← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃ ) - သွေးစုပ်မိစ္ဆာအဘိုးအို (၂)

မိမိ၏ ဝိညာဉ်ကို သုံး၍ “အသက်ဝိညာဉ်” ငါးပါးကို ကျင့်ကြံထားပြီး ထိုဝိညာဉ်များမှာ ဆယ်မိုင်အတွင်းရှိ နာနာဘာဝ ဝိညာဉ်အားလုံးကို ဆွဲဆောင်ဖမ်းယူနိုင်စွမ်း ရှိသည်။

ထို့နောက် မှော်အတတ်ဖြင့် ပြုပြင်ကာ သွေးဆာနေသော ဝိညာဉ်များအဖြစ် ပြောင်းလဲပြီး ကျန်းရှောင်ဖန်းကို တိုက်ခိုက်ရန် ခိုင်းစေလိုက်ခြင်း ဖြစ်သည်။

ဤချင်းယွင်ဂိုဏ်းသား၏ ကျင့်ကြံမှုမှာ မနိမ့်ကျလှသော်လည်း သွေးစုပ်ပညာ ကျင့်ကြံထားသည့် လက္ခဏာမူ မတွေ့ရပေ။ မိမိ မှားသွားခြင်းလား။ သို့မဟုတ် တာအိုဆရာယဲ့ကုံးက အသက်ဘေးမှ လွတ်ရန်အတွက် မိမိကို လူစားထိုး လိမ်လည်ခဲ့ခြင်းလား။

သွေးစုပ်မိစ္ဆာအိုကြီး စဉ်းစားနေစဉ်မှာပင် သူ တစ်ခုခုကို ခံစားမိသဖြင့် ခန္ဓာကိုယ်မှာ တုန်ခါသွား၏။

သူ ခေါင်းမော့ကြည့်လိုက်သောအခါ အဖြူရောင်ဝိညာဉ်များစွာ ဝန်းရံထားသဖြင့် ပိတ်မိနေသောသော နေရာမှ အဖြူရောင်အလင်းတန်းများကြားတွင် အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

စူးရှကျယ်လောင်သော ဆုတ်ဖြဲသံတစ်ခု ထွက်ပေါ်လာလေသည်။

လျိုပိုတောင်၏ ညဦးယံမှာ ပို၍ မှောင်မည်းလာလေသည်။ အားနည်းသော လရောင်ကိုပင် မမြင်ရတော့ပေ။

ထိုတိတ်ဆိတ်ခြောက်ကပ်သော ည၏ အရောင်အသွေးကြားတွင် ရှည်လျားသော လေချွန်သံတစ်ခု ထွက်ပေါ်လာလေသည်။

ဝေးကွာသော ပင်လယ်ပြင်မှ ဒီရေများမှာ ပို၍ကြမ်းတမ်းလာလေသည်။

နှလုံးသားကို ဖြတ်သန်းသွားသော အေးစက်မှုတစ်ခု.....

ဝိညာဉ်ဝါးမျိုတုတ်မှာ ရုတ်တရက် တောက်ပလာ၏။ မူလက အနက်ရောင်တုတ်တိုမှာ နိုးထလာသော မိစ္ဆာတစ်ကောင်ကဲ့သို့ မျက်လုံးများကို ဖွင့်လိုက်သည့်အလား ရှိနေသည်။

ချက်ချင်းပင် ကျန်းရှောင်ဖန်းထံမှ ရက်စက်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာရာ မရေတွက်နိုင်သော ဝိညာဉ်များမှာ ထိတ်လန့်သွားကြပြီး ပျာပျာသလဲ ပျံသန်းထွက်ပြေးကြလေသည်။

သွေးစုပ်မိစ္ဆာအိုကြီးမှာ မျက်မှောင်ကြုတ်သွားပြီး မျက်နှာမှာလည်း တည်ကြည်သွားကာ တီးတိုးရေရွတ်လိုက်လေသည်။

“တအားပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ပဲ...”

ကြီးမားသော အသက်ဝိညာဉ်ငါးပါးမှာ အတူတကွ ဟိန်းဟောက်လိုက်ကြ၏။ သူတို့၏ ပုံရိပ်များမှာ လေထဲသို့ ပျံတက်သွားပြီး ကျန်းရှောင်ဖန်းကို အလယ်တွင် ထားကာ ဝန်းရံလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့၏ လက်သည်းများမှာ လေထုကို ဆွဲဖြဲလိုက်ရာ စူးရှသောအသံများ ထွက်ပေါ်လာ၏။

ဝိညာဉ်ဝါးမျိုတုတ်မှ ထွက်ပေါ်လာသော ထူးဆန်းသည့် စွမ်းအင်ကြောင့် ထိတ်လန့်နေသော ဝိညာဉ်များမှာ လေထဲတွင် တောင့်တင်းသွားကြသည်။

ကျန်းရှောင်ဖန်းမှာ နာကျင်နေသော ထိုဝိညာဉ်များ၏ မျက်နှာများမှာ ရက်စက်သော ပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

“အား...”

တစ္ဆေအော်ဟစ်သံမှာ လေထုကို ဖောက်ထွက်သွားလေသည်။ မရေတွက်နိုင်သော ဝိညာဉ်များမှာ တစ်ဦးတည်းသော လူသားထံသို့ ခုန်အုပ်လိုက်ကြသည်။

ကျန်းရှောင်ဖန်းသည် အေးစက်သော လေကို ရှုသွင်းလိုက်ရသည်။ သူ့ပတ်ပတ်လည်တွင် အဖြူရောင်တစ္ဆေပုံရိပ်များမှလွဲ၍ ဘာမှမရှိဘဲ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာရာ နားချိန်ပင် မရပေ။

စက္ကန့်အနည်းငယ်အကြာတွင် တစ္ဆေများမှာ သူ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်ကြသည်။ ကျန်းရှောင်ဖန်းသည် အံကြိတ်ကာ တောင့်ခံထားသော်လည်း မကြာမီမှာပင် သူ ယိုင်လဲသွားရ၏။

သူ၏ ခြေထောက်များတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် လဲကျလုနီးပါး ဖြစ်သွားလေသည်။

ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ မြေအောက်မှ လက်တစ်စုံ ထွက်လာပြီး သူ၏ ခြေထောက်များကို တင်းကျပ်စွာ ဖမ်းဆွဲထားသည်ကို တွေ့လိုက်ရသည်။

ထက်ရှသော လက်သည်းများမှာ သူ၏ သွေးကြောများအတွင်းသို့ စိုက်ဝင်လုနီးပါး ဖြစ်နေသည်။ သူ့ပတ်ပတ်လည်ရှိ အသက်ဝိညာဉ်ငါးပါးထဲမှ လေးပါးသာ ကျန်ရှိတော့သည်။

ကောင်းကင်ပေါ်ရှိ ဝိညာဉ်များမှာ ဝမ်းသာအားရ အော်ဟစ်ရင်း သူ့ပတ်ပတ်လည်တွင် ဝိုင်းအုံနေကြလေသည်။

ကျန်းရှောင်ဖန်း၏ မျက်နှာမှာ ဖြူလျော့နေပြီး ကြွက်သားများပင် တွန့်လိမ်နေလေသည်။ နာကျင်မှုကို အောင့်အည်းကာ သူ၏ ညာလက်ဖြင့် လက်ဟန်တစ်ခု ပြုလုပ်ပြီး ရှေ့ရှိလေထုကို ပိုင်းဖြတ်လိုက်သည်။

ဝိညာဉ်ဝါးမျိုတုတ်မှာ မြင့်တက်လာပြီး ထူးဆန်းသော အစိမ်းရောင်အလင်းတံတိုင်းများကို တစ်ခုပြီးတစ်ခု တည်ဆောက်လိုက်လေသည်။

ပထမဆုံး ရောက်လာသော ဝိညာဉ်အချို့မှာ အရှိန်မသတ်နိုင်ဘဲ အနက်ရောင်တုတ်ပေါ်သို့ တိုက်မိကာ အော်ဟစ်သံပင် မထွက်နိုင်ဘဲ မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားကြလေသည်။

တစ်ချိန်တည်းမှာပင် ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ ထပ်မံတုန်ခါသွားပြန်သည်။ သူ ကြည့်လိုက်သောအခါ လက်သည်းများမှာ သူ၏ အရေပြားကို ဓားကဲ့သို့ ဖောက်ထွက်သွားသည်ကို တွေ့လိုက်ရ၏။ လတ်ဆတ်သော သွေးများမှာ အနက်ရောင် လက်သည်းများပေါ်သို့ ကျဆင်းသွားလေသည်။

လတ်ဆတ်ချိုမြိန်သော သွေးနံ့များမှာ လေထုအတွင်းသို့ ချက်ချင်း ပျံ့နှံ့သွား၏။

ကျန်းရှောင်ဖန်း တုန်လှုပ်သွားရသည်။

ပြည့်နှက်နေသော ဝိညာဉ်များမှာလည်း တုန်လှုပ်သွားကြ၏။

ဝိညာဉ်ဝါးမျိုတုတ်ပေါ်ရှိ အလင်းရောင်မှာ မသိမသာဖြင့် တုန်ခါသွားလေသည်။ ၎င်းမှာ မိမိ၏ သွေးနံ့ကြောင့် စိတ်လှုပ်ရှားနေသည့်အလားပင်။

ခဏအကြာတွင် မရေတွက်နိုင်သော ဝိညာဉ်များမှာ လတ်ဆတ်သော ခန္ဓာကိုယ်ထံသို့ အောက်သို့ စုပြုံဆင်းလာကြ၏။ လေပြင်းများ ဟိန်းဟောက်နေသော်လည်း ထိုသူမှာ ဂုဏ်ယူစွာဖြင့် အော်ဟစ်လိုက်လေသည်။

ဝိညာဉ်ဝါးမျိုတုတ်မှာ အောက်သို့ ကျဆင်းလာပြီး ကျန်းရှောင်ဖန်းက ဖမ်းယူလိုက်ကာ အထက်ရှိ ဝိညာဉ်များကို ဂရုမစိုက်တော့ပေ။ သူ၏ မျက်လုံးများမှာ နီရဲသောအလင်းတန်းများ လင်းလက်လျက် တောက်ပနေ၏။

မြေကြီးသို့ တစ်ချက် ထိုးစိုက်လိုက်သည်။

လက်သည်းများကို ဖြတ်သန်းကာ သူ၏ သွေးများကိုလည်း ဖြတ်သန်းသွားလေသည်။

နီရဲသော သွေးများမှာ အနက်ရောင်တုတ်အတွင်းသို့ တိတ်တဆိတ် စိမ့်ဝင်သွား၏။ တုတ်ပေါ်ရှိ နီရဲသော အကြောများမှာ ရုတ်တရက် တောက်ပလာလေသည်။

“ဖောက်...” ဟူသော အသံမှာ မြေအောက်နက်နက်မှ ထွက်ပေါ်လာ၏။ အထက်ရှိ ဝိညာဉ်များမှာ ရပ်တန့်သွားကြပြီး ထိတ်လန့်သွားကြလေသည်။ သူတို့ရှေ့တွင် ရှိနေသည်မှာ ဝိညာဉ်များကို အရည်ကျိုသည့် ဒဏ္ဍာရီလာ မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

အမှောင်ထုထဲတွင် ဝိညာဉ်ဝါးမျိုတုတ် တစ်ခုတည်းသာ လင်းလက်နေလေသည်။

အဝေးမှ သွေးစုပ်မိစ္ဆာအိုကြီး၏ လက်ထဲရှိ နီရဲသော ဦးခေါင်းခွံမှာ ရုတ်တရက် အသံတစ်ချက် မြည်လာ၏။ ထို့နောက် ညာဘက်ခြမ်းမှ အပိုင်းအစတစ်ခုမှာ ကွာကျသွားလေသည်။

သွေးစုပ်မိစ္ဆာအိုကြီး၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ခေါင်းမော့ကြည့်လိုက်၏။ ထိုကောင်လေးမှာ သူ၏ ဝိညာဉ်ထိန်းချုပ်ခြင်း အစီအရင်မှ အသက်ဝိညာဉ် တစ်ခုကို ဖျက်ဆီးလိုက်လေပြီ။

ထိုနေရာတွင် အသက်ဝိညာဉ် လေးပါးသာ ကျန်ရှိတော့သဖြင့် ဝိညာဉ်များကို မထိန်းချုပ်နိုင်တော့ဘဲ အချို့မှာ ထွက်ပြေးကုန်ကြလေသည်။

ကျန်းရှောင်ဖန်း ပတ်ပတ်လည်ရှိ မြေကြီးမှာ ရုတ်တရက် နစ်ဝင်သွား၏။ သူ၏ ခြေထောက်များကို ဖမ်းဆွဲထားသော လက်သည်းများမှာ ဖြည်းညင်းစွာ လွတ်ထွက်သွားပြီး သွေးများအဖြစ် အရည်ပျော်ကာ မြေကြီးအတွင်းသို့ စိမ့်ဝင်သွားလေသည်။

သို့သော် သူ သက်ပြင်းချရန် အချိန်မရမီမှာပင် ကောင်းကင်မှ ဝိညာဉ်များ၏ အော်ဟစ်သံကို ကြားလိုက်ရ၏။ သူ အံ့အားသင့်သွားပြီး ခုခံရန် ပြင်လိုက်သော်လည်း ဝိညာဉ်များမှာ ထွက်ပြေးနေကြခြင်း ဖြစ်လေသည်။

အဖြူရောင်အလင်းတန်းများ ဝေဝါးသွားပြီး တစ္ဆေအော်ဟစ်သံများ ကြားတွင် နီရဲသောအလင်းတန်းတစ်ခု လင်းလက်လာ၏။

အနီရောင်အလင်းတန်းလား။

မရေတွက်နိုင်သော အဖြူရောင်ဝိညာဉ်များကို ဖြတ်သန်းကာ အနီရောင်အလင်းတန်းမှာ လျှပ်စစ်ကဲ့သို့ သူ့ထံသို့ ပြေးဝင်လာရာ တောက်ပသော ဦးခေါင်းခွံမှာ မျက်တောင်တစ်ခတ်အတွင်း သူ့ရှေ့သို့ ရောက်ရှိလာလေသည်။

ကျန်းရှောင်ဖန်းမှာ ခုန်ရှောင်ရန် ပြင်လိုက်သော်လည်း သူ၏ ခြေထောက်မှ ဒဏ်ရာကြောင့် ခန္ဓာကိုယ်ယိုင်လဲသွားကာ မရှောင်တိမ်းနိုင်တော့ပေ။

နီရဲသော ဦးခေါင်းခွံမှာ ပါးစပ်ကို ဟကာ မိစ္ဆာတစ်ကောင်ကဲ့သို့ သူ့ကို ကိုက်ရန် ပြင်လိုက်၏။ ထိတ်လန့်သွားသော ကျန်းရှောင်ဖန်းသည် ဝိညာဉ်ဝါးမျိုတုတ်ကို ဆင့်ခေါ်ကာ ရှေ့တွင် ကာလိုက်လေသည်။

သို့သော် ထိုခဏမှာပင် ပါးစပ်အတွင်းမှ ခြောက်ကပ်နေသော လက်တစ်ဖက် ထွက်လာပြီး သုံးပေခန့် ရှည်ထွက်သွားလေသည်။

လက်ငါးချောင်းမှာ လက်သည်းများအဖြစ် ပြောင်းလဲကာ သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ဖမ်းဆွဲလိုက်လေသည်။

ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ အကြီးအကျယ် တုန်ခါသွား၏။ ထိုတစ္ဆေလက်၏ ခြောက်ကပ်နေသော အရေပြားမှာ သွေးများဖြင့် ပြည့်လျှံလာပြီး မိမိ၏ ခေါင်းမှာမူ မူးဝေလာကာ ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံးမှာ ရင်ဘတ်မှ ဒဏ်ရာဆီသို့ စုပြုံသွားသလို ခံစားလိုက်ရလေသည်။

ဤသည်မှာ သွေးစုပ်မိစ္ဆာအိုကြီး၏ အထူးပညာရပ်ဖြစ်သော သွေးစုပ်ပညာပင် ဖြစ်၏။ ကျန်းရှောင်ဖန်းကို သူ၏ လက်တွင်းသို့ ရောက်ရှိနေသည်ကို မြင်သောအခါ သူက အော်ဟစ်ရယ်မောလိုက်ပြီး ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်လိုက်လေသည်။

“ကောင်စုတ်... ငါ့တပည့် အသက်ကို ပြန်ပေးစမ်း”

ကျန်းရှောင်ဖန်းမှာ ဖမ်းဆွဲခံထားရပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ပြောင်းပြန်စီးဆင်းနေသကဲ့သို့ ခံစားရသဖြင့် အလွန်ပင် နာကျင်လှ၏။

သူ၏ သတိမှာ ဝေဝါးလာပြီး နောက်ဆုံးကျန်ရှိသော အင်အားကို သုံးကာ ထိုတစ္ဆေလက်ကို ဝိညာဉ်ဝါးမျိုတုတ်ဖြင့် ရိုက်လိုက်သော်လည်း ငှက်မွေးတစ်ခုကဲ့သို့ အားအင် ကုန်ခမ်းနေလေသည်။

သွေးစုပ်မိစ္ဆာအိုကြီးမှာမူ ထိုအရာကို ဂရုမစိုက်ပေ။ သူက နှာခေါင်းရှုံ့လိုက်ပြီး တွေးလိုက်၏။ ဤလူငယ်မှာ ဘာမှမဟုတ်ပါလား။ သူ၏ ကျင့်ကြံမှုမှာလည်း သာမန်မျှသာ ဖြစ်သော်လည်း သူ၏ လက်နက်မှာမူ အလွန်ထူးဆန်းလှပေသည်။

သူ၏ သွေးများကို စုပ်ယူပြီးနောက် ဤဝိညာဉ်ဝါးမျိုတုတ်ကို သိမ်းဆည်းကာ အသေအချာ ပြန်ကြည့်ရမည်။

ထိုခဏတွင် ဝိညာဉ်ဝါးမျိုတုတ်မှာ ကျန်းရှောင်ဖန်း၏ ရင်ဘတ်ကို ဖမ်းဆွဲထားသော လက်ပေါ်သို့ ကျရောက်သွားလေသည်။

ထူးဆန်းသော အစိမ်းရောင်ပုလဲမှာ သွေးများကို လောဘတကြီး စုပ်ယူနေသော အရေပြားကို ဖြတ်သန်းသွား၏။

အရေပြားအောက်ရှိ သွေးများက တစ်ခုခုကို ဆင့်ခေါ်နေခြင်းလား။

သွေးစုပ်မိစ္ဆာအိုကြီးမှာ ရုတ်တရက် အော်ဟစ်လိုက်ပြီး ကျန်းရှောင်ဖန်းကို လွှတ်ကာ နောက်သို့ ဆုတ်လိုက်၏။ သူ၏ လက်မောင်းကို ကြည့်လိုက်သောအခါ သွေးများစုပ်ယူထားသဖြင့် စို​ပြေနေသောအရေပြားမှာ ခဏချင်းပင် ပြန်လည်ခြောက်ကပ်သွားသည်ကို တွေ့လိုက်ရရာ ယခင်ကထက်ပင် ပို၍ ဆိုးရွားနေလေသည်။

သူ့ရှေ့တွင်မူ ကျန်းရှောင်ဖန်းမှာ ယိုင်တိုင်တိုင် ဖြစ်နေသော်လည်း လက်ထဲမှ ဝိညာဉ်ဝါးမျိုတုတ်၊ အထူးသဖြင့် ထိပ်မှ ပုလဲမှာ ထူးဆန်းစွာ တောက်ပနေပြီး သွေးကြောများမှာ နီရဲစွာ လင်းလက်နေလေသည်။

သွေးစုပ်မိစ္ဆာအိုကြီးက အေးစက်စွာ ရယ်မောလိုက်၏။

“ကျန်းလောင်စန်း ဘယ်လိုသေသွားလဲဆိုတာ ငါ သိချင်နေတာ။ လျှို့ဝှက်ချက်က ဒီမှာကိုး။ ဟက်ဟက်... ဒီလောကမှာ ဒီလိုရတနာမျိုး ရှိနိုင်တာပဲလား။ ကောင်စုတ်လေး... မင်းရဲ့ အသက်နဲ့အတူ အဲဒီပစ္စည်းကိုပါ ငါ့လက်ထဲ အပ်စမ်း”

ထို့နောက် သူသည် လေထဲသို့ ပျံတက်သွားပြီး လက်သည်းများဖြင့် ကျန်းရှောင်ဖန်း၏ ဦးခေါင်းကို တိုက်ရိုက်ပစ်မှတ်ထားလိုက်သည်။

သနားစရာကောင်းသော ကျန်းရှောင်ဖန်းမှာမူ တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသဖြင့် ခုခံနိုင်စွမ်း မရှိတော့ဘဲ သွေးစုပ်မိစ္ဆာအိုကြီး၏ လက်အောက်တွင် သေရတော့မည်ဟု ထင်နေမိလေသည်။

“မိစ္ဆာကောင်”

ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာလေသည်။ ပူပြင်းလှသော အပူလှိုင်းတစ်ခုမှာ လေထုကို ဖောက်ထွက်လာပြီး ကြီးမားသော လှိုင်းလုံးကြီးကဲ့သို့ တောအုပ်တစ်ခုလုံးကို ဝါးမြိုလိုက်လေသည်။

ဆယ်ကိုက်အတွင်းရှိ သစ်ပင်အားလုံးမှာ ညှိုးနွမ်းသွားကြ၏။ တောက်ပသော မီးအလင်းတန်းတစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာပြီး မှောင်မည်းသော တိမ်တိုက်များကို အပိုင်းပိုင်း ဖြတ်တောက်လိုက်လေသည်။

သွေးစုပ်မိစ္ဆာအိုကြီးမှာ ထိတ်လန့်သွား၏။ ရောက်ရှိလာသူမှာ အလွန်မြင့်မားသော ကျင့်ကြံမှုရှိသူ ဖြစ်ပေသည်။

သူသည် ကျန်းရှောင်ဖန်းကို အာရုံမစိုက်နိုင်တော့ဘဲ လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်ရသည်။

အော်ဟစ်သံများကြားတွင် ဦးခေါင်းခွံမှာ တောက်ပလာပြီး သူ၏ရှေ့တွင် သွေးရောင်အလင်းတံတိုင်းတစ်ခုကို တည်ဆောက်လိုက်လေသည်။

“ဗုန်း...”

မြေပြင်ပေါ်သို့ မိုးကြိုးပစ်ချလိုက်သံကဲ့သို့ပင် မီးအလင်းတန်းမှာ သွေးတံတိုင်းပေါ်သို့ ကျရောက်သွား၏။ ပူပြင်းလှသော အပူလှိုင်းမှာ တုန်ခါနေသော နတ်ဘုရားဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။

ကြီးမားသော စွမ်းအားမှာ ကျန်းရှောင်ဖန်းကို ကိုက်အနည်းငယ်ခန့် နောက်သို့ လွင့်စဉ်သွားစေ၏။ ထိုစွမ်းအားမှာ အားမပျော့သွားဘဲ တောင်တန်းနှင့် ပင်လယ်ပြင်ကဲ့သို့ သူ့အပေါ်သို့ ဖိနှိပ်နေဆဲ ဖြစ်လေသည်။

သွေးစုပ်မိစ္ဆာအိုကြီး၏ မျက်နှာမှာ ဖြူလျော့သွားပြီး အော်ဟစ်ကာ လက်ချောင်းဆယ်ချောင်းလုံးဖြင့် လက်ဟန်ကို ပြောင်းလဲလိုက်လေသည်။

ဦးခေါင်းခွံ၏ မျက်လုံးပေါက်များမှတဆင့် သွေးရောင်အလင်းတန်း နှစ်ခု ထွက်ပေါ်လာပြီး သွေးတံတိုင်းကို ဖြတ်သန်းကာ နီရဲသော ဓားကို ရိုက်ခတ်လိုက်လေသည်။

ပေါက်ကွဲသံနှင့်အတူ နီရဲသော ဓားမှာ နောက်သို့ လွင့်စဉ်သွားသလို သွေးစုပ်မိစ္ဆာအိုကြီးမှာလည်း တုန်ခါသွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရမှ ရပ်တန့်နိုင်တော့၏။

“ယန်ဟော့ဓား”

သွေးစုပ်မိစ္ဆာအိုကြီး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ထွက်ပေါ်လာပြီး မျက်နှာမှာလည်း ဆီးနှင်းကဲ့သို့ အေးစက်သွားလေသည်။

ပူပြင်းသော အရှိန်အဝါများမှာ လင်းလက်သွားပြီး ပျောက်ကွယ်သွားကာ ထျန်းပုယီမှာ မီးတောက်များကြားမှ ပေါ်ထွက်လာလေသည်။

သူ၏နောက်ကွယ်တွင် ပုံရိပ်တစ်ခု လင်းလက်လာရာ ယင်းမှာ လဲကျလုနီးပါး ဖြစ်နေသော ကျန်းရှောင်ဖန်းကို ဖမ်းထိန်းလိုက်သည့် စုရု ဖြစ်လေသည်။ ကျန်းရှောင်ဖန်းမှာ သူ၏ ဆရာနှင့် ဆရာကတော်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် နွေးထွေးသွားသည်။

စုရုမှာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ရှောင်ဖန်း... မင်း အဆင်ပြေရဲ့လား”

ကျန်းရှောင်ဖန်းက အတင်းအကြပ် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်... ဆရာကတော်...”

စကားပင် မဆုံးသေးမီမှာပင် သူ၏ မျက်စိရှေ့တွင် ကြယ်များ လင်းလက်လာပြီး မှောင်မိုက်သွားကာ သတိလစ်သွားလေတော့သည်။

စုရု၏ မျက်မှောင်များမှာ တင်းကျပ်သွား၏။ ထျန်းပုယီမှာမူ သွေးစုပ်မိစ္ဆာအိုကြီးကို ဂရုမစိုက်ဘဲ ကျန်းရှောင်ဖန်းကိုသာ အရင်ဆုံး စစ်ဆေးလိုက်လေသည်။

ခဏအကြာတွင် စုရုက စစ်ဆေးမှု ပြီးဆုံးသွားသည်။ သူမသည် လက်အင်္ကျီအတွင်းမှ ပုလင်းတစ်လုံးကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို ကျန်းရှောင်ဖန်းအား တိုက်ကျွေးလိုက်ပြီးနောက် ထျန်းပုယီကို ကြည့်ကာ ပြောလိုက်လေသည်။

“သူ မသေပါဘူး”

သူမ ခဏရပ်လိုက်ပြီး သွေးစုပ်မိစ္ဆာအိုကြီးကို အဝေးမှကြည့်ကာ မျက်လုံးများထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်သွားလေသည်။

“ဒါက သွေးစုပ်ပညာပဲ”

ထျန်းပုယီ၏ မျက်နှာပေါ်တွင် ဒေါသများ လင်းလက်သွားပြီး သွေးစုပ်မိစ္ဆာအိုကြီးနှင့် မျက်လုံးချင်း ဆုံလိုက်လေသည်။

“သွေးစုပ်မိစ္ဆာအိုကြီး... မင်းက အသက်ကြီးတဲ့သူ ဖြစ်ပါလျက်နဲ့ မျိုးဆက်သစ်လူငယ်လေးတစ်ယောက်ကို ဒီလောက် ရက်ရက်စက်စက် လုပ်ရသလား။ မင်းက ဘာကောင်လဲ”

“ဟက်...”

သွေးစုပ်မိစ္ဆာအိုကြီးက ကြမ်းတမ်းစွာ ပြောလိုက်၏။

“မင်းတပည့် အသက်ကမှ အသက်၊ ငါ့တပည့် အသက်ကတော့ အသက်မဟုတ်ဘူးလား”

ထျန်းပုယီက အေးစက်စွာ ပြောလိုက်လေသည်။

“မင်းရဲ့ အသုံးမကျတဲ့ တပည့်နဲ့ ဒါက ဘာဆိုင်လို့လဲ”

သွေးစုပ်မိစ္ဆာအိုကြီး၏ မျက်လုံးများမှာ တောင့်ခဲသွားပြီး ပြောလိုက်လေသည်။

“သူက ကုန်းစွန်းတောင်က ဝမ်ဖုဂူထဲမှာ ငါ့တပည့်ကို သတ်ခဲ့တယ်။ အဲဒါကြောင့် ငါ သူ့ကိုသတ်ဖို့ ဒီကိုလာတာ။ အဲဒါ ဘာဖြစ်လဲ”

“ကောင်းတယ်”

ထျန်းပုယီက ရုတ်တရက် အော်ဟစ်လိုက်၏။

သွေးစုပ်မိစ္ဆာအိုကြီး အံ့အားသင့်သွားရလေသည်။

ထျန်းပုယီက အေးစက်စွာ ရယ်မောလိုက်သည်။

“ငါက ဒီတပည့်ကို အမြဲတမ်း အထင်သေးခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ သူက ငါထင်ထားတာထက် ပိုတော်နေပါလား။ လူတွေအတွက် ဘေးအန္တရာယ်ကို ဘယ်လိုရှင်းထုတ်ရမလဲဆိုတာ သူ သိနေတာပဲ”

သွေးစုပ်မိစ္ဆာအိုကြီးမှာ ဒေါသမှာ ပေါက်ကွဲသွားလေသည်။ သူက ဒေါသတကြီး ပြောလိုက်၏။

“ကောင်းတယ်... ကောင်းတယ်... မင်းတို့ကောင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းက ငါ အခက်အခဲဖြစ်နေတုန်း လိုက်သတ်ခဲ့ကြတယ်။ ဒီနေ့တော့ မင်းရဲ့ ယန်ဟော့ဓားရဲ့ အရသာကို ငါ ထပ်မြည်းကြည့်ရသေးတာပေါ့”

ထျန်းပုယီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ညာလက်ဖြင့် လေထုကို ပိုင်းဖြတ်လိုက်၏။ ယန်ဟော့ဓားမှာလည်း သူ၏သခင်၏ ဆန္ဒကို သိရှိနေသည့်အလား စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေလေတော့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာတုန်းကတော့ မင်းက ကံကောင်းလို့ သီသီလေး လွတ်သွားခဲ့တာ။ ဒီနေ့တော့ ငါ့တပည့်ကို ရန်ပြုရဲလောက်အောင် မင်းရဲ့ သွေးစုပ်ပညာက ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”

All Chapters