← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉) - ချုံခိုတိုက်ခိုက်ခံရခြင်း (၁)

ကျန်းရှောင်ဖန်းတို့အဖွဲ့မှာ မှော်ရတနာများကို အသုံးပြု၍ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြရာ အမြန်နှုန်းမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှပေသည်။

မကြာမီအချိန်အတွင်းမှာပင် သူတို့အားလုံးသည် မှော်ရတနာများမှ ထွက်ပေါ်နေသော အလင်းတန်းများဖြင့် တောအုပ်၏ အစွန်းပိုင်းနှင့် အဝေးတစ်နေရာရှိ ညမှောင်ရီအတွင်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ပင်လယ်ပြင်ကိုပင် ခပ်ရေးရေး မြင်တွေ့နေရပြီ ဖြစ်၏။

ပင်လယ်ဘက်မှ တိုက်ခတ်လာသော လေညင်းနှင့်အတူ ရံဖန်ရံခါ ကြားရသော လေချွန်သံကဲ့သို့ အော်မြည်သံများမှာ ညနှောင်းပိုင်းအချိန်၌ ဟိန်းထွက်နေလေသည်။

လူတိုင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး စိတ်ဓာတ်များလည်း တက်ကြွလာကာ မှောင်မိုက်သော တောအုပ်အတွင်းမှ အမြန်ဆုံး ပျံသန်းထွက်ခွာရန် ပြင်လိုက်ကြသည်။

ထိုစဉ် ရုတ်တရက် အမှောင်ထုအတွင်းမှ အနီရောင်အလင်းတန်းတစ်ခု တိတ်တဆိတ် ထွက်ပေါ်လာပြီး အုပ်စု၏ အလယ်တွင် ရှိနေသော ဟယ်တာကျစ်ကို ထိမှန်သွားလေသည်။

ဟယ်တာကျစ်မှာ ညည်းတွားသံနှင့်အတူ ခန္ဓာကိုယ် ယိမ်းထိုးသွားကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားလေသည်။

စုန့်တာရန်နှင့် ကျန်ရှိသူများမှာ ထိတ်လန့်သွားကြသော်လည်း စက္ကန့်ပိုင်းအတွင်း အရှိန်ဖြင့် အနည်းငယ် ရှေ့သို့ ရောက်ရှိသွားသဖြင့် အမြန်ပင် ပြန်လှည့်လာခဲ့ကြသည်။

နောက်မှ လိုက်ပါလာသော ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့သည်လည်း ဟယ်တာကျစ်ရှိရာသို့ အမြန်ဆုံး ပျံသန်းသွားကြလေသည်။

သူတို့ထဲတွင် တုပိရှူမှာ ဟယ်တာကျစ်နှင့် အနီးဆုံးတွင် ရှိနေသဖြင့် သူ၏ တုံ့ပြန်မှုမှာ အမြန်ဆုံး ဖြစ်လေသည်။

သူသည် ခန္ဓာကိုယ်ကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဟယ်တာကျစ်၏ အနားသို့ ဆင်းသက်လိုက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရင်း စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“အစ်ကို ၄ အဆင်ပြေရဲ့လား”

ဟယ်တာကျစ်၏ နဖူးပေါ်တွင် ချွေးအေးများ စိုရွှဲနေပြီး အက်ရှရှအသံဖြင့် ပြောလိုက်၏။

“သတိထား၊ အဲဒီလူရဲ့ မိစ္ဆာပညာက တော်တော်လေး စွမ်းအားကြီးတယ်...”

သူ့စကားပင် မဆုံးသေးမီ အမှောင်ထုအတွင်းမှ နောက်ထပ် အနီရောင်အလင်းတန်းတစ်ခု ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။

တုပိရှူသည် မျက်မှောင်ကြုတ်လိုက်ကာ ဟယ်တာကျစ်၏ ရှေ့သို့ ခုခံရန် ကိုယ်ကို စောင်းလိုက်ပြီး သူ၏ မှော်လက်နက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ရာ ဆန်းကြယ်သော အန်စာတုံးသုံးခုမှာ အနီရောင်အလင်းကို ခုခံရန် ချက်ချင်း ပျံထွက်သွားလေသည်။

အမှောင်ထုအတွင်းမှ တစ်စုံတစ်ဦး၏ အံ့သြသံကို ကြားလိုက်ရ၏။ ထိုအံ့သြသံမှာ မှော်လက်နက်၏ ပုံသဏ္ဌာန်ကို မြင်တွေ့ရသောကြောင့် ထူးဆန်းအံ့သြနေဟန် ပေါ်လေသည်။

တုပိရှု၏ ကျင့်စဥ်အဆင့်က မြင့်သည်ဖြစ်စေ နိမ့်သည်ဖြစ်စေ ထိုအလင်းတန်းမှာ တွန့်ဆုတ်ခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက်လာလေသည်။

ခဏချင်းမှာပင် လက်နက်နှစ်ခုမှာ တိုက်မိသွားကြတော့သည်။ တုပိရှုမှာ ထိုရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ် တုန်ခါသွားပြီး အလင်းတန်းက သူ၏ အန်စာတုံးများကို ထိမှန်သွားသောအခါ ပြင်းထန်သော မိစ္ဆာစွမ်းအင်မှာ သူ၏ လက်နက်ပေါ်သို့ ပျံ့နှံ့သွားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်နက်ကို ကြားခံအဖြစ် အသုံးပြု၍ ထိုမိစ္ဆာစွမ်းအင်က သူ့ကို တိုက်ခိုက်ရန် ကြိုးပမ်းနေသည်ကို ခံစားလိုက်ရသည်။

တုပိရှုမှာ ထိတ်လန့်သွားလေသည်။ ဤကဲ့သို့သော မိစ္ဆာပညာမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

ထိုစဉ်မှာပင် စုန့်တာရန်၊ ထျန်းလင်းအာနှင့် ကျန်ရှိသူများ ရောက်ရှိလာကြပြီ ဖြစ်၏။ ကျန်းရှောင်ဖန်းသည်လည်း နောက်မှ လိုက်ပါလာကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအနီရောင်အလင်းကို သူ ရင်းနှီးနေသလို ခံစားရပြီး စွန့်ပစ်ချောက်ကမ်းပါးတွင် တွေ့ခဲ့ရသော သွေးသန့်စင်ဂိုဏ်းမှ ခေါင်းဆောင်နျန်၏ မိစ္ဆာမျက်လုံးနှင့် တူနေသည်ဟု ခံစားလိုက်ရသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ရယ်သံအချို့နှင့်အတူ အမှောင်ထုထဲမှ လူတစ်စု ထွက်ပေါ်လာလေသည်။ ၎င်းတို့မှာ အမှန်တကယ်ပင် ခေါင်းဆောင်နျန် ဦးဆောင်သော သွေးသန့်စင်ဂိုဏ်းမှ လူများ ဖြစ်ကြ၏။

ခေါင်းဆောင်နျန်မှာ ရှေ့ဆုံးတွင် ရပ်နေပြီး သူ၏ မျက်နှာပေါ်ရှိ ကြီးမားသော မျက်လုံးနီကြီးမှာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

သူ၏ နောက်ကွယ်တွင် လှပသောမိန်းမပျိုတစ်ဦး​၊ လျိုကောင်းနှင့် ခွေးရိုင်းတာအိုဆရာတို့လည်း ရှိနေကြသော်လည်း လူငယ်လေး လင်းဖုန်းကိုမူ မတွေ့ရပေ။

(မူရင်းမှာ လင်းဖန်ကနေ လင်းဖုန်းလို့ ပြောင်းသွားတဲ့အတွက် ခုအပိုင်းကစပြီး လင်းဖုန်း ဟု ပြောင်းလဲသုံးစွဲသွားပါမည်)

ကျန်းရှောင်ဖန်းသည် ဤလူများနှင့် အကြိမ်ကြိမ် တွေ့ဖူးသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလေသည်။ အထူးသဖြင့် ထိုခွေးရိုင်းတာအိုဆရာ ပင်ဖြစ်လေသည်။

သူသည် ယနေ့ညတွင် သွေးစုပ်မိစ္ဆာအိုကြီးကို ခေါ်ဆောင်လာခဲ့သူ ဖြစ်ပြီး ကျန်းရှောင်ဖန်းကို ဒုက္ခများစွာ ပေးခဲ့သူလည်း ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် ခွေးရိုင်းတာအိုဆရာ၏ မျက်နှာမှာ ညိုမည်းဖူးရောင်နေပြီး ဒဏ်ရာဗရပွ ဖြစ်နေသည်ကို တွေ့ရ၏။ ၎င်းမှာ သွေးစုပ်မိစ္ဆာအိုကြီးက လွှင့်ပစ်လိုက်စဉ် ထူထပ်သော တောအုပ်အတွင်းသို့ ပြုတ်ကျသွားသောကြောင့် မျက်နှာတစ်ခုလုံး ဖူးရောင်သွားခြင်း ဖြစ်နိုင်ပေသည်။

သွေးသန့်စင်ဂိုဏ်းမှ ဤလူများမှာ အင်အားနည်းလှ၏။

မိစ္ဆာဂိုဏ်းကြီးများမှာ လမ်းမှန်ဂိုဏ်းနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြချိန်တွင် သူတို့မှာမူ လွတ်မြောက်လာသူများကို စောင့်ဖမ်းရန် တောအုပ်၏ အစွန်းပိုင်းတွင် တာဝန်ပေးခြင်း ခံရခြင်း ဖြစ်သည်။ မိစ္ဆာဂိုဏ်းများက သူတို့ကို အထင်သေးနေကြသည်မှာ သိသာလှသည်။

ခေါင်းဆောင်နျန်နှင့် ကျန်ရှိသူများမှာ ဒေါသထွက်နေကြသော်လည်း မထုတ်ဖော်ရဲကြပေ။ သူတို့ စိတ်ဓာတ်ကျနေစဉ်မှာပင် တောအုပ်အတွင်းမှ ထွက်ပြေးလာသူများကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသဖြင့် အခွင့်အရေးကောင်းကြီးဟု ယူဆလိုက်သည်။

ဤလူများကို ဖမ်းဆီးနိုင်ပါက မိစ္ဆာဂိုဏ်းအတွင်း သွေးသန့်စင်ဂိုဏ်း၏ အဆင့်အတန်းမှာ မြင့်တက်လာမည် ဖြစ်ပေသည်။

ခွေးရိုင်းတာအိုဆရာသည် ယနေ့ညတွင် အလွန်ပင် စိတ်ပျက်နေခဲ့ရာမှ ချင်းယွင်ဂိုဏ်းမှ လူငယ်လေးကို ငါးဦးထဲတွင် တွေ့ရှိလိုက်သောအခါ အံ့အားသင့်သွားလေသည်။

ထိုအချိန်တွင် လူငယ်လေးကလည်း သူ့ကို ပြုံးစစဖြင့် ကြည့်နေသဖြင့် မိမိကို လှောင်ပြောင်နေသည်ဟု ယူဆကာ ဒေါသများ ငယ်ထိပ်သို့ ရောက်သွားလေတော့သည်။

ယခုအကြိမ်တွင် ခွေးရိုင်းတာအိုဆရာ၏ ဒေါသမှာ မသေးလှပေ။

သွေးစုပ်မိစ္ဆာအိုကြီး၏ စွမ်းအားမှာ မြင့်မားလွန်းပြီး ရက်စက်ကြမ်းကြုတ်သဖြင့် လက်စားချေရန် မဝံ့ရဲသော်လည်း ယခု ကျန်းရှောင်ဖန်းကို မြင်တွေ့ရသောအခါ ဒုက္ခအားလုံးမှာ ဤကောင်လေးကြောင့် ဖြစ်ရသည်ဟု တွေးတောမိကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ မှော်လက်နက်ဖြင့် ကျန်းရှောင်ဖန်းကို တိုက်ခိုက်လေတော့သည်။

ချုံခိုတိုက်ခိုက်မှု အောင်မြင်သွားသဖြင့် ခေါင်းဆောင်နျန်မှာ ဘဝင်မြင့်နေပြီး ‘မင်းတို့တွေ အသာတကြည် လက်နက်ချရင် ဒုက္ခသက်သာမယ်’ ဟူသော စကားမျိုးကို ပြောရန် ပြင်လိုက်သော်လည်း ခွေးရိုင်းတာအိုဆရာက ဦးအောင် ပြေးထွက်သွားသဖြင့် စကားများမှာ လည်ချောင်းဝတွင် တစ်နေတော့သည်။

သူသည် ဒေါသတကြီးဖြင့် ထိုစကားများကို ပြန်မျိုချလိုက်ရကာ ရင်ဘတ်ထဲမှ အောင့်သွားပြီး ချောင်းနှစ်ချက် ဆိုးလိုက်ရသဖြင့် အလွန်ပင် စိတ်တိုသွားလေသည်။

စုန့်တာရန်မှာ ဟယ်တာကျစ်၏ အနားသို့ အမြန်ပျံသန်းလာပြီး စစ်ဆေးကြည့်ရာ ရုတ်တရက် တိုက်ခိုက်ခံရသဖြင့် ခုခံရန် အချိန်မရဘဲ မိစ္ဆာစွမ်းအင်များ ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့သွားသည်ကို တွေ့ရှိလိုက်ရသည်။

ဟယ်တာကျစ်မှာ ခဏတာ တိုက်ခိုက်နိုင်စွမ်း မရှိတော့သော်လည်း အသက်အန္တရာယ် မရှိသည်မှာ ကံကောင်းလှပေသည်။

သူ စိုးရိမ်နေစဉ်မှာပင် နောက်ကွယ်မှ ထူးဆန်းသော အော်ဟစ်သံနှစ်ခုကို ကြားလိုက်ရပြီး မျက်နှာမှာ ခွေးနှင့်တူသော မိစ္ဆာတစ်ဦး ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။

ဂျူနီယာညီလေး ကျန်းရှောင်ဖန်းမှာ သူ၏ မှော်ရတနာကို အသုံးပြု၍ ခုခံတိုက်ခိုက်နေပြီး နှစ်ဦးသားမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြတော့သည်။

အဝေးတစ်နေရာမှ ခေါင်းဆောင်နျန်မှာ ခွေးရိုင်းတာအိုဆရာကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း မကြာမီမှာပင် မျက်မှောင်ကြုတ်သွားလေသည်။

သူသည် ခွေးရိုင်းတာအိုဆရာနှင့် တိုက်ခိုက်နေသော ချင်းယွင်ဂိုဏ်းမှ လူငယ်လေးမှာ ထူးဆန်းသော မီးတုတ်ကဲ့သို့ မှော်ရတနာကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း မှတ်မိသွားလေသည်။

စွန့်ပစ်ချောက်ကမ်းပါးတွင် တွေ့ခဲ့စဉ်က သူ၏ ‘မိစ္ဆာမျက်လုံး’ မှာ ထိုသူ့အပေါ် အကျိုးသက်ရောက်မှု မရှိခဲ့သဖြင့် အလွန်ပင် မှတ်မိနေခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် ခွေးရိုင်းတာအိုဆရာနှင့် ကျန်းရှောင်ဖန်းတို့မှာ အတန်ကြာ တိုက်ခိုက်နေကြပြီ ဖြစ်ပြီး တောအုပ်အတွင်းရှိ သစ်ပင်များကြားတွင် သူတို့၏ ပုံရိပ်များမှာ အလင်းတန်းနှစ်ခုကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေကြလေသည်။

သို့သော် ခွေးရိုင်းတာအိုဆရာ၏ စိတ်ထဲတွင်မူ ထိတ်လန့်မှုများ တိုးပွားလာနေလေသည်။

လွန်ခဲ့သော လအနည်းငယ်ကထက် ကျန်းရှောင်ဖန်း၏ ကျင့်စဥ်အဆင့်မှာ ပိုမိုတိုးတက်လာပြီး အထူးသဖြင့် လက်ထဲမှ မီးတုတ်မှာ စိမ်းဖန့်ဖန့်အလင်းများ ထွက်ပေါ်နေကာ သူ့အား ဒုက္ခပေးနေသောကြောင့်ပင်ဖြစ်လေသည်။

ခွေးရိုင်းတာအိုဆရာ၏ လက်နက်ဖြင့် တိုက်ခိုက်တိုင်း ထိုမီးတုတ်၏ ခုခံမှုကို ခံရပြီး အချိန်ကြာလာသည်နှင့်အမျှ တုတ်၏ထိပ်ပိုင်းရှိ နက်မှောင်သော ပုလဲလုံးမှာ သူ့ကို ဆွဲငင်နေသော ဝါးမြိုခြင်းစွမ်းအားများကို ထုတ်လွှတ်လာလေသည်။

ခွေးရိုင်းတာအိုဆရာမှာ စိတ်ပျက်အားငယ်သွားရ၏။ ထိုနေ့က ကံဆိုးသူ ကျန်းလောင်စန်းတစ်ယောက် အကြောင်းရင်းမရှိဘဲ ဤလုလင်ပျို၏ စုပ်ယူခြင်းကို ခံရကာ သေဆုံးသွားသည်ကို ပြန်လည်အမှတ်ရလာမိသည်။

သူသည် ‘အခုခေတ် သူတော်စင်ဂိုဏ်းက ကောင်စုတ်တွေရဲ့ မှော်ရတနာတွေက ငါတို့ မိစ္ဆာတွေထက်တောင် ဆယ်ဆလောက် ပိုပြီး ယုတ်မာနေပါလား’ ဟု စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားနေမိတော့သည်။

ခေါင်းဆောင်နျန်မှာ မျက်မှောင်ကြုတ်နေမိ၏။ ယနေ့ညတွင် မိစ္ဆာဂိုဏ်းဝင်များစွာ ဤနေရာသို့ ရောက်ရှိလာကြမည် ဖြစ်ရာ သွေးသန့်စင်ဂိုဏ်းက ချင်းယွင်ဂိုဏ်းမှ ဂျူနီယာအချို့ကိုတောင် မနိုင်နိုင်လျှင် နောင်တွင် မျက်နှာပြရဲတော့မည် မဟုတ်ပေ။

သူသည် ချက်ချင်းပင် လှပသောအမျိုးသမီးနှင့် လျိုကောင်းကို အချက်ပြလိုက်လေသည်။

သူတို့နှစ်ဦးသည် အခြေအနေကို နားလည်သွားကြပြီး ချက်ချင်းပင် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြ၏။ သို့သော် တစ်ချိန်တည်းမှာပင် စုန့်တာရန်နှင့် ထျန်းလင်းအာတို့သည်လည်း သူတို့ကို ခုခံရန် ပြေးထွက်လာကြသည်။

ယနေ့ည အခြေအနေမှာ လမ်းမှန်ဂိုဏ်းအတွက် အားသာချက် မရှိပေ။ ကနဦးတွင် မိစ္ဆာဂိုဏ်းဝင် အနည်းငယ်သာ ရှိသည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင် လူအင်အား အမြောက်အမြားရှိနေပြီး နှစ်ပေါင်းရာချီ ပုန်းအောင်းနေသော မိစ္ဆာအိုကြီးများပင် ရောက်ရှိနေကြသည် မဟုတ်ပါလော။

စုန့်တာရန်မှာ စိုးရိမ်ပူပန်လာမိ၏။ သူတို့သည် မိစ္ဆာဂိုဏ်းဝင်များနှင့် ထပ်မံ တိုက်ခိုက်နေရပြီဖြစ်ရာ ဤမိစ္ဆာများကို အမြန်ဆုံး အနိုင်ယူ၍ ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ လှုပ်ရှားလိုက်သည်နှင့် ဘေးဘက်မှ နက်မှောင်သော အနီရောင်အလင်းတန်းတစ်ခုက သူ့ထံသို့ ဦးတည်လာလေသည်။

စုန့်တာရန်သည် သူ၏ နတ်ဓားကို အသုံးပြု၍ ခုခံလိုက်ရကာ စိတ်ထဲတွင်လည်း ထိတ်လန့်သွားရ၏။

‘မိစ္ဆာမျက်လုံး’ မှ ထွက်ပေါ်လာသော မိစ္ဆာစွမ်းအင်မှာ စုန့်တာရန်၏ ‘ကျားဆယ်ကောင်ဓား’ကို ဖြတ်၍ အရှိန်အဟုန်ဖြင့် တိုးဝင်လာလေသည်။

စုန့်တာရန်၏ တာအိုကျင့်စဉ်မှာ နက်ရှိုင်းသဖြင့် ခုခံနိုင်သော်လည်း ဤမိစ္ဆာ၏ ပညာမှာ မိမိထက်ပင် မြင့်မားနေနိုင်သည်ဟု တွေးတောမိလိုက်သည်။

ထိုစဉ်တွင် ထျန်းလင်းအာမှာလည်း လှပသော အမျိုးသမီးနှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။ တုပိရှုသည် ဘေးမှ ကြည့်နေရင်း မျက်လုံးနီနှင့် မိစ္ဆာမှာ စွမ်းအားကြီးပြီး စီနီယာအကိုကြီးမှာ ခက်ခဲနေသည်ကို မြင်တွေ့ရသဖြင့် စုန့်တာရန်နှင့် ပူးပေါင်းကာ နှစ်ယောက်တစ်ယောက် တိုက်ခိုက်လေတော့သည်။

ခေါင်းဆောင်နျန်မှာမူ နေရာမှ မရွေ့ဘဲ သူ၏ မိစ္ဆာမျက်လုံးမှ သေစေနိုင်သော အနီရောင်အလင်းတန်းများကို ဆက်တိုက် ထုတ်လွှတ်နေရာ နှစ်ယောက်နှင့် တိုက်နေရသော်လည်း အသာစီးရနေဆဲပင်။

အဝေးတစ်နေရာတွင်မူ လျိုကောင်းသည် ခွေးရိုင်းတာအိုဆရာကို ကူညီရန် ကျန်းရှောင်ဖန်းကို ဝိုင်းဝန်းတိုက်ခိုက်နေကြလေသည်။

ကျန်းရှောင်ဖန်းမှာမူ နှစ်ပေါင်းများစွာ ကျင့်ကြံထားသော ခေါင်းဆောင်နျန်ကဲ့သို့ မဟုတ်ပေ။ မကြာမီမှာပင် သူသည် ဖိအားများကို စတင်ခံစားလာရတော့သည်။

ခွေးရိုင်းတာအိုဆရာမှာ အင်အားတောင့်တင်းသော အဖော်ကို ရရှိထားသဖြင့် စိတ်ဓာတ်တက်ကြွလာကာ ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်၏။

“ကောင်စုတ်၊ ဒီနေ့တော့ ငါ့လက်ထဲက မလွတ်စေရဘူး။ ခွေးရိုင်းအဖိုးကြီးက မင်းကို ဘယ်လို ဆုံးမမလဲဆိုတာ ကြည့်ထားလိုက်။”

ကျန်းရှောင်ဖန်းမှာ ဖိအားများကိုသာ ကြိတ်မှိတ်သည်းခံနေရ၏။ သူသည် မိမိ၏ စီနီယာအစ်ကိုများနှင့် အစ်မတို့က အခြားမိစ္ဆာများကို အမြန်အနိုင်ယူပြီး မိမိကို ကူညီနိုင်ရန်သာ မျှော်လင့်နေမိတော့သည်။

အမှန်စင်စစ် သူသည် ကျောက်ဂူအတွင်းမှ ‘ကောင်းကင်ကျမ်း’ အချို့ကို နားလည်ခဲ့ပြီးနောက် သူ၏ ပညာမှာ သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ နားလည်ခဲ့သော အချိန်မှာ တိုတောင်းလွန်းပြီး လေ့ကျင့်မှု မလုံလောက်သေးခြင်း၊ လူအများရှေ့တွင် ဗုဒ္ဓလမ်းစဥ်၏ ‘ဗြဟ္မာ့ဉာဏ်တော်’ ကို အသုံးမပြုဝံ့ခြင်းနှင့် ယနေ့ညတွင် သွေးစုပ်မိစ္ဆာအိုကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းတို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်မှာ စိတ်ရှိတိုင်း မလှုပ်ရှားနိုင်တော့ပေ။

ဘေးဘက်ရှိ တိုက်ပွဲတွင်မူ ထျန်းလင်းအာနှင့် လှပသောအမျိုးသမီးတို့မှာ အင်အားချင်း ညီမျှနေကြ၏။ သူတို့နှစ်ဦးမှာ ဝေဟင်ထက်တွင် ပျံသန်းရင်း တိုက်ခိုက်နေကြရာ သူတို့၏ လှပသော ပုံရိပ်များမှာ ကြည့်ကောင်းလှသော်လည်း အချိန်တိုအတွင်း တစ်ဦးကိုတစ်ဦး အနိုင်ယူနိုင်စွမ်း မရှိကြပေ။

စုန့်တာရန်နှင့် တုပိရှူတို့မှာလည်း ခေါင်းဆောင်နျန်၏ ထိန်းချုပ်မှုကို ခံနေရသဖြင့် လွတ်မြောက်အောင် မရုန်းကန်နိုင်ဘဲ ဖြစ်နေကြရသည်။

သူတို့သည် ဂျူနီယာညီလေး၏ အခြေအနေမှာ စိုးရိမ်ရသည်ကို မြင်နေရသော်လည်း အနီရောင်အလင်းတန်းများ၏ အတားအဆီးကြောင့် ကူညီရန် မတတ်နိုင်ကြပေ။

All Chapters