အခန်း ၇၆၀
Vol. 51 Ch. 760
760 01
အခန်း ( ၇၆၀ ) ကျွန်မနဲ့ အမျိုးတော်ရမယ်လို့ အပိုင်တွက်ထားတဲ့ ယောင်းမလောင်းလေးကို သူများ လုယူသွားပြီ။
ဟောက်ချန်ဟွမ်းရဲ့ စကားဆုံးသည်နှင့် မြေကြီးပေါ်မှာ လှဲချကာ သေချင်ယောင်ဆောင်နေတဲ့ ခွေးလေးသည် အားဆေးတွေ အထိုးခံလိုက်ရသလို ချက်ချင်းပဲ ခေါင်းထောင်လာခဲ့၏။ သူလေးက ထောက်ခံကြောင်း ဖော်ပြသည့်အနေဖြင့် နှစ်ခါ ၊ သုံးခါလောက်လည်း ပျော်ရွှင်စွာ ဟောင်လိုက်သေးသည်။
စုယန်ယန်နှင့် လင်းရှောင်ချီးမှာ ပြောစရာစကားပင် မရှိတော့ပါ။ သူတို့လည်း အစကတည်းက သူ့ကို ပို့ပေးချင်နေပေမဲ့ သူကိုယ်တိုင်ကိုက အသည်းအသန် ထွက်သွားချင်နေတာ နည်းနည်းတော့ ဝမ်းနည်းစရာကောင်းရဲ့။ မိန်းမရတာနဲ့ ကိုယ့်အမေကို မေ့သွားတဲ့ သားမိုက်။
လင်းရှောင်ချီး : “ … ” နင် ဘယ်လောက်တောင် တက်ကြွနေလဲ ကြည့်လိုက်ပါဦး ၊ နင့်ကို ကြည့်ရတာ စိတ်ဓာတ်ကျပြီး အစား ကောင်းကောင်း မစားနိုင်တဲ့ ခွေးနဲ့လည်း မတူပါဘူး။
“ အဟမ်း ၊ ချန်ဟွမ်း ပြောတာ တရားနည်းလမ်းကျတယ်။ သွမ်းသွမ်းနဲ့ ဟွားဟွားက အစကတည်းက တစ်ယောက်ကို တစ်ယောက်ကို သိပ်ချစ်ကြတာလေ။ ဟွားဟွား ဒီသုံးကောင်ကို မွေးပြီးတဲ့နောက်ပိုင်း သွမ်းသွမ်းနဲ့ သူတို့နဲ့ အတူတူ နေရတာလည်း မရှိသလောက်ပဲ။ ငါက ကလေးမွေးပြီးသွားရင် အချိန် တစ်ခုလောက်ထိ နားရဦးမှာ။ အဲ့အချိန်ကျရင် ငါ့မိသားစုကလည်း ငါနဲ့ ငါ့ကလေးကိုပဲ ဂရုစိုက်ပေးနေမှာ ဆိုတော့ သူ့ကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်တာ သေချာတယ်ရယ်။ ”
“ နင် သူ့ကို အချိန် တစ်ခုလောက်ထိ ခေါ်ထားပေးမယ် ဆိုရင် ငါလည်း စိတ်ချလက်ချ ဖြစ်သွားမှာ။ ပြီးတော့ နင့်အိမ်မှာ ခေါ်ထားတဲ့ အချိန် အရင်တုန်းကလိုတွေ ပြန်ဖြစ်မှာ စိတ်ပူစရာ မလိုဘူးနော်။ ဘာလို့လဲ ဆိုတော့ … ”
“ … ” မိန်းမနဲ့ ကလေးတွေရှေ့မှာ အားကိုးချင်စရာ ခင်ပွန်း တစ်ယောက် ၊ အဖေ တစ်ယောက် မဟုတ်တော့တဲ့ သွမ်းသွမ်းသည် ရင်ဝကို ဆောင့်ကန်ခံလိုက်ရသလို ဆို့နင့်သွားလေသည်။
“ …. ” စကားတွေ အများကြီး ရှည်ရှည်ဝေးဝေး လျှောက်ပြောနေလည်း လိုရင်းက သူမကို အဲ့ခွေးကောင်လေးကို အချိန် တစ်ခုလောက်ထိ အိမ်မှာ ခေါ်ထားပြီး ဂရုစိုက်ပေးစေချင်တာမို့လား။
လင်းရှောင်ချီးက စုယန်ယန်ကို တစ်လှည့် ၊ သွမ်းသွမ်းကို တစ်လှည့် ကြည့်လိုက်ပြီးနောက် သူ့သမီးကိုပဲ ဆုံးဖြတ်ခွင့်ပေးလိုက်တော့သည်။
ဟွားဟွားက လင်းရှောင်ချီးရဲ့ ပေါင်ပေါ်ကို ပျင်းရိစွာ တွယ်တက်လာရင်း သွမ်းသွမ်းကို ခပ်တည်တည် တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမအကြည့်ထဲမှာ အထင်သေးမှုတွေ ရှိနေရင်တောင် အဆုံးသတ်မှာတြော လင်းရှောင်ချီးရဲ့ လက်ကို ပုတ်ပြီး သဘောတူခိုင်းလိုက်၏။
လင်းရှောင်ချီး စိတ်ထဲကနေပဲ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူမရဲ့ သမီးလေးတောင် အရွယ်ရောက်လာခဲ့ပြီပဲ။ ဘာပဲပြောပြော ခွေး တစ်ကောင်ကို ထပ်ဂရုစိုက်ပေးရတာလည်း ထွေထွေထူးထူး အလုပ်ရှုပ်မှာ မဟုတ်တာမို့ သဘောတူလိုက်ပြီး သွမ်းသွမ်းနှင့်အတူ ခွေးစာဘူးလေးတွေကိုပါ အိမ်ခေါ်လာခဲ့လိုက်သည်။
စုယန်ယန်က ထွက်ခွာသွားတဲ့ လင်းရှောင်ချီးနှင့် ခွေးပေါက်လေး နှစ်ကောင်ကို ငေးကြည့်ရင်း ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲကို တိုးဝင်ကာ သက်ပြင်းရှိုက်လိုက်သည်။
သူမရဲ့ စိတ်ကို နားလည်တဲ့ ဟောက်ချန်ဟွမ်းကတော့ တခြားလူဆီ ရောက်သွားတဲ့ ခွေးပေါက်လေးကြောင့် သူမ ဝမ်းနည်းနေမှန်း သိပါသည်။ “ ဝမ်းမနည်းနဲ့နော်။ မင်းရဲ့ စိတ်အခြေအနေ မကောင်းရင် အဲ့ဒါက ကလေးကိုပါ ထိခိုက်စေလိမ့်မယ်။ လင်းရှောင်ချီးမှာ ခွေးပေါက်လေး နှစ်ကောင် ရှိပါသေးတယ်။ တကယ်လို့ မင်း မကြိုက်ရင်လည်း ကိုယ်တို့ နောက်တစ်ကောင် ထပ်ရှာလို့ ရတယ်။ ”
760 02
စုယန်ယန်ရဲ့ ဝမ်းနည်းမှုတွေက အပြည့်အဝ ပျောက်ကွယ်သွားတာတော့ မဟုတ်။ သူမ ငိုမဲ့မဲ့လေးဖြင့် အင့်ခနဲ တစ်ချက် ရှိုက်လိုက်သည်။ “ ကောက်ကောက်လေး သူများလက်ထဲ ရောက်သွားလို့ ကျွန်မ ဝမ်းနည်းနေတယ်လို့ ရှင် ထင်နေတာလား။ သေချာပေါက် အမျိုးတော်ရတော့မယ်လို့ အပိုင်တွက်ထားတဲ့ ယောင်းမလောင်းလေး သူများလက်ထဲ ပါသွားလို့ ကျွန်မ ဝမ်းနည်းနေတာ။ ”
“ ယောင်းမလောင်းလေး … ဟုတ်လား။ ” ဟောက်ချန်ဟွမ်း အေးခဲသွားသည်။ အဲ့ဒါ ဘာသဘောလဲ။
“ အင်း။ ”
ဟောက်ချန်ဟွမ်းသည် စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ စုယန်ယန် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားကာ လင်းရှောင်ချီထွက်ခွာသွားတဲ့ နေရာကို လက်ညိုးထိုးပြီး မေးလိုက်မိသည်။ “ မင်းက သူ့ကို ပြောနေတာလား။ ”
“ ဟုတ်တယ်။ ”
“ မင်းက သူ့ကို မင်းအစ်ကိုနဲ့ နေရာချပေးချင်နေတာလား။ ”
“ အင်း။ ” စုယန်ယန်က စကားဆက်မပြောချင်တော့လောက်အောင် ဝမ်းနည်းလွန်း၍ ဟောက်ချန်ဟွမ်းရဲ့ ခါးကို ပွေ့ဖက်ထားလိုက်သည်။
လင်းရှောင်ချီးကို သူမရဲ့ အစ်ကိုနှင့် အမှန်တကယ်ပဲ နေရာချပေးချင်ခဲ့တာပါ။ ပြောရရင် သူတို့က တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိသည်။ လင်းရှောင်ချီးကို အရင်ဘဝတုန်းကလိုမျိုး မကောင်းတဲ့ အမှိုက်ကောင် တစ်ကောင်ဆီမှာ ဒုက္ခမရောက်စေချင်သလို အစ်ကိုဖြစ်သူကိုလည်း အနာဂတ်မှာ မိန်းမလည် တစ်ယောက်နှင့် မတော်တဆ လက်ထပ်မိတာမျိုး မဖြစ်စေချင်ပေ။
သူမ ထိုအကြောင်းကို အရင်တုန်းက နည်းနည်းပါးပါး စကားစဖူးပေမဲ့ လင်းရှောင်ချီးက ကြင်ဖက်တွေ့ဖို့ စိတ်ဝင်စားပုံ သိပ်မပြတာကြောင့် ခဏ ငြိမ်နေခဲ့ရတာ ဖြစ်သည်။
အစတုန်းက သူမ ကလေးမွေးပြီးသွားရင် သူမတူလေးရဲ့ တစ်လပြည့် မွေးနေ့လိုမျိုး ပွဲလေး တစ်ခု ကျင်းပဖို့ စီစဉ်ထားခဲ့တာပင်။ ထိုပွဲမှာ လူတွေ အများကြီး မဖိတ်ဘဲ ရင်းနှီးတဲ့ သူငယ်ချင်း ၊ ဆွေမျိုးတွေလောက်ကိုပဲ ဖိတ်မည်။
သူမရဲ့ အစ်ကိုနှင့် လင်းရှောင်ချီးတို့ တွေ့တဲ့အခါ တစ်ယောက်ကို တစ်ယောက် ကောင်းမွန်ကြည်လင်တဲ့ သဘောထား တစ်ခု ရှိသွားရင် အကောင်းဆုံးပါပဲ။ သူတို့ နှစ်ယောက် အဆင်မပြေလျှင် သူမလည်း သူမရဲ့ စိတ်ကူးကို စောစောစီးစီး လက်လျှော့လိုက်လို့ ရသည်။
သို့သော်လည်း သူမ ဘာမှ မလှုပ်ရှားရသေးခင်မှာပဲ တစ်စုံတစ်ယောက်က သူမထက်အရင် လက်ဦးမှု ရယူသွားခဲ့ပါပြီ။ အဲ့တော့ စုယန်ယန် စိတ်ဓာတ်ကျတာ အဆန်း မဟုတ်ပါ။
စုယန်ယန်က လင်းရှောင်ချီးကို စုယွီရွှမ်းနှင့် မိတ်ဆက်ပေးချင်တာကို ဟောက်ချန်ဟွမ်း နားလည်ပေမဲ့ သူမ ပြောတဲ့ “ ကျွန်မရဲ့ အပိုင်တွက်ထားတဲ့ ယောင်းမလောင်းလေးကို သူများ လုယူသွားပြီ။ ” ဆိုတဲ့ စကားကိုတော့ သိပ်နားမလည်နိုင်ပါ။
“ သူနဲ့ လူကြီးမင်းနျဉ်က အခုထိ မတွဲသေးဘူး မဟုတ်ဘူးလား။ မင်းအစ်ကိုအတွက် လုံးဝကြီး ဖြစ်နိုင်ချေ မရှိတာတော့ မဟုတ်ပါဘူး။ ”
++++++