင်စန်းကို သတ်ခဲ့တဲ့ ခွေးကောင်က သူပဲ"

All Chapters