အခန်း ၇၅၂
Vol. 51 Ch. 752
752 01
အခန်း ( ၇၅၂ ) သူမ လိုချင်တဲ့ အရာမှန်သမျှကို ဆုံးရှုံးစေရမယ်။
စုယန်ယန်ကို သူ့အပေါ် သံသယဝင်အောင် ဖြတ်ညှပ်ကတ် လုပ်ပြီး ပို့လိုက်တဲ့ ဓာတ်ပုံတွေအကြောင်း ဟောက်ချန်ဟွမ်း ပြန်တွေးမိသောအခါ ဒေါသတွေ တလိပ်လိပ် ထွက်လာသည်။
“ ဟုတ်တယ်။ ”
“ အဲ့ကောင်မလေးက အခုထိ မင်းကို လက်မလျှော့သေးဘူးလား။ သူက ဟောက်မိသားစုရဲ့ သခင်မလေး ဖြစ်ချင်နေတုန်းပဲလား။ ”
ကျန်းချန့်ယန်လည်း ဒေါသထွက်သွားမိသည်။ “ တကယ့်ကို စိတ်ပျက်စရာကောင်းလိုက်တာ။ ”
ဟောက်မိသားစုအိမ်တော်ကို ရောက်နေတဲ့ သုံး ၊ လေးရက်အတွင်းမှာပင် စုယန်ယန်က ကျန်းချန့်ယန်အား သူမကို အမှတ်ပြည့် ပေးအောင် ကြိုးစားနိုင်ခဲ့ပြီ ဖြစ်သည်။
သူမက လှလည်း လှတယ် ၊ နူးညံ့သိမ်မွေ့တယ် ၊ အမြော်အမြင်လည်း ရှိတယ်။ လူ တစ်ယောက်ရဲ့ လျှာကို အရသာပေါင်းစုံ ခံစားရအောင် လုပ်ပေးနိုင်တဲ့ ဟင်းချက်စွမ်းရည်တွေလည်း ရှိတယ်။ အဲ့ဒါတွေ အားလုံးထက် အရေးကြီးဆုံးကတော့ သူ့တူကို ချစ်ပေးတာပါပဲ။
လူ တစ်ယောက်က တစ်ဖက်လူကို တကယ် ချစ်တာလား ၊ ဟန်ဆောင်နေတာလား ဆိုတဲ့ နေရာမှာ မျက်လုံးထဲက ခံစားချက်တွေကို ဟန်ဆောင်လို့ မရသလို ထိုလူ့အနားမှာ ရှိနေချိန်မှာ ဖြစ်ပေါ်လာတဲ့ အပြုအမူ ၊ အပြောအဆိုတွေကိုလည်း လုပ်ယူလို့ မရပါ။
အိမ်ထောင်လည်း မရှိ ၊ ကလေးလည်း မရှိတဲ့ ကျန်းချန့်ယန်အတွက်တော့ သူ့ညီမ ချန်ထားခဲ့တဲ့ တစ်ဦးတည်းသော သွေးသားလေးက ဒီကမ္ဘာပေါ်မှာ သူ ဂရုစိုက်တဲ့ တစ်ခုတည်းသော အရာ ဖြစ်သည်။
ထိုကောင်မလေး သူ့တူကို လာမြူဆွယ်တာလောက်ထိ ( သူ့တူဘက်ကလည်း သူမဘက် ပါမသွားလျှင် ) မသိချင်ယောင်ဆောင်နေပေးလို့ ရပေမဲ့ သူ့တူရဲ့ ကိုယ်ဝန်ရှိနေတဲ့ ဇနီးကိုပါ လာထိတာကိုတော့ ကျန်းချန့်ယန် ဘယ်လိုမှ သည်းမခံနိုင်ပေ။
“ ယန်ယန်ရော ဘယ်လို ဖြစ်သွားလဲ။ မင်းကို စိတ်ဆိုးပြီးတော့ ရန်တွေ ဘာတွေ ဖြစ်သေးလား။ ”
“ ကံကောင်းလို့ ရန်ဖြစ်တဲ့ အခြေအနေထိတော့ မရောက်မသွားပေမဲ့ သူလည်း ဒေါသတော့ ထွက်နေမယ် ထင်တယ်။ ”
စုယန်ယန်က အတတ်နိုင်ဆုံး ကြိုးစားပြီး ဘာမှ မဖြစ်သလို ဟန်မပျက် နေ,နေပေမဲ့ ဟောက်ချန်ဟွမ်းကတော့ သူမ ဒေါသထွက်နေတာကို သိပါသည်။
“ ဒါပေါ့ ၊ သေချာပေါက် ဒေါသထွက်မှာပေါ့။ အဲ့လို ကိစ္စမျိုးကို ဘယ်သူက ဒေါသမထွက်ဘဲ နေမလဲ။ သူ မင်းကို ပေါက်ကွဲပြီး ပြဿနာမရှာတာနဲ့တင် ကျေးဇူးတင်စရာကောင်းနေပြီ။ ဒါပေမဲ့လည်း သူက လောလောဆယ် ကိုယ်ဝန်ရှိနေတာ ဆိုတော့ ဒေါသထွက်တာက သူ့အတွက်ရော ၊ ကလေးအတွက်ရော မကောင်းဘူး။ သူ့ကို သေချာလေး ချော့မော့ပြီး ရှင်းပြလိုက်ပါကွာ။ သူစိမ်း တစ်ယောက်ကြောင့်နဲ့ မင်းတို့ရဲ့ ဆက်ဆံရေးကို အထိခိုက်မခံနဲ့။ ”
ဟောက်ချန်ဟွမ်းက ခေါင်း တစ်ချက် ညိတ်ပြရင်း ကျန်းချန့်ယန်ရဲ့ စေတနာ သတိပေးစကားကို လက်ခံလိုက်သည်။ “ ဟုတ်ကဲ့ပါ ဦးလေး။ ”
ကျန်းချန့်ယန်က သူ့တူဟာ ဇနီးဖြစ်သူကို ဂရုစိုက်တာကို မြင်တော့ စိတ်အေးသွားသည်။ ထို့နောက် တစ်ချိန်တည်းမှာပဲ ဒီပြဿနာတွေ အားလုံးကို ဖန်တီးခဲ့တဲ့ တရားခံကို သတိရသွား၏။
“ မင်း မိန်းကလေးစုန့်နဲ့ ပတ်သက်ပြီးတော့ ဘာဆက်လုပ်မယ် တွေးထားလဲ။ ”
“ ဦးလေးက ကျွန်တော့်ထက် နိုင်ငံခြားမှာ အဆက်အသွယ်တွေ ပိုရှိတာပဲ။ တချို့ ကိစ္စတွေကို စုံစမ်းတဲ့ နေရာမှာ ဦးလေးက ကျွန်တော့်ထက် ပိုမြန်လိမ့်မယ် ထင်တယ်။ ”
ကျန်းချန့်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။ “ မင်းက ငါ့ကို စုန့်မိသားစုအကြောင်း စုံစမ်းပေးစေချင်လို့လား။ ”
“ ဟုတ်တယ် ဦးလေး။ ”
ဟောက်ချန်ဟွမ်းကတော့ ဒီနိုင်ငံကို စုန့်ယွင်ယွမ် တစ်ယောက်တည်း ပြန်လာတယ် ဆိုတာကို မယုံသလို သူမ ပြန်လာတဲ့ အကြောင်းကို သူမရဲ့ ဆွေမျိုးတွေ တစ်ယောက်မှ မသိဘူး ဆိုတာကိုလည်း အယုံအကြည် မရှိပေ။
ဖြစ်နိုင်ချေအရှိဆုံးကတော့ သူတို့လည်း ထိုအကြောင်းကို အရင်ကတည်းက သိထားပြီးသား ဖြစ်ကာ သူမကို ဒီနိုင်ငံပြန်လာပြီး သူနှင့် ပြန်ချိတ်ဆက်ပေးဖို့တောင် အကွက်ကျကျ ကူညီပံ့ပိုးပေးခဲ့တယ် ဆိုတာပဲ ဖြစ်လေသည်။
752 02
ဒါပေမဲ့ ဟောက်ချန်ဟွမ်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် ထိုမိသားစုကို ဒီတိုင်း လွှတ်ထားမှာ မဟုတ်ပါ။
သူတို့က ဒီလို စိတ်ထားယုတ်မာတဲ့ သမီး တစ်ယောက်ကို ပျိုးထောင်ပေးခဲ့ပေမဲ့ သူမရဲ့ မကောင်းတဲ့ လုပ်ရပ်တွေအတွက်တော့ သူမ တစ်ယောက်တည်းကပဲ ပေးဆပ်ရပါမည်။ ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲက မီးတောက်တွေကို ဘယ်လိုမှ ငြိမ်းသတ်လို့ မရ။
“ ငါတို့ စုံစမ်းပြီးသွားရင် ဘာဆက်လုပ်မှာလဲ။ ”
ဟောက်ချန်ဟွမ်းက သူ့မျက်ခုံး နှစ်ခုကြားက ရက်စက်မှုကို မဖုံးကွယ်ဘဲ ကျန်းချန့်ယန်ကို ကြည့်လိုက်သည်။ “ သူ လိုချင်တဲ့ အရာမှန်သမျှကို ဆုံးရှုံးရအောင် ကျွန်တော် လုပ်ပြမယ်။ ”
ကျန်းချန့်ယန်က သူ့စကားကြောင့် အံ့ဩသွားပုံမပြဘဲ ခဏလောက် တိတ်ဆိတ်နေပြီးနောက်မှာ ရုတ်တရက်ပဲ ရယ်ချလိုက်ပါသည်။ သူ့ဦးလေး စိတ်လွတ်ကိုယ်လွတ် ရယ်တာ တကယ် ရှားတာမို့ သူ့ရဲ့ ဒေါသအရောင်တောက်နေတဲ့ မျက်လုံးတွေပင် အရောင်ဖျော့သွားရသည်။
သူက ဟောက်ချန်ဟွမ်းကို နောက်ဆုံးမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ ကလေး တစ်ယောက်ကို ကြည့်တဲ့ အကြည့်ဖြင့် စိတ်ချမ်းသာ ကျေနပ်စွာ ကြည့်လိုက်သည်။
“ ကောင်းပြီ။ ဦးလေး မင်းကို ကူညီပေးမယ်။ ”
ဂေါက်သီးကို တွင်းပေါက်ထဲ တန်းတန်းမတ်မတ် တိတိကျကျ ဝင်အောင် ရိုက်နိုင်တဲ့ တူဝရီး နှစ်ယောက်ဟာ တစ်ညတည်းနှင့် လက်စားချေဖို့ စီစဉ်ပြီးနေပြီ ဆိုတာကို စုယန်ယန်ကတော့ မသိခဲ့။
တစ်ညတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အပြီး အိပ်ရာနိုးလာချိန်မှာ ဟိုဓာတ်ပုံတွေကြောင့် ထွက်ပေါ်ဖြစ်တည်ခဲ့ရတဲ့ စုယန်ယန်ရဲ့ နှလုံးသားထဲက ဒေါသတွေလည်း အကုန်အစင် ပျောက်ကွယ်သွားသည်။ သူမရဲ့ မျက်လုံး နှစ်လုံး ပွင့်လာပြီးနောက် အိပ်ရာထဲက မထွက်သေးဘဲ ဒီတိုင်း ငြိမ်နေစဉ်မှာ ရေချိုးခန်းတံခါးက ဖျတ်ခနဲ ပွင့်လာခဲ့သည်။
ရေချိုးခန်းထဲက ထွက်လာတဲ့ ဟောက်ချန်ဟွမ်းက သူမကို နမ်းပြီး ‘ ကောင်းသော မနက်ခင်းပါ ’ ဟု ပြောလိုက်၏။
“ မင်း ဆက်အိပ်ချင်သေးလား။ ”
“ ဟင့်အင်း။ ” စုယန်ယန်က တစ်ချက် သမ်းဝေရင်း အိပ်ရာထဲက ထွက်ဖို့ ပြင်လိုက်ပါသည်။
++++++