← Chapters

အခန်း ၇၆၄

Vol. 51 Ch. 764

အခန်း ၇၆၄

Vol. 51 Ch. 764

764 01

အခန်း ( ၇၆၄ ) စူးစမ်းတဲ့ စကားလုံးများ။

သို့ထျန်းယီက လီယွဲ့ အစားကြီးတာကို သိပေမဲ့ သူနှင့် အတူတူ ထိုင်စားခိုင်းဖို့တော့ စိတ်ကူး မရှိပေ။

သို့ထျန်းယီသည် လီယွဲ့ရဲ့ ဝမ်းနည်းဖွယ်ရာ မျက်လုံးတွေကို စိုက်ကြည့်လျက် သူ့ရှေ့က ဆန်ပြုတ်ကို ဇွန်းနှင့် မွှေလိုက်၏။

အိုးထဲမှာ မီးအေးအေးနှင့် ပြုတ်ထားခဲ့တဲ့ ဆန်ပြုတ်က စေးကပ်နူးအိ၍ မွှေးကြိုင်နေသည်။ အချိန် အကြာကြီး ပြုတ်ထားတာမို့ ကြက်မဲကျောရိုးရဲ့ အရိုးတွေ ၊ အသားတွေ အကုန်လုံး ပျော်ကျသွားသလို ဆန်ပြုတ်ထဲကို စိမ့်ဝင်နေတဲ့ ရိုးတွင်းခြင်ဆီနှင့် စားချင်စဖွယ် ကြက်သားနံ့လေးတွေက အရသာကို လေးလေးပင်ပင် ရှိစေလေသည်။

ဆန်ပြုတ်ထဲမှာ တရုတ်ရိုးရာ ဆေးဖက်ဝင်အပင်တွေလည်း ပါဝင်သေးသည်။ ထိုဆေးပင်လေးတွေက ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာထဲက ဆေးဖက်ဝင်အပင်လေးတွေနှင့်တောင် အနည်းငယ် ဆင်တူသည်။

သို့ထျန်းယီက မျက်လုံးတွေကို မှေးစင်းလိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆန်ပြုတ် တစ်ငုံ ခပ်သောက်လိုက်၏။

ကြက်မဲအသားတွေ ၊ ဆေးဖက်ဝင်အပင်လေးတွေ ရောနှောနေတဲ့ ဆန်ပြုတ်က အချိုထက် အငန်အရသာဘက်ကို ပိုကဲကာ အံ့ဩဖွယ်ကောင်းစွာပင် သူ့အကြိုက်နှင့် တစ်ထပ်တည်းကျနေပါသည်။

သို့ထျန်းယီက ဓာတ်မတည့်မှုတွေကြောင့် ကလေးဘဝကတည်းက သဘာဝ ပါဝင်ပစ္စည်းတွေနှင့် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားရတာ ရှားသည်။ များသောအားဖြင့် အာဟာရဖြည့်စွက်စာ ဖျော်ရည်တွေကိုပဲ သောက်လို့ ရ‌ခဲ့သည်။

သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လုယူခဲ့တဲ့ ဆွေမျိုးတွေရဲ့ ပြောစကားအတိုင်း ပြောရရင်‌တော့ ကောင်းကင်ဘုံက သူ့ကို လူချမ်းသာ သခင်လေး တစ်ယောက်ဖြစ်ခွင့် ပေးခဲ့ပေမဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုတော့ မပေးခဲ့ပါ။

ဘဝမှာ အစာစားချင်စိတ်ကို သို့ထျန်းယီ ခံစားဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ အရင်တုန်းက ဝမ်ကျင့်ဖျင်လည်း သူ့ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အစားအသောက် တချို့ကို ချက်ကျွေးဖူးပေမဲ့ စုယန်ယန်နှင့် လက်ရာက အကွာကြီးပင်။ ဟင်းချက်နည်းတွေကို လျှို့ဝှက်ထားပြီး သာမန်လူတွေအတွက် သဘာဝပါဝင်ပစ္စည်းတွေက လက်လှမ်းမီဖို့ရာ ဈေးကြီးလွန်းတာက ဒီခေတ်ကို ကူးပြောင်းလာခဲ့တဲ့ ဝမ်ကျင့်ဖျင်ရဲ့ အားသာချက်တွေ ဖြစ်သည်။

ဒါပေမဲ့ ထိုအားသာချက်တွေ ပျောက်ကွယ်သွားသည်နှင့် သူမရဲ့ အားနည်းချက်တွေက အထင်းသား ပေါ်လာခဲ့၏။

သို့ထျန်းယီသည် ဆန်ပြုတ်ကို တစ်လုတ် ၊ နှစ်လုတ် စားလိုက်ပြီးနောက် ယုန်သားစွပ်ပြုတ်ဘက်သို့ ဇွန်းကို လှည့်လိုက်သည်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက သူ့အစ်ကိုဝမ်းကွဲတွေထဲက တစ်ယောက်က မိသားစုတွေ့ဆုံပွဲမှာ ယုန်သား စားခဲ့ဖူးသည်။ အဲ့ဒီတုန်းက ထိုအစ်ကိုဝမ်းကွဲ ထိုင်နေတဲ့ နေရာက သူနှင့် မလှမ်းမကမ်းမှာ။ သို့ထျန်းယီကတော့ ယုန်သားဟင်းရဲ့ ဆိုးဝါးပြင်းထန်လွန်းတဲ့ အနံ့ကြောင့် အန်ချမိတော့မလိုတောင် ဖြစ်ခဲ့ရလေသည်။

အမှန်အတိုင်း ပြောရရင် စုယန်ယန်က သူ့အတွက် စွပ်ပြုတ်ချက်ပေးလို့ သို့ထျန်းယီ နည်းနည်းလေး စိတ်ပျက်သွားတာပါ။ ဒါပေမဲ့ ဆန်ပြုတ်ကို စားကြည့်ပြီးပြီမို့ စွပ်ပြုတ်အရသာကိုလည်း မြည်းစမ်းကြည့်ချင်လာသည်။ ပြီးတော့ သူ့နှာခေါင်းထဲမှာ ဘာအညှီနံ့ကိုမှလည်း မရပါ။

သို့ထျန်းယီသည် စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေပြီးမှ စွပ်ပြုတ်တစ်ဇွန်း ခပ်သောက်ကြည့်လိုက်သည်။ ကျက်နေအောင် ချက်ပြုတ်ထားတဲ့ ယုန်သားက ကြက်သားလိုပင် လျှာပေါ်မှာ နူးညံ့ပျော်ကျသွား၏။ တရုတ်ဆီးသီးအနီတွေရဲ့ အချိုအရသာနှင့် ယုန်သားရဲ့ အနံ့တို့ ပေါင်းစပ်လိုက်သောအခါ သူ အရင်က မစားဖူးတဲ့ အရသာ တစ်မျိုး ရလာသည်။

တစ်ဇွန်းလောက်ပဲ အရသာခံကြည့်ရုံနှင့် သို့ထျန်းယီရဲ့ မျက်လုံးတွေ ဝင်းလက်သွားကာ ဇွန်းကိုင်ထားတဲ့ သူ့လက်တွေက သွက်သွက်လက်လက် လှုပ်ရှားသွားခဲ့သည်။ ဆေးဖက်ဝင်ဟင်းလျာ နှစ်မျိုးရဲ့ ပမာဏက မများပါ။ သို့ထျန်းယီသည် မထူးဆန်းစွာပင် ဟင်း နှစ်မျိုးလုံးကို သူ တစ်ယောက်တည်း ကုန်အောင် စားပစ်လိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ လီယွဲ့ကတော့ မျက်လုံးတွေ အစိမ်းရောင်ပြောင်းသွားတဲ့အထိ မနာလိုဖြစ်ရင်း သို့ထျန်းယီနောက်ကို လိုက်လာခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် နောင်တရနေခဲ့သည်။ ဘေးကနေ ကြည့်ရုံပဲ ကြည့်ခွင့်ရပြီး စားခွင့်မရတာ ဆိုးဝါးလိုက်တာ … ။

နာရီဝက်အကြာမှာ သို့ထျန်းယီက နောက်ဆုံးစွပ်ပြုတ် တစ်ဇွန်းကို လက်စသတ်လိုက်ကာ သူ့ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးသွားသည်ဟု ခံစားလိုက်ရ၏။ သူ လီယွဲ့ကို အဓိပ္ပာယ်ပါပါ မော့ကြည့်လိုက်သည်။

ချက်ချင်း သဘောပေါက်တဲ့ လီယွဲ့က ထိုင်ခုံက ထပြီး တခြားတစ်ဖက်ကို လျှောက်သွားသည်။

စားသောက်ဆိုင်ထဲက ဆေးဖက်ဝင်ဟင်းလျာတွေက အကန့်အသတ်ရှိတာမို့ တစ်ယောက်တည်း အော်ဒါတင်လို့ မရပေမဲ့ အသားနှပ်ဟင်းလို သမာရိုးကျ အစားအသောက်တွေကိုတော့ ကိုယ်တိုင်ပဲ အော်ဒါတင် ၊ ထုပ်ပိုးခွင့်ပြုထားသည်။ ရောင်းချပေးတဲ့ ပမာဏက အရမ်း နည်းတာ တစ်ခုတော့ ရှိတာပေါ့လေ။

လီယွဲ့က ဆိုင်ဝန်ထမ်းလေးတွေကို ပါဆယ်ယူချင်ကြောင်း ပြောရင်း ဆိုင်မန်နေဂျာအကြောင်း စကားနှိုက်ဖို့ ကြိုးစားလိုက်သည်။

764 02

“ ညီလေးတို့ဆိုင်က ‌တကယ့်ကို လက်မလည်အောင် ရောင်းရတာပဲနော်။ အစ်ကို့သားလေးဆို ဒီဆိုင်မှာ ထိုင်ခုံ တစ်နေရာစာ ရဖို့ အကြာကြီး အော်ဒါလုတင်ခဲ့ရတာ ၊ ဒါပေမဲ့ ဟိုတလောတုန်းက အော်ဒါတင်လို့ ရတဲ့ အရေအတွက်ကို ထက်ဝက်တိတိ လျှော့ချလိုက်တယ်လို့ အစ်ကို ကြားတယ်။ လူ အယောက် ငါးဆယ်ကိုပဲ ရောင်းချပေးမှာ ဆိုတော့ နေရာရဖို့ ပိုပြီးတော့တောင် ခက်သွားတယ်။ စီးပွားရေးလုပ်တဲ့ အချိန်မှာ လုပ်ငန်းချဲ့ထွင်တဲ့အနေနဲ့ လူတိုးပြီး ရောင်းချပေးတာက မထူးဆန်းပေမဲ့ လူလျှော့ချလိုက်တာကတော့ ထူးဆန်းတယ်နော်။ ဆိုင်မှာ ကိစ္စ တစ်ခုခုများ ဖြစ်သွားလို့လား။ ”

++++++

All Chapters