အခန်း ၇၆၁
Vol. 51 Ch. 761
761 01
အခန်း ( ၇၆၁ ) ယောက်ျား တစ်ယောက်ရဲ့ ပါးစပ်။
လင်းရှောင်ချီး တစ်ယောက် နျဉ်စစ်ယွမ်အကြောင်း ပြောနေချိန်တုန်းက ဟောက်ချန်ဟွမ်း မရှိခဲ့ပါ။
စုယန်ယန်က သက်ပြင်း တစ်ချက် ရှိုက်ရင်း ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ရှင်းပြလိုက်သည်။
“ မင်း ပြောချင်တာက သူနဲ့ နျဉ်စစ်ယွမ်က … ” ဟောက်ချန်ဟွမ်း မျက်မှောင်ကြုတ်မိသွားသည်။ “ မဖြစ်နိုင်တာပဲ။ ”
စုယန်ယန်က သူ့ကို အပြစ်တင်ချင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ အဲ့ဒါတွေကို ရှင် နားလည်မှာ မဟုတ်ပါဘူး။ ”
ဟောက်ချန်ဟွမ်း : “ ??? ”
“ အဲ့ဒါကို မိန်းကလေးတွေရဲ့ ဆဌမအာရုံလို့ ခေါ်တယ် ၊ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ တစ်ခုခုကို ခံစားရရင် အဲ့ခံစားချက်က အမြဲတမ်းနီးပါး မှန်လေ့ရှိတယ်။ ”
ဟောက်ချန်ဟွမ်း ရယ်ရမလား ၊ ငိုရမလား မသိတော့ပါ။ သူမကို စနောက်ချင်စိတ်အား ထိန်းချုပ်မရတော့ဘဲ စနောက်လိုက်မိသည်။ “ ဒါဆို ကိုယ့်ကိုရော မင်းရဲ့ လက်တွဲဖော် ဖြစ်လာမယ်လို့ မင်းရဲ့ ဆဌမအာရုံနဲ့ ဟိုးအရင်ကတည်းက ကြိုသိနေခဲ့တာလား။ ”
စုယန်ယန် အံ့ဩသွား၏။ သူမ စကားပြောနေစဉ်မှာ စနောက်ခံရလိမ့်မည်ဟု မျှော်လင့်မထားပေ။ ဘာမှ ပြန်မပြောနိုင်ဘဲ ခဏလောက် ကြောင်အနေပြီးမှ “ အမှန်အတိုင်း ဝန်ခံရရင် အဲ့ဒါကိုတော့ ကျွန်မ ကြိုမသိခဲ့ဘူး။ မိန်းကလေး တစ်ယောက်ရဲ့ ဆဌမအာရုံက သူ့ကို ဘယ်သူတွေ အတင်းပြောနေလဲ ဆိုတာရယ် ၊ သူ့ယောက်ျားက သူ့အပေါ် ဖောက်ပြန်နေလား ဆိုတာရယ်ပဲ ပိုအာရုံခံလို့ ရတာ။ တစ်နေ့ကျ ရှင် ကျွန်မအပေါ် ဖောက်ပြန်ခဲ့ရင် ကျွန်မရဲ့ ဆဌမအာရုံနဲ့ ရှင့်အလိမ်အညာတွေကို ချက်ချင်း တန်းသိမှာပဲ။ ”
“ ဒါဆို ကိုယ် ပိုသတိထားရတော့မှာပေါ့။ ”
ထိုစကားကို ကြားတော့ စုယန်ယန် မျက်လုံးပြူးသွားကာ ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲ ဝင်ထိုင်ရင်း ဒေါသတကြီး ပြောလိုက်၏။ “ ကောင်းပြီလေ။ အဲ့ဒါဆိုရင် ရှင်က ကျွန်မကို တကယ် လိမ်ချင်နေတာပဲ။ ”
စုယန်ယန်သည် ထိုသို့ ပြောပြီးနောက် ဟောက်ချန်ဟွမ်းကို ကလိထိုးဖို့ ဟန်ပြင်လိုက်၏။
ဟောက်ချန်ဟွမ်းက သူမ သူ့ကို ဝင်တိုက်မိမှာ စိုးရိမ်၍ မရုန်းကန်ရဲဘဲ သူမကို စိတ်တိုင်းကျ လုပ်ခွင့် ပေးထားရလေသည်။
ကံကောင်းစွာဖြင့် စုယန်ယန်က နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနှင့်မို့ ခဏကြာတော့ ပင်ပန်းလာပြီး ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲကို ဟောဟဲဆိုက်လျက် မှီနွဲ့လိုက်၏။
ဟောက်ချန်ဟွမ်းက သူမကို နမ်းရင်း အသံတိုးတိုးလေးဖြင့် ချော့မော့လိုက်သည်။ “ ကိုယ် မင်းကို ဘယ်တော့မှ မလိမ်ပါဘူး။ ”
“ ဟွန်း ၊ ကျွန်မကတော့ ယောက်ျား တစ်ယောက်ရဲ့ ပါးစပ်ကို အယုံအကြည် မရှိဘူး။ ”
ဟောက်ချန်ဟွမ်း ဆွံ့အသွားရပါသည်။
စိတ်ဆိုးစိတ်ကောက်လွယ်တဲ့ အဆိုးအဆာ ဇနီးလေးကို ကိုင်တွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ သူမ ဘာစကားမှ မပြောနိုင်တော့တဲ့အထိ နမ်းလိုက်တာပါပဲ။
ဘော့စ်ဟောက်က ထိုနေရာမှာ အတော်လေး အတွေ့အကြုံရှိသည်။ ပြီးတော့ သူ့ဇနီးလေးက စိတ်ကောက်ချင်ဟန်ဆောင်နေခြင်းသာ ဖြစ်ပြီး သူ့ကို တကယ် ဒေါသထွက်နေတာ မဟုတ်ပါ။
စုန့်ယွင်ယွမ်ကို နိုင်ငံခြားပြန်ပို့ပြီးတဲ့နောက်ပိုင်းမှ စုယန်ယန်သည် ထိုအမျိုးသမီးဟာ ဓာတ်ပုံတွေ ပို့တာအပြင် တခြား ကိစ္စတွေကိုပါ လုပ်ခဲ့ကြောင်း သိခဲ့ရ၏။
သူမက စုယန်ယန်ကို ဓာတ်ပုံတွေ ပို့ခဲ့တဲ့အပြင် ဟောက်ချီဟန်ကိုပါ စုယန်ယန်မှာ ကိုယ်ဝန်ရှိနေကြောင်း သွားသတင်းပေးခဲ့ပါသည်။
ခက်ခက်ခဲခဲ ရလာခဲ့တဲ့ သူ့ရင်သွေးလေး ရုတ်တရက် ပျက်စီးသွားလို့ လပေါင်းများစွာကြာအောင် ဒေါသထွက် ဝမ်းနည်းနေခဲ့သော ဟောက်ချီဟန်သည် စုယန်ယန်မှာ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ သတင်းကို ကြားသောအခါ သွေးတွေ ဆူပွက်လာတဲ့အထိ ဒေါသထွက်သွားခဲ့လေသည်။
စုယန်ယန်ရဲ့ ကိုယ်ဝန်က မွေးခါနီး နေ့စေ့လစေ့ အနေအထားကို ရောက်နေကြောင်း သိလိုက်ရတော့ ဟောက်ချီဟန် ပိုလို့တောင် သံသယဖြစ်သွား၏။
761 02
သူ အသက်ကြီးခါမှ ကလေးလိုချင်နေတယ် ဆိုတာကို ဟောက်ချန်ဟွမ်း အရင်ကတည်းက သိနေတာများလား။ ဟောက်ချန်ဟွမ်းက သူ့ရဲ့ မွေးလာတော့မယ့် ကလေးအတွက် လမ်းရှင်းတဲ့အနေနဲ့ ရွှယ်ပိုင်လီကို ကိုယ်ဝန်ပျက်ကျအောင် လုပ်ခဲ့တာလား။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက တွေ့ကြုံခဲ့ရတဲ့ ထိုးနှက်ချက်တွေက ဟောက်ချီဟန်ရဲ့ စိတ်ကို ဆောက်တည်ရာမရ ဖြစ်စေသည်။ အခြေအမြစ်မရှိတဲ့ သံသယတွေကြားမှာ သူ့ကိုယ်သူ မနည်း စိတ်ဖြေသိမ့်ခဲ့ရပြီး တစ်ရက် ၊ နှစ်ရက်အတွင်းမှာပဲ ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်ဆီကို ရောက်ချလာခဲ့သည်။
စုယန်ယန် ကိုယ်ဝန်ရှိနေတဲ့အကြောင်းကို ဟောက်ချန်ဟွမ်း လူသိရှင်ကြား မကြေညာရတဲ့ အကြောင်းအရင်းက သူမ အနားယူနေတဲ့ အချိန်မှာ လူတွေ လာနှောင့်ယှက်တာမျိုး မဖြစ်စေချင်လို့ပင်။ ထို့ကြောင့် ဟောက်ချီဟန်ကိုလည်း အိမ်ထဲ ဝင်ခွင့်မပြုခဲ့ပါ။
ငြင်းပယ်ခံလိုက်ရတဲ့ ဟောက်ချီဟန်က ပိုလို့တောင် ဒေါသပေါက်ကွဲသွားသော်လည်း သူ့မှာ အရင်တုန်းကလောက် အာဏာမရှိတော့ပြီမို့ ဘာမှ လက်လွတ်စပယ် မလုပ်ရဲဘဲ ပါးစပ်ကနေ ဟောက်ချန်ဟွမ်းကို ကျိန်ဆဲရင်း လှည့်ထွက်လာခဲ့လိုက်သည်။
ရက်ပိုင်းလောက် နေတော့ ဟောက်ချီဟန်ကို ဒါရိုက်တာဘုတ်အဖွဲ့က အပြစ်တင်ပြီး ဥက္ကဌအဖြစ်က နှုတ်ထွက်ဖို့ ဖိအားပေးခဲ့တယ် ဆိုတဲ့ သတင်းကို စုယန်ယန် ကြားသိခဲ့ရသည်။ ဟောက်ကော်ပိုရေးရှင်းရဲ့ ဥက္ကဌ အသစ်က ဘယ်သူ ဖြစ်မလဲ ဆိုတာကိုတော့ တစ်ယောက်မှ မသိရသေးဘဲ အင်တာနက်တစ်ခွင် ပွက်လောရိုက်နေခဲ့ကြ၏။
“ ရုတ်တရက်ကြီး ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ ” စုယန်ယန်ကို ဘယ်လို တုံ့ပြန်ရမှန်း မသိတော့လောက်အောင်ပင် သတင်းတွေကို အံ့ဩစွာ ကြည့်နေမိသည်။
“ အစကတည်းက ဒီလို အဆုံးသတ်ဖို့ ကြိုစီစဉ်ထားတဲ့ ကိစ္စပါပဲ။ စီစဉ်ထားတဲ့ အချိန်ထက် နည်းနည်းလေး စောပြီး အဆုံးသတ်သွားတာပဲ ရှိတာ။ ”
“ နည်းနည်းလေး စောပြီး အဆုံးသတ်သွားတာ … ” စုယန်ယန်ရဲ့ စိတ်ထဲမှာ အတွေးစတွေ လင်းလက်သွားသည်။ “ ရှင် ဟောက်ရှောက်ဖုန်းဆီက သတင်းရထားတာလား။ ”
++++++