← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) - အတိတ်ကာလ (၂)

“အဲဒီတုန်းက သူတို့ လေးယောက်က ဘေး၊ ရှေ့နဲ့ နောက်ကနေ တိုက်ခိုက်နေကြပေမဲ့ ငါတို့က ခန်းမဆောင်ရဲ့ ပင်မတံခါးမှာပဲ အင်အားအများစုကို စုစည်းထားခဲ့တာ”

“ငါတို့တွေ တွေဝေပြီး ထိတ်လန့်နေတုန်းမှာပဲ ဝမ်ကျန်းရီက သူ့ဓားကို ဝှေ့ယမ်းပြီး တစ်ယောက်တည်း ကျူးကျော်ဝင်ရောက်လာခဲ့တယ်”

သရဲဘုရင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သူတစ်ယောက်တည်းလား”

ချင်းလုံက သက်ပြင်းချရင်း ပြောလိုက်လေသည်။

“ဟုတ်တယ်၊ သူတစ်ယောက်တည်းပဲ။ သူ့အဝတ်အစားတွေက နှင်းလိုဖြူဖွေးနေပြီး သူ့ဓားကတော့ အတိမ်အနက်မသိရတဲ့ ရေပြင်လို စိမ်းနေခဲ့တာကို ငါ မှတ်မိနေသေးတယ်”

“အဲ... ဟုတ်သားပဲ၊ အဲဒါ ကျန့်လုံဓားပဲ။ အနှစ်တစ်ရာလောက် မတွေ့ရတော့တာမို့ ငါ မေ့နေတာ”

သရဲဘုရင်မှာ အံ့သြသွား၏။ သူသည် ချင်းလုံ၏ ဘယ်ဘက်လက်ညှိုး ညွှန်ပြရာသို့ ကြည့်လိုက်ရာ၊ ၎င်းမှာ တိုက်ပွဲမြေပြင်တွင် တိုက်ခိုက်နေဆဲဖြစ်သော လင်းကျင်းယွီ၏ လက်ထဲရှိ ဆောင်းဦးရေပြင်ကဲ့သို့ စိမ်းလဲ့နေသော ကျန့်လုံဓားဆီသို့ ဖြစ်နေလေသည်။

“ဒါဆို အဲဒီ ကျန့်လုံဓားက မူလက ဝမ်ကျန်းရီ ကိုင်ခဲ့တဲ့ လက်နက်ပေါ့လေ”

ချင်းလုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“မှန်တယ်၊ အဲဒါ သူ့လက်ထဲမှာ ရှိခဲ့တာ။ အဲဒီတုန်းက ငါ သူ့ကို အော်ဟစ်မေးမြန်းခဲ့ပေမဲ့ သူကတော့ မရပ်မနား ရယ်မောပြီး လူအုပ်ထဲကို တိုးဝင်လာခဲ့တယ်”

“သူက ဘယ်သူမှ မတားဆီးနိုင်တဲ့ အားအင်တွေနဲ့ တိုက်ခိုက်ခဲ့တာ။ သူက တကယ့်ကို သူရဲကောင်းတစ်ယောက်ပါပဲ။”

သရဲဘုရင်က လေးစားစွာ ကြည့်ရင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲဒီလူက တကယ့်ကို သတ္တိခဲပဲ။ နောက်တော့ ဘာဖြစ်သွားလဲ”

“ငါတို့အားလုံး အံ့သြပြီး ဒေါသထွက်ခဲ့ကြပေမဲ့ သူ့အပြင် တခြားလမ်းမှန်ဂိုဏ်းက ကျွမ်းကျင်သူတွေ အချိန်မရွေး တိုက်ခိုက်လာမှာကို စိုးရိမ်ခဲ့ကြတယ်။ ဝတ်ကျောင်းတော် နောက်ကွယ်က တိုက်ပွဲသံတွေက ပိုနီးလာတဲ့အခါ ငါတို့ ပိုပြီး ထိတ်လန့်သွားခဲ့ရတယ်”

“အဲဒီလို ရှုပ်ထွေးနေတုန်းမှာပဲ သူက ငါတို့ ကိုးကွယ်တဲ့ ကောင်းကင်ဧကရာဇ်နှင့် မယ်တော်ရုပ်တုတွေရှိတဲ့ ပင်မခန်းမထဲကို ဝင်သွားခဲ့တယ်။”

သရဲဘုရင်၏ အမြဲတစေ တည်ငြိမ်နေသော မျက်နှာမှာ ရုတ်တရက် ဖြူလျော့သွား၏။ သူက အသံတုန်တုန်ဖြင့် မေးလိုက်သည်။

“ဘာ...”

ချင်းလုံက ခါးသီးစွာ ရယ်မောလိုက်သည်။

“မင်းတောင် အဲဒီလို ဖြစ်သွားတာပဲ။ အဲဒီတုန်းက ငါတို့ ဘယ်လောက်တောင် ဒေါသထွက်ခဲ့မလဲဆိုတာ မင်း ခန့်မှန်းလို့ ရမှာပါ။ တခြားကျွမ်းကျင်သူတွေ လာဦးမလားဆိုတာ ငါတို့ ဂရုမစိုက်တော့ဘဲ အားလုံးက အရူးတွေလို သူ့ဆီကို တိုးဝင်သွားခဲ့ကြတယ်”

“ငါတို့မှာရှိတဲ့ ဘယ်လို မှော်လက်နက်မျိုးမဆို အကုန် သုံးခဲ့ကြတာ။ ခဏအတွင်းမှာပဲ သူ့ရဲ့ အဖြူရောင်ဝတ်စုံက သွေးတွေနဲ့ စိုရွှဲသွားခဲ့တယ်”

“ဒါပေမဲ့ သူက နောက်ကိုတောင် လှည့်မကြည့်ဘဲ ဝတ်ကျောင်းတော်ထဲကို ဆက်တိုးဝင်သွားခဲ့တယ်”

“သူက ရုပ်တုတွေကို ပူဇော်တဲ့ ယဇ်ပလ္လင်ပေါ်ကို တက်သွားပြီး၊ အဲဒီ ရုပ်တုနှစ်ခုကြားက အဖြူရောင် နံရံပေါ်မှာ “ဝမ်ကျန်းရီ” ဆိုတဲ့ စာလုံးကြီး သုံးလုံးကို ကိုယ်တိုင် ထွင်းထုခဲ့တယ်။”

သရဲဘုရင်မှာ ဆွံ့အသွားလေသည်။

ချင်းလုံက ရုတ်တရက် ပြောလိုက်၏။

“ငါတို့ ငှက်နီက သူ့မျက်နှာကို အမြဲ မျက်နှာဖုံးအုပ်ထားတာ မင်း သိတယ်မဟုတ်လား”

သရဲဘုရင်က အံ့သြစွာဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်... ဘာဖြစ်လို့လဲ”

“ငါတို့ထဲမှာ သူမက တစ်ဦးတည်းသော အမျိုးသမီး ဖြစ်ပေမဲ့ ငါတို့ရဲ့ မြင့်မြတ်တဲ့ ရုပ်တုနှစ်ခုအပေါ်မှာတော့ အကြည်ညိုဆုံးသူပဲ။ အဲဒီနေ့မှာ သူမက ဘာမှတွေဝေမနေပဲ အရင်ဆုံး စတိုက်ခဲ့သူပဲ”

“ဝမ်ကျန်းရီက စာလုံးတွေ ထွင်းထုနေတဲ့ စက္ကန့်ပိုင်းလေးမှာပဲ သူမက ချောင်းမြောင်း တိုက်ခိုက်ပြီး သူ့ကို ဓားနဲ့ ခုတ်လိုက်တာ။ အဲဒီ ဓားချက်က ဝမ်ကျန်းရီရဲ့ ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်သွားခဲ့တယ်။”

သရဲဘုရင်မှာ ထပ်မံ အံ့သြသွားပြန်သည်။။

ချင်းလုံက သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒါက မင်းကိုလည်း ထိတ်လန့်သွားစေတယ် မဟုတ်လား။ ငါတို့လည်း အံ့သြသွားခဲ့ရတာ။ ဘာကြောင့်လဲဆိုတော့ ဝမ်ကျန်းရီ ဝင်လာတဲ့အခါ သူ့ရဲ့ အရှိန်အဝါက အရမ်းထက်မြက်လွန်းနေခဲ့တာကြောင့်ပဲ”

“သူက ငါတို့အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်လိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့သလို၊ သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ နောက်ဆုံးမှာတော့ ပစ်လွှတ်ပြီးသား မြားတစ်စင်းလို အားကုန်သွားလိမ့်မယ်လို့လည်း မတွေးမိခဲ့ကြဘူး”

“ဒါပေမဲ့ သူ့ရဲ့ မျက်နှာအမူအရာကတော့ လုံးဝပြောင်းမသွားဘူး။ ဘယ်ဘက်လက်မောင်း ပြတ်သွားပြီး သွေးတွေ ပန်းထွက်နေပေမဲ့ မျက်နှာကတော့ ဖြူဖျော့နေရုံပဲ ရှိတယ်”

“အဲဒီအစား သူက ငှက်နီဆီကို လှည့်ကြည့်ပြီး သူမရဲ့ မျက်နှာဖုံးကိုတောင် ဖယ်ကြည့်လိုက်သေးတယ်။ သူက သူမကို ကြည့်ပြီး ရယ်ရင်း ပြောလိုက်တာက... မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တကယ့်ကို ရင်သပ်ရှုမောဖွယ် အလှလေးပဲ တဲ့။ အဲဒီလို ပြောပြီးတာနဲ့ သူက သူ့ရဲ့ ကျန့်လုံဓားကို စီးပြီး တိုက်ပွဲထဲကနေ ပြန်ထွက်သွားခဲ့တယ်”

“အဲဒီလို အခြေအနေမျိုးမှာတောင် သူက ပြန်ထွက်သွားနိုင်သေးတာလား”

ချင်းလုံက သက်ပြင်းချရင်း ပြောလိုက်သည်။

“ပထမအချက်က သူက အရမ်းကို သတ္တိရှိလွန်းတယ်။ ဝတ်ကျောင်းတော်တစ်ခုလုံးမှာ သူ့သွေးတွေ စွန်းထင်နေခဲ့ပေမဲ့ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားတာတောင် သူ့ရဲ့ ဓားအရှိန်အဝါက အရင်ကထက် ပိုပြင်းထန်နေသလို ခံစားရတယ်”

“ဒုတိယအချက်က သူ့ရဲ့ ချင်းယွင်ဂိုဏ်းက တခြားဂိုဏ်းတူ လေးယောက်က ဝတ်ကျောင်းတော်ထဲမှာ မီးရှို့လိုက်လို့ မည်းမှောင်နေတဲ့ မီးခိုးတွေက နေရာအနှံ့ ပျံ့နှံ့သွားခဲ့တယ်”

“လမ်းမှန်ဂိုဏ်းက ရန်သူတွေ ပိုရောက်လာမှာကို ငါတို့ စိုးရိမ်နေသလို မီးငြှိမ်းသတ်ဖို့လည်း အလောတကြီး ဖြစ်နေခဲ့ကြတာ။ အဲဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေမှာ မထင်မှတ်ဘဲ သူ့ကို လွတ်မြောက်ခွင့် ပေးလိုက်မိတာပဲ။”

သရဲဘုရင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ပြောသည်။

“လမ်းမှန်ဂိုဏ်းထဲမှာ အဲဒီလို သူရဲကောင်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ချင်းလုံက တည်ငြိမ်စွာ ပြောလိုက်သည်။

“သူက သူရဲကောင်းတစ်ယောက်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး၊ လောကမှာ အတုမရှိတဲ့သူပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူ့ရဲ့ အဆုံးသတ်ကတော့ မကောင်းခဲ့ရှာဘူး”

“အဲဒီနေ့က ချင်းယွင်ဂိုဏ်းကနေ ငါးယောက်တည်း လာတိုက်ခိုက်ခဲ့တာဆိုတာ အတည်ပြုပြီးတဲ့နောက် ငါတို့ တကယ်ကို ဒေါသထွက်ခဲ့ကြတယ်”

“ဒါပေမဲ့ အဆိပ်တစ်သောင်းဂိုဏ်းနဲ့ သက်ရှည်ခန်းမက လူတွေက ပြင်းပြင်းထန်ထန် ကျိန်ဆဲနေကြပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာတော့ ဝမ်ကျန်းရီကို လေးစားနေကြတာကို ငါ မြင်နိုင်ခဲ့တယ်။ အထူးသဖြင့် ငါ့ရဲ့ ဂျူနီယာညီမ ငှက်နီပေါ့...”

သူသည် တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် စကားကို ဆက်မပြောတော့ချေ။ အဲဒီအစား သူက အကြောင်းအရာကို ပြောင်းလဲလိုက်လေသည်။

“အဲဒီတုန်းက ငါတို့အားလုံးက ချင်းယွင်ဂိုဏ်းမှာ သူဂိုဏ်းချုပ် ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အဲဒီကိစ္စဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ စီနီယာအကိုဖြစ်တဲ့ တာအိုရွှမ်က ဂိုဏ်းချုပ်နေရာကို ဆက်ခံခဲ့တယ်လို့ ကြားခဲ့ရတယ်”

“အဲဒီအချိန်ကစပြီး ဒီလို ထူးကဲတဲ့ ပါရမီရှင်အကြောင်းကို ဘာမှ ထပ်မကြားရတော့ဘူး။ ဒီနေ့ကျမှပဲ သူ ကွယ်လွန်သွားပြီဆိုတာကို သိလိုက်ရတာ”

သူ ပြောပြီးနောက်တွင် နှမြောတသဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

သရဲဘုရင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မှန်ပါတယ်။ ဒီလို သူရဲကောင်းတစ်ယောက်နဲ့ ထိပ်တိုက် မတွေ့ဆုံခဲ့ရတာက ငါ့ဘဝအတွက် တကယ့်ကို နောင်တရစရာ တစ်ခုပါပဲ”

ချင်းလုံက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်ကာ ပြောလိုက်လေသည်။

“အကြီးအကဲတွမ်မူနဲ့ ပိုင်တုကျီ အဲ့လူတွေက ချင်းယွင်တောင်မှာ ရှုံးနိမ့်ပြီးနောက် မန်ဟွမ် တောရိုင်းမြေထဲကို ထွက်ပြေးခဲ့ကြတာ”

“နောက်ဆုံးမှာ သူတို့တွေ ဝတ်ကျောင်းတော်ကို မရောက်ခင် ဝမ်ကျန်းရီတို့ ငါးယောက်နဲ့ တွေ့ပြီး အရိုက်ခံရလို့ ထွက်ပြေးခဲ့ကြရတာလေ။ သူတို့တွေ ဝတ်ကျောင်းတော်ကိုတောင် ပြန်မလာရဲကြဘူး”

“အခုတော့ ဝမ်ကျန်းရီအကြောင်းကို အားမနာတမ်း မေးမြန်းနေကြသေးတယ်။ တကယ်ကို အရှက်မရှိတဲ့လူတွေပဲ”

သရဲဘုရင်က ခပ်ဖွဖွ ပြုံးလိုက်သည်။

“သူတို့က အဆိပ်နတ်ဘုရားရဲ့ လက်ပါးစေတွေပဲလေ။ အစ်ကိုလုံ... ဘာလို့ သူတို့အတွက်နဲ့ ဒေါသထွက်နေရမှာလဲ”

ချင်းလုံက လက်ကို ဆန့်ထုတ်ကာ သူ့ရဲ့ အဖြူရောင်ဝတ်စုံကို ခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဝမ်ကျန်းရီ ငါတို့ရဲ့ မြင့်မြတ်တဲ့ ဝတ်ကျောင်းတော်ကို ကျူးကျော်ခဲ့တာက တကယ့်ကို ကြီးမားတဲ့ စော်ကားမှုပဲ”

“ငါ အနှစ်တစ်ရာလုံးလုံး ကြိုးစားအားထုတ်ခဲ့ပြီး စကြဝဠာအလင်းလက်စွပ်ကို အန္တရာယ်ကြားကနေ ရှာဖွေခဲ့တာကလည်း တစ်နေ့နေ့မှာ သူနဲ့ ထပ်ပြီးတိုက်ခိုက်နိုင်ဖို့ပဲ”

“ဒီနေ့ သူ ကွယ်လွန်သွားပြီလို့ ကြားလိုက်ရတော့ စိတ်ပျက်မှုနဲ့ နောင်တကိုပဲ ခံစားရတယ်။ ဒါပေမဲ့ ဒီလူတွေက သူ့ရဲ့ ရုပ်အလောင်းကို သင်္ချိုင်းကနေ တူးဖော်မယ်ဆိုတဲ့ အရှက်မရှိတဲ့ စကားမျိုး ပြောတာကို ကြားရတော့ သူတို့နဲ့ အတူရှိနေရတာကိုတောင် ငါ ရှက်မိတယ်။”

သရဲဘုရင်က ခေါင်းယမ်းကာ ညင်သာစွာ ပြုံးလိုက်၏။ သူသည် တိုက်ပွဲကို ဆက်လက်ကြည့်ရှုရန် မော့ကြည့်လိုက်သော်လည်း ကောင်းကင်ယံရှိ အလင်းတန်းများမှာ ပိုမို ပြင်းထန်လာသဖြင့် ထိုလူလေးယောက်၏ ပုံရိပ်ကိုပင် မမြင်ရတော့ချေ။

ကောင်းကင်ယံရှိ မှောင်မည်းနေသော တိမ်တိုက်များမှာလည်း မှော်လက်နက်များ၏ အလင်းရောင်ကြောင့် လင်းထိန်နေလေသည်။

ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်နေပြီး အဝေးရှိ ပင်လယ်ပြင်ကျယ်ကြီးဆီမှ ရှည်လျားသော လေတိုးသံများသာ ပိုမို ဝမ်းနည်းဖွယ် ကောင်းလာလေသည်။

သရဲဘုရင်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ ချင်းလုံဘက်သို့ လှည့်၍ ပြောလိုက်သည်။

“မင်း ခံစားမိလား... ဒီည တစ်ခုခု ထူးဆန်းနေတယ်”

ချင်းလုံက မော့ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ ပြောလိုက်လေသည်။

“မင်း ဆိုလိုတာက...”

သရဲဘုရင်က ခေါင်းငြိမ့်ပြလိုက်သည်။

“ဒဏ္ဍာရီအရ ထူးဆန်းတဲ့ သားရဲတစ်ကောင် မွေးဖွားလာတိုင်း ကောင်းကင်နဲ့ မြေကြီးက ပြောင်းလဲသွားပြီး မုန်တိုင်းကြီးတွေ ကျရောက်တတ်တယ်လို့ ဆိုကြတယ်”

“ဒါကြောင့် ရှေးဟောင်းကျမ်းစာဖြစ်တဲ့ နတ်မိစ္ဆာနှင့် ထူးဆန်းသော သားရဲများကျမ်းစာထဲမှာ မိုးကြိုးနတ်ဘုရားက အဲဒီသားရဲကို စီးနင်းတယ်လို့ မှတ်တမ်းတင်ထားတာ”

ချင်းလုံ၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်သွား၏။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

“ဘာလို့ အဲဒီလောက်တောင် တိုက်ဆိုင်သွားရတာလဲ... ဒီညက အဲဒီည ဖြစ်နေတာလား”

သရဲဘုရင်က ခေတ္တ စဉ်းစားပြီး ပြောလိုက်လေသည်။

“ငါ ဒီလျိုပိုတောင်ကို ရောက်တာ ရက်အနည်းငယ် ရှိနေပြီ၊ ဒါပေမဲ့ အရင်ရက်တွေက ညနေခင်းမှာ အခုလို ထူးဆန်းတဲ့ လေချွန်သံမျိုး မကြားရဘူး။ တကယ်လို့ ခွေ့နျိက ဒီညမှာ တကယ် ထွက်လာတော့မှာဆိုရင် ငါတို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုလိမ့်မယ်”

ချင်းလုံက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“မှန်တယ်။ ဘာပဲဖြစ်ဖြစ် ခွေ့နျိ ကိစ္စက ပိုအရေးကြီးပါတယ်၊ ဒီနေရာကို အဆိပ်တစ်သောင်းဂိုဏ်းက လူတွေကိုပဲ လွှဲပေးလိုက်ကြတာပေါ့။ ဟဲဟဲ... ငါတို့ ခွေ့နျိကို အနိုင်ရပြီးတာနဲ့ တခြား ထူးဆန်းတဲ့ သားရဲသုံးကောင်နဲ့ဆိုရင် ငါတို့ရဲ့...”

သရဲဘုရင်က ရုတ်တရက် ချောင်းတစ်ချက် ဟန့်လိုက်သဖြင့် ချင်းလုံမှာ လန့်ဖြန့်သွားပြီး ခေါင်းယမ်းလျက် ရယ်မောလိုက်သည်။

“အနှစ်တစ်ရာလုံးလုံး ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့တာက လူကို လူအ ဖြစ်သွားစေတာပဲ။ ကဲကဲ... ဂိုဏ်းချုပ်စိတ်ထဲ မထားပါနဲ့”

သရဲဘုရင်က ခပ်ဖျော့ဖျော့ ပြုံးကာ လှည့်ထွက်သွားပြီး တိုက်ပွဲမြေပြင်တွင် ပြင်းထန်စွာ တိုက်ခိုက်နေသူများကို တစ်ချက်မျှပင် ပြန်မကြည့်တော့ချေ။

ချင်းလုံက အဝေးသို့ လှမ်းကြည့်လိုက်ရာ၊ အဝေးတွင် လမ်းမှန်ဂိုဏ်း တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး သစ်တောထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

သူ၏ အတွေးများမှာ မသိစိတ်မှ ပြန်လည် နိုးကြားလာပြီး သက်ပြင်းတစ်ချက် ချကာ သရဲဘုရင်၏ နောက်သို့ လိုက်ပါသွားလေသည်။

တိတ်ဆိတ်သော အမှောင်ထုထဲတွင် ရေတွက်၍မရသော ကြောက်မက်ဖွယ် မျက်လုံးများမှာ သားကောင်ကို ချောင်းနေသော ကျားတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။

လူအုပ်ကြီး ထွက်ပြေးသွားချိန်တွင် အဝေးတစ်နေရာမှ ဝမ်းနည်းဖွယ် အော်သံတစ်ခု ထွက်ပေါ်လာပြီး အဝေးရှိ ပင်လယ်ပြင်ကျယ်ကြီးမှ ထူးဆန်းသော လေချွန်သံနှင့်အတူ သစ်တောနက်ကြီးထဲတွင် ပဲ့တင်ထပ်နေလေသည်။

ထိုညမှာ အထူးပင် ခြောက်ခြားဖွယ် ကောင်းလှပေသည်။

ကျန်းရှောင်ဖန်း၊ ထျန်းလင်းအာ၊ စုန့်တာရန်၊ ဟယ်တာ့ကျစ်နှင့် တုပိရှူ စုစုပေါင်း ငါးယောက်တို့မှာ ၎င်းတို့၏ မှော်လက်နက်များကို စီးနင်းကာ သစ်တောထဲသို့ အလျင်အမြန် ပျံသန်းသွားကြလေတော့သည်။

အမှန်တကယ်တွင် ၎င်းတို့၏ လက်ရှိ အရည်အချင်းအရ ကောင်းကင်ယံတွင် ပျံသန်းခြင်းက ပို၍ မြန်ဆန်မည် ဖြစ်သော်လည်း၊ မိစ္ဆာဂိုဏ်း တပည့်များ၏ ဝိုင်းရံမှုကို ဖောက်ထွက်ပြီး ပျံတက်ရန် ပြင်လိုက်ချိန်တွင် အဝေးရှိ အခြားသော တပည့်အချို့လည်း ထိုသို့ပင် ပျံတက်သွားသည်ကို တွေ့လိုက်ရ၏။

ထိုစဉ်တွင်အောက်ရှိ သစ်တောထဲမှ ကြောက်မက်ဖွယ် အလင်းတန်းအချို့ ထွက်ပေါ်လာပြီး ၎င်းတို့ကို အောက်သို့ ရိုက်ချလိုက်လေသည်။

ထို ဝမ်းနည်းဖွယ် အော်ဟစ်သံများအရ ၎င်းတို့ အသက်ရှင်ရန် မလွယ်ကူတော့ချေ။

လူတိုင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ ရှေ့ရှိ စိမ်းစိုသော သစ်တောကြီး၊ပတ်ဝန်းကျင်ရှိ များပြားလှသော မိစ္ဆာဂိုဏ်း တပည့်များကြောင့် တကယ်လို့ ၎င်းတို့သာ ပျံသန်းနေသည်ကို တွေ့သွားပါက ပစ်မှတ်များ ဖြစ်သွားကြပေလိမ့်မည်။

စုန့်တာရန်မှာ ဂိုဏ်းတူအစ်ကိုကြီးအဖြစ် ကျန်ရှိသော ညီငယ်၊ ညီမငယ်များထက် အတွေ့အကြုံ ပိုရှိသဖြင့် သစ်တောအကြားမှ လျင်မြန်စွာ ပျံသန်းရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

သစ်တောမှာ မှောင်မည်းနေပြီး မိစ္ဆာဂိုဏ်း တပည့်များကို မြင်ရန် ခက်ခဲသော်လည်း တစ်ဖက်လူမှာလည်း မိမိတို့အား မြင်နိုင်ရန် မလွယ်ကူချေ။

၎င်းတို့ အရှေ့ဘက်သို့ ဆက်လက် သွားနေသရွေ့ သစ်တောထဲမှ ထွက်လိုက်သည်နှင့် မိစ္ဆာဂိုဏ်း၏ ဝိုင်းရံမှုမှ လွတ်မြောက်ကာ ပို၍ ဘေးကင်းသွားမည် ဖြစ်သည်။

ဆုံးဖြတ်ချက် ချပြီးနောက် ငါးယောက်လုံးသည် အစွမ်းကုန် အားစိုက်ထုတ်ကာ အရှေ့ဘက်သို့ ပျံသန်းသွားကြလေသည်။

စုန့်တာရန်က ရှေ့မှ ဦးဆောင်ပြီး ကျန်းရှောင်ဖန်းက နောက်ဆုံးမှ လိုက်ပါလာ၏။ လူတိုင်းမှာ ၎င်းတို့၏ မှော်လက်နက်များကို ထိန်းချုပ်ကာ သစ်တောအလယ်မှ ပျံသန်းသွားရန် အာရုံစိုက်နေကြသည်။

ထိုအချိန်တွင် ကျန်းရှောင်ဖန်း၏ ရင်ဘတ်မှာ နာကျင်နေဆဲ ဖြစ်သော်လည်း သွေးစုပ်မိစ္ဆာအိုကြီးနှင့် တိုက်ခိုက်စဉ်က ရရှိခဲ့သော ဒဏ်ရာမှာ သူ ထင်ထားသလောက် မပြင်းထန်ချေ။

သူ့၏ ညာဘက်လက်မောင်းတွင် ချည်နှောင်ထားသော ဝိညာဉ်ဝါးမျိုတုတ်မှ နွေးထွေးသော ယန်စွမ်းအင်များကို သူ့ထံသို့ အခါအားလျော်စွာ ထုတ်လွှတ်ပေးနေပြီး ၎င်းမှာ သူ့ကိုယ်တွင်း၌ ဖြည်းဖြည်းချင်း လည်ပတ်နေကာ သွေးစုပ်မိစ္ဆာအိုကြီး၏ ထူးဆန်းသော သွေးစုပ်ပညာရပ်ကို အထူး ထိန်းချုပ်ပေးထားလေသည်။

သို့သော် ထိုဝိညာဉ်ဝါးမျိုတုတ်မှာ သွေးစုပ်ပညာရပ်၏ မိစ္ဆာစွမ်းအင်များကို တိတ်တဆိတ် ထိန်းချုပ်ပေးထားသော်လည်း ကျန်းရှောင်ဖန်းက ရှေ့သို့ ပျံသန်းရန် ဝိညာဉ်ဝါးမျိုတုတ်ကို အသုံးပြုနေချိန်တွင် ဝိညာဉ်ဝါးမျိုတုတ်ဆီမှ ထူးဆန်းသော အေးစိမ့်သည့် ခံစားချက်တစ်ခု ရောက်ရှိလာပြီး မီးလျှံကြေးမုံနှင့် ပဋိပက္ခ ဖြစ်နေလေသည်။

သူ့ကိုယ်တွင်း၌ ထူးဆန်းသော စွမ်းအင်စီးကြောင်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု တွန်းကန်နေကြ၏။ သို့သော် မီးလျှံကြေးမုံမှာ ကျန်းရှောင်ဖန်း၏ စွမ်းအင်ဖြင့် လှုံ့ဆော်ထားခြင်း မရှိသောကြောင့် မကြာခင်မှာပင် ဝိညာဉ်ဝါးမျိုတုတ်မှ အေးစိမ့်သော စွမ်းအင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။

ကျန်းရှောင်ဖန်းသည် သူ၏ စီနီယာအစ်ကိုနှင့် အစ်မများ၏ နောက်သို့ လိုက်ပါရန်သာ အာရုံစိုက်နေသဖြင့် သူ့ကိုယ်တွင်းရှိ အသေးအဖွဲ ပြောင်းလဲမှုများကို သတိမထားမိချေ။

သူသည် ပျံသန်းနေရင်း အပေါ်သို့ မော့ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းရှိ မှောင်မည်းသော တိမ်တိုက်များမှာ ဆူပွက်နေသော ရေကဲ့သို့ လှုပ်ရှားနေပြီး အလင်းတန်းများမှာ ကောင်းကင်ကို လင်းထိန်စေကာ မိုးကုတ်စက်ဝိုင်း တစ်ဝက်ခန့်ကို နီရဲသွားစေသည်ကို တွေ့လိုက်ရ၏။

ထိုနေရာတွင် သူ၏ ဆရာ ထျန်းပုယီနှင့် ဂိုဏ်းတူဦးလေး ချန်းစုန့်တို့ မိစ္ဆာဂိုဏ်းဝင်များနှင့် တိုက်ခိုက်နေသော တိုက်ပွဲမြေပြင်ပင် ဖြစ်လေသည်။

ထိုသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ကျန်းရှောင်ဖန်းသည် ချက်ချင်း ခေါင်းယမ်းလိုက်၏။ သူ၏ ဆရာမှာ အစွမ်းထက်သဖြင့် မည်သည့် အန္တရာယ်မျှ ရှိလိမ့်မည် မဟုတ်ဘဲ သူကသာ စိုးရိမ်လွန်နေခြင်း ဖြစ်ပေလိမ့်မည်။

သူသည် မိမိကိုယ်မိမိ ပြန်လည် ရယ်မောလိုက်ပြီးနောက် စိတ်ကို တင်းထားကာ စီနီယာအစ်ကိုနှင့် အစ်မများ၏ နောက်သို့ အမီလိုက်နိုင်ရန် အရှိန်မြှင့်လိုက်လေသည်။

ရှေ့ရှိ အမှောင်ထုမှာ အဆုံးမရှိသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ပင်။ ၎င်းတို့ ငါးယောက်မှာ ဆူညံနေသော တိုက်ပွဲများနှင့် တဖြည်းဖြည်း ဝေးကွာသွားကာ အမှောင်ထုထဲသို့ တိုးဝင်သွားကြပြီး ပတ်ဝန်းကျင်မှာလည်း တဖြည်းဖြည်း တိတ်ဆိတ်လာလေသည်။

ညတာထဲတွင် ရှေ့၌ အမှောင်ထုသာ ရှိတော့ပုံရပြီး၊ နီးကပ်လာသော ပင်လယ်ပြင်ဆီမှ ထူးဆန်းပြီး ဝမ်းနည်းဖွယ် ကောင်းလှသော လေချွန်သံမှာ ပိုမို ရှင်းလင်းလာကာ ပိုမို နီးကပ်လာလေတော့သည်။

All Chapters