အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) - ချင်းလုံ
“ဘုန်း” ခနဲ မြည်ဟည်းသွားသော အသံကြီးတစ်ခုကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားကြပြီး ထိုအသံထွက်ပေါ်ရာ အရပ်သို့ လှည့်ကြည့်လိုက်ကြသည်။ ရှီထုံ၏ တင်းပုတ်မှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ရာမှ ယခုမှသာ မြေပြင်သို့ ပြန်လည်ကျရောက်လာခြင်း ဖြစ်လေသည်။
ခဏတာမျှ တိတ်ဆိတ်သွား၏။ လမ်းမှန်ဘက်တော်သားများမှာ မျက်မှောင်ကြုတ်လျက် သတိကြီးစွာဖြင့် စောင့်ကြပ်နေကြလေသည်။
ဤတစ်ကြိမ်တွင် မိစ္ဆာဂိုဏ်းများမှာ မမျှော်လင့်ထားလောက်အောင် အင်အားကြီးမားစွာဖြင့် ပြန်လည်ဦးမော့လာခဲ့ကြ၏။
လက်ရှိမြင်တွေ့နေရသော အခြေအနေအပြင် အမှောင်ထဲရှိ ထုတ်ဖော်မပြသေးသည့် အင်အားစုများစွာလည်း ကျန်ရှိနေသေးပုံရပေသည်။
မိစ္ဆာဂိုဏ်းများဘက်တွင်လည်း တစ်ဦးနှင့်တစ်ဦး မရိုးသားသော အကြံအစည်ကိုယ်စီ ရှိနေကြ၏။ အကြီးအကဲတုအန်းမုမှာ မည်သည့်ဂိုဏ်းဝင်မျှ မဟုတ်ဘဲ သွေးစုပ်မိစ္ဆာအိုကြီးနှင့်သာ ခင်မင်ရင်းနှီးသူဖြစ်သဖြင့် သူ့ဘက်မှ ရပ်တည်ပေးနေခြင်း ဖြစ်သောကြောင့် အင်အားအနည်းငယ်သာနေခြင်းသာ ဖြစ်လေသည်။
သို့သော် သရဲဘုရင်အတွက်မူ ပိုင်တုကျစ်နှင့် သွေးစုပ်မိစ္ဆာအိုကြီးတို့မှာ အဆိပ်တစ်သောင်းဂိုဏ်း၏ အရေးပါသူများ ဖြစ်ကြရာ ယခုကဲ့သို့ တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေခြင်းမှာပင် သူ့အတွက် ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်နေချေပြီ။
သရဲဘုရင်နှင့် ချင်းလုံတို့ နှစ်ဦးသာလျှင် တည်ငြိမ်အေးဆေးစွာ ရပ်နေကြ၏။ ချင်းလုံက သရဲဘုရင်အား တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် ပြောလိုက်ပုံရသော်လည်း သရဲဘုရင်ကမူ ပြုံးလျက် ခေါင်းခါပြလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ကျန်းရှောင်ဖန်း ရှိရာအရပ်သို့ တစ်ချက် ဝေ့ကြည့်လိုက်လေသည်။
ညဉ့်နက်လာလေပြီ။ ပင်လယ်လေပြည်က တဝေါဝေါ တိုက်ခတ်နေပြီး အဆုံးမဲ့ကျယ်ပြောသော ပင်လယ်ပြင်ဆီမှ ဝမ်းနည်းပူဆွေးဖွယ် ငိုညည်းသံများမှာလည်း ညဉ့်နက်သထက် နက်လာသည်နှင့်အမျှ တဖြည်းဖြည်း နီးကပ်၍ ကြည်လင်ပြတ်သားစွာ ကြားလာရ၏။
ထျန်းပုယီနှင့် ချန်းစုန့်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ နှစ်ဦးလုံး ပြန်ဆုတ်လိုသော ဆန္ဒရှိနေကြကြောင်း သိမြင်လိုက်ကြသည်။ ဘေးတွင် ရပ်နေသော စုရုက အနည်းငယ်ချောင်းဟန့်လိုက်ပြီး ချန်းစုန့်အား တိုးညှင်းစွာ ပြောလိုက်၏။
“စီနီယာအစ်ကိုချန်းစုန့်၊ အခု မိစ္ဆာတွေရဲ့ အင်အားက တော်တော်ကြီးနေတာပဲ။ ကျွန်မတို့ ခဏလောက် ပြန်ဆုတ်ပြီး ဂိုဏ်းချုပ်ကြီးနဲ့ တိုင်ပင်ပြီးမှပဲ အစီအစဉ်သစ် ဆွဲကြရင် ဘယ်လိုလဲ”
ချန်းစုန့်က ခဏမျှ စဉ်းစားပြီးနောက် ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။
“ဂျူနီယာညီမလေး ပြောတာ မှန်တယ်”
သူက ထျန်းပုယီကို တစ်ချက် ကြည့်လိုက်ရာ ထျန်းပုယီကလည်း နှေးကွေးစွာ ခေါင်းညိတ်ပြလေသည်။ ချန်းစုန့်က စကားပြောရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဘယ်ဘက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် တီးတိုး မေးလိုက်သည်။
“ရှောင်ယီချိုင် ဘယ်ရောက်နေတာလဲ။ ဘာလို့ သူ့ကို လုံးဝမတွေ့ရတာလဲ”
သူ့ဘေးတွင် ရပ်နေသော ချီဟောင်က ကြားလိုက်သဖြင့် ရှေ့သို့ တစ်လှမ်းတက်ကာ ပြောလိုက်သည်။
“ဆရာ၊ စီနီယာအစ်ကိုရှောင်က ကျုပ်တို့ အပြင်ထွက်လာတုန်းက နေမကောင်းဘူးလို့ ပြောပြီး လိုက်မလာခဲ့ပါဘူး”
ချန်းစုန့်၏ မျက်နှာမှာ မှောင်ကျသွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း တပည့်များရှေ့တွင် မဆင်မခြင် စကားမဆိုလိုသဖြင့် ဖာရှန်းနှင့် လီရွှင်းတို့ကဲ့သို့ အခြားဂိုဏ်းခွဲများမှ တပည့်များအား စကားပြောရန် လှည့်လိုက်စဉ် လူအုပ်နောက်ဘက်မှ ရုတ်တရက် နာကျင်စွာ အော်ဟစ်သံကြီး တစ်သံ ထွက်ပေါ်လာလေသည်။
လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ခဏတာ ရှုပ်ထွေးသွား၏။ မှောင်ရိပ်ထဲမှ ဒဏ်ရာဗရပွဖြင့် လမ်းမှန်ဘက်တော်သား တပည့်ငယ်အချို့ ယိုင်တိယိုင်တိုင် ပြေးဝင်လာသည်ကို တွေ့လိုက်ကြရသည်။ သူတို့က အားယူကာ အော်ပြောလိုက်ကြလေသည်။
“နောက်ဘက်မှာ မိစ္ဆာဂိုဏ်းသားတွေ ရှိနေတယ်”
မှောင်မိုက်နေသော ရှေးဟောင်းတောအုပ်ထဲမှ ငိုကြွေးမြည်တမ်းသံများစွာ ထွက်ပေါ်လာ၏။ ထျန်းပုယီနှင့် တခြားသူများမှာ မျက်နှာများ ဖြူလျော်သွားကြချေပြီ။
သရဲဘုရင်နှင့် သူ၏ လူများ ပေါ်လာကတည်းက လူတိုင်းက ထိုမိစ္ဆာအိုကြီးများကိုသာ အာရုံစိုက်နေခဲ့ကြခြင်း ဖြစ်သည်။
မိစ္ဆာဂိုဏ်းသားများက သူတို့၏ ဆုတ်ခွာမည့် လမ်းကြောင်းကို တိတ်တဆိတ် ပိတ်ဆို့ထားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
ထိုအချိန်တွင် တောအုပ်အတွင်း၌ အလင်းတန်းများစွာ လက်ခနဲ ဖြစ်သွားပြီး မှော်လက်နက်များစွာ ပေါ်ထွက်လာလေသည်။
လမ်းမှန်ဘက်တော်သားများမှာ တစ်ဦးပြီးတစ်ဦး မှော်လက်နက်များကို ထုတ်ယူကာ ခုခံကြသော်လည်း ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အပြင် မိစ္ဆာဂိုဏ်းသား အရေအတွက်မှာလည်း မမျှော်လင့်ထားလောက်အောင် များပြားလှသဖြင့် အရေးနိမ့်နေကြရလေသည်။
ချန်းစုန့်၏ မျက်နှာမှာ တည်တင်းနေပြီး သူက ကျယ်လောင်စွာ အော်ဟစ်လျက် ကောင်းကင်သို့ ပျံတက်လိုက်၏။ သို့သော် သူ၏ လှုပ်ရှားမှုကို မတွေ့ရသေးမီမှာပင် ပိုင်တုကျစ်နှင့် အကြီးအကဲတုအန်းမုတို့က ရှေ့သို့ ပြေးဝင်လာကြလေသည်။
ပိုင်တုကျစ်က ကြမ်းတမ်းစွာ ပြုံးလျက် အော်ဟစ်လိုက်၏။
“တာအိုခွေးအိုကြီး၊ မင်းရဲ့ အသက်ကို ပေးလိုက်စမ်း”
ချန်းစုန့်မှာ ထိုမိစ္ဆာအိုကြီးများကို အထင်သေး၍ မရသဖြင့် လေထဲတွင် ခဏရပ်ကာ သူတို့၏ တိုက်ခိုက်မှုများကို ပြန်လည်ခုခံရန် လှည့်လိုက်ရသည်။
ထိုအချိန်မှာပင် သူ၏ အောက်ဘက်တွင် အနီရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အကြီးအကဲ တုအန်းမု၏ တိုက်ခိုက်မှုကို ထျန်းပုယီက ဝင်ရောက် တားဆီးလိုက်လေသည်။
စုရုမှာ မြေပြင်ပေါ်တွင် ရပ်နေပြီး လှပသော မျက်နှာလေးပေါ်တွင် စိုးရိမ်ရိပ်များ လွှမ်းမိုးလျက် မျက်မှောင်ကြုတ်နေ၏။
လက်ရှိ အခြေအနေမှာ လမ်းမှန်ဘက်တော်သားများအတွက် သိသိသာသာ အရေးနိမ့်နေပြီး သရဲဘုရင်နှင့် ချင်းလုံတို့ နှစ်ဦးကလည်း သူတို့၏ စွမ်းအားကို ထုတ်ဖော်ခြင်း မရှိသေးချေ။
ထို့ပြင် ပုန်းအောင်းနေသော မိစ္ဆာဂိုဏ်းသား အရေအတွက်ကိုလည်း မသိရသေးသဖြင့် အခြေအနေမှာ အလွန်စိုးရိမ်ဖွယ် ဖြစ်နေတော့သည်။
လက်ရှိတွင် အခြေအနေမှာ ရှုပ်ထွေးနေပြီး ညအမှောင်အတွင်းရှိ အရိပ်များကြားတွင် မိစ္ဆာဂိုဏ်းသားများက နေရာအနှံ့ ရှိနေကြကာ အချိန်မရွေး နေရာမရွေး မှော်လက်နက်များ ပျံဝဲထွက်ပေါ်လာပြီး အသက်များကို ခြွေယူနေကြ၏။
လမ်းမှန်ဘက်တော်သားများမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုထဲသို့ ကျရောက်သွားရပြီး နာကျင်စွာ ညည်းတွားသံများနှင့် အော်ဟစ်သံများမှာလည်း ဆူညံနေလေသည်။
ကျန်းရှောင်ဖန်းမှာ ဝိညာဉ်ဝါးမျိုတုတ်ကို ဆုပ်ကိုင်ထားသော်လည်း တိုက်ခိုက်ခြင်း မပြုသေးချေ။
တာ့ကျူးတောင်ထိပ်မှ စုန့်တာ့ရန်နှင့် ထျန်းလင်းအာတို့က သူ၏ ဒဏ်ရာများကို စိုးရိမ်သဖြင့် သူ့ကို အလယ်တွင်ထားကာ ဝိုင်းရံကာကွယ်ပေးထားကြသောကြောင့် သူမှာ လောလောဆယ်တွင် ဘာဘေးမှ မရှိသေးပေ။ သို့သော်လည်း စိုးရိမ်ဖွယ် အခြေအနေကြောင့် သူလည်း ရင်တထိတ်ထိတ် ဖြစ်နေရလေသည်ယ
မိစ္ဆာဂိုဏ်းဘက်မှ အလင်းတန်းများမှာ ပိုမိုပြင်းထန်လာသည်နှင့်အမျှ လမ်းမှန်ဘက်တော်သားများမှာ တဖြည်းဖြည်း အရေးနိမ့်လာကြသည်။
အဓိကပြဿနာမှာ အလွန်မှောင်မိုက်နေသဖြင့် ပုန်းအောင်းနေသော မိစ္ဆာဂိုဏ်းသားများကို မမြင်ရခြင်းပင် ဖြစ်၏။ သူတို့မှာ အကြီးအကျယ် နစ်နာဆုံးရှုံးနေကြရလေသည်။
ကျန်းရှောင်ဖန်းမှာ မူလနေရာတွင်ပင် ရှိနေသေးပြီး သူ၏ ပတ်ဝန်းကျင်ရှိ စီနီယာများနှင့် ထျန်းလင်းအာတို့ အခက်တွေ့နေသည်ကို မြင်ရသောအခါ စတင်စိုးရိမ်ပူပန်လာလေသည်။
သူ၏ ခန္ဓာကိုယ်မှာ ပင်ပန်းနေသော်လည်း အဆင်ပြေသေးသည်ဟု ခံစားရသဖြင့် တိုက်ပွဲအတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်လေသည်။
ထိုအချိန်တွင် ရုတ်တရက် တိုးညှင်းသော လေချွန်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံမှာ ကိုးထပ်ကောင်းကင်ယံသို့ ပျံလွင့်သွားသော နတ်ဘုရားခေါင်းလောင်းသံကဲ့သို့ပင် နားဝင်ပီယရှိလှပေသည်။
တောက်ပသော အပြာရောင်အလင်းတန်းတစ်ခု ရုတ်တရက် မြင့်တက်လာပြီး လုရွှယ်ချီမှာ ဓားနှင့်အတူ ပျံတက်သွား၏။ ထိုထျန်းယာနတ်ဓားမှာ အလွန်တောက်ပနေပြီး သူမ၏ ပတ်ဝန်းကျင်ရှိ နေရာအားလုံးကိုပင် လင်းထိန်သွားစေလေသည်။
သူမက အမှောင်ထဲသို့ အဟုန်ဖြင့် ပြေးဝင်လိုက်၏။
“ဝူး”
လေတိုးသံနှင့်အတူ ကောင်းကင်မြေပြင်ကို တုန်ဟည်းသွားစေပြီး ထိုလှပသော မိန်းကလေးမှာ အပြာရောင်လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေးဟောင်းတောအုပ်၏ မှောင်ရိပ်များဆီသို့ တဟုန်ထိုး ပျံသန်းသွားလေသည်။
ခဏအကြာတွင် အပြာရောင်အလင်းတန်းများ ဖြာထွက်လာသည်ကိုသာ မြင်တွေ့ရပြီး မှောင်ရိပ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကာ လူအုပ်ကြီး၏ ဖိအားများမှာလည်း ခေတ္တမျှ လျော့ပါးသွားလေသည်။
တစ်ချိန်တည်းမှာပင် ဗုဒ္ဓမန္တန်များရွတ်ဖတ်သံများ ထွက်ပေါ်လာပြီး ဖာရှန်းမှာ လက်ဝါးနှစ်ဖက် ယှက်လျက် ကောင်းကင်သို့ ပျံတက်သွားလေသည်။
သူ၏ လက်ချောင်းထိပ်များမှ ခန့်ညားထည်ဝါလှသော “ပြန်လည်ဝင်စားခြင်းပုတီးစေ့” မှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းများမှာ တဖျပ်ဖျပ် တောက်ပနေပြီး ဖြည်းညှင်းစွာ လည်ပတ်နေလေသည်။
ရုတ်တရက် သူက မျက်လုံးများကို ဖွင့်လိုက်ရာ ပြန်လည်ဝင်စားခြင်းပုတီးစေ့မှာလည်း အခြားတစ်ဖက်ရှိ မှောင်ရိပ်များဆီသို့ ပျံသန်းသွားလေသည်။
ခဏအကြာတွင် တောက်ပသော ရွှေရောင်အလင်းတန်းများက အမှောင်ထဲတွင် နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်သွားစေပြီး မိစ္ဆာဂိုဏ်းသားများစွာမှာ အော်ဟစ်လျက် လွင့်စင်ထွက်လာကြလေသည်။
ဤသည်မှာ အခြေအနေကို ချက်ချင်း ပြောင်းလဲသွားစေလေသည်။ ချီဟောင်၊ လင်းကျင်းယွီ၊ လီရွှင်း၊ ယန်ဟုန်နှင့် ဖာရှန့်၊ ရှီထုံတို့ကဲ့သို့ ထူးချွန်လှသော လမ်းမှန်ဂိုဏ်းသား လူငယ်မျိုးဆက်သစ်များမှာ အစပိုင်းတွင် အငိုက်မိသွားခဲ့သော်လည်း ယခုအခါ တစ်ဦးပြီးတစ်ဦး စတင်တိုက်စစ်ဆင်လာကြချေပြီ။
ပတ်ဝန်းကျင်မှ တိတ်တဆိတ် တိုက်ခိုက်နေသော မိစ္ဆာဂိုဏ်းသားများတွင်မူ ထူးချွန်သော ပါရမီရှင်များ မပါဝင်ပုံရသဖြင့် ခုခံနိုင်သူ အနည်းငယ်သာ ရှိတော့သည်။ အခြေအနေမှာ လမ်းမှန်ဂိုဏ်းသားများဘက်သို့ ပြန်လည် ဦးလှည့်လာလေသည်။
အဝေးတွင် ရပ်ကြည့်နေသော သရဲဘုရင်နှင့် ချင်းလုံတို့မှာလည်း မျက်မှောင်ကြုတ်သွားကြ၏။ ချင်းလုံက အနည်းငယ် ခေါင်းခါပြပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
“လမ်းမှန်ဂိုဏ်းသား လူငယ်တပည့်တွေရဲ့ အရည်အချင်းကတော့ တစ်ယောက်မှ ချန်ထားလို့ မရဘူးပဲ။ တစ်သန်းမှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ပါရမီရှင်တွေချည်းပဲ။ ကျုပ်တို့ရဲ့ မျိုးဆက်သစ်တွေနဲ့ နှိုင်းယှဉ်ရင် သူတို့က အများကြီး ပိုတောင့်တင်းတာပဲ”
သရဲဘုရင်က ခေါင်းညိတ်ပြပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။ သူက ရုတ်တရက် ပြောလိုက်လေသည်။
“အရင်ဆုံး တိုက်ခိုက်တဲ့ မိန်းကလေးရဲ့ မှော်လက်နက်ကို မင်းသေချာ မြင်လိုက်ရလား။”
ချင်းလုံက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
“ထျန်းယာဓား မဟုတ်လား”
သရဲဘုရင်က ခေါင်းလှည့်၍ သူ့ကို ကြည့်လိုက်ရာ ချင်းလုံက ပြုံးလျက် နှေးကွေးပြီး တိုးညှင်းသော လေသံဖြင့် ရေရွတ်လိုက်သည်။
“ထျန်းယာနတ်ဓား၊ ထျန်းယာနတ်ဓား...”
သရဲဘုရင်မှာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး ပြောလိုက်လေသည်။
“အဲဒီ ထျန်းယင်ကျောင်းတော်က ဘုန်းကြီးရဲ့ လက်ထဲမှာလည်း ပြန်လည်ဝင်စားခြင်းပုတီးစေ့ ရှိနေတယ်။ ချင်းယွင်ဂိုဏ်းက အဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးရဲ့ စိမ်းပြာရောင် နတ်ဓားကတော့ ကျန့်လုံဓားပဲဖြစ်ရမယ်”
“လမ်းမှန်ဂိုဏ်းတွေဟာ ဒီနှစ်ပိုင်းတွေမှာ သူတို့ရဲ့ လူငယ်တွေကို တကယ်ပဲ ကြိုးစားပမ်းစား ပြုစုပျိုးထောင်ခဲ့ကြတာပဲ”