အခန်း ၇၆၆
Vol. 52 Ch. 766
766 01
အခန်း ( ၇၆၆ ) ရှင့်ထက် အခြေအနေပိုဆိုးတယ်။
စုယန်ယန်ကတော့ သူမ စောင့်ကြည့်ခံနေရတာကို မသိပေမဲ့ သို့ထျန်းယီ ရုတ်တရက် ရောက်လာခြင်းက သူမကို အငိုက်မိ အံ့အားသင့်သွားစေခဲ့လေသည်။
“ ဘာဖြစ်လို့လဲ။ မင်း နေမကောင်းဘူးလား။ မင်းကို ကြည့်ရတာ ဖြူဖတ်ဖြူရော် ဖြစ်နေတယ်။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ နဖူးကို လက်နှင့် စမ်းလိုက်သည်။
အနည်းငယ် အေးစက်နေတဲ့ လက်ဖဝါးက အတွေးထဲမှာ နစ်မျောနေတဲ့ စုယန်ယန်ကို ဖျတ်ခနဲ သတိဝင်လာစေခဲ့သည်။ ဟောက်ချန်ဟွမ်းရဲ့ လက်ကို သူမ ဆုပ်ကိုင်ပြီး အသံအက်ကွဲစွာ ပြောလိုက်၏။ “ ကျွန်မ ဆိုင်ထဲမှာ လူ တစ်ယောက်ကို အခုလေးတင် မြင်ခဲ့တယ်။ ”
“ ဘယ်သူလဲ။ ”
“ သို့ထျန်းယီ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာအမူအရာက နည်းနည်းလေး ပြောင်းလဲသွားသည်။ “ သူက ဘာကိစ္စနဲ့ မင်းရဲ့ ဆိုင်ကို လာတာလဲ။ ဘာလာလုပ်တာလဲ။ ”
“ ဘာမှတော့ လုပ်မသွားပါဘူး။ ဒီတိုင်း ညစာစားဖို့အတွက် ဘိုကင်လာတင်တာ။ ”
ဟောက်ချန်ဟွမ်းကတော့ နည်းနည်းလေးတောင် စိတ်ဖြောင့်လက်ဖြောင့် မနေနိုင်ဘဲ သူ့မျက်နှာက ပိုလို့တောင် ညို့မှိုင်းသွားခဲ့သည်။ “ ညစာစားဖို့ … ဟုတ်လား။ သူက ဘာလို့ …. ”
“ ကျွန်မ ပေါ့ဆသွားတာလည်း ပါ,ပါတယ်။ ” စုယန်ယန်ရဲ့ ပုံစံက နောင်တရနေပုံရသည်။ “ ကျွန်မ လီကျင်းဝမ်ကို အရင်ကတည်းက ပြောပြီး အဲ့လူတွေ အကုန်လုံးကို Blacklist သွင်းခဲ့ရမှာ။ ”
သူမ အရင်တုန်းကတည်းက အလွန် အလုပ်ရှုပ်နေခဲ့သလို ကိုယ်ဝန်ရလာပြီးတဲ့နောက်ပိုင်းမှာ ကလေးဆီကိုပဲ အာရုံရောက်သွား၏။
ဟေးရီ အန်တာတိန်းမန့်က ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲရဲ့ အမျိုးသမီးဇာတ်လိုက်ကို ထုတ်ပြန်ကြေညာသည့် ကြေညာစာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို ခဏလောက် ပွဲကြည့်ခဲ့တာက လွဲလို့ ထိုနှစ်ယောက်အကြောင်း စုယန်ယန် မတွေးမိတာ တော်တော် ကြာပါပြီ။
ဒီကမ္ဘာရဲ့ အမျိုးသားဇာတ်လိုက် အသစ်ကို ဝမ်ကျင့်ဖျင်နှင့် ချစ်သူတွေ ဖြစ်နေလိမ့်မယ်လို့လည်း သူမ မျှော်လင့်မထားခဲ့။ တိတိကျကျ ပြောရရင်တော့ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အကောင့်မှာ ဝမ်ကျင့်ဖျင်နှင့် ရန်ငြိုးရန်စတွေ အများကြီး ရှိပါသည်။
စိတ်ပျက်စရာကောင်းလိုက်တဲ့ သို့ထျန်းယီ။ သူက ဘာလို့ တကူးတက ပိုက်ဆံအကုန်ပြီး သူမရဲ့ ဆိုင်ကို ရောက်လာတာလဲ။
ထို့ကြောင့် သို့ထျန်းယီကို စုယန်ယန် မြင်ချိန်မှာ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ဝမ်ကျင့်ဖျင်အတွက် ကိုယ်စား ပြဿနာရှာပေးဖို့ ရည်ရွယ်ချက်ရှိရှိ လာခဲ့တာလားဟု သံသယဝင်သွားတာပဲ ဖြစ်သည်။
“ ဒါဆို မင်း သူ့အတွက် စားစရာ တစ်ခုခု ပြင်ခိုင်းလိုက်တယ်ပေါ့။ ”
“ အင်း ၊ ရှေးခေတ်ရိုးရာ စွပ်ပြုတ် တစ်မျိုးပါပဲ။ သူ့ရောဂါက … တော်တော်လေး ဆိုးနေတာ။ တစ်ညတည်းနဲ့ ကုလို့ မရဘူး။ သူ ကျွန်မဆိုင်က ဆေးဖက်ဝင်ဟင်းလျာတွေကို စားရင်တောင် အိတ်ပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်မှာ။ ဘာမှ သိပ်ထိရောက်မှာရှိမှာ မဟုတ်ဘူး။ ”
ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့ နည်းနည်းလေး အံ့ဩသွားသည်။ သူလည်း လူငှားပြီး သို့ထျန်းယီအကြောင်း စုံစမ်းထားတာပါ။ ဒါပေမဲ့ ထိုလူက နည်းနည်းလေးတော့ ကောက်ကျစ်ယုတ်မာသည်။ ရောဂါသည် တစ်ယောက်လို အားနည်းချူချာနေပေမဲ့ ဘယ်လို ရောဂါမျိုးကို သူ ခံစားနေရတာလဲ ဆိုတာ ဘယ်သူမှ မသိကြဘူးလို့ ပြောလို့ ရသည်။
သို့မိသားစုရဲ့ သခင်လေးက လူမမာ ဖြစ်နေတာမို့ သူ့ကို ဘယ်သူမှ အထင်မကြီးဘူး ဆိုတာကိုပဲ သူတို့ သိခဲ့ရသည်။ ပြီးတော့ သို့မိသားစုဟာ အိမ်တွင်းရေးမပြေလည်ပေ။ လူမမာ ဖြစ်နေတဲ့အတွက် မိသားစုပိုင်ဆိုင်မှုတွေကို ဆက်ခံဖို့ မထိုက်တန်တဲ့ သို့ထျန်းယီက မိသားစုထဲက သစ္စာဖောက်တွေကို သေချာပေါက် လှုပ်လှုပ်ရှားရှား ဖြစ်စေပါလိမ့်မည်။
လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက သို့ထျန်းယီရဲ့ အဖေဟာ မိသားစုဦးဆောင်သူနေရာအတွက် တိုက်ခိုက်ရင်း အသတ်ခံခဲ့ရသည်။ အကာအကွယ်မဲ့သွားတဲ့ သို့ထျန်းယီဟာ အဲ့ဒီတုန်းက ဘယ်သူမဆို အနိုင်ကျင့်လို့ မရတဲ့ သနားစရာ လူ တစ်ယောက် ဖြစ်သွားခဲ့သည်။
766 02
သို့သော်လည်း အဲ့ဒီလို “ အားနည်းချူချာနေတဲ့ သနားစရာ လူ တစ်ယောက် ” က တစ်လ ၊ နှစ်လအတွင်းမှာ သို့မိသားစုထဲက အရှုပ်အထွေးတွေ ၊ သစ္စာဖောက်တွေကို လက်စဖျောက်ပစ်လိုက်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပါ။ အာဏာအတွက် သူနှင့် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ သူ့ဦးလေးတွေ အကုန်လုံး ဒုက္ခိတဖြစ်တဲ့ လူက ဖြစ် ၊ သေတဲ့ လူက သေ။ ပျောက်ခြင်းမလှ ပျောက်သွားတဲ့ လူတွေတောင် တစ်ယောက် ၊ နှစ်ယောက် ရှိသေးသည်။
အပေါ်ယံ အမြင်အရတော့ ထိုလူတွေ အကုန်လုံးက မတော်တဆမှုတွေ ၊ သေကြောင်းကြံစည်မှုတွေကြောင့် အဲ့ဒီလို ဖြစ်သွားခဲ့တာမို့ သို့ထျန်းယီနှင့် ဘာမှ မပတ်သက်ဘူးဟု ပြောလို့ ရပါသည်။ ဒါပေမဲ့ ထိုကိစ္စတွေရဲ့ နောက်ကွယ်မှာ သို့ထျန်းယီ ပါဝင်ပတ်သက်နေမှန်း လူတိုင်း သိသည်။
ပြီးတော့ သခင်လေးသို့က တကယ်တော့ ဘာရောဂါမှ မရှိတဲ့ လူကောင်းပကတိ တစ်ယောက်ပဲ ဆိုတဲ့ ကောလဟာလတွေလည်း ထွက်နေသည်။ သို့ထျန်းယီရဲ့ အဖေက သစ္စာမရှိတဲ့ သူ့ဆွေမျိုးတွေကို လှည့်စားဖို့အတွက် ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်ခဲ့တာပါတဲ့။
သို့မိသားစုရဲ့ အချုပ်အခြာအာဏာကို သို့ထျန်းယီ လွှဲပြောင်းယူလိုက်တဲ့ အချိန်ကတည်းက သူ လူတွေရှေ့ ထွက်လာတာ အလွန် ရှားသည်။ ပဟေဋိဆန်ပြီး အန္တရာယ်များလွန်းတဲ့ သို့ထျန်းယီရဲ့ အမှန်တရားကို သိတဲ့ လူ တစ်ယောက်မှ မရှိပေ။
စုယန်ယန်ရဲ့ စကားကို ကြားတော့ ဟောက်ချန်ဟွမ်း အနည်းငယ် စိတ်ဝင်သွားစားသည်။ “ သူ့ရောဂါက ကိုယ့်ထက်တောင် ဆိုးနေတာလား။ ”
“ အင်း ၊ အများကြီး ပိုဆိုးတယ်။ ” တကယ်တော့ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်က ပြင်ပထိခိုက်မှုမို့ ဒဏ်ရာပြင်းပေမဲ့ သေစေနိုင်လောက်တဲ့ အနေအထားတော့ မဟုတ်ပေ။
သို့ထျန်းယီကတော့ အဲ့လို မဟုတ်ပါ။ သူ့ဝေဒနာကို သေချာ ကုသမှု မခံယူလျှင် သေသွားလိမ့်မည်။
++++++