အခန်း ၇၆၂
Vol. 51 Ch. 762
762 01
အခန်း ( ၇၆၂ ) ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ ပြဿနာ။
“ ကိုယ် သတင်းရထားတာ ကြာပါပြီ။ ”
စုယန်ယန်က နားမလည်နိုင်စွာ မျက်ခုံးပင့်လိုက်သည်။ “ ဒါဆို ရှင် ဘာလို့ ဟောက်ချီဟန်ကို … စောစောစီးစီး မထုတ်ပယ်ခဲ့တာလဲ။ ”
“ … အင်း။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ပူထွက်နေတဲ့ ဗိုက်လေးကို လှမ်းကိုင်လိုက်သည်။ ဗိုက်ထဲက ကောင်ကလေးက တဖြည်းဖြည်းနှင့် ပိုကြီးထွားလာပြီး ပိုအဆော့သန်လာသည်။
အမေဖြစ်သူရဲ့ ဗိုက်ထဲမှာ ဆော့ရတာကို သဘောကျတဲ့ ကောင်လေးက စုယန်ယန်ကို ပင်ပန်းစေပါသည်။ သူ့ကို လာကိုင်တာ သူ့အဖေမှန်း သိလို့လား မပြောတတ် ၊ ဗိုက်ထဲက ကောင်လေးက တစ်ချက် လှုပ်သွားသည်။
ဟောက်ချန်ဟွမ်းက သူ့လက်ဖဝါးအောက်က လှုပ်ရှားမှု သေးသေးလေးကို ခံစားမိလျှင် မျက်လုံးထဲက အပြုံးတွေ ပီပြင်သွားလေသည်။ “ ကိုယ်တို့ သူ့ကို စောစောစီးစီး ထုတ်ပယ်လိုက်ရင် ကိုယ် အိမ်မှာ မင်းကို အဖော်လုပ်ပေးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။ ”
“ ??? ”
စုယန်ယန်က စက္ကန့် အနည်းငယ်လောက် ဆွံ့အနေပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားသည်။ ဟောက်ကော်ပိုရေးရှင်းက သူ့လက်အောက်က တခြား ကုမ္ပဏီတွေလို အိမ်ကနေ စီမံခန့်ခွဲလို့ ရတဲ့ ကုမ္ပဏီမျိုး မဟုတ်ပါ။
ဟောက်ချန်ဟွမ်းက ဟောက်ချီဟန်ကို လက်ရှိရာထူးကနေ အချိန်မရွေး ဆွဲချလို့ ရပေမဲ့ ဒါရိုက်တာဘုတ်အဖွဲ့က သူ့ကို ကူညီပေးနေရင်တောင် အဲ့ဒါက အကျိုးလိုလို့ ညောင်ရေလောင်းနေတာပါပဲ။ သူ့ဘက်ကနေ စိတ်ရင်းနှင့် ရပ်တည်ပေးနေတာ မဟုတ်။
ကုမ္ပဏီထဲက ဝန်ထမ်းတွေကိုတော့ စကားထဲ ထည့်ပြောနေစရာတောင် မလိုပေ။ ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်တွေရဲ့ လူအပြောင်းအလဲကြောင့် အောက်ခြေဝန်ထမ်းတွေ အကုန်လုံး ထိတ်လန့်သွားကြသလို ကုမ္ပဏီမှာ ဥပမာပေးသည့်အနေဖြင့် အကျင့်စာရိတ္တပျက်ပြားနေတဲ့ တချို့ ဝန်ထမ်းတွေကိုလည်း ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးရပါမည်။
ဟောက်ကော်ပိုရေးရှင်းဟာ လူတွေ မြင်တဲ့ အပေါ်ယံမှာ ဂယက်ရိုက်နေရုံသာမက လူမသိတဲ့ အတွင်းထဲမှာလည်း အုတ်အော်သောင်းတင်း ဖြစ်နေခဲ့လေသည်။
တကယ်လို့ ယုတ်မာကောက်ကျစ်လွန်းတဲ့ ဟောက်ချီဟန်သာ စုယန်ယန်ကို အနိုင်ကျင့်ဖို့ ရောက်မလာလျှင် ဟောက်ချန်ဟွမ်း သူ့ကို တော်တော်နှင့် အာရုံစိုက်နိုင်ဦးမှာ မဟုတ်ပေ။ အာရုံစိုက်လိုက်ရင် ဟောက်ကော်ပိုရေးရှင်းလို အရှုပ်ထုပ် ကုမ္ပဏီ တစ်ခုကို လက်လွှဲယူရရုံသာမက အချိန်တွေလည်း အလကား အကုန်ခံရလိမ့်မည်။
အခြေအနေကို နားလည်သွားချိန်မှာ စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွှတ်သွား၏။
ဟောက်ချန်ဟွမ်းသာ သူ့အမှားကြောင့် လူအထင်ကြီးစရာ အရှိန်အဝါကို ဆုံးရှုံးလိုက်ရပြီး တစ်ဖက်လူက သူ့ကို တော်တော်လေး အထင်သေးသွားပြီဖြစ်ကြောင်း သိသွားလျှင် သွေးအန်မိတဲ့အထိ ဒေါသထွက်သွားပါလိမ့်မည်။
စည်းကျော်လာပြီး ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ ဟောက်ချီဟန်အကြောင်း တွေးပြီးသောအခါ တစ်နေ့တုန်းက ဟောက်ရှောက်ဖုန်း ပြောခဲ့တဲ့ စကားကို ရုတ်တရက် ပြန်သတိရသွားသည်။ “ ရှင် ဟောက်ရှောက်ဖုန်းရဲ့ ဆန္ဒကို လိုက်လျောသင့်တယ်နော်။ ရှင့်မိဘတွေနဲ့ ပတ်သက်ပြီးတော့ …… ”
“ သူ အဲ့ကိစ္စကို လွယ်လွယ်နဲ့ ပြောပြလိမ့်မယ်လို့ မင်း ထင်လို့လား။ ”
စုယန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ တကယ်လို့ သူ့နေရာမှာသာ သူမ ဆိုရင်တော့ နောက်ဆုံးဖဲချပ်ကို လွယ်လွယ်နှင့် ထုတ်ပြမှာ မဟုတ်ပေ။ ဒါပေမဲ့လည်း အဲ့လိုသာ ဆိုရင် …
“ သူ အဲ့အကြောင်း လွယ်လွယ်နဲ့ ပြောပြမှာ မဟုတ်ဘူး ၊ အဖြစ်မှန်ကို ဘာမှ မသိဘဲနဲ့ လိမ်ပြောနေတာတောင် ဖြစ်နိုင်သေးတယ်။ မင်းကို သူ လှည့်စား ….. ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ခပ်တည်တည် ခပ်တင်းတင်း ဖြစ်သွားတဲ့ မျက်နှာလေးကို ကြည့်ပြီး သူ့ပါးစပ်ကို အရှိန်သတ်လိုက်သည်။
“ သူလည်း ကောင်းကောင်း နားလည်မှာပါ။ ” ဟောက်ချန်ဟွမ်းက သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ အဲ့ကိစ္စကို စိုးရိမ်မနေနဲ့။ ကိုယ့်မှာ သူ့ကို ထုတ်ပြောအောင် လုပ်ဖို့ နည်းလမ်း ရှိတယ်။ မင်း လုပ်ရမယ့် တာဝန်က ကောင်းကောင်း စားပြီး ကလေးကို ဂရုစိုက်ဖို့နဲ့ အမြဲတမ်း စိတ်ချမ်းသာအောင် နေဖို့ပဲ။ ”
စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ရင်း မကျေမနပ် ပြောလိုက်သည်။ “ သိပါတယ်။ ရှင် အဲ့စကားကို နေ့တိုင်း ပြောနေတာ ဘယ်နှခေါက် ရှိပြီလဲ။ ကျွန်မရဲ့ နားထဲမှာတောင် ကြားရပါများလွန်းလို့ အသားမာတက်တော့မယ်။ ”
762 02
သူမရဲ့ ဗိုက်က တဖြည်းဖြည်း တစ်နေ့တခြား ပူထွက်လာသည်နှင့်အမျှ ခင်ပွန်းဖြစ်သူဟာ သူမကို စိတ်ပူလွန်းလို့ ရူးတော့မလားတောင် ထင်ရသည်။ သူမကိုပဲ မျက်စိဒေါက်ထောက် လိုက်ကြည့်ပြီး အိမ်မှာ ပူညံပူညံ ပြဿနာရှာနေပုံမှာ ဝန်ထမ်းတွေတောင် စိတ်ညစ်ရလေသည်။
အပြစ်ပြောစရာ တစ်ခုခု ရှာတွေ့သွားသည်နှင့် ထိုအကြောင်းကိုပဲ အက်ကြောင်းထပ်မတတ် တတွတ်တွတ် ပြောလေ့ရှိပြီး တစ်ဖက်ကို မျက်နှာလှည့်လိုက်ရုံနှင့် သူ အခုလေးတင် ပြောခဲ့တဲ့ စကားတွေ အကုန်လုံးကို မေ့သွားကာ ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်လေရှိပါသည်။
သူ သူမကို စိတ်ပူနေမှန်း သိပေမဲ့လည်း သူ့ကို နားလည်အောင် ပြောဖို့ရာ နည်းနည်းလေး ရှက်ရွံ့မိသည်။ သူမက ကလေး မဟုတ်တော့ဘူးလေ။
ဟောက်ချန်ဟွမ်းကတော့ ပြုံးလိုက်ပြီး စုယန်ယန်ရဲ့ မကျေမနပ် စကားကို လိလိမ္မာမ္မာပဲ နာခံခဲ့သည်။ သူ သူမ ပြောတဲ့ စကားကို တကယ်ပဲ နားထောင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမည်။
သူတို့ နှစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာနေကြတာကို မကြည့်နိုင်ဘဲ တစ်ယောက်ပြီး တစ်ယောက် လာပြဿနာရှာနေတဲ့ အရှုပ်ထုပ်တွေ ကင်းရှင်းသွားတော့ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းရဲ့ ဘဝက တဖြည်းဖြည်း တည်ငြိမ်အေးချမ်းလာခဲ့သည်။
ဒါပေမဲ့လည်း ပြဿနာလို့ ခေါ်တဲ့ အရာက ကိုယ်က တကူးတက သွားမရှာရင်တောင် သူ့သဘောဆန္ဒနှင့် ရောက်လာတတ်တဲ့ အရာမျိုးပင်။
စုယန်ယန်သည် ဖန်သားပြင်ပေါ်က ရင်းနှီးနေတဲ့ မျက်နှာကို မြင်ချိန်မှာ ကြက်သီးထသွားမိလေသည်။
++++++