အခန်း ၇၅၄
Vol. 51 Ch. 754
754 01
အခန်း ( ၇၅၄ ) ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်ကြီးသွားခြင်း။
စုန့်ယွင်ယွမ်သည် စုယန်ယန်ထံ ဓာတ်ပုံတွေ ပို့လိုက်ပြီးနောက် လူ တစ်ယောက်ကို ပိုက်ဆံပေးပြီး ဟောက်မိသားစုကို စောင့်ကြည့်ခိုင်းထားခဲ့သည်။
စုယန်ယန် တစ်ယောက် ကိုယ်ဝန်ပျက်ကျလောက်တဲ့ထိ ဒေါသမထွက်ရင်တောင် ဟောက်ချန်ဟွမ်းနှင့် ရန်တော့ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူမ နှစ်ရက်တိတိ စောင့်ဆိုင်းပြီးတဲ့ထိ ဟောက်မိသားစုဆီက ဘာသတင်း တစ်ခုတလေကိုမှ မကြားရပါ။
သူမ တခြား နည်းလမ်း တစ်ခုကို ပြောင်းစဉ်းစားကြည့်ရင် ကောင်းမလားဟု တွေးနေစဉ်မှာပဲ အဖွဲ့ တစ်ဖွဲ့က သူမရဲ့ အိမ်ထဲကို ရုတ်တရက် ဖောက်ဝင်လာပြီး သူမကို ဆွဲခေါ်သွားခဲ့ကြလေသည်။
စုန့်ယွင်ယွမ်သည် ကြောက်ရွံ့မှုကြောင့် ဖြူဖတ်ဖြူရော် ဖြစ်သွား၏။ “ ရှင်တို့က ဘယ်သူတွေလဲ။ ရှင်တို့ ဒါ ဘာလုပ်တာလဲ။ ကျွန်မကို လွှတ်ပေး ၊ ကျွန်မကို လွှတ်ပေး။ ကယ်ကြပါဦး .. အား … ”
သူမရဲ့ အော်သံက စိတ်ရှုပ်စရာကောင်းလွန်းတာကြောင့်လား မပြောတတ် ၊ သူတို့က ချက်ချင်းပဲ သူမရဲ့ ပါးစပ်ကို အဝတ်စဖြင့် ဆို့ပြီး လှေကားပေါ်ကနေ ကားထဲကို တောက်လျှောက် ဆွဲခေါ်သွားခဲ့သည်။
နာရီဝက်အကြာမှာတော့ စုန့်ယွင်ယွမ် တစ်ယောက် လေယာဉ်ပေါ်ကို ကြိုးအချည်ခံထားရတဲ့ အနေအထားဖြင့် ရောက်နေခဲ့ပါပြီ။ ယုကျစ်ယန်က သူမကို လာရာလမ်းအတိုင်း ပြန်ပို့ဖို့ တာဝန်ယူထားသည်။
စုန့်ယွင်ယွမ်က ယုကျစ်ယန်ကို မြင်သည်နှင့် မျက်နှာ အမူအရာ ပြောင်းလဲသွား၏။ “ ရှင် … ရှင်က … ”
“ မိန်းကလေးစုန့်က ကျွန်တော့်ကိုတောင် မမှတ်မိတော့တဲ့အထိ မေ့တတ်သွားတာလား။ ဟုတ်ပါတယ်လေ ၊ ကျွန်တော်တို့ နောက်ဆုံး တွေ့ခဲ့တာလည်း ဆယ်နှစ်ကျော်ပြီကိုး။ မိန်းကလေးစုန့်လို လူချမ်းသာ အသိုင်းအဝိုင်းထဲ တိုးဝင်ပြီး ချမ်းသာတဲ့ လင်ကိုပဲ ရှာချင်နေတဲ့ မိန်းကလေး တစ်ယောက်က ကျွန်တော်တို့လို ဘာမဟုတ်တဲ့ လူတွေကို မမှတ်မိတာ မဆန်းပါဘူး။ ”
ယုကျစ်ယန်ရဲ့ စော်ကားပြောဆိုတဲ့ စကားတွေကြောင့် စုန့်ယွင်ယွမ်ရဲ့ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားပြီးမှ မျက်နှာပေါ်မှာ ဘာကိုမှ ဂရုမစိုက်တဲ့ အမူအရာမျိုး ပေါ်အောင် ကြိုးစားပြီး ပြောလိုက်သည်။ “ လတ်စသတ်တော့ ရှင် ဖြစ်နေတာပါလား။ ရှင် အခု ဘာလုပ်တာလဲ။ ဘာလို့ ကျွန်မကို ဖမ်းထားတာလဲ။ ဒါက တရားဥပဒေကို ဆန့်ကျင်နေတာနော်။ ရှင်က တရားဥပေဒကို ဆန့်ကျင်ပြီး ကျွန်မရဲ့ လွတ်လပ်ခွင့်ကို ဖမ်းချုပ်ထားတာ။ ”
“ ငါတို့က မင်းနဲ့ သက်ဆိုင်တဲ့ နေရာကို ပြန်ပို့ပေးဖို့ပဲ လုပ်နေတာပါ။ အဲ့ဒါက ဘယ်လိုလုပ် တရားဥပဒေကို ဆန့်ကျင်တာ ဖြစ်မှာလဲ။ မင်းကို ငါတို့ ဘာလို့ ဖမ်းထားတာလဲ ဆိုတာကတော့ … ”
ယုကျစ်ယန်ရဲ့ မျက်လုံးတွေ အေးစက်သွား၏။ သူ့မျက်လုံးထဲမှာ အေးစက်မှုနှင့် သရော်တော်တော် အရိပ်တွေက အရောင်တောက်လာသည်။ “ မင်း လုပ်ခဲ့တဲ့ ကိစ္စကို မမှတ်မိတော့ဘူးလား။ ”
စုန့်ယွင်ယွမ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားပြီး မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူမရဲ့ မျက်လုံးတွေလည်း ဂဏှာမငြိမ် ဖြစ်သွားလေသည်။
“ ကြည့်ရတာ မင်း လုပ်ခဲ့တဲ့ ကိစ္စကို ပြန်မှတ်မိသွားပြီ ထင်တယ်။ ”
ယုကျစ်ယန်ရဲ့ နှလုံးသားထဲမှာ ဒေါသဖြင့် ဆူပွက်နေသည်။ ယုတ်မာတဲ့ မိန်းမ တစ်ယောက်ရဲ့ အကြံအစည်ဆိုးတွေကြောင့် လူ့လောကထဲကို ရောက်မလာသေးတဲ့ သခင်လေး ထိခိုက်နာကျင်သွားနိုင်တယ် ဆိုတာကို တွေးမိသောအခါ ဒီမိန်းမကို သည်းခံပြီး စကားပြောနိုင်စွမ်းလည်း ကုန်ဆုံးသွားသည်။
“ ဟိုကို ပြန်ရောက်ရင် မင်းရဲ့ မိသားစုကို မမေ့ဘဲ သေချာပေါက် ပြန်ပြောလိုက်ပါ မိန်းကလေးစုန့်။ သူတို့က ကိုယ့်သမီးကို လူကျင့်ဝတ်ကိုတောင် သေချာ မသင်ပေးနိုင်လို့ ငါတို့ရဲ့ သခင်လေးကပဲ စေတနာရှေ့ထားပြီး မင်းကို လူ့ကျင့်ဝတ်အကြောင်း သင်ပေးလိုက်တယ်လို့လေ … ။ ဒါပေမဲ့လည်း သူတို့က ကိုယ့်သားသမီးကို ထိန်းတာလောက် ရိုးရှင်းတဲ့ ကိစ္စလေးကိုတောင် မလုပ်နိုင်ဘူး ဆိုတော့ … ။ ကျွတ် ကျွတ် ၊ ပြန်ပေးဆပ်ရမဲ့ တန်ရာတန်ကြေး တစ်ခုတော့ ရှိလိမ့်မယ်။ ”
ယုကျစ်ယန်ရဲ့ စကားတွေနောက်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်ကို နားလည်တဲ့ စုန့်ယွင်ယွမ်သည် ကြောက်ရွံ့မှုကြောင့် မျက်လုံးပြူးကျယ်သွားပြီး စတင် ရုန်းကန်ခဲ့သည်။ “ သူ ကျွန်မကို အဲ့လို လုပ်မှာ မဟုတ်ဘူး။ သူ ကျွန်မကို အဲ့လို လုပ်မှာ မဟုတ်ဘူး။ ”
754 02
ယုကျစ်ယန်က သူမစကားကြောင့် ရယ်ချင်သွားသည်။ “ မင်းက ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အထင်ကြီးနေတဲ့ပုံပဲ။ ”
စုန့်ယွင်ယွမ် ရုန်းကန်နေတာ ရပ်သွား၏။
“ မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းကို သခင်လေးက သူ့အတွက် အရေးပါတဲ့ လူ တစ်ယောက်လို ထူးထူးခြားခြား ဆက်ဆံလိမ့်မယ်လို့ ထင်နေတာလား။ မင်းက သခင်မလေးကိုတောင် ရာရာစစ သွားရန်စရဲသေးတယ်။ သခင်မလေးက ငါတို့သခင်လေး အချစ်ဆုံးလူ ဆိုတာ မသိဘူးလား။ သခင်မလေးကို သွားထိရဲကတည်းက ဒီလို ပုံစံမျိုး အဆုံးသတ်ရလိမ့်မယ် ဆိုတာ ကြိုသိထားသင့်တယ်။ ”
“ ရှင် … ”
ယုကျစ်ယန်သည် သူမကို ပျစ်ပျစ်နှစ်နှစ် ပြောဆိုပြီးနောက် စိတ်ထဲ ပေါ့ကာ နေသာထိုင်သာ ရှိသွားသည်။ သူ့ကို တစ်ပိုင်းစီ တစ်စစီ ဆုတ်ဖြဲပစ်ချင်သလို ကြည့်နေတဲ့ စုန့်ယွင်ယွမ်ရဲ့ အကြည့် စူးစူးရဲရဲကို ဂရုမစိုက်ဘဲ ပျော်ရွှင်စွာ ပြောလိုက်သည်။ “ မိန်းကလေးစုန့်ကို လေယာဉ်ပေါ်ကို လိုက်ပို့ပေးလိုက်ကြ။ ”
စုန့်ယွင်ယွမ်ကတော့ အသည်းအသန် အော်ဟစ်ရုန်းကန်နေခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမရဲ့ အတွေးတွေကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ပါ။ ဘယ်သူမှ ဂရုမစိုက်တဲ့အပြင် သူမရဲ့ အော်သံက အရမ်း နားငြီးစရာကောင်းလွန်းတဲ့အတွက် ပါးစပ်ကိုတောင် အဝတ်စဖြင့် နောက်တစ်ကြိမ် ထပ်ဆို့ခံလိုက်ရ၏။
ယုကျစ်ယန်က နာရီဝက်တိတိ စောင့်နေခဲ့ပြီး စုန့်ယွင်ယွမ်ကို လာရာလမ်းအတိုင်း ပြန်ပို့ပြီးတာကို အတည်ပြုပြီးသွားတော့မှ လက်တွေကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်မိသည်။
ဒီတစ်ခေါက် သူမကို အိမ်ပြန်ပို့တဲ့ ကိစ္စကို သူ တာဝန်ယူပေးခဲ့တာပင်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စရာကောင်းတဲ့ လုပ်ရပ်လို့ သတ်မှတ်လို့ ရတယ် မဟုတ်လား။ ဒီအကြောင်းကို သခင်မလေး သိသွားရင် သူ့ကို ဆုတွေ ဘာတွေ ချမလား မပြောတတ်။
သူ တောင်းဆိုမှာကတော့ သိပ်မများပါ။ စားသောက်ဆိုင်က ဆေးဖက်ဝင်ဟင်းလျာ သုံးပွဲ ၊ လေးပွဲလောက် စားရရုံဖြင့် ကျေနပ်ပြီ ဖြစ်သည်။
++++++