အခန်း ၇၆၅
Vol. 51 Ch. 765
765 01
အခန်း ( ၇၆၅ ) သူမ ကလေးမွေးဖို့ ဘယ်လောက် လိုသေးလဲ။
တာဝန်ကျနေတဲ့ ဝန်ထမ်းလေးတွေက တစ်ယောက်ကို တစ်ယောက် သတိအနေအထားဖြင့် ကြည့်လိုက်ကြသည်။ “ ရှင်က ကျွန်တော်တို့မန်နေဂျာရဲ့ ကြည့်ရှုသူ မဟုတ်ဘူးမို့လား။ ”
လီယွဲ့ရဲ့ မျက်နှာအမူအရာဟာ ပြောင်းလဲမသွားဘဲ ပြုံးမြဲ ပြုံးနေဆဲ။ “ အစ်ကိုကတော့ မဟုတ်ပေမဲ့ အစ်ကို့သားကတော့ ညီလေးတို့ဆိုင်က မန်နေဂျာရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေကို အမြဲ ကြည့်နေကျလေ။ ကလေးတွေက အရွယ်ရောက်လာလေ ၊ စိတ်ကူးအသစ်တွေ ရလာလေပဲ။ သူတို့က အစ်ကိုတို့လို မိဘတွေနဲ့ စကားပြောရတာကိုလည်း မကြိုက်ကြတော့ဘူး။ ”
လီယွဲ့က အရွယ်ရောက်လာတဲ့ သားဖြစ်သူကို စိတ်မချနိုင် ဖြစ်နေတဲ့ ဖခင်အိုကြီး တစ်ယောက်ရဲ့ ပုံစံကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြနေခဲ့သောကြောင့် ဆိုင်ထဲက ဝန်ထမ်းတွေရဲ့ စိတ်ထဲက သတိပေးခေါင်းလောင်းသံတွေ တိုးလျော့သွား၏။
ပြောရရင် တချို့ လူကြီးတွေက သူတို့သားသမီးတွေကို ဘယ်ကမှန်းမသိတဲ့ အင်တာနက်ဆယ်လီတွေကို စွဲလမ်းနေမှာကို စိုးရိမ်တတ်ကြသည်လေ။
“ ကျွန်တော် နားလည်ပါပြီ။ စိတ်မပူပါနဲ့ ၊ ဆိုင်ထဲမှာ ဘာပြဿနာမှ ဖြစ်မထားပါဘူး။ ကျွန်မတို့ရဲ့ မန်နေဂျာက ကိုယ်ဝန်ရှိနေတော့ အရမ်း အပင်ပန်းခံလို့ မရတော့လို့ စားသုံးသု အရေအတွက်ကို လျှော့ချလိုက်တာပါ။ ”
လီယွဲ့က အံ့ဩချင်ယောင်ဆောင်လိုက်ပြန်သည်။ “ ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ဆိုင်ကို စီမံခန့်ခွဲရတာ တော်တော်လေး ပင်ပန်းမယ် ထင်တယ်။ ”
“ မန်နေဂျာက ဆိုင်မှာ လောလောဆယ် မရှိပါဘူး။ အိမ်ကနေပဲ လိုအပ်တာတွေ ပြောပေးနေတာပါ။ ”
“ အဲ့လို လုပ်လို့ ရတယ်လား။ အမြဲတမ်းနီးပါး အဲ့လို အိမ်ကနေပဲ လှမ်းပြီး စီမံခန့်ခွဲတာလား ၊ ဒါမှမဟုတ် အခုလို ကိုယ်ဝန်ရှိတဲ့ အခြေအနေမှာမို့လို့ … ”
“ အမြဲတမ်းနီးပါးပါ။ ”
“ ဒါဆို … ”
“ ဝမ်လေး .. ဒီမှာ ပို့ပေးရမယ့် အော်ဒါတွေ ရောက်နေပြီ။ မြန်မြန် လာကူလှည့်။ ”
လီယွဲ့နှင့် စကားပြောနေတဲ့ စားပွဲထိုး ကောင်လေးက ခဏတာ ကြောင်အသွားပြီးမှ လှည့်ကြည့်လိုက်တော့ ချန်ယီရွှမ်းရဲ့ သတိပေးဟန် အနည်းငယ် ပါဝင်နေသည့် အကြည့်နှင့် မျက်လုံးချင်းဆုံသွားသည်။ စားသောက်ဆိုင်ရဲ့ တားမြစ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ ဆိုင်မန်နေဂျာနှင့် ပတ်သက်တဲ့ အချက်အလက်တွေကို စားသုံးသူတွေဆီ လက်လွတ်စပယ် ပြောမပြရဘူး ဆိုတဲ့ စည်းမျဉ်းကလည်း တစ်ခုအပါအဝင် ဖြစ်တာကို ရုတ်တရက် သတိရသွားသောအခါ သူ့မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားလေသည်။ “ လုပ်စရာလေးတွေ ရှိသေးလို့ အစ်ကိုနဲ့ စကားဆက်မပြောပေးနိုင်တော့လို့ ကျွန်တော့်ကို စိတ်မရှိပါနဲ့နော်။ ဒီမှာ အစ်ကို မှာထားတဲ့ အသားနှပ်ဟင်းပါ။ ”
ဝမ်လေးသည် အသားနှပ်ဟင်း ထည့်ထားတဲ့ ဘူးကို လီယွဲ့ထံ ပေးပြီးသည်နှင့် မီးဖိုချောင်လေးထဲကို ချက်ချင်း လှည့်ဝင်လာခဲ့လိုက်သည်။ ဘေးက ဝန်ထမ်းတွေက သူတို့အလုပ် သူတို့ လုပ်နေကြတာမို့ လီယွဲ့ကို အာရုံစိုက်နေဖို့ အချိန် မရှိပေ။
သူ စားပွဲထိုးလေးကို ဆက်မေးနေလည်း ဘာအဖြေမှ ထပ်ထွက်မလာတော့မှာကို လီယွဲ့ နားလည်သည်။ သူ့စိတ်ထဲမှာ သံသယအတွေးတွေ ဖြစ်တည်လာခဲ့ပြီး အသားနှပ်ဟင်းဘူးလေးနှင့်အတူ ဆိုင်ထဲကနေ စိတ်ပျက်လက်ပျက် ထွက်လာခဲ့ရတော့သည်။
လီယွဲ့ ယူလာတဲ့ သတင်းကို ကြားချိန်မှာ သို့ထျန်းယီ အံ့ဩမသွားမိ။ သူတို့နှင့် ပတ်သက်တဲ့ အချက်အလက်တွေကို ရဖို့ အရမ်း လွယ်နေရင် သဲလွန်စတွေ ရဖို့အတွက် ဒီလောက် အကြာကြီး အချိန်ယူခဲ့ရမှာတောင် မဟုတ်ပါ။
“ မိန်းကလေးစု ကလေးမွေးဖို့ ဘယ်လောက် လိုသေးလဲ ဆိုတာ မင်း စုံစမ်းပြီးပြီလား။ ”
“ စုံစမ်းပြီးပါပြီ ဘော့စ်။ ” လီယွဲ့က အပူလုံးကြီး ကျသွားသလို သက်ပြင်းခိုးလေးချရင်း ပြောလိုက်သည်။
765 02
စုယန်ယန်မှာ ကိုယ်ဝန်ရှိနေတယ် ဆိုတဲ့ သတင်းကို ဆေးရုံဘက်က လျှို့ဝှက်ထားသည်ဟု ပြောလို့ ရသည်။ စုမိသားစုနှင့် ချန်မိသားစုကလည်း ထိုသတင်းကို လူသိရှင်ကြား မကြေညာသေးဘဲ ကလေးလေး မွေးတော့မှ ကြေညာဖို့ စိတ်ရှည်လက်ရှည် စောင့်နေခဲ့တာ ဖြစ်သည်။
စုန့်ယွင်ယွမ်ပင်လျှင် ဟောက်မိသားစုအိမ်တော်အနီးမှာ နေတဲ့ လူ တစ်ယောက်ကို ငွေပုံပေးပြီး ဟောက်ချန်ဟွမ်း သွားတတ်တဲ့ နေရာတွေကို စုံစမ်းခိုင်းရင်းနဲ့မှ စုယန်ယန်မှာ ကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတာပင်။
အပြင်လူတွေဆီကနေ ဘာသတင်းကိုမှ စုံစမ်းလို့ မရတဲ့ လီယွဲ့သည် နောက်ဆုံးတော့ အန္တရာယ်ကို ရင်းပြီး တစ်စုံတစ်ယောက်အား ဟောက်မိသားစုအိမ်တော်အနီးရှိ သူဌေးရပ်ကွက်ထဲကို တိတ်တဆိတ် ချဉ်းကပ်သွားစေခဲ့ရသည်။ အဲ့ဒီတော့မှပဲ လမ်းလျှောက်ထွက်လာတဲ့ စုယန်ယန်နှင့် သူမရဲ့ ခင်ပွန်းကို မြင်သွားပြီး သူမမှာ ကိုယ်ဝန်ရှိနေတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့လေသည်။
“ ဓာတ်ပုံတွေကို ကြည့်ရသလောက်တော့ ခုနှစ်လ ၊ ရှစ်လလောက် ရှိပြီ ဘော့စ်။ ”
“ ခုနှစ်လ ၊ ရှစ်လ ….. ” သို့ထျန်းယီ မျက်မှောက်ကြုတ်လိုက်သည်။ ဒါက အလွန်ဆုံးမှ နှစ်လအတွင်း ကလေးမွေးတော့မယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့ … ။
ဟောက်မိသားစုက သူမကို သည်းသည်းလှုပ် ဂရုစိုက် တန်ဖိုးထားတာမို့ လာမယ့် နှစ်လအတွင်း သူမကို အပြင်ထွက်ခွင့်မပေးနိုင်လောက်ပါ။ ကလေးမွေးပြီးတဲ့အခါကျရင်လည်း မီးတွင်းကာလကို ဖြတ်ကျော်ရဦးမှာမို့ နောက်ထပ် သုံးလလောက်ထိ သူမ အပြင်ထွက်ခွင့်မရလောက်။
သူ့ခန္ဓာကိုယ်အကြောင်း ပြန်တွေးမိတော့ သို့ထျန်းယီရဲ့ မျက်လုံးနွေ အေးစက်သွားသည်။ အကြောင်းပြချက်ရှာပြီး သူမဆီ သွားလည်ရင် သွားလည် ၊ မဟုတ်ရင် … သူမကို ဖိအားပေးပြီး အပြင်ထွက်လာအောင် လုပ်ရမည် ထင်ပါသည်။
“ ဦးလေးချွီကို အိမ်ကို လာခိုင်းလိုက်။ ဒီနေ့က စပြီး ငါ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအခြေအနေတွေ အကုန်လုံးကို နေ့တိုင်း အသေးစိတ် သိချင်တယ်။ ”
ဦးလေးချွီက သို့ထျန်းယီရဲ့ သီးသန့် ဆရာဝန် ဖြစ်သည်။ သူက သို့အိမ်တော်ကို တစ်လမှာ ( ၇ ) ကြိမ်ထက်မနည်း လာရလေ့ရှိသည်။
သို့ထျန်းယီမှာ ထိုစားသောက်ဆိုင်ပိုင်ရှင်နှင့် ပတ်သက်လို့ ခန့်မှန်းချက်တွေ ရှိနေတာ အသိအသာပါပဲ။
စားသောက်ဆိုင်ကို တစ်ခေါက် သွားပြီးတဲ့နောက်မှာ လွီယွဲ့ကိုယ်တိုင်လည်း မိန်းကလေးစုအကြောင်း ပိုသိချင်လာတာမို့ “ ဟုတ်ကဲ့ ၊ ကျွန်တော် ဒေါက်တာချွီကို အခုချက်ချင်း ဖုန်းဆက်လိုက်ပါ့မယ်။ ” ဟု အမြန် ပြောလိုက်၏။
++++++