အခန်း ၇၆၇
Vol. 52 Ch. 767
767 01
အခန်း ( ၇၆၇ ) လူ တစ်ယောက်က သူမအကြောင်း လိုက်စုံစမ်းနေတယ်။
စုယန်ယန်ရဲ့ စကားတွေက ဟောက်ချန်ဟွန်းအား သို့ထျန်းယီဟာ ကြိုတင်ပြင်ဆင်ပြီးတော့ သူမဆီ ရောက်လာခဲ့တယ် ဆိုတာကို ပိုလို့တောင် သေချာသွားစေသည်။
“ မင်း ဆိုရင်ရော သူ့ကို ကုသပေးလို့ ရလား။ ”
စုယန်ယန် ငြိမ်သက်သွားသည်။ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီးမှ သူမ ခေါင်းခါပြလိုက်၏။
သူမက တကယ့်ဆရာဝန် အစစ် တစ်ယောက် မဟုတ်ဘူး ဆိုတာကို ထည့်ပြောနေစရာ မလိုပါ။ ဆေးပညာကို နှစ်ရှည်လများ လေ့လာခဲ့ရတဲ့ ဆရာဝန် တစ်ယောက် ဆိုရင်တောင် ကုသလို့ မရတဲ့ ရောဂါတွေ အများကြီး ရှိသေးသည်။
သူမက နတ်ဘုရားလည်း မဟုတ်တဲ့ သာမန်လူသား တစ်ယောက်ပါ။ ကိုယ့်ကိုယ်ကိုယ်ရယ် ၊ တခြားလူတွေကြောင့် ထိခိုက်ခဲ့ရတဲ့ သူမပတ်ဝန်းကျင်က လူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အတတ်နိုင်ဆုံး ကြိုးစားလို့ ရပေမဲ့ အဆုံးသတ်မှာတော့ အရာရာတိုင်းကို လွှမ်းမိုးချုပ်ကိုင်လို့ မရဘဲ လက်လွှတ်ပေးရသည်။
ဟောက်ချန်ဟွမ်းက သူ ဝမ်းသာသွားတာလား ၊ အံ့ဩသွားတာလား မသိတော့ပေ။ စိတ်ထဲမှာ နည်းနည်းလေး ရှုပ်ထွေးနေတာတော့ အမှန်ပါပဲ။ “ သူ့ရောဂါက သူ့အမေဗိုက်ထဲမှာကတည်းက ပါလာတဲ့ မွေးရာပါ ရောဂါ တစ်မျိုးပဲ။ သူ အခုချိန်ထိ အသက်ရှင်နိုင်နေသေးတယ် ဆိုတော့ သူ့ရောဂါကို ကုဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး နှစ်ချီ ကြိုးစားခဲ့တယ် ထင်တယ်။ ဒါပေမဲ့ ဆိုးဝါးတာက သူ့ရောဂါက သက်သာအောင်ပဲ လုပ်လို့ ရတယ် ၊ အရှင်း ပျောက်အောင် ကုလို့ မရဘူး။ ပြီးတော့ သိပ်ပြီးတော့လည်း ထိရောက်မှာ မဟုတ်ဘူး။ ”
စုယန်ယန်က ပြောနေရင်း မျက်လုံးတွေ အရောင်လက်သွားသည်။
“ ချန်ဟွမ်း … သူ ကျွန်မရဲ့ စားသောက်ဆိုင်ကို ရုတ်တရက်ကြီး ရောက်လာတာက … ”
“ အဲ့ဒါ ဖြစ်နိုင်ချေရှိတယ်။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ပွေ့ဖက်နှစ်သိမ့်ပေးလိုက်သည်။ “ စိတ်မပူပါနဲ့ ၊ သူ အင်တာနက်ပေါ်မှာ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအကြောင်း ဆွေးနွေးနေတဲ့ လူတွေကို တွေ့ပြီး စူးစမ်းချင်လို့ ရောက်လာတာ နေမှာပါ။ ဆေးဖက်ဝင်ဟင်းလျာကို တစ်ကြိမ်လောက် စားရုံနဲ့ သိပ်ထိရောက်မှာ မဟုတ်ဘူးလို့ မင်းလည်း ပြောထားတာပဲ။ သူ မင်းအကြောင်း စုံစမ်းလို့ မရအောင်လို့ ကိုယ် ရှောက်ယန်နဲ့ တခြားလူတွေကို သူ့ကို မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားလိုက်မယ်။ ”
သူ့ရဲ့ နှစ်သိမ့်စကားကြောင့် စုယန်ယန်ရဲ့ တင်းကျပ်နေတဲ့ နှလုံးသားထဲမှာ အနည်းငယ် စိတ်သက်သာရာရသွား၏။ “ အင်း။ ”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်ကို နှစ်သိမ့်ပေးပြီးနောက် အောက်ထပ်ကို ဆင်းခဲ့လိုက်သည်။ ထို့နောက် ကုရှောက်ယန်နှင့် တခြား လူတွေကို ချက်ချင်း ဖုန်းဆက်ပြီး သို့မိသားစုကို စောင့်ကြည့်ခိုင်းထားလိုက်သည်။
သူ စုယန်ယန်ကို သို့ထျန်းယီက စူးစမ်းချင်စိတ်အရ ဘာရယ်မဟုတ် ရောက်လာတာပါလို့ ယုံကြည်လောက်အောင် နှစ်သိမ့်ပေးခဲ့ပေမဲ့ လွန်ခဲ့တဲ့ လ အနည်းငယ်ကတည်းက သို့ထျန်းယီ သူ့ဇနီးကို ပစ်မှတ်ထားနေတာကို သူ အသိဆုံးပင်။
သို့ထျန်းယီက အသည်းအသန် ကြိုးစားခဲ့ပေမဲ့ စုယန်ယန်ကို ရှာမတွေ့တဲ့အခါ စားသောက်ဆိုင်အထိတောင် လိုက်လာခဲ့ပြီ ဖြစ်သည်။ သူ ထိုနေရာမှာတင် ရပ်ဖို့ စိတ်ကူးမရှိတာလည်း သိသာသည်။
ဟောက်ချန်ဟွမ်း ဖုန်းပြောလို့ မပြီးသေးခင်မှာပဲ ကျန်းချန့်ယန် ပြန်ရောက်လာ၏။ ဟောက်ချန်ဟွန်းက ဒီအကြောင်းကို ဦးလေးဖြစ်သူ မသိအောင် ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိ၍ သူ့ရှေ့မှာပဲ ဖုန်းဆက်ပြောနေလိုက်သည်။
သူ ဖုန်းပြောပြီးသည်နှင့် ကျန်းချန့်ယန်က ချက်ချင်း မေးလာသည်။ “ ယန်ယန် ဘာဖြစ်လို့လဲ။ ”
“ လူ တစ်ယောက်က သူမအကြောင်း လိုက်စုံစမ်းနေတယ်။ ”
“ ဘယ်သူလဲ။ ”
“ သို့ထျန်းယီ။ ”
“ သို့ထျန်းယီ … ” ကျန်းချန့်ယန်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေက ဒီနိုင်ငံထဲမှာ မရှိတာကြောင့် အရင်တုန်းက သို့မိသားစုနှင့် ဟောက်ချန်ဟွမ်းတို့ ဘာမှ ပတ်သက်စရာ မရှိခဲ့ပါ။ ထိုနာမည်ကို ကြားတော့ ကျန်းချန့်ယန် ဆွံ့အသွားသည်။
767 02
အဲ့ဒါကို သတိထားမိတဲ့ ဟောက်ချန်ဟွမ်းက သို့ထျန်းယီနှင့် သို့မိသားစု ၊ ဝမ်ကျင့်ဖျင်တို့ကြားက ဆက်ဆံရေးကို အတိုချုံ့ ရှင်းပြလိုက်သည်။
“ အခု သခင်လေးသို့က ယန်ယန့်ကို ဒုက္ခပေးဖူးတဲ့ မိန်းမနဲ့ ချစ်သူတွေ ဖြစ်နေတယ်လို့ မင်း ပြောချင်တာလား။ ”
ကျန်းချန့်ယန် နိုင်ငံခြားမှာ ရှိနေစဉ်တုန်းက စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းရဲ့ ဆိုးဝါးလွန်းတဲ့ ပဋိပက္ခအကြောင်းကို ကြားခဲ့ဖူးသည်။ မဟုတ်ရင် သူ့တူ ဖောက်ပြန်ခံနေရတယ်လို့ သူ ထင်ခဲ့မှာ မဟုတ်ပေ။
ဒါပေမဲ့ သူ ဒီကို ပြန်ရောက်လာတဲ့အတောအတွင်း သူတို့ နှစ်ယောက်ကြားက အပြုအမူလေးတွေ ၊ ဆက်ဆံပုံတွေ ၊ တစ်ယောက်အတွက် တစ်ယောက် လုပ်ပေးခဲ့တဲ့ အရာတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည်။ စုံလုံးကန်းပြီး ဒီလို ရတနာ တစ်ပါးကို စွန့်ပစ်ခဲ့တဲ့ တစ်ယောက်သော သူကို ကျန်းချန့်ယန် ကျေးဇူးတောင် တင်မိပါသည်။
သူ ဟောက်ရှောက်ဖုန်းကို အထင်မကြီးသလို လက်ထပ်ဖို့ စေ့စပ်ထားတဲ့ သတို့သမီးလောင်း ရှိနေတဲ့ ယောက်ျားလေးကို မျက်နှာပြောင်တိုက် လုယူသွားတဲ့ အမျိုးသမီးကိုလည်း အထင်မကြီးပါ။
သို့ထျန်းယီ ဆိုတဲ့ တစ်ယောက် ထိုအမျိုးသမီးနှင့် ပတ်သက်နေကြောင်း သိလိုက်ရတော့ ကျန်းချန့်ယန်ရဲ့ ပထမဆုံး တုံ့ပြန်မှုက “ သူ ယန်ယန့်ကို ပြဿနာရှာဖို့ ရောက်လာတာလား။ ” ဟု မေးလိုက်တာပဲ ဖြစ်သည်။
“ ကျွန်တော်တော့ အဲ့လို မထင်ဘူး။ ”
“ ဘာလို့လဲ။ ”
“ သူ့မှာ မွေးရာဂါရောဂါ တစ်မျိုး ရှိတယ်လို့ ယန်ယန်က ပြောတယ်။ ရောဂါအခြေအနေက တော်တော်လေး ဆိုးဝါးနေတာတဲ့။ ”
ကျန်းချန့်ယန် ဆွံ့အသွားကာ သူ့မျက်နှာကလည်း ပိုလို့ တည်ငြိမ်လေးနက်လာခဲ့လေသည်။ “ သူက ယန်ယန့်ကို သူ့ကို ဆေးကုပေးစေချင်နေတာလား။ ”
++++++