← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇) - အတိတ်ကာလ (၁)

ယခုအချိန်တွင် သစ်တောအတွင်းမှ ထွက်ပေါ်နေလာသော မှော်လက်နက်များ၏ အလင်းတန်းများကြောင့် နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေလေ၏။

သစ်တောထဲမှ စတင်ကာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားရာ ကွင်းပြင်အထိ အေးစိမ့်လှသော အလင်းတန်းများမှာ နေရာအနှံ့ ပျံဝဲနေကြလေသည်။

ရောင်စုံအလင်းတန်းများအောက်တွင် နီရဲသော သွေးစက်များမှာ သစ်ပင်များပေါ်သို့ အဆက်မပြတ် ဖိတ်စင်နေလေသည်။

သွေးများမှာ သွေးစက်လေးများအဖြစ် ခဲသွားပြီး အပင်များပေါ်မှ တစ်စက်စက်စီးကျနေလေသည်။

လုရွှယ်ချီသည် ကြည်လင်သော လေချွန်သံနှင့်အတူ မြေပြင်သို့ ဆင်းသက်လိုက်၏။

တခဏအတွင်း ညတာမှာ မိုးပြာရောင်သို့ ပြောင်းလဲသွားပြီး သူမ၏ ထျန်းယာဓားမှ ရေကဲ့သို့ ကြည်လင်သော အလင်းဝိုင်းတစ်ခု ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားလေသည်။

သေမျိုးလောကကို ငုံ့ကြည့်နေသော ဧကရီတစ်ပါး၏ အကြည့်နှယ်။

ရေတွက်၍မရနိုင်သော စိမ်းစိုသည့် သစ်ရွက်များမှာ အပြင်ဘက်သို့ လိပ်တက်သွားကာ တရှဲရှဲ အသံများ ထွက်ပေါ်နေလေသည်။

ပတ်ဝန်းကျင်ရှိ အနက်ရောင်ဝတ်ဆင်ထားသော မိစ္ဆာဂိုဏ်းမှ တပည့်များမှာ ထူးဆန်းသော အော်ဟစ်သံများကို အဆက်မပြတ် ပြုလုပ်နေကြသည်။

ခုခံရန် အစွမ်းကုန် ကြိုးစားသူများ ရှိသော်လည်း နောက်ဆုံးတွင်တော့ အားလုံး လဲကျသွားရ၏။ စွန့်ပစ်ချောက်ကမ်းပါးမှ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာပြီးနောက် သူမ၏ အရည်အချင်းမှာ သိသိသာသာ တိုးတက်လာခဲ့လေသည်။

ကျန်းရှောင်ဖန်းသည် အဝေးမှနေ၍ ကြည့်နေရင်း လေကို တစ်ချက် ရှူသွင်းလိုက်မိ၏။ သူသည် အံ့သြသွားသလို လေးစားလည်း လေးစားသွားမိသည်။

သူ့ပတ်ဝန်းကျင်ရှိ စုန့်တာရန်၊ တုပိရှူ စသူတို့မှာလည်း ဖိအားများကြောင့် တဖြည်းဖြည်း ရုန်းကန်နေရ၏။

တာ့ကျူးတောင်ထိပ်မှ တပည့်များကို တိုက်ခိုက်နေသော မိစ္ဆာဂိုဏ်း တပည့်များမှာ အရေအတွက် မများသော်လည်း ကျန်သူများထက် အစွမ်းပိုထက်ကြပေသည်။

၎င်းတို့၏ အဝတ်အစားများတွင် လူ့ဦးခေါင်းခွံ သင်္ကေတတစ်ခု ပါရှိသော်လည်း ၎င်းမှာ သရဲဘုရင်ဂိုဏ်း၏ သင်္ကေတ ဟုတ်မဟုတ်ကိုမူ မသိနိုင်ချေ။

ထျန်းလင်းအာသည် ကျန်းရှောင်ဖန်း၏ ရှေ့တွင် ရပ်နေ၏။ သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး နဖူးပေါ်တွင်လည်း ချွေးစက်လေးများ ထွက်ပေါ်နေသည်။

သူမ၏ ဖီးနစ်ဝိညာဥ်ကို ထိန်းချုပ်နေသော လှုပ်ရှားမှုများမှာလည်း အနည်းငယ် ပျာယာခတ်နေ၏။

တာ့ကျူးတောင်ထိပ် တပည့်များထဲတွင် ကျန်းရှောင်ဖန်းမှလွဲလျှင် ထျန်းလင်းအာမှာ အငယ်ဆုံးဖြစ်သော်လည်း သူမ၏ ပါရမီမှာ စီနီယာအစ်ကို အများစုထက် များစွာ သာလွန်နေသည်။

အရည်အချင်းကို နှိုင်းယှဉ်လျှင် စုန့်တာရန်မှလွဲ၍ သူမမှာ ဒုတိယ အကောင်းဆုံး ဖြစ်၏။ သူမမှာ မိန်းကလေးဖြစ်၍လော သို့မဟုတ် အခြားအကြောင်းရင်းကြောင့်လော မသိရသော်လည်း မိစ္ဆာဂိုဏ်း တပည့်များမှာ သူမကိုသာ အဓိကထား တိုက်ခိုက်နေကြသည်။ ယခုအခါ ကျန်းရှောင်ဖန်းပင်လျှင် ထျန်းလင်းအာ ဖိအားများစွာ ခံနေရကြောင်း ခံစားမိနေသည်။

ညလေညင်းမှာ တိုက်ပွဲမြေပြင်ဖြစ်နေသော သစ်တောထဲသို့ ညင်သာစွာ တိုက်ခတ်သွား၏။ မှောင်မိုက်သော အမှောင်ထုထဲတွင် ရေတွက်၍မရသော မျက်လုံးများက သူတို့ကို ချောင်းမြောင်းနေသကဲ့သို့ပင်။

ပတ်ဝန်းကျင်မှ အော်ဟစ်သံများမှာ ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းလာ၏။ ကျန်းရှောင်ဖန်းသည် မျက်မှောင်ကြုတ်လျက် အပြင်ဘက်သို့ ကြည့်လိုက်သည်။ ခေတ္တခဏအတွင်းမှာပင် အခြေအနေမှာ တဖန် ပြောင်းလဲသွားပြန်သည်။

မိစ္ဆာဂိုဏ်း တပည့်များမှာ ပြန်လည် တိုက်စစ်ဆင်လာကြပြီး ယခင်က ဝါးခြမ်းကို ခွဲသကဲ့သို့ အနိုင်ယူနေခဲ့သော လုရွှယ်ချီ၊ ဖာရှန်းနှင့် ချီဟောင်တို့မှာ ယခုအခါ မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရလေသည်။ ၎င်းတို့မှာ အရေးနိမ့်ခြင်း မရှိသေးသော်လည်း တိုက်ပွဲမှ ခွာရန် မဖြစ်နိုင်တော့ချေ။

သို့သော် ပတ်ဝန်းကျင်ရှိ အစွမ်းအစ အနည်းငယ် နိမ့်ပါးသော လမ်းမှန်ဂိုဏ်း တပည့်များမှာမူ မိစ္ဆာဂိုဏ်း တပည့်များ၏ ဝိုင်းရံခြင်းကို ပိုမို ခံလာရ၏။

စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အခြေအနေမှာ မိစ္ဆာဂိုဏ်းဘက်သို့ ပြန်လည် အားသာသွားလေသည်။

ကျန်းရှောင်ဖန်းသည် အံကြိတ်လျက် ဝိညာဉ်ဝါးမျိုတုတ်ကို ထုတ်ယူလိုက်၏။ သူသည် ဆက်လက် အနားမယူလိုတော့ဘဲ စီနီယာအစ်ကိုများနှင့် ထျန်းလင်းအာကို ကူညီပေးလိုနေသည်။

သို့သော် သူ စတင် လှုပ်ရှားလိုက်စဉ်မှာပင် ထျန်းလင်းအာ၏ အော်ဟစ်သံကို ကြားလိုက်ရ၏။ သူသည် တစ်စုံတစ်ခုနှင့် ခလုတ်တိုက်သွားသကဲ့သို့ တန့်သွားပြီး ခဏချင်းတွင် ထူးဆန်းသော မှော်လက်နက် အလင်းတန်း သုံးလေးခုမှာ တိုးဝင်လာလေသည်။

စုန့်တာရန်နှင့် ကျန်သူများမှာ ထိတ်လန့်သွားကြသော်လည်း အချိန်မီ ကူညီနိုင်ခြင်း မရှိကြချေ။ ကျန်းရှောင်ဖန်းသည် မစဉ်းစားတော့ဘဲ ပြေးထွက်သွားသော်လည်း ခြေတစ်လှမ်း နောက်ကျသွားလေသည်။

ထိုအရေးကြီးသော အချိန်တွင် ထျန်းလင်းအာ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေလေသည်။

သူမ၏ လက်နှစ်ဖက်မှာ အဆက်မပြတ် လှုပ်ရှားနေပြီး ဖီးနစ်ပိုးကြိုးမှာလည်း ကာကွယ်ရန်အတွက် သူမရှေ့တွင် ကခုန်နေသော်လည်း အချိန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ခဏချင်းတွင်ပင် မှော်လက်နက်နှစ်ခုမှာ သူမထံသို့ အလင်းအလျင်ဖြင့် တိုးဝင်လာလေသည်။

ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ထွက်လာလုမတတ် ဖြစ်သွား၏။ သူသည် ပါးစပ်ကို ဟလိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာချေ။

ထိုစဉ်တွင် အဖြူရောင်အလင်းတစ်ချက် ဖျတ်ခနဲ ပေါ်လာပြီး လူရိပ်တစ်ခုမှာ ထျန်းလင်းအာ၏ ရှေ့တွင် ပိတ်ရပ်လိုက်ကာ လက်နှစ်ဖက်ကို အသုံးပြု၍ လက်နက်နှစ်ခုလုံးကို ပြန်လည် တိုက်ခိုက်လိုက်လေသည်။

အဝေးမှ အမှောင်ထုထဲတွင် ဒေါသတကြီး အော်ဟစ်သံများနှင့် ကြောက်လန့်တကြား အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာလေသည်။

ထိုအခါမှ လူတိုင်းသက်ပြင်းချနိုင်သွားကြပြီး ထိုလူရိပ်ကို ကြည့်လိုက်ကြသည်။ ၎င်းမှာ ထျန်းပုယီ၏ဇနီး ဖြစ်သူ စုရုပင်။ စုရုသည် သူမ၏ ခေါင်းကို လျင်မြန်စွာ လှည့်၍ ထျန်းလင်းအာကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်၏။

“လင်းအာ... မင်း အဆင်ပြေရဲ့လား”

ထျန်းလင်းအာမှာ ထိတ်လန့်နေဆဲ ဖြစ်သော်လည်း ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။

“ဟုတ်ကဲ့ အမေ... သမီး အဆင်ပြေပါတယ်”

စုရုသည် မျက်မှောင်ကြုတ်လိုက်၏။ ထိုအချိန်တွင် မိစ္ဆာဂိုဏ်း တပည့်များမှာ တဖန် တိုးကပ်လာကြပြန်သည်။ စုရုက အလျင်အမြန် ပြောလိုက်၏။

“အားလုံး အမြန်သွားကြ၊ ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ အားလုံး လွတ်မြောက်သွားတာနဲ့ ဒီကျွန်းကနေ ထွက်သွားကြ၊ ငါတို့ အရှေ့တရုတ်ပင်လယ်က ချန်ဟဲမြို့မှာ ပြန်ဆုံကြမယ်”

စုန့်တာရန်၊ ထျန်းလင်းအာနှင့် ကျန်သူများမှာ အံ့သြသွားကြသော်လည်း စုရု၏ တည်ကြည်လှသော မျက်နှာကို ကြည့်ကာ မည်သူမျှ ပြန်မပြောရဲကြချေ။

တာ့ကျူးတောင်ထိပ် တပည့်များမှာ နောက်ဘက်သို့ စတင် ထွက်ခွာသွားကြလေသည်။

ထိုအချိန်တွင် အခြေအနေမှာ ရှုပ်ထွေးနေပြီး တိုက်ပွဲမှာလည်း ပုံမှန်ထက် ပြင်းထန်နေခဲ့လေသည်။

စုရုသည် ဘယ်လှည့်ညာတိမ်းဖြင့် လှုပ်ရှားနေပြီး လမ်းမှန်ဂိုဏ်းတပည့်များ အန္တရာယ်ရှိနေသည်ကို တွေ့တိုင်း ကူညီပေးကာ ၎င်းတို့ကို တိုက်ပွဲမှ ဆုတ်ခွာနိုင်ရန် ကူညီပေးနေ၏။

သူမ၏ အရည်အချင်းမှာ အလွန်မြင့်မားပြီး သာမန်မိစ္ဆာဂိုဏ်း တပည့်များထက် များစွာ သာလွန်ပေသည်။ ည၏ အလင်းဖျော့ဖျော့အောက်တွင် သူမ၏ ပျံဝဲနေသော ပုံရိပ်မှာ လှပတင့်တယ်နေလေသည်။

အခွင့်အရေး ရသည်နှင့် သူမသည် ခေါင်းမော့၍ အပေါ်သို့ ကြည့်လိုက်၏။ ကောင်းကင်ယံတွင် အမှောင်ထုကိုသာ မြင်ရသော်လည်း တောက်ပသော အလင်းတန်းများမှာမူ ရှုပ်ထွေးစွာ ပေါ်နေ၏။

ဝေဟင်ထက်တွင် တိုက်ခိုက်နေသူများမှာ ချန်းစုန့်၊ ထျန်းပုယီနှင့် မိစ္ဆာဂိုဏ်းမှ ပိုင်တုကျီ၊ အကြီးအကဲတွမ်မူတို့ ဖြစ်ကြပေသည်။

သူမ၏ စိတ်ထဲတွင် စိုးရိမ်နေမိသော်လည်း သွေးစုပ်မိစ္ဆာနှင့် တိုက်ခိုက်ပြီးကာစ ဖြစ်သော ထျန်းပုယီမှာ အကြီးအကဲတွမ်မူနှင့် တိုက်ခိုက်ရာတွင် အရေးမနိမ့်သေးသည်ကို မြင်ရသောကြောင့် စိတ်အေးသွားရ၏။

တပည့်အများစုမှာ စုရု၏ ကူညီမှုကြောင့် အသီးသီး ထွက်ခွာသွားကြပြီ ဖြစ်သည်။ တိုက်ပွဲမြေပြင်တွင် ကျန်ရှိနေသူများမှာ လုရွှယ်ချီကဲ့သို့ အစွမ်းထက်သော တပည့်အနည်းငယ်သာ ဖြစ်၏။

သို့သော် မိစ္ဆာဂိုဏ်းဘက်မှလည်း လူအများအပြားမှာ လိုက်လံတိုက်ခိုက်ရန် ထွက်ခွာသွားကြသောကြောင့် လမ်းမှန်ဂိုဏ်းဘက်မှ အခြေအနေ မကောင်းသေးသော်လည်း လောလောဆယ်တွင် အန္တရာယ် မရှိတော့ချေ။

သို့သော် စုရုမှာ ပို၍ စိုးရိမ်လာ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရှေ့တွင် အစမှအဆုံးတိုင် သရဲဘုရင်နှင့် ချင်းလုံတို့မှာ မိစ္ဆာဂိုဏ်း၏ အဓိကပုဂ္ဂိုလ်နှစ်ဦးအဖြစ် ထိုနေရာတွင် ရပ်နေပြီး ပြုံးလျက် ကြည့်နေသောကြောင့်ပင်။

မိစ္ဆာဂိုဏ်းဘက်တွင် သရဲဘုရင်နှင့် ချင်းလုံတို့မှာ ဘေးချင်းယှဉ်ရပ်လျက် လမ်းမှန်ဂိုဏ်း တပည့်များ အဆက်မပြတ် ထွက်ပြေးနေကြသည်ကို ရပ်ကြည့်နေလေသည်။ ချင်းလုံက တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်၏။

“ဒီလူတွေကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား”

သရဲဘုရင်က ပြုံးလျက် ပြောလိုက်၏။

“ဒီမျိုးဆက်သစ်လေးတွေက အရေးမကြီးပါဘူး။ ဒါ့အပြင် ဒီတစ်ခါ ငါတို့ လျိုပိုတောင်ကို လာတာက လမ်းမှန်ဂိုဏ်းသားတွေနဲ့ အသေအကြေတိုက်ဖို့ မဟုတ်ဘူးလေ။”

ချင်းလုံက ခေါင်းညိတ်ပြကာ ဝေဟင်ထက်သို့ မော့ကြည့်ရင်း ပြောလိုက်၏။

“ဒီနှစ်ယောက်က ငါတို့ရဲ့ မန်ဟွမ်ထဲကို အတင်းဝင်လာပြီး ငါတို့ကို အထိနာအောင် လုပ်ခဲ့တဲ့ ချင်းယွင်ဂိုဏ်းက လူငါးယောက်ထဲမှာ ပါခဲ့တဲ့သူတွေ မဟုတ်လား။”

သရဲဘုရင်က ပြောလိုက်၏။

“မင်း ပြောတာ မှန်တယ်။ ချန်းစုန့်၊ ထျန်းပုယီ၊ ရှန်ကျန်းလျန်၊ ကျန်းရှူချန်နဲ့ နောက်ထပ် တစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းရီပေါ့... အဲဒီ ငါးယောက်ပဲ။”

ချင်းလုံက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“အနှစ်တစ်ရာဆိုတဲ့ အချိန်က ခဏလေးနဲ့ကုန်သွားတာပဲ။ အဲဒီတုန်းက ဒီလူတွေက သတ်ဖြတ်ဖို့ပဲ စိတ်အားထက်သန်နေတဲ့ လူငယ်လေးတွေပဲ ရှိသေးတာ၊ အခုတော့ မထင်မှတ်ဘဲ သူတို့တွေက ခေါင်းဆောင်တွေ ဖြစ်နေကြပြီ”

သရဲဘုရင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

“အစ်ကိုလုံ... အဲဒီတုန်းက မင်း တစ်ခြားကိစ္စတွေကြောင့် မရှိခဲ့လို့ပါ။ မဟုတ်ရင် မင်းတို့ မြင့်မြတ်တဲ့ တမန်တော် လေးယောက်လုံးသာ ရှိနေခဲ့ရင် ချင်းယွင်တောင် တိုက်ပွဲတုန်းက ငါတို့ရဲ့ဂိုဏ်းက အနိုင်မရနိုင်ရင်တောင် အဲဒီလောက် ဆိုးဆိုးရွားရွား အရှုံးပေးခဲ့ရမှာ မဟုတ်ဘူး”

ချင်းလုံက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“မဖြစ်နိုင်ပါဘူး။ လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက အဓိက လမ်းမှန်ဂိုဏ်းကြီး သုံးခုက သူတို့ရဲ့ အထွတ်အထိပ်ကာလမှာ ရှိနေခဲ့တာ”

“အဲဒီ အဘိုးကြီးတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြတာလေ။ ငါတို့ ပါဝင်ခဲ့ရင်တောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဟဲဟဲ... မန်ဟွမ်က မြင့်မြတ်တဲ့ ခန်းမဆောင်ကြီးမှာ ငါတို့ ဂိုဏ်းဝင် ထောင်ပေါင်းများစွာက သူတို့ကို မြင်ရုံနဲ့ ထွက်ပြေးခဲ့ကြတာကတော့ တကယ်ကို ရယ်စရာပဲ”

သရဲဘုရင်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဟုတ်ပါတယ်။ အဲဒီတုန်းက ငါက ရှေ့က သရဲဘုရင်ကို ပြုစုနေရလို့ ခန်းမဆောင်မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒီကိစ္စက တကယ့်ကို အရှက်ရဖို့ ကောင်းတယ်လို့ ကြားခဲ့ရတယ်”

“ငါတို့ရဲ့ အစွမ်းအထက်ဆုံး တပည့်တွေကို ချင်းယွင်တောင် တိုက်ပွဲဆီ လွှတ်လိုက်ရလို့ အကျအဆုံးတွေ များခဲ့တာ၊ မဟုတ်ရင်တော့...”

ချင်းလုံက ရုတ်တရက် စကားဖြတ်လိုက်၏။

“အဲဒီအချိန်တုန်းက ငါ ခန်းမဆောင်မှာ ရှိနေခဲ့တယ်”

သရဲဘုရင်၏ ကိုယ်မှာ အံ့သြမှုကြောင့် တုန်ယင်သွားပြီး ပြောလိုက်သည်။

“ဘာ... အစ်ကိုလုံ... မင်း အဲဒီတုန်းက ခန်းမဆောင်မှာ ရှိနေခဲ့တာလား”

ချင်းလုံက ခါးသီးစွာ ရယ်မောလိုက်သည်။

“ဟုတ်တယ်။ တကယ်တော့ ငါတင် မဟုတ်ဘူး၊ အဲဒီ ငပျင်းလိပ်ကလွဲရင် ကျားဖြူနဲ့ ငှက်နီတို့လည်း ခန်းမဆောင်မှာ ရှိနေခဲ့ကြတာ”

သရဲဘုရင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။ သူက အတင်းပြုံးလိုက်ပြီး ပြောလိုက်၏။

“ဒါဆို ဘယ်လိုဖြစ်လို့ အစ်ကိုလုံက ခုနက အဲဒီနှစ်ယောက်ကို မမှတ်မိရတာလဲ”

ချင်းလုံက ခါးသီးစွာ ပြန်လည် ရယ်မောလိုက်သည်။

“ဒါက တကယ့်ကို အရှက်ရစရာ ကိစ္စပဲ။ အဲဒီ ငါးယောက်ရဲ့ တိုက်ခိုက်မှုက မန်ဟွမ်တောရိုင်းမြေမှာတင် ရပ်မသွားဘဲ ငါတို့ရဲ့ မြင့်မြတ်တဲ့ ဝတ်ကျောင်းတော်အထိ ကျူးကျော်ဝင်ရောက်လာခဲ့တာ”

“အဲဒီလုပ်ရပ်က မန်ဟွမ်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့တယ်။ အဲဒီတုန်းက အဆိပ်တစ်သောင်းဂိုဏ်းနဲ့ သက်ရှည်ခန်းမတို့က ဝတ်ကျောင်းတော်ကို စောင့်ရှောက်ဖို့ တာဝန်ယူထားတာ”

“ငါတို့က အဲဒီဂိုဏ်းတွေနဲ့ မသင့်မြတ်ခဲ့ပေမဲ့လည်း ကျားဖြူ၊ ငှက်နီနဲ့ ငါ သုံးယောက်လုံးကတော့ တခြားအဖွဲ့ခွဲက ကျွမ်းကျင်သူတွေနဲ့အတူ ခန်းမဆောင်ကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်”

သရဲဘုရင်က ကောင်းကင်ထက်သို့ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဘာလို့လဲ... လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက သူတို့ရဲ့ အရည်အချင်းတွေက အဲဒီလောက်တောင် အစွမ်းထက်နေခဲ့တာလား”

ချင်းလုံက ခေါင်းယမ်းလိုက်သည်။

“တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ အခက်အခဲတွေ ပြီးဆုံးသွားပြီးနောက် ငါ သေချာ ပြန်စဉ်းစားကြည့်ခဲ့တယ်။ တကယ်တော့ ချင်းယွင်တောင်မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ငါတို့ရဲ့ ကျွမ်းကျင်သူအများစုက သေဆုံးကုန်တာ ဒါမှမဟုတ် ဒဏ်ရာရခဲ့ကြပြီး ထိတ်လန့်တုန်လှုပ်မှုတွေ ပျံ့နှံ့နေခဲ့တာ”

“အဲဒီ ငါးယောက်က ကျူးကျော်ဝင်ရောက်လာတဲ့အခါ လမ်းမှန်ဂိုဏ်းရဲ့ တပ်ဖွဲ့ကြီး ရောက်လာပြီလို့ ငါတို့ ထင်သွားပြီး တိုက်ခိုက်လိုစိတ်တွေ ပျောက်ဆုံးသွားခဲ့တာ”

“ဒါပေမဲ့ ငါတို့ မထင်မှတ်ထားတာက အဲဒီမှာ သူတို့ငါးယောက်တည်း ရှိနေခဲ့တာပဲ”

သူက ခေတ္တရပ်ပြီး ဆက်ပြော၏။

“အဲဒီ ငါးယောက်ထဲမှာ ငါက ဝမ်ကျန်းရီ တစ်ယောက်တည်းကိုပဲ တွေ့ဖူးတာမို့ ကျန်တဲ့ လေးယောက်ကို မမှတ်မိတာ”

“သူတို့ ခန်းမဆောင်ကို တိုက်ခိုက်တဲ့အခါ ငါးယောက်လုံးက လမ်းခွဲပြီး အရပ်မျက်နှာ အသီးသီးကနေ ဝင်လာခဲ့ကြတာ”

“အဲဒီတုန်းက ငါတို့က ပြင်ဆင်မထားမိဘဲ စိတ်လှုပ်ရှားပြီး ရှုပ်ထွေးနေခဲ့ကြတယ်။ နေရာအနှံ့ကနေ တိုက်ခိုက်သံတွေ ကြားရတဲ့အခါ ငါတို့တွေ စိတ်ဓာတ်တွေ ပျက်ပြားသွားခဲ့ရတာ”

“တကယ်လို့ ငါတို့သာ တည်တည်ငြိမ်ငြိမ်နဲ့ အခြေအနေ ငြိမ်သက်သွားတဲ့အထိ စောင့်ပြီး တိုက်ခိုက်ခဲ့ရင် ငါတို့ သေချာပေါက် အနိုင်ရမှာပါ။ နှမြောစရာပါပဲ... အိုင်းယား... သူတို့မှာက ဝမ်ကျန်းရီလို လူတစ်ယောက် ရှိနေခဲ့တာကိုး”

သရဲဘုရင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ဒီလူက ဘယ်လိုလူမျိုးမို့လို့လဲ”

ချင်းလုံက မျက်လုံးကို ခဏမျှ မှိတ်လိုက်ပြီး တိတ်ဆိတ်သွား၏။ သူက သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ခေါင်းယမ်းလျက် ပြောလိုက်သည်။

“အဲဒီလူက တကယ့်ကို ရှားပါးလှတဲ့ ပါရမီနဲ့ ထူးကဲတဲ့ အရည်အချင်းရှိတဲ့သူပဲ။ ငါ့ဘဝမှာ အဲဒီလိုလူမျိုးကို တခါမှ မတွေ့ဖူးဘူး”

“အဲဒီကိစ္စပြီးတော့ ငါတို့အချင်းချင်း ပြန်ဆွေးနွေးကြည့်တဲ့အခါ ကျန်တဲ့ လေးယောက်ရဲ့ အရည်အချင်းက ကောင်းမွန်ပေမဲ့ ဝမ်ကျန်းရီနဲ့ ယှဉ်ရင်တော့ အများကြီး ကွာခြားနေတယ်လို့ ခံစားခဲ့ရတယ်”

“သူသာ မပါရင် ချင်းယွင်ဂိုဏ်းက ဒီလူတွေ ငါတို့ရဲ့ မန်ဟွမ်တောရိုင်းမြေကို လုံးဝ ကျူးကျော်နိုင်မှာ မဟုတ်ပါဘူး၊ ဝတ်ကျောင်းတော်အထိ ရောက်လာဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးတယ်”

ချင်းလုံ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ လွမ်းဆွတ်တမ်းတနေပုံရ၏။ သူသည် အတိတ်ကို ပြန်လည် အောက်မေ့နေသကဲ့သို့ပင်။

All Chapters