အခန်း ၇၅၅
Vol. 51 Ch. 755
755 01
အခန်း ( ၇၅၅ ) အပင်ပန်းခံရကျိုးနပ်တဲ့ စုံစမ်းမှု။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဒီလောက် အချိန်တိုလေးအတွင်း ဟိုတစ်ယောက်ကို ရှင်းပစ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ တစ်စုံတစ်ယောက်က သူမရဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို အဆုံးသတ်ပေးပြီး သူမကို အိမ်ပြန်ပို့ပေးခဲ့ပါပြီ။
မျက်နှာရချင်တဲ့ ယုကျစ်ယန်က သူမဆီကို တိတ်တိတ်လေး ရောက်လာပြီး စုန့်ယွင်ယွမ်ကို သူမရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာစေရန် ဟောက်ချန်ဟွမ်း အသုံးပြုခဲ့တဲ့ နည်းလမ်းကို ပြောပြတော့မှ အကြောင်းစုံကို သူမ သိသွားသည်။
သူမ အံ့ဩသွားသလို နည်းနည်းလေးလည်း ပျော်သွား၏။ ယုကျစ်ယန်ရဲ့ ကျေးဇူးတင်ချင်စရာကောင်းတဲ့ လုပ်ဆောင်ချက်ကို သူမ ကပ်တွက်မနေခဲ့ပါ။ ယုကျစ်ယန်ကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် သူ့ကုမ္ပဏီအတွက် အစားအသောက် တချို့ ပြင်ဆင်ပေးဖို့ လီကျင်းဝမ်နှင့် တခြား လူတွေကို ချက်ချင်း တာဝန်ပေးလိုက်သည်။
ထိုကိစ္စကြောင့် ယုကျစ်ယန်ဟာ ကျန်တဲ့ နှစ်ယောက်ရဲ့ မနာလိုမှုတွေ ၊ အမြင်ကတ်မှုတွေကို ခါးစည်းခံရတော့လေသည်။
အဲ့ဒီနောက်ပိုင်း သူ မကြာခဏ အကန်ခံရတယ်လို့တောင် ပြောလို့ ရသည်။ အကြောင်းပြချက်ကတော့ ကုရှောက်ယန်နှင့် ကျိုးယန်ပိုင်တို့က ဒီကိစ္စမှာ သူ့ကို အများကြီး ကူညီပေးထားခဲ့လို့ပါပဲ။ သခင်မလေးဆီမှာ သူ တစ်ယောက်ပဲ အစအဆုံး လုပ်ခဲ့သလို သွားပြောတာကို လက်ခံပေးလို့ ရသေးပေမဲ့ သူက သခင်မလေး ပေးတဲ့ အစားအသောက်တွေ အကုန်လုံးကို တစ်ယောက်တည်း စားပစ်ခဲ့သည်။
ထိုအကြောင်းကို စုယန်ယန် ပြန်ကြားသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ ထို့နောက် သူမနှင့် ဟောက်ချန်ဟွမ်းကို နှမြောတွန့်တိုတတ်သည်ဟု မထင်စေရန် သူတို့ နှစ်ယောက်အတွက် အစားအသောက်တွေကို နေ့တွင်းချင်းပဲ လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါသည်။
ဟောက်ချန်ဟွမ်းနှင့် တခြား လူတွေ အကုန်လုံးက စုန့်ယွင်ယွမ်ကို ကိုင်တွယ်ဖြေရှင်းရင်း အလုပ်ရှုပ်နေခဲ့တာမို့ စုယန်ယန်ကို သို့ထျန်းယီရဲ့ လူတွေ စုံစမ်းနေတာကို လျစ်လျူထားမိခဲ့ကြသည်။
“ ဘော့စ်။ ”
သို့ထျန်းယီက သူ့ကို မော့ကြည့်သည်။ “ မင်း စုံစမ်းပြီးပြီလား။ ”
“ ကျွန်တော် စုံစမ်းပြီးပါပြီ။ ” လီယွဲ့က သူ့လက်ထဲက ဖိုင်ကို သို့ထျန်းယီရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။ “ ဘော့စ် ခန့်မှန်းတာ မှန်တယ်။ အဲ့လက်စွပ်က ဒီဇိုင်နာဆီမှာ သီးသန့် ဒီဇိုင်း အပ်ထားတဲ့ လက်စွပ်ဗျ။ ”
သို့ထျန်းယီရဲ့ မျက်လုံးတွေ အရောင်လက်သွားသည်။ “ အဲ့လက်စွပ်ကို ဒီဇိုင်းဆွဲပေးထားတဲ့ ဒီဇိုင်နာက ဘယ်သူလဲ။ ”
“ ဒီလက်စွပ်ကို နိုင်ငံတကာအထိ နာမည်ကြီးတဲ့ လတ်ဝတ်ရတနာ ဒီဇိုင်းပညာရှင် Hermes James ( အားမတ်စ်ဂျိမ်းစ် ) က ဒီဇိုင်းဆွဲပေးထားတာပါ ဘော့စ်။ အဲ့ဒီဇိုင်နာ နာမည်ကြီးလာတဲ့နောက်ပိုင်း လက်ဝတ်ရတနာတွေကို သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးတာ ရှားတယ်။ သူ့လက်နဲ့ သီးသန့် ဒီဇိုင်းဆွဲပေးထားတဲ့ လက်ရာ ဆိုတာ လက်ချိုးရေလို့ ရတဲ့ ပမာဏပဲ ရှိတာပါ။ ”
လီယွဲ့ရဲ့ စကားမဆုံးသေးခင်မှာပဲ သို့ထျန်းယီက စိတ်မရှည်နိုင်စွာ ဖြတ်ပြောလိုက်သည်။ “ အဲ့ဒါတွေ ငါ စိတ်မဝင်စားဘူး။ အဲ့လက်စွပ်ကို ဘယ်သူ ဒီဇိုင်းဆွဲပေးတာလဲ ၊ အခုလက်ရှိမှာ အဲ့လက်စွပ်က ဘယ်သူ့လက်ထဲ ရောက်နေတာလဲ ဆိုတာပဲ သိချင်တာ။ ”
“ အဲ့လက်စွပ်ကို သူ ဒီဇိုင်းဆွဲပြီးတဲ့နောက်ပိုင်း လူသိရှင်ကြား ကြေညာခဲ့တာမျိုး မရှိတော့ ဘယ်သူမှ အဲ့လက်စွပ်အကြောင်း မသိကြဘူးဗျ။ ”
သို့ထျန်းယီ မျက်မှောင်ကြုတ်သွားသည်။ “ အဲ့တော့ မင်း သေချာ မစုံစမ်းနိုင်ခဲ့ဘူးလို့ ပြောချင်တဲ့ သဘောလား။ ”
“ မဟုတ်ပါဘူး မဟုတ်ပါဘူး … ” လီယွဲ့က သို့ထျန်းယီရဲ့ အေးစက်သွားတဲ့ မျက်လုံးတွေကို ကြည့်ကာ ဆတ်ခနဲ တုန်သွားသည်။ သူ ကိုယ့်ကိုယ်ကိုယ် စိတ်အားတင်းပြီး ဖိုင်ထဲက ဓာတ်ပုံ တစ်ပုံကို ညွှန်ပြလိုက်၏။ “ ဒါက မိန်းကလေးဝမ်ရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေ ရှိတဲ့ မိန်းကလေးစုကို ဘော့စ် လူလွှတ်ပြီး စုံစမ်းခိုင်းတဲ့ အချိန်တုန်းက ဘော့စ်ရဲ့ တပည့် တစ်ယောက် မတော်တဆ ရိုက်ယူထားတဲ့ ဓာတ်ပုံပါ။ အဲ့ဓာတ်ပုံထဲက လက်စွပ်ကို ကြည့်လိုက်ပါ ဘော့စ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာ ဘော့စ် မြင်ခဲ့တဲ့ လက်စွပ်နဲ့ မတူဘူးလား။ ”
သို့ထျန်းယီ အနည်းငယ် အံ့ဩသွားသည်။ တင်ဆက်သူနှင့် စုယန်ယန်တို့ ပတ်သက်ဆက်နွယ်နေလိမ့်မည်ဟု ထင်မထားခဲ့။
“ တကယ် တူနေတာပဲ။ ”
တူတယ်လို့ ပါးစပ်က ထုတ်ပြောစရာ မလိုလောက်အောင်ကို တစ်ထပ်တည်း တူနေတာပါ။
755 02
လီယွဲ့က သူ့နဖူးပေါ်က ချွေးစက်တွေကို ပွတ်သုတ်ရင်း သူ့ဇာတ်လမ်းထဲကို သက်သေတွေ ထပ်ထည့်ဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။ “ အဲ့ဒါကြောင့် ကျွန်တော် လူ တစ်ယောက်ကို မိန်းကလေးစုအကြောင်း နောက်တစ်ခေါက် ထပ်စုံစမ်းခိုင်းလိုက်တယ် ၊ အဲ့ဒီမှာပဲ မိန်းကလေးစုရဲ့ ခင်ပွန်း .. ဟောက်မိသားစု သခင်လေးရဲ့ ဦးလေးက အဲ့ဒီ လက်ဝတ်ရတနာ ဒီဇိုင်နာနဲ့ ခင်တယ် ဆိုတာကို သိလိုက်ရတယ်။ ”
“ ဒါဆို အဲ့ဒီဇိုင်နာက သူတို့ နှစ်ယောက်အတွက် လက်စွပ်ကို သီးသန့် ဒီဇိုင်းဆွဲပေးတာ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော် များတာပေါ့ … ”
“ ဟုတ်တယ် ဘော့စ်။ ပြီးတော့ တော်တော်လေး အံ့ဩစရာကောင်းတဲ့ နောက်ထပ် အချက် တစ်ချက်လည်း ရှိသေးတယ်။ ”
“ ဘာလဲ။ ”
“ မိန်းကလေးစုန့်နဲ့ ဟောက်မိသားစုရဲ့ ဦးလေး လက်ထပ်ထားတာ တစ်နှစ်စွန်းစွန်းလောက်ပဲ ရှိဦးမယ်။ သူတို့ လက်ထပ်ခါစတုန်းက လူကြီးမင်းဟောက်ရဲ့ ခြေထောက်တွေက မသန်စွမ်း ဖြစ်နေလို့ ဝှီးချဲပေါ်မှာပဲ ထိုင်နေခဲ့ရတာ။ ဒါပေမဲ့ နှစ်ဝက်လောက်လည်း ကြာရော ၊ သူ့ခြေထောက်တွေက … အကောင်းအတိုင်း ပြန်သက်သာသွားတယ်။ သူ့ခြေထောက်တွေ ဘယ်လို ပြန်ကောင်းသွားတာလဲ ဆိုတာကို အခုချိန်ထိ ဘယ်သူမှ မသိကြဘူး။ ”
“ သူတို့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှ သူ့ခြေထောက်တွေ ပြန်ကောင်းသွားတာ သေချာလို့လား။ ဒါဆို သူက သူ့ခြေထောက်တွေ ဘယ်လို ပြန်သက်သာသွားလဲ ဆိုတာကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာလား။ ”
“ ဟုတ်တယ် ဘော့စ် ၊ အဲ့လို ဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ထပ် ကိစ္စ တစ်ခုကိုလည်း ကျွန်တော် ရှာတွေ့ထားသေးတယ်။ ”
“ ပြော။ ”
“ မိန်းကလေးစုက အခု ကိုယ်ဝန်ရှိနေပြီ ၊ ဒါပေမဲ့ သူ ကိုယ်ဝန်မရှိခင်တုန်းက တက္ကသိုလ် တစ်ခုရဲ့ ဆေးဝါးဌာနက ကျောင်းသားတွေအတွက် ယာယီ ကထိက သွားလုပ်သေးတယ်။ A တက္ကသိုလ်က ကျောင်းသားတွေတင် မဟုတ်ဘူး ၊ တခြား တက္ကသိုလ်က စီနီယာ ပရော်ဖက်ဆာတွေပါ သူ့အတန်းချိန်တွေကို လာတက်ကြတယ်တဲ့။ အဲ့အချက်က တော်တော်လေး ထူးဆန်းတယ်လို့ ကျွန်တော် ထင်တယ်။ ”
++++++