← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂ ) - သွေးစုပ်မိစ္ဆာအဘိုးအို (၁)

အရုပ်ဆိုးအကျည်းတန်သော မျက်နှာရှိသည့် ထိုအဘိုးကြီးမှာ နတ်ဆိုးဂိုဏ်းတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သည့် အဘိုးကြီးတစ်ဦးဖြစ်ပြီး “သွေးစုပ်ဘိုးဘေး” ဟု လူသိများလေသည်။

လမ်းမှန်ဂိုဏ်းများသာမက နတ်ဆိုးဂိုဏ်းဝင် အများအပြားကပါ သူ့ကို “သွေးစုပ်မိစ္ဆာအိုကြီး” ဟု ခေါ်ဆိုကြလေသည်။

ထိုသို့ခေါ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူကျင့်ကြံသည့် “သွေးစုပ်ပညာ” ဟူသော မိစ္ဆာအတတ်သည် ကျင့်ကြံမှုကို အထောက်အကူပြုရန် လူသားတို့၏ သွေးကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရန် လိုအပ်သောကြောင့် ဖြစ်ရာ အလွန်ပင် ရွံရှာဖွယ်ကောင်းပြီး ထိတ်လန့်စရာလည်း ကောင်းလှပေသည်။

ထိုရွံရှာဖွယ်ကောင်းသော မိစ္ဆာအတတ်မှာ စွမ်းအားကြီးမားလှသော်လည်း ကျင့်ကြံသူအပေါ် ဘေးထွက်ဆိုးကျိုးများ ရှိပေသည်။

သွေးစုပ်ပညာကို ကျင့်ကြံသူ မည်သူမဆို လောကတွင် လက်ခံနိုင်စရာမရှိအောင်ပင် ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာမျိုး ပိုင်ဆိုင်မည် ဖြစ်၏။ နတ်ဆိုးဂိုဏ်းအတွင်းမှာပင် ထိုအချက်ကြောင့် သူ့ကို မနှစ်မြို့သူ အများအပြား ရှိလေသည်။

သို့သော် ထိုအတတ်ပညာကို လျှော့တွက်၍မရပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က သူပထမဆုံး ပေါ်ထွက်လာစဉ်တွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သဖြင့် လမ်းမှန်ဂိုဏ်းများအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင် နတ်ဆိုးဂိုဏ်းက အရေးနိမ့်သွားချိန်တွင် လမ်းမှန်ဂိုဏ်းများ၏ ဖိအားပေးမှုများကြောင့်လည်းကောင်း၊ စွမ်းအားကြီးမားသော ကျင့်ကြံသူများ၏ လိုက်လံသတ်ဖြတ်မှုကို ရှောင်ရှားရန်အတွက်လည်းကောင်း သွေးစုပ်မိစ္ဆာအိုကြီးသည် နတ်ဆိုးဂိုဏ်းဝင်များနှင့်အတူ အလယ်ပိုင်းလွင်ပြင်ကို စွန့်ခွာသွားခဲ့ရာ ထိုအချိန်မှစ၍ သူ၏သတင်းမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

ယခုတစ်ကြိမ်တွင် နတ်ဆိုးဂိုဏ်း ပြန်လည်အင်အားကြီးမားလာသောအခါ နတ်ဆိုးဂိုဏ်းကြီး လေးခုထဲမှ တစ်ခုဖြစ်သော “အဆိပ်တစ်သောင်းဂိုဏ်း”၏ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသော သွေးစုပ်မိစ္ဆာအိုကြီးကိုလည်း ဖိတ်ကြားခဲ့ကြသည်။

သူ မထွက်ခွာမီ သူ၏ တစ်ဦးတည်းသောတပည့်ဖြစ်သူ ကျန်းလောင်စန်းကို တာအိုဆရာယဲ့ကုံးနှင့် လျူကောင်းတို့ကို ကူညီရန် စေလွှတ်ခဲ့သည်။ သို့သော် သူ၏တပည့်မှာ ဝမ်ဖုဂူအတွင်း၌ အသတ်ခံလိုက်ရကြောင်း သိလိုက်ရသောအခါ သူ အလွန်ပင် အံ့အားသင့်သွားရ၏။

သူ့တပည့် သေဆုံးသွားကြောင်း သိရသောအခါ သွေးစုပ်မိစ္ဆာအိုကြီးမှာ အလွန်အမင်း ဒေါသထွက်သွားလေသည်။ သွေးစုပ်ပညာမှာ နာမည်ဆိုးဖြင့် ကျော်ကြားပြီး ကျင့်ကြံမှုဖြစ်စဉ်မှာလည်း အလွန်အန္တရာယ်များလှသည်။

တစ်စုံတစ်ရာမှားယွင်းသွားပါက တန်ပြန်သက်ရောက်မှုကို ခံရပြီး သွေးကြောများ ပေါက်ကွက်သွားနိုင်ပေသည်။ ထို့ကြောင့် နတ်ဆိုးဂိုဏ်းအတွင်းမှာပင် ထိုပညာရပ်ကို ကျင့်ကြံလိုသူမှာ အလွန်အမင်းရှားပါးလှသည်။

ကျန်းလောင်စန်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သော တပည့်ဖြစ်ပြီး သူ၏ထူးဆန်းသော စိတ်နေစိတ်ထားနှင့်လည်း ကိုက်ညီသူ ဖြစ်သည်။ ထို့ကြောင့် သွေးစုပ်မိစ္ဆာအိုကြီးမှာ သူ့တပည့်ကို အလွန်ပင် ချစ်မြတ်နိုးလေသည်။

ယခုအခါ အကြောင်းရင်းကိုပင် မသိရဘဲ သူ၏တပည့် သေဆုံးသွားရာ သူ ဒေါသ မထွက်ဘဲ နေနိုင်ပါမည်နည်း။

မကြာသေးမီက နတ်ဆိုးဂိုဏ်းအတွင်း ကြီးမားသော လှုပ်ရှားမှုတစ်ခု ရှိခဲ့လေသည်။ သရဲဘုရင်ဂိုဏ်းက အရှေ့ပင်လယ်ရှိ လျိုပိုတောင်ဟူသော ထိုဖုန်းဆိုးမြေသို့ လမ်းစဖောက်လိုက်ပြီးနောက် ကျန်ရှိသည့် ဂိုဏ်းကြီးသုံးခုကလည်း စစ်ကူများ စေလွှတ်ခဲ့ကြရာ သွေးစုပ်မိစ္ဆာအိုကြီးလည်း အပါအဝင် ဖြစ်သည်။

သူသည် လျိုပိုသို့ ယနေ့မှ ရောက်ရှိလာခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် တာအိုဆရာယဲ့ကုံးနှင့် အခြားသော သွေးသန့်စင်ဂိုဏ်းဝင်များနှင့် ဆုံတွေ့ခဲ့လေသည်။

ခေါင်းဆောင်နျန်၊ လျူကောင်းနှင့် အခြားသူများမှာ အလွန်အမင်း ကောက်ကျစ်သူများ ဖြစ်ကြသည်။

သွေးစုပ်မိစ္ဆာအိုကြီး၏ မျက်နှာမှာ မည်းမှောင်နေပြီး ထိုလူအိုကြီး၏ ထူးဆန်းသောစိတ်ထားကို သိရှိကြသဖြင့် သူ့တပည့်အတွက် ဒေါသပေါက်ကွဲနေမှန်း သိရှိကာ အသီးသီး လစ်ထွက်သွားကြလေသည်။

တာအိုဆရာယဲ့ကုံးမှာမူ ကောင်းကောင်းပြောရလျှင် ပွင့်လင်းသူဖြစ်ပြီး မကောင်းပြောရလျှင် တုန့်ပြန်မှု နှေးကွေးသူ ဖြစ်သည်။ သူသည် သွေးစုပ်မိစ္ဆာအိုကြီးအနားသို့ တိုးသွားကာ နှုတ်ဆက်လိုက်၏။

“အာ... စီနီယာ... မတွေ့ရတာကြာပြီပဲ။ ကျန်းမာရေးကော ကောင်းရဲ့လား...”

စကားပင် မဆုံးသေးမီ သွေးစုပ်မိစ္ဆာအိုကြီးက ထိုသူမှာ အမှန်တကယ်ပင် သေလမ်းရှာနေသည်ဟု ခံစားလိုက်ရ၏။

“ငါ့တပည့် သေသွားတာတောင် မင်းက မသေဘဲနဲ့ ငါ့ကို လှောင်နေတာလား”

သူသည် ဒေါသသကြီးဖြင့် တာအိုဆရာယဲ့ကုံးကို လေထဲသို့ မြှောက်ကာ ဖမ်းဆွဲလိုက်လေသည်။ ထိုအခါမှ တာအိုဆရာယဲ့ကုံးမှာ တစ်ခုခုမှားနေပြီမှန်း သိကာ အသနားခံတော့၏။

သွေးစုပ်မိစ္ဆာအိုကြီးကလည်း အပိုစကားများ မပြောတော့ဘဲ လိုရင်းသာတိုက်ရိုက်မေးလိုက်သည်။

“အခု ငါတို့ ချင်းယွင်ဂိုဏ်းသားတွေဆီ သွားပြီး ငါ့တပည့်ကို သတ်တဲ့ ကောင်စုတ်ကို ရှာမယ်။ အကယ်၍ သူ့ကိုတွေ့ရင် မင်း ကံကောင်းမယ်။ မတွေ့ဘူးဆိုရင်တော့ ငါ့တပည့်ကို ယဇ်ပူဇော်တဲ့အနေနဲ့ မင်းရဲ့ သွေးတွေကို အရင်ဆုံး စုပ်ပစ်မယ်”

တာအိုဆရာယဲ့ကုံး၏ မျက်နှာမှာ ချက်ချင်းပင် လူသေကဲ့သို့ ဖြူလျော့သွားသော်လည်း သူ၏ ညည်းတွားသံကိုမူ မည်သူမှ မကြားနိုင်တော့ပေ။

ကျန်းရှောင်ဖန်းသည် လျိုပိုတောင်သို့ ရောက်ရှိလာကတည်းက တာအိုဆရာယဲ့ကုံးနှင့် အကြိမ်အနည်းငယ်ခန့် ဆုံတွေ့ခဲ့ဖူး၏။ သို့သော် တာအိုဆရာယဲ့ကုံးမှာ အမြဲတမ်း တိုက်ခိုက်နေရခြင်း သို့မဟုတ် ပျံသန်းထွက်ပြေးနေရခြင်းကြောင့် ဖြစ်သဖြင့် ကျန်းရှောင်ဖန်းကို သတိမပြုမိခဲ့ပေ။

ဂူအတွင်း၌ ရှိစဉ်ကပင် ကျန်းရှောင်ဖန်းမှာ မှောင်ရိပ်ထဲတွင် ပုန်းနေခဲ့ခြင်း ဖြစ်သည်။ သူ ထွက်လာချိန်တွင်လည်း တာအိုဆရာယဲ့ကုံးမှာ အခြားသူများနှင့်အတူ အပြင်သို့ အပြေးထွက်သွားကာ လမ်းမှန်ဂိုဏ်းဝင်များနှင့် တိုက်ခိုက်ရန် အလုပ်ရှုပ်နေခဲ့လေသည်။

ထိုကောင်စုတ်က လျိုပိုတောင်သို့ ရောက်နေမလား မည်သူသိနိုင်မည်နည်းဟု တာအိုဆရာယဲ့ကုံးက တွေးနေမိ၏။

အကယ်၍ သူသာ ရောက်မလာပါက မိမိမှာ သွေးစုပ်မိစ္ဆာအိုကြီး၏ ဒေါသအောက်တွင် မတရား သေဆုံးရတော့မည် ဖြစ်သည်။

သူက အဆက်မပြတ် အသနားခံနေသော်လည်း သွေးစုပ်မိစ္ဆာအိုကြီး၏ နှလုံးသားမှာ ကျောက်စိမ်းကဲ့သို့ မာကျောလှသဖြင့် သူ့ကို ဂရုမစိုက်ဘဲ လမ်းမှန်ဂိုဏ်းများ နေထိုင်ရာသို့ တိတ်တဆိတ် ပျံသန်းသွားလေသည်။

ထိုစဉ် မှောင်မည်းနေသော တောအုပ်အတွင်း၌ ကျန်းရှောင်ဖန်း၏ အရိပ်ကို ရုတ်တရက် မြင်လိုက်ရသောအခါ တာအိုဆရာယဲ့ကုံးမှာ မိဘနှစ်ပါးကို ပြန်တွေ့ရသည်ထက်ပင် ပိုမိုဝမ်းသာသွားကာ အော်ဟစ်လိုက်တော့၏။

“အဲဒါ သူပဲ... မမှားနိုင်ဘူး။ သူက ပြာဖြစ်သွားရင်တောင် ကျွန်တော် မှတ်မိတယ်”

သွေးစုပ်မိစ္ဆာအိုကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် တာအိုဆရာယဲ့ကုံးကို အမှိုက်တစ်ခုကဲ့သို့ လွှင့်ပစ်လိုက်လေသည်။

ကျန်းရှောင်ဖန်းသည် ဗုန်းခနဲ မြည်သံနှင့်အတူ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရ၏။ သူ မြေပြင်ပေါ်သို့ ကျသွားခြင်းလား သို့မဟုတ် သစ်ပင်ကို တိုက်မိခြင်းလား မသိရပေ။

သွေးစုပ်မိစ္ဆာအိုကြီးသည် ကျန်းရှောင်ဖန်းကို အသေအချာ အကဲခတ်ကြည့်နေပြီး ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးဘဲ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ကြမ်းတမ်းခက်ထန်သော်လည်း အရူး မဟုတ်ပေ။

ထိုနေ့က ကျန်းလောင်စန်း၏ အလောင်းကို သွေးသန့်စင်ဂိုဏ်းသားများ သယ်ဆောင်လာသည်ကို တွေ့ခဲ့စဉ်က ဒေါသနှင့် ဝမ်းနည်းမှုတို့အပြင် ထူးဆန်းသော အချက်တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။

ကျန်းလောင်စန်း၏ ခန္ဓာကိုယ်မှ သွေးသားများ ခန်းခြောက်ကာ သေဆုံးနေသည့် ပုံစံမှာ သူ၏ သွေးစုပ်ပညာနှင့် အလွန်တူနေလေသည်။ ကျန်းလောင်စန်းနှင့် သူကိုယ်တိုင်မှလွဲ၍ ဤအတတ်ကို ကျင့်ကြံသူ အခြားရှိသေးသလော။

ကျန်းရှောင်ဖန်း၏ လက်ထဲရှိ ဝိညာဉ်ဝါးမျိုတုတ်ပေါ်တွင် နတ်ဆိုးဂိုဏ်း၏ အကြီးအကဲ ဟေရှင်းအဘိုးအိုထံမှ ဆင်းသက်လာသော “သွေးစုပ်ပုလဲ” ရှိနေမှန်း သူ မသိနိုင်သည်မှာ အမှန်ပင်။

သို့သော် ရာစုနှစ်ချီသော သူ၏ ကျင့်ကြံမှု အတွေ့အကြုံအရ ထိုလူသတ်သမားမှာ သွေးစုပ်ပညာကို မသုံးခဲ့လျှင်ပင် သွေးစုပ်ပညာနှင့် ဆင်တူသော မှော်အတတ်တစ်ခုခုကို သုံးခဲ့မည်မှာ သေချာသည်။

ထို့အပြင် ထိုသူ၏ ကျင့်ကြံမှု စွမ်းအားမှာလည်း သူ့ထက် မနိမ့်ကျပေ။ ယခု ကျန်းရှောင်ဖန်းနှင့် ရင်ဆိုင်ရသောအခါ သူ၏ ထူးခြားချက်ကို အရင်ဆုံး ရှာဖွေရန် အကဲခတ်နေခြင်း ဖြစ်သည်။

သို့သော် သူ မည်မျှပင် ကြည့်သော်လည်း မျက်မှောင်ကြုတ်ရုံသာ တတ်နိုင်ပြီး ဘာကိုမှ မရှာဖွေနိုင်ပေ။

ခေါင်းအစခြေအဆုံး ကြည့်လိုက်လျှင် ဤကောင်လေးမှာ သာမန်ချင်းယွင်ဂိုဏ်းသား တစ်ဦးသာ ဖြစ်ပြီး ထူးခြားချက် မရှိသည့်အပြင် သွေးစုပ်ပညာ၏ သွေးဆာသော အရှိန်အဝါမျိုးလည်း မရှိပေ။

ကျန်းရှောင်ဖန်းသည် ထိုနေရာတွင် ရပ်နေရင်း သရဲတစ္ဆေကဲ့သို့ လူအိုကြီးတစ်ဦး၏ အကြည့်ကြောင့် ကြက်သီးမွေးညင်း ထသွားသည်။

ထိုသူမှာ မည်သူမှန်း သူ မသိသော်လည်း တာအိုဆရာယဲ့ကုံးနှင့် အတူရှိနေသဖြင့် နတ်ဆိုးဂိုဏ်းဝင် ဖြစ်ရမည်မှာ သေချာသည်။ သူတို့၏ စကားများအရ သူတို့မှာ သူ့ထံသို့ လာခြင်းဖြစ်ပုံ ရလေသည်။

သွေးနီရောင်တောက်ပနေသော ဦးခေါင်းခွံကြီးမှာ ဖြည်းညင်းစွာ ပြန်လည်လည်ပတ်လာလေသည်။ သွေးစုပ်မိစ္ဆာအိုကြီး၏ အသံမှာ နီရဲသောအလင်းတန်း နောက်ကွယ်မှ အေးစက်စွာ ထွက်ပေါ်လာလေသည်။

“ချင်းယွင်ဂိုဏ်းက ကောင်စုတ်လေး... ငါ့တပည့် ကျန်းလောင်စန်းကို သတ်လိုက်တာ မင်းလား”

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး ပြန်မေးလိုက်၏။

“ကျန်းလောင်စန်းဆိုတာ ဘယ်သူလဲ”

သွေးစုပ်မိစ္ဆာအိုကြီးမှာ ဆွံ့အသွားပြီး ဒေါသထွက်လာလေသည်။ ပုံမှန်ဆိုလျှင် သူသည် မှော်အတတ်တစ်ခုခုကို သုံးပြီး ထိုသူကို သွေးခြောက်အောင် စုပ်ပစ်လိုက်မည် ဖြစ်သော်လည်း ဤချင်းယွင်ဂိုဏ်းသားမှာ သွေးစုပ်ပညာကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံထားနိုင်သည်ဟု တွေးမိသောကြောင့် အမှန်တရားကို သိအောင် အရင်လုပ်ရပေမည်။

သူက ဒေါသကို အသာအယာ ထိန်းချုပ်လိုက်သော်လည်း သူ၏အသံမှာ တစ္ဆေအော်သံကဲ့သို့ ဖြစ်နေလေသည်။

“ကုန်းစွန်းတောင်က ဝမ်ဖုဂူထဲမှာ မင်း သွေးစုပ်ပညာနဲ့ သတ်ခဲ့တဲ့သူလေ”

ကျန်းရှောင်ဖန်း တုန်လှုပ်သွားလေသည်။ သွေးစုပ်ခြင်း ဟူသော စကားကို ထပ်မံကြားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည်။

သူ၏ နှလုံးသားမှာ တင်းကျပ်သွားပြီး လက်ကလည်း ဝိညာဉ်ဝါးမျိုတုတ်ဆီသို့ မသိစိတ်ဖြင့် ရောက်သွားလေသည်။

ဝိညာဉ်ဝါးမျိုတုတ်မှာမူ သူ၏ ခါးကြားတွင် အိပ်ပျော်နေသော မိစ္ဆာတစ်ကောင်ကဲ့သို့ ငြိမ်သက်စွာ ရှိနေ၏။

ကျန်းရှောင်ဖန်းက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ သွေးစုပ်မိစ္ဆာအိုကြီးက သူ့ကို အလွန်အမင်း မလေးမစား လုပ်သည်ဟု ခံစားလိုက်ရသည်။

ဤသည်မှာ သူ့ကို လိုက်လံဖမ်းဆီးခဲ့သော လမ်းမှန်ဂိုဏ်းများထက်ပင် ဆယ်ဆမက ပို၍ ထောင်လွှားနေခြင်း ဖြစ်၏။

သူ၏ စိတ်ဓာတ်မှာ အမြဲတမ်း ကြမ်းတမ်းလှသည်။ စိတ်ထဲတွင် သံသယရှိနေ၍သာ ဤမျှကြာအောင် သည်းခံနေခြင်း ဖြစ်၏။ ဤဒေါသက သူ့ကို လှုံ့ဆော်လိုက်ရာ သူက ဟိန်းဟောက်လိုက်လေသည်။

“ချင်းယွင်ဂိုဏ်းက ကောင်စုတ်လေး... ငါ့တပည့် အသက်ကို ပြန်ပေးစမ်း”

ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။ တစ္ဆေအော်သံနှင့်အတူ အေးစက်သော လေပြင်းများ တိုက်ခတ်လာရာ သူ၏ ဂုတ်သားများပင် ကြက်သီးထသွားရသည်။ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာလေသည်။

ဦးခေါင်းခွံမှာ လေထဲတွင် ပါးစပ်ကို ဟလိုက်ရာ ချက်ချင်းပင် အနက်ရောင်အလင်းတန်း ငါးခု ထွက်ပေါ်လာပြီး ကျန်းရှောင်ဖန်း၏ ရှေ့သို့ ကျရောက်လာလေသည်။ ခဏအကြာတွင် ထိုအလင်းတန်းများမှာ ဖြည်းညင်းစွာ မြင့်တက်လာလေသည်။

ကျန်းရှောင်ဖန်းမှာ စိတ်ကိုစုစည်းကာ ပြင်ဆင်လိုက်လေသည်။ မိမိရှေ့ရှိ နတ်ဆိုးမိစ္ဆာမှာ ရွံရှာဖွယ်ကောင်းပြီး ယုတ်မာမှန်း သိသော်လည်း မိမိရှေ့တွင် မြင်တွေ့လိုက်ရသော အရာကြောင့် သူ တုန်လှုပ်သွားရ၏။

မြင့်တက်လာသော ပုံရိပ်ငါးခုမှာ ထူးဆန်းသော ပုံစံရှိသည့် မိစ္ဆာငါးကောင် ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ကြီးမားသော မေးရိုးများ၊ ထက်ရှသော အစွယ်များနှင့်အတူ နံစော်လှသော အသက်ရှုသံများမှာ သူ၏ နှာခေါင်းဝသို့ တိုးဝင်လာလေသည်။

ခဏအတွင်းမှာပင် ထိုမိစ္ဆာငါးကောင်မှာ ကျန်းရှောင်ဖန်းထက် တစ်ဆခွဲခန့် ပိုမိုမြင့်မားသော ဘီလူးကြီးများ ဖြစ်သွားလေသည်။

သူတို့နောက်ကွယ်တွင်မူ သွေးစုပ်မိစ္ဆာအိုကြီးက ထူးဆန်းသော လက်ဟန်များကို ပြုလုပ်ရင်း ဦးခေါင်းခွံကို ခါယမ်းနေ၏။ မိစ္ဆာကြီးများမှာ ထိုလူအိုကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြလေသည်။

ထိုစဉ် ဦးခေါင်းခွံမှ ထွက်ပေါ်လာသော သွေးနီရောင်အလင်းတန်းကြောင့် သွေးစုပ်မိစ္ဆာအိုကြီး၏ မျက်လုံးများပင် နီရဲလာလေသည်။

သူက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် နီရဲသော ဦးခေါင်းခွံပေါ်တွင် လက်ချောင်းဆယ်ချောင်းလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

သူ၏ လုပ်ဆောင်ချက်ကို တုန့်ပြန်သည့်အလား ဘီလူးကြီးငါးကောင်၏ မျက်လုံးများမှာ သွေးနီရောင်တောက်ပလာပြီး ရုတ်တရက် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ကြ၏။

“ဝူး...”

ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး စိတ်ဝိညာဉ်မှာပင် ဖမ်းစားခံလိုက်ရလုနီးပါး ဖြစ်သွားသည်။

ပုံရိပ်များမှာ သူ့ပတ်ပတ်လည်တွင် လင်းလက်လာပြီး တစ္ဆေအော်ဟစ်သံများမှာ သူ၏ နားစည်ကို ဖောက်ထွက်ကာ ဝိညာဥ်အတွင်းသို့ ထိခိုက်သွားသဖြင့် အသည်းခိုက်မတတ် နာကျင်မှုကို ခံစားလိုက်ရလေသည်။

ဘီလူးငါးကောင်မှာ ဟိန်းဟောက်လိုက်ပြီးနောက် သူ့ဆီသို့ ခုန်အုပ်လိုက်ကြသည်။ လေပြင်းများ တိုက်ခတ်နေသည့်ကြားမှ ကျန်းရှောင်ဖန်းသည် မိမိ၏ အစွမ်းရှိသမျှ သုံးကာ ရှောင်တိမ်းလိုက်သည်။

သို့သော် သူ စိတ်ကို မတည်ငြိမ်နိုင်သေးမီမှာပင် မိစ္ဆာငါးကောင်မှာ အော်ဟစ်ရင်း သူတို့၏ လက်သည်းများကို မြေကြီးထဲသို့ ထိုးစိုက်လိုက်လေသည်။

ကျန်းရှောင်ဖန်းသည် လေထဲတွင် ရှိနေစဉ် ဝိညာဉ်ဝါးမျိုတုတ်ကို လက်တွင် ကိုင်ထားလိုက်ရာ သူ၏ စိတ်မှာ ပို၍ တည်ငြိမ်သွား၏။ ဝိညာဉ်ဝါးမျိုတုတ်ကလည်း တစ်စုံတစ်ခုကို ခံစားမိသည့်အလား အစိမ်းရောင်အလင်းတန်းများ လင်းလက်လာလေသည်။

သူ စဉ်းစားရန် အချိန်မရမီမှာပင် မိစ္ဆာငါးကောင် ထိုးသွင်းထားသော မြေကြီးတစ်ခုလုံးမှာ ကွာကျသွား၏။

သို့သော် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ မြေအောက်မှ ပုံစံအမျိုးမျိုးရှိသော ဝိညာဉ်များစွာ ထွက်ပေါ်လာပြီး ကျန်းရှောင်ဖန်းထံသို့ ပျံသန်းလာကာ မျက်တောင်တစ်ခတ်အတွင်း သူ့ကို ဝန်းရံလိုက်ခြင်း ဖြစ်လေသည်။

သွေးစုပ်မိစ္ဆာအိုကြီးက အေးစက်စွာ ပြုံးလိုက်သော်လည်း နောက်တွင် မျက်မှောင်ကြုတ်သွားလေသည်။

ဤလူငယ်တွင် အထူးစွမ်းရည်ရှိနိုင်သည်ဟု သူ သိထားသောကြောင့် သူ၏ အကောင်းဆုံးစွမ်းရည်ဖြစ်သော သွေးစုပ်ပညာကို မသုံးသေးဘဲ လွန်ခဲ့သောနှစ်များအတွင်း သူကျင့်ကြံထားသော “ဝိညာဉ်ထိန်းချုပ်ခြင်း” အတတ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

All Chapters