အခန်း ၇၅၇
Vol. 51 Ch. 757
757 01
အခန်း ( ၇၅၇ ) ပျောက်ဆုံးသွားတဲ့ ခွေးပေါက်လေး။
ကိုယ်ဝန်သက်တမ်း ရှစ်လပြည့်သွားချိန်မှာတော့ စုယန်ယန်ရဲ့ မိသားစုက သူတို့ပဲ ဟောက်အိမ်တော်ကို ခဏ ပြောင်းလာရမလား ၊ ဒါမှမဟုတ် စုယန်ယန်ပဲ သူတို့အိမ်ကို ပြန်လာပြီး ကလေးမီးဖွားဖို့ ပြင်ဆင်မလားဟု တောင်းဆိုခဲ့၏။
ဟောက်ချန်ဟွမ်းကတော့ ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်နေတဲ့ ဇနီးဖြစ်သူကို သူ့မျက်စိအောက်က အပျောက်မခံမှာ အသေအချာပင်။ အခုမှ ရှစ်လပဲ ရှိသေးတာမို့ သူတို့ လာဖို့လည်း နည်းနည်း စောသေးတာ အမှန်ပဲ ဖြစ်သည်။
အဆုံးသတ်မှာ စုယန်ယန်ကပဲ သူမအမေကို ရှေ့လ ရောက်တော့မှ ကလေးမွေးတဲ့အထိ လာနေဖို့ ဈေးဆစ်လိုက်ရလေသည်။
ချန်ရှို့ချင်က နည်းနည်းလေး မကျေမနပ် ဖြစ်သွားပေမဲ့ စုယန်ယန်ကတော့ စိတ်မပြောင်းခဲ့ပါ။ နောက်ဆုံးမှာ အလျှော့ပေးလိုက်ရတဲ့ ချန်ရှို့ချင်ကတော့ ဘာမှ ထပ်မပြောတော့ဘဲ ဟောက်အိမ်တော်ကို သုံး ၊ လေးရက် တစ်ခါလောက် ပုံမှန် လာကာ ချင်ရွှယ်ရူအတွက် သူမ ဝယ်ပေးခဲ့ဖူးတဲ့ တစ်ပုံစံတည်း ပစ္စည်းလေးတွေကို တစ်ခါ လာတိုင်း ပစ္စည်း တစ်မျိုးစီ ယူလာလေ့ရှိပါသည်။
စုယန်ယန်က အမေဖြစ်သူအား သူ ယူလာတဲ့ ပစ္စည်းတွေ အကုန်လုံးကို ဟောက်ချန်ဟွမ်းက အရင်ကတည်းက ပြင်ဆင်ပေးပြီးသား ဖြစ်ကြောင်း ပြောချင်သော်လည်း ဟောက်ချန်ဟွမ်းက သူမကို တားခဲ့သည်။
“ အမေက အခု အရမ်း တက်ကြွနေတာ။ မင်း သူ့ကို တားလိုက်ရင် ကိုယ်တို့က သူ့ကို မကြိုဆိုဘူးလို့ ထင်သွားလိမ့်မယ်။ ”
“ ဒါပေမဲ့ ပစ္စည်းတွေက အများကြီး စုပုံနေပြီလေ။ ကလေးပေါက်စလေးက မြန်မြန် ကြီးလာမှာပဲ။ အဝတ်အစားတွေ ၊ အသုံးအဆောင် ပစ္စည်းတွေ အများကြီးကို သူ ဘယ်လိုလုပ် သုံးနိုင်မှာလဲ။ ”
စုယန်ယန်က ချင်ရွှယ်ရူနှင့် တစ်ပတ်ကို တစ်ခါ ဗီဒီယိုကောလ် ပြောရင်း ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံရတဲ့ သူမရဲ့ အတွေ့အကြုံတွေကို ချင်ရွှယ်ရူအား ပြောပြကာ ဆန်ပြုတ်လေးကို ကြည့်ပေးတတ်သည်။
ထိုကောင်လေးကို မွေးခါစတုန်းက သေးသေးလေးပဲ ရှိခဲ့ပေမဲ့ နှစ်လ ၊ သုံးလအတွင်းမှာပင် လေအထိုးခံလိုက်ရတဲ့ ပူဖောင်း တစ်လုံးနှင့် တူလာကာ သူမ သူ့ကို တစ်ခါ တွေ့တိုင်း အရွယ်အစားက တစ်ခါ ပြောင်းနေသည်။
မျက်စိရှေ့မှာတင် တဖြည်းဖြည်း ထွားလာတဲ့ ထိုကလေးလေးရဲ့လက်လေးတွေက ကြာစွယ်တွေနှင့် တူနေခဲ့ပြီး ပါးလေးတွေဆို ဖောင်းအစ်နေခဲ့လေသည်။
သို့သော်လည်း သူ့ကြီးထွားနှုန်းက မြန်လွန်းတာကြောင့် ခဏ ခဏ အဝတ်လဲရသည်။ သူ့အင်္ကျီ အများစုကို ဝတ်တောင် မဝတ်ရသေးခင်မှာပဲ သူနှင့် မတော်တော့တဲ့ အနေအထားကို ရောက်သွား၏။
အရင်တုန်းကလိုသာဆိုရင် ဟောက်ချန်ဟွမ်း အဲ့ဒါကို မြင်တဲ့အခါ သူမကို နောက်ထပ် ကလေး နှစ်ယောက်လောက် ထပ်ယူဖို့ သေချာပေါက် တောင်းဆိုပါလိမ့်မည်။
ဒါပေမဲ့ ချင်ရွှယ်ရူ ဘယ်လောက်တောင် ခက်ခဲပင်ပန်းစွာ ကလေးမွေးခဲ့ရတယ် ဆိုတာကို မြင်ပြီးနောက်မှာတော့ ဟောက်ချန်ဟွမ်းက “ ကြိုဝယ်ထားတဲ့ အဝတ်တွေကို ကိုယ်တို့ကလေး နှစ်ခါ ၊ သုံးခါလောက်ပဲ ဝတ်လိုက်ရတယ် ဆိုရင်တောင် အဲ့အဝတ်တွေကို မင်း သိမ်းထားလို့ ရတာပဲ။ ရှောက်ယန် .. ဒါမှမဟုတ် မင်းရဲ့ အခင်ဆုံး သူငယ်ချင်း အိမ်ထောင်ကျပြီးတော့ ကလေးတွေ ဘာတွေ ရှိလာရင် သူတို့ကို ပေးလိုက်လို့လည်း ရတယ်။ ” ဟု ပြောခဲ့သည်။
စကားဝိုင်းထဲ ဆွဲထည့်ခံလိုက်ရတဲ့ လူပျိုလေး သုံးယောက်ဟာ ရုတ်တရက်ပဲ ကျောချမ်းသွားကြ၏။
စုယန်ယန်ကလည်း ဒီတိုင်း ဘာရယ်မဟုတ် ပြောလိုက်တာ ဖြစ်သည်။ သူမလည်း သူမအမေရဲ့ စိတ်အားထက်သန်မှုကို မလျော့ကျစေချင်ပါ။
စုယန်ယန်အပြင် လင်းရှောင်ချီးကလည်း သူတို့ဆီ မကြာခဏ လာလည်တတ်သည်။ ချင်ဖန်သဲ့ကို C မြို့တော်သို့ ပြန်ပို့ပြီးနောက် သူမ အလုပ်ပြန်သွားခဲ့ပေမဲ့ အိမ်တော့ မပြောင်းခဲ့ပေ။ ပုံမှန်ဘဝကို ပြန်ရောက်သွားတဲ့ လင်းရှောင်ချီးက အလုပ်သွားတဲ့ အချိန် သွားလိုက် ၊ နားရက်မှာ အိမ်က ခွေးပေါက်လေးတွေကို ဂရုစိုက်လိုက်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။
လင်းရှောင်ချီး နေတဲ့ နေရာနှင့် သူတို့အိမ်နှင့် သိပ်မဝေးတာမို့ စုယန်ယန်က ဟောက်ချန်ဟွမ်းနှင့် ခဏတဖြုတ် လမ်းလျှောက်ထွက်တဲ့အခါ ခွေးလေးတွေကို ကြည့်ဖို့ သူမရဲ့ အိမ်ကို သွားလည်တတ်သည်။
757 02
အခုတော့ သူမလည်း ကိုယ်ဝန် နေ့စေ့လစေ့ကြီး ဖြစ်နေပြီမို့ လင်းရှောင်ချီးရဲ့ အိမ်ကို သွားလည်ဖို့ အဆင်မပြေတော့၍ လင်းရှောင်ချီးကပဲ ခွေးပေါက်လေးတွေကို ခေါ်ပြီး သူမဆီ ရောက်,ရောက်လာတတ်သည်။
“ တစ်ကောင် ၊ နှစ်ကောင် ၊ သုံးကောင် … အယ် ၊ နောက်ထပ် တစ်ကောင်က ဘယ်ရောက်သွားတာလဲ။ ”
အိမ်ထဲကို လင်းရှောင်ချီး ဝင်လာသည်နှင့် စုယန်ယန်က ခွေးပေါက်လေးတွေကို ကြည့်ဖို့ မစောင့်နိုင်တော့ပါ။
သူမ သေချာ ကြည့်လိုက်တော့ ဟွားဟွားအပြင် ဟွားဟွားပေါက်စလေးရယ် ၊ သွမ်းသွမ်းပေါက်စလေးရယ်သာ ရှိကြောင်း သတိထားမိသွား၏။ ပျောက်နေတဲ့ တစ်ကောင်က နောက်ထပ် သွမ်းသွမ်းပေါက်စလေး တစ်ယောက်။
“ အဟမ်း … ” လင်းရှောင်ချီးက ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ သူမရဲ့ မျက်လုံးတွေက ဝေ့လည်ကြောင်ပတ် ဖြစ်နေခဲ့ပြီး သူမ မလုံမလဲ ဖြစ်နေတာ သိသာပါသည်။
“ ငါ ပြီးခဲ့တဲ့ နှစ်ရက် ၊ သုံးရက်တုန်းက အလုပ်ကိစ္စနဲ့ ခရီးသွားတာကို မှတ်မိသေးလား။ အဲ့တုန်းက ခွေးပေါက်လေးကို အိမ်မှာ ဒီတိုင်း ထားခဲ့ရမှာ စိုးရိမ်တာနဲ့ ငါ မရှိတဲ့ကြားထဲ သူတို့ကို ဂရုစိုက်ပေးဖို့ လူ တစ်ယောက်ကို အကူအညီတောင်းခဲ့တယ်။ ငါ ပြန်ရောက်လာတော့ အဲ့တစ်ယောက်က ခွေးပေါက်လေး တစ်ကောင်ကို အရမ်း ချစ်လို့ ဆိုပြီး သူ့ကို ပေးဖို့ ငါ့ကို တောင်းတောင်းပန်ပန်နဲ့ တောင်းတော့တာပဲ။ အဲ့ဒါနဲ့ ငါလည်း … သူ့ကို ပေးလိုက်တယ်။ ”
“ နင် သူ့ကို ပေးလိုက်တယ် … ဟုတ်လား။ ” စုယန်ယန် ထိတ်လန့်သွားသည်။ သက်သေ အတိအကျ မရှိပေမဲ့ သူမ မသိသေးတဲ့ တစ်စုံတစ်ခု ရှိလိမ့်မည်ဟု ဘာ့ကြောင့်ရယ်မသိ ခံစားနေရသည်။
လင်းရှောင်ချီးကလည်း ထိုခွေးပေါက်လေးတွေကို သူမထက် မလျော့ဘဲ ချစ်တာပါ။ သူတို့လေးတွေရဲ့ အဖေက သွမ်းသွမ်း ဖြစ်နေလို့သာ လင်းရှောင်ချီးက ခွေးပေါက်လေး တစ်ကောင်ကို သူမဆီ ပေးဖို့ အင်တင်တင်နှင့် သဘောတူခဲ့တာ ဖြစ်သည်။
ဒါပေမဲ့ အခုတော့ ဘယ်ကမှန်းမသိတဲ့ လူက ရုတ်တရက်ကြီး ပေါ်လာပြီးတော့ သူမတောင် တစ်ကောင်မှ မယူရသေးခင်မှာ ခွေးပေါက်လေး တစ်ကောင်ကို ယူသွားပြီတဲ့လား … ။
“ နင် ဘယ်သူ့ကို ပေးလိုက်တာလဲ။ ”
++++++