← Chapters

အခန်း ၇၅၉

Vol. 51 Ch. 759

အခန်း ၇၅၉

Vol. 51 Ch. 759

759 01

အခန်း ( ၇၅၉ ) ဆက်ပြော။

လင်းရှောင်ချီးကတော့ စုယန်ယန်ရဲ့ အမူအရာတွေကို သတိမထားမိပေ။ စကားတွေ အများကြီး ပြောပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် ခါတိုင်းလို မဟုတ်မှန်း သဘောပေါက်သွားကာ အနည်းငယ် ရှက်သွေးဖြာသွားပြီး နျဉ်စစ်ယွမ်အကြောင်း ထပ်မပြောတော့။

ဒါပေမဲ့ ကံမကောင်းစွာဖြင့် နောက်ကျသွားပါပြီ။

စုယန်ယန်က တုံးအတဲ့ လူမျိုး မဟုတ်ပါ။ နျဉ်စစ်ယွမ်ကို လင်းရှောင်ချီ တစ်ယောက် တော်တော်လေး အကောင်းမြင်နေတယ် ဆိုတာကို သတိမထားမိဘဲ‌နေမတဲ့လား။

စုယန်ယန် နည်းနည်းလေး မကျေမနပ် ဖြစ်နေခဲ့သော်လည်း လင်းရှောင်ချီးရဲ့ အမြင်ကို လေးစားသောအားဖြင့် ဘာမှ ထွေထွေထူးထူး ပြန်မပြောဖြစ်။

ဟောက်ချန်ဟွမ်းက ဟွားဟွားနှင့် ခွေးပေါက်လေး နှစ်ကောင်ကို ခေါ်လာတဲ့ လင်းရှောင်ချီးကို မြင်သွားသည်။ စုယန်ယန် မကြာခင် ကလေးမွေးတော့မှာမို့ သူ သွမ်းသွမ်းကို ဘယ်လိုမှ မတတ်နိုင်ဘဲ လျစ်လျူရှုထားခဲ့ရသည်။

အဲ့ဒါကြောင့် ထိုခွေးလေးက အခုတလော အရမ်း ဒေါသကြီးလာသည်။ စုယန်ယန် ကိုယ်ဝန်ရှိခါစကတည်းက ဟောက်ချန်ဟွမ်းက စုယန်ယန်အား သွမ်းသွမ်းကို ချီခွင့်မပေးတော့တာမို့ သွမ်းသွမ်းကလည်း သူတို့ကို ထပ်တူထပ်မျှပင် တန်ပြန် လျစ်လျူရှုထားခဲ့သည်။

ကလေးမွေးလာရင် ဘာတွေ ဖြစ်မလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ အကောင်းဆုံးကတော့ …

“ သွမ်းသွမ်းက ဟွားဟွားနဲ့ သူ့ကလေးတွေကို လွမ်းလို့ အခုတလော တော်တော်လေး စိတ်အခြေအနေမကောင်းဘူး။ ဒီအတိုင်းသာ ဆက်နေရင် သူ စိတ်ကျရောဂါ ရသွားမှာကို ကိုယ် စိုးရိမ်တယ်။ ”

စုယန်ယန်က ခင်ပွန်းဖြစ်သူကို ‘ ခွေး တစ်ကောင်က စိတ်အခြေအနေမကောင်းတဲ့ အချိန်မှာ စိတ်ကျရောဂါ ရနိုင်တယ် ဆိုတာကို ရှင် ဘယ်အချိန်တုန်းက နားလည်သွားတာလဲ ’ ဟု ပြောနေသလို အကြည့်ဖြင့် တအံ့တဩ ကြည့်လိုက်မိသည်။

လင်းရှောင်ချီး မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်သွားပြီး မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားလိုက်ရ၏။

သွမ်းသွမ်းက ဟွားဟွားကို ဒီရက်ပိုင်းအတွင်း ဘယ်လောက်တောင် လွမ်းနေခဲ့ရကြောင်း ပြောရင်း ၊ မရပ်မနား တဝုတ်ဝုတ် ဟောင်ရင်း အလုပ်ရှုပ်နေခဲ့သည်။

မျှော်လင့်မထားစွာဖြင့် သူ့နာမည်ကို တစ်ယောက်ယောက် ပြောတာ ကြားလိုက်ရ၍ ဆတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်လျှင် သူကို လှမ်းကြည့်နေတဲ့ လူ သုံးယောက်ရဲ့ စူးစမ်းသော အကြည့်တို့ဖြင့် အကြည့်ချင်း ဆုံသွားလေသည်။

သူ့ခွေးအဖေ ပြောတဲ့ စိတ်ကျရောဂါ ဆိုတာကို သိပ်နားမလည်ပေမဲ့ သူ အခုတလော တက်တက်ကြွကြွ မရှိတာ အမှန်ပင်။

သွမ်းသွမ်းသည် ရုတ်တရက်ပဲ ဝမ်းနည်းကြေကွဲစွာ သံရှည်ဆွဲ၍ ဆွေးဆွေးမြည့်မြည့် အူလိုက်ကာ မြေကြီးပေါ်မှာ အရုပ်ကြိုးပြတ် လှဲချလိုက်၏။ ကူကယ်ရာမဲ့ အားနည်းနေတဲ့ သနားစရာ ပုံစံလေးပေါက်အောင် သူ့ခေါင်းကို လက် နှစ်ဖက်ဖြင့် အုပ်ထားဖို့လည်း မမေ့လျော့ခဲ့ပေ။

စုယန်ယန် : “ … ”

လင်းရှောင်ချီး : “ … ” နင့်ခွေးက တကယ့်ကို ဒရာမာကင်းပဲ။

ဟောက်ချန်ဟွမ်းက ဆက်ပြောသည်။ “ သူက အိမ်ကနေ ထွက်ပြေးပြီးတော့တောင် သွမ်းသွမ်းကို ရှာချင်နေခဲ့တာ ၊ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ရဲ့ ဝတုတ်နေတဲ့ ခန္ဓာကိုယ်လေးကြောင့် ခြံထဲက သူ တူးထားတဲ့ တွင်းလေးထဲမှာ ညှပ်နေတယ်လေ။ ငါတို့ သူ့ကို မနည်း ပြန်ထုတ်ခဲ့ရတာ။ ”

တိတိကျကျ ပြောရလျှင်တော့ ထိုကိစ္စ ဖြစ်ခဲ့တာ အချိန် တချို့ ကြာခဲ့ပါပြီ။ ဟောက်ချန်ဟွမ်း လိမ်ပြောနေတာ မဟုတ်ပါ။

အိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားဖူးပေမဲ့ မအောင်မြင်ခဲ့တဲ့ သွမ်းသွမ်း : “ … ” အဲ့လို ရှက်စရာအတိတ်ကို နောက်ကြောင်းပြန်ဖော်စရာ မလိုဘူးလေ။ ငါ့ယောက္ခမတွေရှေ့မှာ ငါ့သိက္ခာကို နည်းနည်းပါးပါး အဖတ်ဆယ်ပေးလို့ မရဘူးလား။

လင်းရှောင်ချီးက ခွေးလေးကို အံ့ဩစွာ ငုံ့ကြည့်လိုက်ချိန်မှာ စုယန်ယန်ကတော့ ခင်ပွန်းဖြစ်သူကို နားလည်ရခက်တဲ့ အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမရဲ့ ဖောက်ထွင်းဝင်တော့မလို ထင်ရတဲ့ မျက်လုံးတွေက “ ဆက်ပြောလေ။ ရှင် ဘာဇာတ်လမ်းတွေ ဖန်တီးဦးမလဲ ဆိုတာ ကျွန်မ ကြည့်ချင်တယ်။ ” ဟု ပြောနေသလိုပဲ ဖြစ်သည်။

“ သူ့ရဲ့ အိမ်ကနေ ထွက်ပြေးမဲ့ အစီအစဉ် ကျရှုံးသွားလို့ အိမ်ပြန်လာခဲ့ရတဲ့နောက်ပိုင်း တမှိုင်မှိုင် တတွေတွေနဲ့ သုံး ၊ လေးရက်လောက် ဘာမှ မစားဘူး။ တော်တော် ကြာတော့မှ အရမ်း ဗိုက်ဆာလာလို့ ထင်တယ် ၊ တစ်လုတ် နှစ်လုတ်လောက် ထစားတယ်။ သူ့ကို ကြည့်လိုက်ပါဦး ၊ အစာအငတ်ခံပြီး ဆန္ဒပြနေရလို့ တော်တော်လေးတောင် ပိန်လာပြီ။ ”

ဘောလုံး တစ်လုံးလို ဝကစ်နေတဲ့ သူ့ခန္ဓာကိုယ်လေးကို လျစ်လျူရှုခံလိုက်ရတဲ့ သွမ်းသွမ်း : “ … ”

စုယန်ယန်နှင့် လင်းရှောင်ချီး : “ … ” ရှင် မျက်လုံးကြီး ပြူးနေအောင် ဖွင့်ထားရင်သားနဲ့ ‌ဗြောင်လိမ်နေရတာ အဆင်ရော ပြေရဲ့လား။

သူ့စကားထဲက ယုံချင်စရာမကောင်းတဲ့ ဟာကွက်တွေကို ဟောက်ချန်ဟွမ်းကိုယ်တိုင်လည်း သတိထားမိပုံပေါ်သည်။ သူ သွမ်းသွမ်းကို စိတ်ပျက်ပျက် တစ်ချက် ကြည့်လိုက်သည်။

759 02

အဝလွန်နေတဲ့ သွမ်းသွမ်း “ ??? ” အဲ့တော့ အကုန်လုံးက အစား အများကြီး စားမိတဲ့ ငါ့အပြစ်တွေပေါ့ … ။

ဘေးကနေ ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့တဲ့ စုယန်ယန်က ခင်ပွန်းဖြစ်သူဘက်က ဝင်ကူလိုက်၏။ “ သွမ်းသွမ်းကို အဲ့လို မကြည့်ပါနဲ့။ တကယ်တော့ သူ့ခန္ဓာကိုယ်လေးကိုက အစကတည်းက လုံးလုံးလေး ဖြစ်နေတာ။ ကြည့်လိုက်ရင် အမွှေးတွေ ဖုံးနေလို့သာ ဝတယ်လို့ ထင်ရတာ။ နင် ချီကြည့်ရင် ပေါင်ချိန်က ဘယ်လောက်မှ မရှိဘူး။ ”

“ ??? ” နင် ဘယ်သူ့ကို လာအရူးလုပ်နေတာလဲ။ ငါက နင့်အမြင်မှာ ငတုံးနဲ့ တူနေလို့လား။

လင်းရှောင်ချီးရဲ့ နှုတ်ခမ်းတွေ အနည်းငယ် မဲ့ရွဲ့သွားသည်။ “ ဒါဆို နင် ပြောချင်တာက … ”

“ အစာ မစားတော့ သူ့ကို ဘာမှ လုပ်ပေးလို့ မရဘူး။ ယန်ယန်ကလည်း ကလေးမွေးဖို့ တစ်လကျော်လောက်ပဲ လိုတော့တာ ဆိုတော့ ငါတို့မှာ သူ့ကို စိတ်ချမ်းသာအောင် ဂရုစိုက်ပေးဖို့ အချိနိမရှိတော့ဘူး။ ငါတို့ သူ့ကို မင်းနဲ့ ထည့်ပေးလိုက်ရင်ရော ဘယ်လိုလဲ။ သူ့ဘေးမှာ ဟွားဟွား ရှိနေရင် သူ့စိတ်အခြေအနေလည်း ပြန်ကောင်းလာလိမ့်မယ် ၊ အကုန်လုံးအတွက်လည်း ပိုအဆင်ပြေသွားလိမ့်မယ်။ ”

++++++

All Chapters