အခန်း ၈၀၂
Vol. 68 Ch. 802
အခန်း ၈၀၂ မတ်တတ်ရပ်ခြင်း
ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ရမှာလား...
ဤစကားကြောင့် တိုက်ကြီးပေါ်ရှိ သက်ရှိအားလုံးမှာ တုန်လှုပ်သွားကြပြီး အမှောင်နတ်ဘုရားဂိုဏ်း ၏ နောက်လိုက်များပင်လျှင် ချမ်းတုန်သွားကြသည်။
အမှောင်နတ်ဘုရား သည် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဤစမ်းသပ်မှုကို မေးလာခြင်းက သူတို့ကို လှောင်ပြောင်ရန်သာ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်းမှာ ထင်ရှားပေသည်။
အမှောင်နတ်ဘုရားဂိုဏ်း ၏ နောက်လိုက်များအတွက်မူ သူတို့၏ နတ်ဘုရားက အားနည်းသူများကို ကစားရခြင်းကို နှစ်သက်နေခြင်းမှာပင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခု ဖြစ်နေ၏။
အမှောင်ကောင်းကင်နတ်ဘုရား သည် အမှောင်နတ်ဘုရား ၏ အရိုးစုရှေ့တွင် တစ္ဆေပုံရိပ်တစ်ခုကဲ့သို့ တိတ်ဆိတ်စွာဖြင့် လှုပ်ရှားခြင်းမရှိဘဲ ရပ်နေသည်။
"မင်းတို့ရဲ့ စတေးလိုတဲ့ စိတ်ဆန္ဒက လုံလောက်အောင် အားကောင်းမယ်ဆိုရင် အမှောင်စွမ်းအားရဲ့ ဖိနှိပ်မှုကို ခုခံနိုင်ပြီး မတ်တတ်ရပ်နိုင်လိမ့်မယ်... ဘယ်သူက အရင်ဆုံး မတ်တတ်ရပ်နိုင်မလဲဆိုတာ ဒီအခွင့်အရေးကို ရရှိမှာပဲ... ဘယ်သူက ကယ်တင်ရှင် ဖြစ်ချင်လဲ၊ ဘယ်သူက အောင်မြင်နိုင်မလဲဆိုတာ ကြည့်ရအောင်..."
အမှောင်နတ်ဘုရား ၏ အသံက တစ်ဖန် ပြန်လည် ပဲ့တင်ထပ်သွားရာ သက်ရှိအားလုံးကို နားမကြားတော့မတတ် ဖြစ်သွားစေ၏။ အများစုမှာ စတေးလိုသည့် စိတ်ဆန္ဒ ရုတ်တရက် ပေါ်ပေါက်လာသည်ထက် စိတ်ပျက်အားငယ်ခြင်းကိုသာ ပို၍ ခံစားနေကြရသည်။
အမှောင်နတ်ဘုရား ၏ ယခင် ဖိနှိပ်မှု စွမ်းအားမှာ အလွန် အားကောင်းလှသဖြင့် သူတို့၏ တိုက်ခိုက်လိုစိတ်ကို ပျက်သုဉ်းသွားစေခဲ့သည်။
သို့သော်လည်း လီယ သည် ကိုယ့်ကိုယ်ကိုယ် စတေးလိုနေခဲ့သည်။ သူက သူ၏ ခွန်အား ရှိသမျှကို အသုံးပြု၍ မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း မရနိုင်ခဲ့ချေ။
"မတ်တတ်ရပ်..."
လီယ က စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ဤအခိုက်အတန့်တွင် အမှောင်နတ်ဘုရား ၏ စကားများကိုသာ သူ ယုံကြည်နိုင်တော့၏။ လုံးဝ လွှမ်းမိုးနိုင်သော စွမ်းအားနှင့် ရင်ဆိုင်ရချိန်၌ အမှောင်နတ်ဘုရား သည် သူတို့ကို ကစားရန် မလိုဟု သူ တွေးလိုက်သည်။
အကယ်၍ ၎င်းသည် အတုအယောင် ဖြစ်ခဲ့လျှင်တောင်မှ ဤကမ္ဘာပေါ်တွင် တစ်စုံတစ်ယောက်က ရှေ့သို့ ထွက်ရပ်လာမည်ဖြစ်ပြီး အထင်သေးခံရလိမ့်မည် မဟုတ်ကြောင်းကို အမှောင်နတ်ဘုရား အား သူ သက်သေပြချင်ခဲ့သည်။
သို့ရာတွင် သူ မည်မျှပင် ကြိုးစားသော်လည်း မတ်တတ်ရပ်၍ မရနိုင်ခဲ့ပေ။
သူ၏ ဆန္ဒမှာ အမှောင်ထု၏ အချုပ်အနှောင်ကို ဖောက်ထွက်၍ မရနိုင်ခဲ့ချေ။
သူ ပို၍ ဒေါသထွက်လာပြီး အမှောင်နတ်ဘုရား က သူ့ကို လှည့်စားနေသည်ဟု ခံစားလာရသည်။
ရုတ်တရက်။
သူ့ရှေ့တွင် တစ်စုံတစ်ယောက် တယိုင်တရိုင် ဖြစ်နေရာမှ မတ်တတ်ရပ်လိုက်သည်ကို သူ မြင်လိုက်ရသဖြင့် သူ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားခဲ့၏။
ထိုသူမှာ အမှောင်နတ်ဘုရားဂိုဏ်း မှ ဖြစ်သည်။
လီယ သာမက အခြား သက်ရှိများကလည်း တစ်စုံတစ်ယောက် မတ်တတ်ရပ်လိုက်သည်ကို သတိပြုမိသွားကြသည်။
"မင်း..."
ချီထျန် စစ်မှန်သောအရှင်သခင် က သူ၏ ဘေးတွင်ရှိသော မိစ္ဆာဧကရာဇ် ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
မိစ္ဆာဧကရာဇ် သည် ခေါင်းငုံ့ထားပြီး အဆက်မပြတ် တုန်ရီနေသော်လည်း မတ်တတ်ရပ်နိုင်ရန် ရုန်းကန်နေဆဲ ဖြစ်၏။
"မထင်မှတ်ဘဲ ဒီအခိုက်အတန့်မှာ ရှေ့သို့ ထွက်ရပ်လာမယ့်သူက အမှောင်ထုထဲသို့ နစ်မြုပ်သွားတဲ့ မိစ္ဆာတစ်ကောင် ဖြစ်နေတယ်..."
အမှောင်နတ်ဘုရား ၏ အသံတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"သေချာကြည့်ကြ.. ဒီအချိန်မှာတောင် မတ်တတ်ရပ်နေနိုင်သေးတဲ့သူက မင်းတို့ စိတ်ကူးတောင် မယဉ်နိုင်တဲ့ အဆင့်ကို ရောက်နေတဲ့ သက်ရှိတစ်ယောက်ပဲ။ သူက သက်ရှိအားလုံးအပေါ် ကရုဏာထားတယ်၊ ဒီကမ္ဘာကြီးကိုလည်း နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးတယ်...
ဒါပေမဲ့ အဲဒီလို လူတစ်ယောက်တောင် အမှောင်ထုထဲကို ကျရောက်သွားခဲ့ရတယ်။ မင်းတို့ မမြင်ကြသေးဘူးလား... ဒီကမ္ဘာကြီးမှာ မတရားမှုတွေ အမြဲရှိနေခဲ့တယ်ဆိုတာပဲ.."
ဤစကားများကြောင့် တိုက်ကြီးပေါ်ရှိ သက်ရှိများ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ အချို့မှာ ဒေါသထွက်နေကြပြီး၊ အချို့မှာ တွေဝေနေကာ အချို့မှာမူ ဒေါသနှင့် ရန်ငြိုးများဖြင့် ပြည့်နှက်နေဆဲ ဖြစ်၏။
များစွာသောသူတို့က မိစ္ဆာဧကရာဇ် ၏ ပုံရိပ်ကို မှတ်မိသွားကြပြီး သူ၏ အတိတ်မှာ ဒဏ္ဍာရီ ဖြစ်လာကာ လူသားကမ္ဘာ တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
မိစ္ဆာဧကရာဇ် သည် လူမျိုးအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသော စိတ်ရှိသည့် အကြင်နာဆုံး မိစ္ဆာမျိုးနွယ်ဖြစ်ပြီး အဓိက ဂိုဏ်းကြီးကိုးဂိုဏ်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရကာ နှစ်ပေါင်းသန်းနှင့်ချီ၍ ချိတ်ပိတ်ခတ်ခံခဲ့ရသူ ဖြစ်သည်။
ဤအရေးကြီးသော အချိန်အခိုက်အတန့်တွင် မိစ္ဆာဧကရာဇ် သည် ရှေ့သို့ ထွက်ရပ်လာပြီး သက်ရှိအားလုံးကို ကာကွယ်ရန် ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ရွေးချယ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။
သူ၏ ကျောပြင်ကို ကြည့်ရင်း သက်ရှိအားလုံးမှာ နက်ရှိုင်းသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
"မင်း ရူးနေပြီးလား...မင်း!"
ချီထျန် စစ်မှန်သောအရှင်သခင် သည် မိစ္ဆာဧကရာဇ် ကို စိုက်ကြည့်လျက် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး စကားမပြောနိုင်ဘဲ သူ၏ အကြည့်ဖြင့်သာ တားဆီးရန် ကြိုးစားနေခဲ့၏။
သို့သော် မိစ္ဆာဧကရာဇ် က သူ့ကို မကြည့်ဘဲ အမှောင်နတ်ဘုရား ကိုသာ စိုက်ကြည့်နေသည်။
"မင်း သူတို့ကို သတ်ဖြတ်ဖို့ မလိုပါဘူး... ငါ ကိုယ့်ကိုယ်ကိုယ် စတေးဖို့ အဆင်သင့်ပဲ။ အမှောင်နတ်ဘုရားဂိုဏ်းထဲ ဝင်ရောက်ရမယ်ဆိုရင်တောင် ငါ လက်ခံနိုင်တယ်... ဒါပေမဲ့ သက်ရှိအားလုံးကိုတော့ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးပါ..."
မိစ္ဆာဧကရာဇ် က အရိုးဧကရာဇ် ကို တင်းကျပ်စွာ စိုက်ကြည့်လျက် အံကြိတ်ကာ ပြောဆိုလိုက်ရာ သူ၏ အသံမှာ မှေးမှိန်နေသော ကောင်းကင်ယံအောက်တွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေခဲ့သည်။
လီယ က မိစ္ဆာဧကရာဇ် ၏ ကျောပြင်ကို ကြည့်ကာ သူ၏ စကားများကို နားထောင်ရင်း သူ၏ နှလုံးသားထဲတွင် ထူးခြားသော လေးစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူက မိစ္ဆာဧကရာဇ် ၏ ပုံပြင်ကို ကြားဖူးပြီး တစ်ခါက သနားစိတ် ဖြစ်ခဲ့ဖူးသော်လည်း လူသားတစ်ယောက်အနေဖြင့် ဤမိစ္ဆာအား သူ မကယ်တင်ခဲ့မိပေ။
မိစ္ဆာဧကရာဇ် ဒုက္ခရောက်ချိန်တွင် မည်သူမျှ ရှေ့သို့ မထွက်ခဲ့လိုကြပေ။ ယခု ကမ္ဘာကြီး ဒုက္ခရောက်နေချိန်တွင် လူသားမျိုးနွယ်တို့၏ အကြီးအကဲဟု ဆိုသူများမှာ စိတ်ပျက်အားငယ်စွာဖြင့် သေခြင်းကိုသာ စောင့်ဆိုင်းနေကြပြီး လူသားမျိုးနွယ်၏ ဖိနှိပ်ခြင်းကို ခံထားရသော မိစ္ဆာဧကရာဇ် ကသာ ရှေ့သို့ ထွက်ရပ်လာခဲ့သည်။
ရုတ်တရက်။
လီယ ၏ နှလုံးသားမှာ လှုပ်ရှားသွားခဲ့သည်။
လူသားမျိုးနွယ်တို့သည် ကောင်းကင်နှင့် မြေကြီး၏ အရှင်သခင်များ ဖြစ်ရခြင်းမှာ တရားမျှတပါ့မလားဟု သူ စတင် မေးခွန်းထုတ်လာ၏။ သူတို့ အုပ်စိုးစဉ်ကာလအတွင်း ဤကဲ့သို့သော ကပ်ဘေးမျိုးမှာ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်သည်။
သူက မိစ္ဆာဆိုးများကို မြင်ဖူးသော်လည်း လူမျိုးနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက လူသားတို့၏ စိတ်နှလုံးသားမှာ မိစ္ဆာများထက် ပို၍ ကြောက်စရာကောင်းနေသည်။
သေစမ်း...
ဘာလို့ ငါ ဒီမှာ ဒူးထောက်နေရတာလဲ...
ဘာလို့ ငါ မတ်တတ်မရပ်နိုင်ရတာလဲ...
ခဏတာ ရှက်ရွံ့မှုအပြီးတွင် လီယ ၏ နှလုံးသားထဲတွင် အဆုံးမဲ့ ဒေါသများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီနေကာ သူ၏ ခြေထောက်များမှာ မတ်တတ်ရပ်တော့မည့်အလား ဖြစ်လာခဲ့သည်။
ပြင်းထန်သော ဒေါသကြောင့် လီယ သည် အချုပ်အနှောင်များကို ဖောက်ထွက်တော့မည်ဟု ခံစားလိုက်ရပြီး သူ၏ ဒေါသများက မြင့်တက်လာကာ သူ၏ မျက်နှာမှာ ရဲရဲနီသွားသည်။
ဘန်း..
လက်တစ်ဖက်က လီယ ၏ ပခုံးကို ရုတ်တရက် ဖိချလိုက်ပြီး သူ့ကို ပြန်လည် နိမ့်ကျသွားစေရာ သူ၏ ချီစွမ်းအင်များ အားလုံး ပျောက်ကွယ်သွားပြီး စိတ်ထဲရှိ ဒေါသများမှာလည်း ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့၏။
လီယ က ဘေးသို့ အလိုအလျောက် လှည့်ကြည့်လိုက်ပြီးနောက် ရပ်တန့်သွားသည်။
သူ၏ ဘေးတွင် ကုအန် က အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ တစ်ဖက်လက်ဖြင့် သူ၏ ပခုံးကို ဖိထားသည်ကို သူ မြင်လိုက်ရ၏။
ကုအန် က ရှေ့သို့ လှမ်းသွားကာ လီယ ၏ ရတနာဓား ကို သူ၏ လက်ထဲသို့ အဆင်သင့် ယူလိုက်သည်။
လီယ ၏ ဓားကို ကိုင်ဆောင်ထားရင်း ကုအန် က အမှောင်နတ်ဘုရား ထံသို့ လျှောက်သွား၏။
လီယ က ကုအန် ၏ ကျောပြင်ကို ကြောင်တောင်တောင် စိုက်ကြည့်နေပြီး အလွန် ရင်းနှီးနေသော ခံစားချက်ကို ရရှိလိုက်သည်။
ဂျုနီယာညီလေး ကု...
လီယ ၏ နှုတ်ခမ်းများတွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ပေါ်လာသည်။
ဤမျှ အရေးကြီးသော အချိန်အခိုက်အတန့်တွင်...
ညီလေး ကု...မင်းက အမြဲတမ်း ရှေ့သို့ ထွက်ရပ်လာတတ်တာပဲ...
စောလွန်းတာလည်း မဟုတ်ဘူး....နောက်ကျတာလည်း မဟုတ်ဘူး....ကမ္ဘာကြီးကို ကယ်တင်ရင်း သက်ရှိအားလုံးကို သတိပေးချက် ပေးသွားတာပဲ။
အမှောင်နတ်ဘုရား ၏ အကြည့်များက ကုအန် အပေါ်သို့ ကျရောက်သွားပြီး သူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
အမှောင်ကောင်းကင်နတ်ဘုရား မှာ အနည်းငယ် ရွေ့လျားသွားပြီး ကုအန် ၏ ရှိနေမှုကို ရှင်းလင်းစွာ သတိပြုမိသွားသည်။ သူက အမှောင်နတ်ဘုရား ကို မော့ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် မလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
မိစ္ဆာဧကရာဇ် က ဒေါသတကြီး အော်ဟစ်လိုက်၏။
"အမှောင်နတ်ဘုရား...ငါ့ကို ဖြေစမ်းပါ!"
သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ရာ သူ၏ စိတ်ထဲရှိ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး အမှောင်နတ်ဘုရား ကို မေးခွန်းထုတ်ကာ ဤကမ္ဘာအတွက် မျှော်လင့်ချက် အလင်းတန်းတစ်ခုကို ရှာဖွေခဲ့သည်။
အမှောင်နတ်ဘုရား က ပြန်မဖြေခဲ့ချေ။ ကုအန် ရောက်ရှိလာသည်ကို မသိရှိသော မိစ္ဆာဧကရာဇ် က သူ့ကိုသာ စူးစိုက်ကြည့်နေခဲ့၏။
တစ်ချိန်တည်းမှာပင်။
ကုအန်သည် ဒူးထောက်နေသော သက်ရှိများ၏ ဘေးမှ ဖြတ်သန်းလျှောက်လှမ်းသွားခဲ့၏။ အမှောင်နတ်ဘုရားဂိုဏ်းသားအချို့က သူ့ကို အာရုံစိုက်၍ ကြည့်နေကြပြီး၊ အမျိုးမျိုးသော ဂိုဏ်းများမှ ကျင့်ကြံသူအချို့မှာမူ ကုအန်၏ အထောက်အထားကို မသိကြသဖြင့် တွေဝေရှုပ်ထွေးသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။
အဝေး၌ ဝူရှီ တပည့်များကလည်း ကုအန် ကို သတိပြုမိသွားကြ၏။ ယဇ်ပလ္လင်ပေါ်တွင် အမှောင်နတ်ဘုရား ဆီသို့ လျှောက်သွားနေသော ကုအန် သည် အလွန် ထင်ရှားနေခဲ့သည်။
ထျန်းယောင်အာ နှင့် ထျန်းပိုင် တို့က ပြုံးလျက် သက်သာရာရသွားကြပြီး ဝူရှီ တပည့်များမှာမူ သူတို့၏ ဘိုးဘေးက အမှောင်နတ်ဘုရား ကို ရင်ဆိုင်နိုင်ပါ့မလားဟု စိုးရိမ်နေကြသည်။
"မင်းက ဘယ်သူလဲ..ဘာလို့ ဒီကမ္ဘာမှာ ပုန်းကွယ်နေတာလဲ..."
အမှောင်နတ်ဘုရား ၏ အသံက ပဲ့တင်ထပ်သွားပြီး လူသတ်လိုစိတ်ကို ဖုံးကွယ်ထားသည်။
ဤစကားကို ကြားသောအခါ မိစ္ဆာဧကရာဇ် မှာ တုန်လှုပ်သွားခဲ့၏။ တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် သူ၏ ခေါင်းကို အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ဓားတစ်ချောင်းကို ကိုင်ဆောင်၍ ချဉ်းကပ်လာနေသော ကုအန် ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
သူက ကုအန် ကို တစ်ခါမျှ မတွေ့ဖူးသော်လည်း ကုအန် ၏ ပုံရိပ်မှာ အလွန် ရင်းနှီးနေကြောင်း ခံစားလိုက်ရသည်။
ကုအန် ပို၍ နီးကပ်လာသောအခါ သူ၏ စိတ်ထဲရှိ ပုံရိပ်တစ်ခုက တဖြည်းဖြည်း ပေါ်လာခဲ့သည်။
"မင်းမှာ ဒီလောက်တောင် ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိနေမှတော့ မင်းရဲ့ သေမျိုးခန္ဓာကိုယ်ကို ဖောက်ထွက်နိုင်အောင် ငါ ကူညီပေးမယ်။ ဒါပေမဲ့... တစ်နေ့ကျရင် မင်းကိုယ်တိုင် ကြောက်ရွံ့ပြီး မုန်းတီးတဲ့ အရာမျိုးအဖြစ် ပြောင်းလဲမသွားဖို့တော့ ငါ မျှော်လင့်ပါတယ်..."
ထိုစကားများသည် အတိတ်၏ အသံတစ်ခုကဲ့သို့ မိစ္ဆာဧကရာဇ်၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့၏။