အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) - ချီယန်မီးဝိညာဉ် (၁)
သွေးစုပ်မိစ္ဆာအိုကြီးက နှာခေါင်းရှုံ့လိုက်သော်လည်း ကြောက်ရွံ့ဟန်မပြဘဲ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာလေသည်။
“အဲ့တုန်းက မင်းတို့လမ်းမှန်ဂိုဏ်းက လူအင်အားများတာကို အားကိုးပြီး ဝိုင်းအနိုင်ကျင့်တာလေ၊ ငါက တကယ်ပဲ မင်းတို့ကို ကြောက်နေမယ် ထင်လို့လား”
ထိုသို့ ပြောပြီးနောက် သူ၏လက်များက တုန်ခါသွား၏။ နီရဲတောက်ပနေသော သွေးဦးခေါင်းခွံသည် လေထုကို ဖောက်ထွက်ကာ သူ့အား အလျင်အမြန် လည်ပတ်နေတော့သည်။ သူ၏မျက်လုံးများသည်လည်း နီရဲလာချေပြီ။
ထျန်းပုယီက အသက်ပြင်းပြင်းရှူကာ ဂရုတစိုက် ပြင်ဆင်လိုက်၏။ လွန်ခဲ့သော နှစ်တစ်ရာခန့်ကတည်းက သူသည် ချင်းယွင်ဂိုဏ်း၏ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။
နတ်ဆိုးဂိုဏ်းအကြွင်းအကျန်များကို လိုက်လံနှိမ်နင်းစဉ်က သူသည် အဓိကအင်အားစုတွင် ပါဝင်ခဲ့ပြီး သွေးစုပ်မိစ္ဆာအိုကြီးနှင့်လည်း တိုက်ခိုက်ဖူးလေသည်။ ဤလူကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်းနှင့် သွေးစုပ်ပညာရပ်မှာလည်း သာမန်မဟုတ်ကြောင်း သူ ကောင်းကောင်းသိပေသည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ မှောင်မည်းနေသော တိမ်တိုက်များ ပြန်လည်စုဝေးလာပြန်၏။
ထျန်းပုယီ၏ ကောင်းကင်တုန်ဟည်းစေသော တိုက်ကွက်ကြောင့် ဖြစ်ပေါ်လာသည့် အက်ကြောင်းကြီးသည် ပျောက်ကွယ်သွားပြီး ညအမှောင်ထုက ပိုမိုနက်မှောင်လာလေသည်။
ပင်လယ်ပြင်ဆီမှ လှိုင်းသံသဲ့သဲ့နှင့် လေပြင်းသံများမှာ ပိုမိုပြင်းထန်လာ၏။ ပင်လယ်နက်အတွင်း တစ်စုံတစ်ခု ပုန်းအောင်းနေသကဲ့သို့ ရှည်လျားသော အော်ဟစ်သံတစ်ခုက ညဉ့်အမှောင်ထုကြားတွင် လွင့်ပျံ့နေပေသည်။
ကျန်းရှောင်ဖန်းသည် သတိပြန်လည်လာစဉ် ရင်ဘတ်ထဲ၌ မခံမရပ်နိုင်အောင် အောင့်သက်သက် ဖြစ်နေသည်ကို ခံစားလိုက်ရ၏။
ရုတ်တရက် အသံတစ်သံက်ိုကြားလိုက်ရပြီး ဖြူဖွေးသော လက်တစ်ဖက်က သူ၏ရင်ဘတ်ကို အသာအယာ နှိပ်နယ်ပေးလာလေသည်။
ခဏအကြာတွင် ရင်ဘတ်ထဲ၌ ပိတ်ဆို့နေသော သွေးခဲများ လျော့ပါးသွားပြီး သူ အတန်ငယ် သက်သာသွား၏။ ကျန်းရှောင်ဖန်းက ခေါင်းမော့ကြည့်လိုက်ရာ သူ့အား ပွေ့ချီထားသော ဆရာကတော် စုရုက ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
ကျန်းရှောင်ဖန်းက မျက်နှာနီမြန်းသွားကာ တီးတိုးပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဆရာကတော်”
စုရုက ညင်သာစွာ မေးလိုက်သည်။
“မင်း အဆင်ပြေရဲ့လား... ဘယ်နားနာနေသေးလဲ။”
ကျန်းရှောင်ဖန်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“အခုတော့ နည်းနည်း ပင်ပန်းနေတာကလွဲရင် ဘာမှမဖြစ်တော့ပါဘူး”
စုရုက ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။
“ဒါဆိုရင်လည်း ကောင်းပြီ။ အခု မင်းရဲ့ဆရာက မင်းအတွက် ဘယ်လိုတိုက်ပေးနေလဲဆိုတာ ကြည့်လိုက်ပါဦး”
ကျန်းရှောင်ဖန်း အံ့သြသွားကာ စုရု ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ရာ မှင်တက်သွားတော့သည်။
မှောင်မည်းနေသော ကောင်းကင်ထက်ရှိ တိမ်တိုက်များကြားတွင် တောက်ပလှသော အလင်းလုံးကြီးတစ်ခုက ကောင်းကင်တစ်ဝက်ခန့်ကို လင်းထိန်သွားစေခဲ့သည်။
၎င်းသည် မှောင်မည်းနေသော တိမ်တိုက်အစွန်းများတွင် ရွှေရောင်အနားကွပ်ထားသကဲ့သို့ ရှိနေပေသည်။
ထျန်းပုယီသည် ရှေးဟောင်းမီးနတ်ဘုရားတစ်ပါးကဲ့သို့ တိမ်တိုက်များပေါ်တွင် ရပ်နေပြီး သူ၏ ချီယန်ဓားမှ ထွက်ပေါ်လာသော မီးတောက်များကို မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ တိမ်တိုက်များကို ဖြိုခွင်းလျက် ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေသည်။
သွေးစုပ်မိစ္ဆာအိုကြီးကိုမူ မတွေ့ရတော့ပေ။ သို့သော် တိမ်တိုက်များအနီးတွင် ကြီးမားသော သွေးဦးခေါင်းခွံကြီးတစ်ခုက စူးစူးဝါးဝါး အော်ဟစ်နေသည်။
လေနှင့်တိမ်တိုက်များ လှုပ်ခတ်သွားပြီး သွေးနီရောင်အလင်းများ ကောင်းကင်သို့ မြင့်တက်လာကာ မီးနဂါးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေလေသည်။
ကောင်းကင်တစ်ခွင်ရှိ တိမ်မည်းများမှာ ဆူပွက်ဟိန်းဟောက်နေကြ၏။ အောက်ခြေမှ ကြည့်လျှင် ထိုလူနှစ်ဦးမှာ ကောင်းကင်ဘုံမှ နတ်ဘုရားများအလား ဒေါသတကြီး တိုက်ခိုက်နေကြပေသည်။
ကျန်းရှောင်ဖန်း၏ စိတ်နှလုံးမှာ တုန်လှုပ်သွားပြီး သူ၏ဆရာအား အလွန်အမင်း အထင်ကြီး လေးစားသွားတော့သည်။ နဂါးဟိန်းသံက မြေပြင်ကို တုန်ဟည်းစေကာ တိမ်တိုက်များကြားတွင် ကောင်းကင်တုန်လောက်သော အရှိန်အဝါဖြင့် ကူးခတ်နေ၏။
၎င်းမှာ ရှေးယခင်က နဂါးနက်ဂူအတွင်း သုံးမြီးမြေခွေးမလေးက မီးလျှံကြေးမုံကို အသုံးပြု၍ မီးနဂါးအား ဆင့်ခေါ်ခဲ့စဉ်ကနှင့် ဆင်တူသော်လည်း ယခုတစ်ကြိမ်မှာမူ ပိုမိုအစွမ်းထက်လှပေသည်။
ထိုအခြင်းအရာကို သတိရလိုက်သည်နှင့် သူ၏ကိုယ်ခန္ဓာမှာ ရုတ်တရက် တုန်ခါသွား၏။ သူ၏ညာလက်မောင်းရှိ မီးလျှံကြေးမုံမှ အပူလှိုင်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
စုရုက ထိုအရာကို သတိပြုမိသွားကာ စိုးရိမ်တကြီး မေးလိုက်၏။
“ရှောင်ဖန်း... မင်းရဲ့ကိုယ်ခန္ဓာက ဘာလိုတအားပူလာရတာလဲ။ ဒဏ်ရာကြောင့် ဖျားနေတာလား။”
ကျန်းရှောင်ဖန်းမှာ သူ၏ဆရာကတော် ဤမျှ အာရုံခံစားမှု ကောင်းမည်ဟု မထင်ထားမိပေ။ သူ ဘယ်လိုပြန်ဖြေရမှန်းမသိဘဲ ငြင်းပယ်လိုက်သည်။
“ဘာ... ဘာမှမဟုတ်ပါဘူး”
စုရုက မျက်မှောင်ကြုတ်ကာ ထပ်မေးရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို အာရုံရသဖြင့် လှည့်ကြည့်လိုက်၏။ တောအုပ်အတွင်းမှ ခြေသံများ ထွက်ပေါ်လာပြီးနောက် လူပေါင်းတစ်ရာခန့် ထွက်လာကြလေသည်။
ထျန်းယင်ကျောင်းတော်မှ ဖာရှန်း၊ ဖာရှန့်နှင့် ဖန်ရှန်းတောင်ကြားမှ လီရွှင်း၊ ယန်ဟုန်တို့လည်း ပါဝင်ကြလေသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသူမှာမူ ချန်းစုန့်ဖြစ်ပေသည်။
စုရုက မတ်တတ်ရပ်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။
“စီနီယာအစ်ကို ချန်းစုန့်... ရှင် ရောက်လာပြီကိုး”
ချန်းစုန့်က ခေါင်းညိတ်ပြကာ အေးစက်စက် ပြောလိုက်၏။
“ဂျူနီယာညီလေးထျန်းက ဒီမှာ ကောင်းကင်တုန်အောင် စွမ်းရည်တွေ ပြနေတာပဲ။ ငါတို့က မျက်စိမကန်း၊ နားမပင်းေသးတော့ လာကြည့်ရတာပေါ့”
စုရုက မျက်မှောင်ကြုတ်လိုက်၏။ သူ၏စကားထဲတွင် လှောင်ပြောင်လိုမှုများ ပါဝင်နေသည်ကို ခံစားမိပေသည်။ သူမ ဘာမှမပြောရသေးမီ တာ့ကျူးတောင်ထိပ်မှ တပည့်များက ဒဏ်ရာများဖြင့် လဲလျောင်းနေသော ကျန်းရှောင်ဖန်းကို မြင်သွားကြသည်။
ထျန်းလင်းအာက အော်ဟစ်ကာ ပြေးလာလေသည်။ စုန့်တာ့ရန်၊ ဝူတာ့ယီနှင့် ဟဲတာ့ကျစ်တို့ကလည်း စိုးရိမ်တကြီး လိုက်လာကြသည်။
သို့သော် ဖြူဖွေးသော အရိပ်တစ်ခုက သူတို့အားလုံးထက် ပိုမိုမြန်ဆန်စွာ ကျန်းရှောင်ဖန်းဆီသို့ ရောက်ရှိလာလေသည်။ ထိုသူမှာ လင်းကျင်းယွီပင် ဖြစ်သည်။
လင်းကျင်းယွီက ကျန်းရှောင်ဖန်းအနားသို့ ပြေးသွားကာ ပခုံးကို ကိုင်လျက် မျက်နှာဖြူဖျော့စွာဖြင့် မေးလိုက်၏။
“ရှောင်ဖန်း... မင်း အဆင်ပြေရဲ့လား”
ကျန်းရှောင်ဖန်းသည် သူ၏မျက်လုံးထဲရှိ စိုးရိမ်မှုများကို ခံစားလိုက်ရသဖြင့် စိတ်ထဲတွင် နွေးထွေးသွားကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ငါ အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ဘူး”
လင်းကျင်းယွီက သူ့ကို သေချာကြည့်ပြီး ရင်ဘတ်မှ ဒဏ်ရာကို မြင်သောအခါမှ သက်ပြင်းချနိုင်တော့သည်။
“ဘယ်သူ မင်းကို ဒဏ်ရာရအောင် လုပ်တာလဲ။”
ကျန်းရှောင်ဖန်းက အထက်သို့ ညွှန်ပြကာ ပြောလိုက်သည်။
“ဟိုမိစ္ဆာပဲ။ ဆရာက သူ့ကို ‘သွေးစုပ်မိစ္ဆာအိုကြီး’ လို့ ခေါ်တာ ကြားလိုက်တယ်”
လင်းကျင်းယွီ၏ ကိုယ်ခန္ဓာမှာ တုန်လှုပ်သွား၏။ သူသည် ထိုမိစ္ဆာအကြောင်း သိပုံရပေသည်။ သူက အံ့သြတကြီးဖြင့် မေးလိုကလေသည်။
“အဲဒီလူအိုကြီးက ပြန်ပေါ်လာပြန်ပြီလား”
ထိုအချိန်တွင် ထျန်းလင်းအာနှင့် အခြားသူများ ရောက်လာကာ ကျန်းရှောင်ဖန်းကို ဝိုင်းမေးကြတော့သည်။
ကျန်းရှောင်ဖန်းသည် ထျန်းလင်းအာ၏ စိုးရိမ်နေသော မျက်လုံးများကို မြင်သောအခါ ခေါင်းငုံ့ထားလိုက်ပြီး သူ၏စီနီယာအစ်ကိုများကိုသာ သူ သက်သာသွားပြီဖြစ်ကြောင်း ပြန်ဖြေနေလေသည်။
ကောင်းကင်ထက်မှ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာစဉ် လင်းကျင်းယွီက ကျန်းရှောင်ဖန်းအနားတွင် ရပ်ကာ အပေါ်သို့ ကြည့်ပြီး ပြောလိုက်သည်။
“ရှောင်ဖန်း... မင်းရဲ့ဆရာက ပုံမှန်ဆိုရင် ဘာမှမဟုတ်သလိုပဲ၊ သူ့ရဲ့ကျင့်စဉ်အဆင့်က ဒီလောက် မြင့်မားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး”
ထိုစကားကို ကြားသောအခါ ထျန်းလင်းအာက ဒေါသထွက်သွား၏။ လင်းကျင်းယွီကို ရှုံးနိမ့်ခဲ့ကတည်းက သူမသည် ဤကောင်လေးကို မနှစ်သက်တော့ပေ။ သူမက နှာခေါင်းရှုံ့ကာ ရွဲ့ပြောလိုက်လေသည်။
“ရှင့်လို လုံရှို့တောင်ထိပ်က ကောင်လေးက ငါ့အဖေရဲ့ ကျင့်စဉ်အတိမ်အနက်ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။”
လင်းကျင်းယွီက မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သော်လည်း ထျန်းလင်းအာက မလျှော့တမ်း ပြန်ကြည့်နေသဖြင့် သူက ရုတ်တရက် ပြုံးလိုက်ပြီး အေလျာ့ပေးလိုက်သည်။
“စီနီယာအစ်မ... မင်းပြောတာ မှန်ပါတယ်”
ထျန်းလင်းအာမှာ ကြောင်သွားရ၏။ မာနကြီးသော ဤကောင်လေး၏ သဘောထားမှာ အဘယ်ကြောင့် ဤမျှ ကောင်းမွန်သွားရသနည်း။
လင်းကျင်းယွီက ပြုံးနေသော်လည်း အခြားတစ်ဖက်သို့ ကြည့်နေခြင်း ဖြစ်သည်။ ချန်းစုန့်အနားတွင် ရပ်နေသော စီနီယာအစ်ကိုချီဟောင်အား သူက ပြုံးပြနေခြင်းဖြစ်ကြောင်း ထျန်းလင်းအာ သိလိုက်ရသည်။
ထျန်းလင်းအာ၏ ထက်မြက်သော ဉာဏ်ဖြင့် လင်းကျင်းယွီသည် သူ လေးစားရသော စီနီယာအစ်ကိုချီဟောင်၏ရှေ့တွင် သူမနှင့် ငြင်းခုံရန် မသင့်တော်ဟု ယူဆထားကြောင်း သိလိုက်၏။
သူမ၏ရင်ထဲတွင် ရှက်ကိုးရှက်ကန်း မဖြစ်သော်လည်း ချီဟောင်နှင့် မျက်လုံးချင်းဆုံသွားသောအခါ ရင်ထဲတွင် ကြည်နူးသွားလေသည်။
စုရုက မျက်မှောင်ကြုတ်လျက် ထိုလူငယ်များ၏ စကားကို ကြားနေရ၏။ ပြောသူက သတိမထားမိသော်လည်း နားထောင်သူမှာမူ စဉ်းစားစရာ ဖြစ်သွားပေသည်။ ခဏအကြာတွင် သူမက စီနီယာအစ်ကို ချန်းစုန့်ကို လှည့်ကြည့်လိုက်၏။
ချန်းစုန့်မှာ ထျန်းပုယီကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေသော်လည်း သူ၏မျက်လုံးများမှာ တောက်ပနေပေသည်။ သူ ဘာတွေ တွေးနေသနည်း။
ထိုအချိန်တွင် လေပြင်းများ တိုက်ခတ်နေပြီး မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲနေ၏။ တိုက်ပွဲ၏ အဆုံးအဖြတ်အချိန်သို့ ရောက်လာသောအခါ ချန်းစုန့်က အေးစက်စွာ ပြောလိုက်သည်။
“သွေးစုပ်မိစ္ဆာအိုကြီးက ဒီလောက်အထိ ရဲတင်းလိမ့်မယ်လို့ မထင်ထားဘူး။ ချီဟောင်…”
ချီဟောင်က ရှေ့သို့ တိုးလာကာ မေးလိုက်သည်။
“ဆရာ... ဘာများ အမိန့်ရှိပါသလဲ”
ချန်းစုန့်က ကောင်းကင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“မင်းရဲ့စီနီယာဦးလေးထျန်းက အနိုင်ရဖို့ သေချာနေပြီ၊ အဲဒီမိစ္ဆာအိုကြီးက ကြာကြာမခံနိုင်တော့ဘူး။ မင်း တခြားသူတွေကို ခေါ်ပြီး ပိတ်ဆို့ထားလိုက်၊ ဒီတစ်ခါတော့ အဲဒီမိစ္ဆာကို ထပ်ပြီး အလွတ်မပေးစေနဲ့”
ချီဟောင်က ခေါင်းညိတ်ကာ လင်းကျင်းယွီကို ပြန်ခေါ်လိုက်၏။ ထို့နောက် ဖာရှန်းနှင့် လီရွှင်းတို့ကဲ့သို့ အခြားဂိုဏ်းမှ တပည့်များကို စုစည်းကာ သူတို့၏ အစီအစဉ်ကို ဆွေးနွေးကြလေသည်။
စုရုက ချန်းစုန့်အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး မေးလိုက်လေသည်။
“စီနီယာအစ်ကိုချန်းစုန့်... ပုယီက အနိုင်ရတော့မယ်ဆိုတာ ရှင် ဘယ်လိုလုပ် သိတာလဲ”
ချန်းစုန့်က စုရုကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဂိုဏ်းတူညီမစု... မင်းက အသုံးမကျတဲ့ ဒီစီနီယာအစ်ကိုကြီးကို နောက်ပြောင်နေတာလား”
စုရုက ခေါင်းခါလျက် ပြုံးကာ ပြောလိုက်သည်။
“ကျွန်မကို သတ္တိဆယ်ဆပေးရင်တောင် ရှင့်ကို မနောက်ရဲပါဘူး။ တကယ် သိချင်လို့ မေးတာပါ။”
ချန်းစုန့်က ပြုံးလျက် ဖြေလိုက်သည်။
“ဂိုဏ်းတူညီမစုက အမြဲတမ်း ဉာဏ်ကောင်းပြီး အလားအလာရှိခဲ့တာပဲ၊ ငါ့လို လူထက်တောင် အများကြီး သာပါသေးတယ်။ ဘာလို့ နှိမ့်ချနေတာလဲ”
“သွေးစုပ်မိစ္ဆာအိုကြီးရဲ့ ကျင့်စဉ်က မနိမ့်လှသလို ‘သွေးဦးခေါင်းခွံ’ရဲ့ အစွမ်းကလည်း ပြင်းထန်ပေမယ့် သူ တိုက်ခိုက်နေတာကို သေချာကြည့်ရင် သူ့ရဲ့ညာဘက် သုံးလက်မအကွာမှာ အလင်းက မတည်မငြိမ် ဖြစ်နေတာကို တွေ့ရလိမ့်မယ်”
“အဲဒီနေရာမှာ သွေးဦးခေါင်းခွံက ပျက်စီးနေပုံပဲ။ သာမန်အချိန်ဆိုရင်တော့ ဘာမှမဟုတ်ပေမယ့် အခု ဂျူနီယာညီလေးထျန်းရဲ့ရှေ့မှာတော့ အဲဒါက သူ့ရဲ့ အားနည်းချက်ပဲ ဖြစ်သွားပြီ။”
သူက ခဏရပ်ကာ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ချက် လျှပ်သွားသော်လည်း အသံကို တည်ငြိမ်စွာ ထိန်းထားရင်းဆက်ပြောလေသည်။
“ဂျူနီယာညီလေးထျန်းကတော့ ချင်းယွင်မန္တာန်ကို သုံးပြီး ချီယန်ဓားနဲ့ မီးနဂါးတိုက်ကွက်ကို သုံးနေတာ။ သွေးဦးခေါင်းခွံရဲ့ အလင်းက တောက်ပနေပေမယ့် မီးနဂါးနဲ့ ထိတွေ့တိုင်း ဆုတ်ခွာနေရတယ်”
“ပြီးတော့ ထျန်းပုယီက အဲဒီ အားနည်းချက်ရှိတဲ့ နေရာကိုပဲ တစိုက်မတ်မတ် တိုက်ခိုက်နေတာ။ မိစ္ဆာအိုကြီးက ဘယ်လောက်ပဲ ရဲတင်းပြနေပါစေ၊ အခုတော့ ထောင်ချောက်ထဲ ရောက်နေပြီမို့ ရှုံးဖို့ပဲ ရှိတော့တယ်။ မင်းရဲ့အမြင်ကရော ဘယ်လိုရှိလဲ။”
စုရုက ပြုံးလျက် ပြောလိုက်လေသည်။
“စီနီယာအစ်ကိုက တကယ်ပဲ အမြင်ကျယ်တာပဲ။ ရှင်ပြောမှပဲ ကျွန်မ သိတော့တယ်”
ချန်းစုန့်က အသာအယာ ပြုံးကာ ကောင်းကင်ကို ကြည့်ရင်း အသံကို နှိမ့်ကာ ခေါ်လိုက်၏။
“ဂိုဏ်းတူညီမ…”
“ဘာများလဲ စီနီယာအစ်ကို ချန်းစုန့်”
ချန်းစုန့်က ကောင်းကင်ထက်မှ တိုက်ပွဲကို မျက်တောင်မခတ် ကြည့်နေရင်း ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်ရာကမှ ဂျူနီယာညီလေးထျန်း ရှန်ချင်းအဆင့်ကို ရောက်ခဲ့တာ…သူရဲ့ကျင့်စဉ်က ဒီနှစ်အတွင်းမှာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာခဲ့တာပဲ”
စုရု အံ့သြသွားသော်လည်း မျက်နှာတွင် ဖော်ပြခြင်းမရှိဘဲ ပြုံးလျက်ပင် ပြန်ပြောလိုက်သည်။
“စီနီယာအစ်ကိုက မြှောက်ပင့်လွန်းနေပါပြီ။ ပုယီက ဂိုဏ်းချုပ်စီနီယာအစ်ကိုနဲ့ ရှင့်လောက် ပါရမီမရှိပါဘူး”
ချန်းစုန့်က ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်တစ်ရာက ငါတို့ လမ်းမှန်ဂိုဏ်းတွေ နတ်ဆိုးတွေကို နှိမ်နင်းခဲ့တုန်းက ငါရယ်၊ ဂျူနီယာညီလေးထျန်းရယ်၊ ဖုန့်ဟွေ့တောင်ထိပ်က ဂျူနီယာညီလေးကျန်းရယ်၊ ရှန်ကျန်းလျန်ရယ်၊ ပြီးတော့ ပင်မဂိုဏ်းက ဝမ်ကျန်းရီရယ်...”
စုရုက ရုတ်တရက် တိုးတိုးလေး ခေါ်လိုက်၏။
“စီနီယာအစ်ကို ချန်းစုန့်”
ချန်းစုန့် သတိဝင်လာဟန်ဖြင့် တစ်စုံတစ်ခုကို သတိရသွားကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆက်ပြောလေသည်။
“...ငါတို့တွေ အဲဒီနတ်ဆိုးမိစ္ဆာတွေကို လူသူမနီးတဲ့ တောရိုင်းမြေတွေအထိ လိုက်လံနှိမ်နင်းခဲ့ကြတယ်။ အဲဒီအချိန်မှာ ဂျူနီယာညီလေးထျန်းက ရှန်ချင်းအဆင့်ကို ရောက်နေပြီ”
“ဝမ်... အဲဒီလူက ငါတို့ကို ပြောခဲ့ဖူးတယ်၊ ဂျူနီယာညီလေးထျန်းက အပြင်ပန်းမှာ ထုံထိုင်းပုံရပေမယ့် အတွင်းစိတ်ကတော့ အလွန်ထက်မြက်သလို မယိမ်းယိုင်တဲ့ စိတ်ဓာတ်လည်း ရှိတယ်တဲ့။ ကျင့်စဉ်လမ်းမှာ သူဟာ အတိုင်းအဆမရှိ တိုးတက်မယ့်သူပဲတဲ့”
“ဂိုဏ်းတူညီမ... အဲဒီလူအကြောင်း မင်းလည်း သိတာပဲ။ သူပြောခဲ့တဲ့ စကား၊ သူတွေးခဲ့တဲ့ အရာတွေအပေါ် မင်း သံသယရှိမှာ မဟုတ်ဘူး မဟုတ်လား”
စုရုက အသာအယာ ပြုံးလိုက်ရုံသာ ရှိပြီး ဘာမှပြန်မပြောဘဲ ကောင်းကင်ကိုသာ ကြည့်နေတော့သည်။
သွေးစုပ်မိစ္ဆာအိုကြီးမှာ လေထုထဲတွင် ရပ်နေရင်း ရက်စက်သော အမူအရာ ရှိနေသော်လည်း ရင်ထဲတွင်မူ ပိုမိုကြောက်ရွံ့လာလေသည်။