အခန်း ၇၅၁
Vol. 51 Ch. 751
751 01
အခန်း ( ၇၅၁ ) ဖြစ်နိုင်ချေရှိတဲ့ လူက သူမ တစ်ယောက်တည်းပဲ ရှိတယ်။
ယုကျစ်ယန်ဟာ သူ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် စုန့်ယွင်ယွမ်ကို စုံစမ်းရာမှာ အစွမ်းကုန် ကြိုးစားခဲ့သည်ဟု ပြောလို့ ရသည်။
ဟောက်ချန်ဟွမ်းသည် ယုကျစ်ယန် ပေးတဲ့ အချက်အလက်တွေကို ရရှိပြီးနောက် သူ့ဇနီးလေးကို နောက်ဆုံးတော့ စိတ်ဖြောင့်လက်ဖြောင့် အိပ်စေနိုင်ခဲ့သည်။
စုန့်ယွင်ယွမ် ဘယ်တုန်းက ပြန်ရောက်လာတာလဲ ဆိုတာကို စုံစမ်းဖို့ သိပ်မခက်ပါ။ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားတဲ့နေ့နှင့် စုယန်ယန်ရဲ့ တူလေး တစ်လပြည့်မွေးနေ့ကြားထဲက လေယာဉ် အချိန်စာရင်းတွေကို လိုက်စစ်ဆေးဖို့ပဲ လိုသည်။
စုံစမ်းရမဲ့ အချက်အလက်တွေ များပေမဲ့လည်း ဘယ်အရာကို စစစ်ဆေးရမလဲ ဆိုတဲ့ လမ်းကြောင်းကို သေချာ သိနေတာကြောင့် စုံစမ်းမှုက မြန်မြန်ဆန်ဆန်ပဲ ပြီးစီးသွားခဲ့သည်။ ဟောက်ချန်ဟွမ်းနှင့် စုန့်ယွင်ယွမ်တို့ ပထမဆုံးအကြိမ် ပြန်တွေ့တဲ့ နေရာက C မြို့တော်မှာမို့ ယုကျစ်ယန်နှင့် ကျန်တဲ့ လူတွေက C မြို့တော်ရဲ့ လေဆိပ်မှာ စတင် စုံစမ်းခဲ့ကြသည်။ ဒါပေမဲ့ စုန့်ယွင်ယွမ်နှင့် ပတ်သက်တဲ့ ဘယ်အချက်အလက်ကိုမှ ရှာမတွေ့ခဲ့ပါ။
အဲ့ဒီနောက် A မြို့တော်ကို ပြန်လာပြီး စုံစမ်းကြည့်လိုက်တော့မှ စုန့်ယွင်ယွမ်ဟာ ဟောက်ကော်ပိုရေးရှင်းရဲ့ နှစ်ပတ်လည် ပွဲအခမ်းအနားကို ဟောက်ချန်ဟွမ်း သွားတက်ပြီးတဲ့နောက်ပိုင်း တစ်လအကြာမှာ C မြို့တော်ကို ပြန်လာခဲ့ကြောင်း သိလိုက်ရလေသည်။ သူမက ဟောက်မိသားစုအိမ်တော်နှင့် သိပ်မဝေးတဲ့ တိုက်ခန်းလေး တစ်ခုကိုတောင် ငှားလိုက်သေးရဲ့။ ကြည့်ရတာ သူမ ဒီမှာ အကြာကြီး နေဖို့ စီစဉ်ထားပုံရသည်။
သို့သော်လည်း စုန့်မိသားစုက သူတို့သမီးကို ဟောက်မိသားစုနှင့် ပေးစားရမှာ စိုး၍ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက နိုင်ငံခြားကို ပြောင်းသွားခဲ့တာမို့ အခုချိန်မှာ သူတို့ရဲ့ အဆက်အသွယ်တွေက အရင် တစ်ချိန်တုန်းကလောက် မကောင်းတော့ပေ။
သူမသည် A မြို့တော်မှာ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ ဆက်ရှိနေသေးတဲ့ လလယ်လောက်ထိ ဟောက်ချန်ဟွမ်းနှင့် အကြာကြီး ဝေးကွာခဲ့ပြီးမှ ကံတရားကြောင့် အမှတ်မထင် ပြန်တွေ့ဆုံရသလို အခြေအနေမျိုး ဖန်တီးဖို့ အခွင့်မသာခဲ့ပေ။
နည်းလမ်း ရှာတွေ့သွားတဲ့ အချိန်ကျပြန်တော့လည်း သူတို့ နှစ်ယောက်က ကလေးမီးဖွားတော့မဲ့ ချင်ရွှယ်ရူကို ဂရုစိုက်ပေးဖို့ C မြို့တော်ကို ထွက်သွားခဲ့ကြပြီမို့ သူမမှာ C မြို့တော်အထိ သူတို့သွားရာနောက် လိုက်သွားဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့။
ဟောက်ချန်ဟွမ်းက သူ့အိမ်နားမှာ ထိုမိန်းမ တိုက်ခန်းငှားနေ,နေတယ် ဆိုတာကို သိလိုက်ရသည်နှင့် ယင်ကောင်ကို မတော်တဆ စားလိုက်မိသလို စက်ဆုပ်ရွံရှာသွားလေသည်။
ကျန်းချန့်ယန် ပြန်ရောက်လာတော့ ဧည့်ခန်းထဲမှာ မည်းမှောင်သော မျက်နှာဖြင့် ထိုင်နေတဲ့ တူတော်မောင်ကို မြင်လိုက်ရသည်။ သူ့နဖူးပေါ်မှာ “ ဘယ်သူ့ကိုမှ ငါ့အိမ်ထဲ ဝင်ခွင့် မပေးနိုင်ဘူး။ ” လို့ စာချိတ်ဆွဲထားသလိုပင် သူ့ဆီကနေ ကျောချမ်းစရာ အငွေ့အသက်တွေကို ရနေသည်။
ကျန်းချန့်ယန် စိတ်ထင့်သွားပြီး ဟောက်ချန်ဟွမ်းရဲ့ ရှေ့မှာ ဝင်ထိုင်လိုက်သည်။ “ ယန်ယန် အိပ်သွားပြီလား။ ”
“ ဟုတ်ကဲ့။ ”
“ ဘာဖြစ်ထားလို့လဲ။ မင်းကို ကြည့်ရတာ တအား ဖြူဖတ်ဖြူရော် ဖြစ်နေတယ်။ ”
သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး ပြန်ပြေလည်သွားကတည်းက သူတို့ကြားမှာ စကားပြောရတာ အများကြီး သက်သောင့်သက်သာ ပိုရှိလာသည်။ အရင်တုန်းကလို မချင့်မရဲ ဖြစ်နေတာ ၊ တွန့်ဆုတ်နေတာမျိုးတွေ မရှိတော့။
“ ဦးလေး နိုင်ငံခြားကို ရောက်နေတဲ့ နှစ်တွေမှာ စုန့်မိသားစုရဲ့ အကြောင်းကို ကြားဖူးလား။ ”
“ စုန့်မိသားစု … ” ကျန်းချန့်ယန်သည် ခဏလောက် စဉ်းစားနေပြီးမှ ဟောက်ချန်ဟွမ်း ပြောတဲ့ စုန့်မိသားစု ဆိုတာကို နားလည်သွားသည်။ “ မင်းမိန်းမဖြစ်ချင်လို့ မင်းနောက်ကို နေ့တိုင်း တကောက်ကောက် လိုက်ခဲ့တဲ့ ကောင်မလေးရဲ့ စုန့်မိသားစုကို ပြောတာလား။ ”
ထိုအကြောင်းကို ကျန်းချန့်ယန် ထည့်မပြောခဲ့လျှင် ကောင်းမည်။ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက ချက်ချင်းပဲ ပြိုတော့မည့်မိုးလို မည်းမှောင်သွား၏။
“ ကျွန်တော့်မိန်းမက ယန်ယန်ပဲ။ သူတစ်ယောက်တည်းကပဲ ကျွန်တော့်တစ်ဘဝလုံးအတွက် ကျွန်တော့်မိန်းမ ဖြစ်သွားမှာ။ ”
751 02
“ အေးပါ အေးပါ ၊ ဟုတ်ပါတယ်။ မင်းကရော ယန်ယန့်အပြင် နောက်ထပ် မိန်မ ဘယ်နှယောက် ထပ်လိုချင်သေးလို့လဲ။ မင်း ယန်ယန့်ကို စွန့်ပစ်ဖို့ လုပ်ရင် အရင်ဆုံး ကန့်ကွက်မဲ့ လူက ငါပဲ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကို ကြည့်ကာ သူ့ကိုယ်သူ စကားပြောမှားသွားပြီမှန်း ကျန်းချန့်ယန် သိလိုက်ပါသည်။ ထို့နောက် သူ ဘာမှ မပြောမိသလိုပင် အဟမ်း အဟမ်းဟု ချောင်းဟန့်လိုက်သည်။ “ မင်းက ရုတ်တရက်ကြီး စုန့်မိသားစုအကြောင်း ဘာလို့ လာမေးနေတာလဲ။ ”
ဟောက်မိသားစု ဒုက္ခရောက်ခဲ့ရတဲ့ တစ်ချိန်တုန်းက ကျန်းချန့်ယန်ဟာ သူတို့မိသားစုကို ကူညီပေးဖို့ပဲ ဂရုစိုက်နေခဲ့တာမို့ ဟောက်ချီဟန်နှင့် ကျန်တဲ့ လူတွေကိုတောင် အာရုံထဲ မထည့်ခဲ့ပေ။ သူတို့နှင့် ဘာမှ ပတ်သက်ဆက်နွယ်ရာ အကြောင်း မရှိတဲ့ စုန့်မိသားစုကို ဆိုရင်တော့ ဝေလာဝေး။
ဒါပေမဲ့ သူ နိုင်ငံခြားကို ရောက်လာတဲ့ နောက်ပိုင်းမှာ ထိုမိသားစုရဲ့ လုပ်ရပ်အကြောင်း လူတွေ ပြောနေကြတာကို အမှတ်မထင် ကြားခဲ့ရသည်။ နားလည်ပေးလို့တော့ ရပေမဲ့လည်း ထိုမိသားစုရဲ့ လုပ်ရပ်ကို စက်ဆုပ်ရွံရှာမိတာ အမှန်ပင်။
ထိုအချိန်မှာ ကျန်းချန့်ယန်က ကျန်းမိသားစုရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဦးစီးဦးဆောင် လုပ်နေပြီ ဖြစ်၍ နိုင်ငံခြားမှာ နာမည် တစ်ခု ရှိနေတဲ့ အချိန်။
စုန့်မိသားစုကို သူ ဘာမှ သွားမလုပ်ပေမဲ့ ထိုမိသားစုကို သူ သဘောမကျကြောင်းကိုတော့ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ခဲ့လေသည်။
ကမ္ဘာပေါ်မှာ စီးပွားရေးသမားတွေလောက် ပါးနပ်တဲ့ လူ မရှိပါ။ တချို့ စကားတွေကို ပါးစပ်က ထုတ်ပြောနေဖို့ မလိုဘဲ ကိုယ့်သဘောထားကို ထုတ်ပြလိုက်ရုံဖြင့် ကျန်တဲ့ လူတွေက ဘာဆက်လုပ်ရမယ် ဆိုတာ အလိုလို နားလည်၏။
နိုင်ငံခြားကို သူ ရောက်နေခဲ့တဲ့ ဒီနှစ်ပိုင်းတွေမှာ ထိုမိသားစုရဲ့ အခြေအနေကို အလုပ်ရှုပ်ခံပြီး စုံစမ်းမကြည့်ဖြစ်သော်လည်း ချောင်ချောင်လည်လည်ရှိမဲ့ အခြေအနေမျိုး မဟုတ်မှာကိုတော့ အကြမ်းဖျင်း ခန့်မှန်းလို့ ရသည်။
“ စုန့်ယွင်ယွမ်က ဒီနိုင်ငံကို ပြန်ရောက်လာပြီ။ ပြီးတော့ သူက ယန်ယန့်ဆီကို ဖြတ်ညှပ်ကတ်လုပ်ထားတဲ့ ဓာတ်ပုံတွေတောင် ပို့လိုက်သေးတယ်။ ”
“ စုန့်ယွင်ယွမ် … ဟုတ်လား။ ဟို .. စုန့်မိသားစုရဲ့ သမီးလား … ”
ကျန်းချန့်ယန်က ဉာဏ်ပြေးတဲ့ လူမို့ သူမရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။ “ သူက မင်းနဲ့ ယန်ယန်ကို ရန်တိုက်ပေးချင်နေတာပဲ။ ”
++++++