အခန်း ၇၆၈
Vol. 52 Ch. 768
768 01
အခန်း ( ၇၆၈ ) ဆက်သွယ်လို့ မရတဲ့ အမျိုးသားဇာတ်လိုက်။
“ အဲ့ဒါ ဖြစ်နိုင်ချေတော့ ရှိတယ် ဦးလေး။ ”
ဟောက်ချန်ဟွမ်းက ခဏလောက် တုံ့ဆိုင်းနေပြီးမှ စုယန်ယန်အကြောင်း တိတ်တဆိတ် စုံစမ်းဖို့ သို့ထျန်းယီ လူလွှတ်ထားတယ် ဆိုတာကို ပြောပြလိုက်သည်။
“ ကျွန်တော် သူတို့ကို အာရုံလွှဲအောင် လုပ်ဖို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခဲ့ဖူးတယ်။ တကယ်လည်း သူတို့ ခဏတော့ ရပ်သွားပါတယ်။ ”
ယုကျစ်ယန်နှင့် ကျန်တဲ့ လူတွေရဲ့ အရည်အချင်းကို ဟောက်ချန်ဟွမ်း သိသည်။ သို့ထျန်းယီ တစ်ယောက် စုယန်ယန်ကို ဘယ်လိုမှ ရှာမတွေ့တဲ့အတွက်ကြောင့်သာ အန္တရာယ်ကို ရင်းပြီး စုယန်ယန်ရဲ့ စားသောက်ဆိုင်ဆီ စွန့်စွန့်စားစား ရောက်လာတာလို့ သူ ထင်သည်။
ဟောက်ချန်ဟွမ်းက သို့ထျန်းယီကို လှည့်စားဖို့ အများကြီး အားစိုက်ထုတ်ထားတာမို့ လက်စွပ်လေး တစ်ကွင်းကြောင့် အမှန်တရားကို သို့ထျန်းယီ သိသွားတာလို့ လုံးဝ မတွေးမိပေ။
သူ့စကားကို ကြားတော့ ကျန်းချန့်ယန်ရဲ့ မျက်နှာ တည်ငြိမ်သွားသည်။ သူ ပြန်ရောက်လာတဲ့နောက်ပိုင်း စုယန်ယန်ရဲ့ အရည်အချင်းကို သတိထားမိပါသည်။ သူမ ဆေးပညာကို ဘယ်က ဘယ်လို တတ်လာသလဲ သူ မသိပေမဲ့ သူမရဲ့ ဆေးပညာကြောင့်ပဲ ဟောက်ချန်ဟွမ်းက အခုလို ပြန်ကောင်းလာခဲ့တာပင်။
ကျန်းချန့်ယန်မှာ လူငယ်တွေရဲ့ လျှို့ဝှက်ချက်တွေကို မရမက စုံစမ်းဖို့ စိတ်ကူးမရှိသော်လည်း သမင်က သူ့ရဲ့ လှပလွန်းတဲ့ ဦးချိုကြောင့်ပဲ မုဆိုးရဲ့ မျက်စိကျခြင်းကို ခံရပြီး အသက်သေဆုံးရတယ် ဆိုတာကိုတော့ သိပါသည်။ သေဘေးနှင့် နီးစပ်နေချိန်မှာ ကိုယ့်မှာ လုပ်ပိုင်ခွင့်တွေ ၊ အာဏာတွေ ဘယ်လောက်ပဲရှိရှိ တချို့ လူတွေက ဂရုစိုက်တော့မှာ မဟုတ်။
လူ့သဘာဝကိုက သေရေးရှင်ရေး ၊ ငွေရေးကြေးရေးနှင့် ပတ်သက်လာရင် ပြောင်းလဲလွယ်တဲ့ သဘောရှိသည်။
“ ဒီကိစ္စက နည်းနည်းလေးတော့ သတိထားရမယ်။ သူ့ကို ဆေးကုပေးနေတဲ့ လူက ကျေးဇူးသိတတ်ရင် ကိစ္စမရှိပေမဲ့ ကျေးဇူးမသိတတ်တဲ့ လူမျိုး ဆိုရင်တော့ … ” ကျန်းချန့်ယန် မျက်မှောင်ကြုတ်လိုက်သည်။ “ သခင်လေးသို့က အဲ့အမျိုးသမီးနဲ့ တွဲနေတာ ဆိုတော့ ဒုတိယ တစ်ခုပဲ ဖြစ်ဖို့ များတယ်။ ”
အဲ့ဒါကို ဟောက်ချန်ဟွမ်း ဘယ်လိုလုပ် နားမလည်နိုင်ရတာလဲ။ သူ့မျက်လုံးထဲမှာ အေးစက်မှုအငွေ့အသက်တွေ ယှက်သန်းသွား၏။
“ ဟုတ်တယ် ဦးလေး။ ”
သို့ထျန်းယီ ဘာကိုမှ စုံစမ်းလို့ မရခဲ့ရင် ဘာမှ မဖြစ်ပေမဲ့ စုံစမ်းလို့ ရသွားရင်လည်း ကိစ္စမရှိပါ။ အစကတည်းက သူက ဝမ်ကျင့်ဖျင်နှင့် တွဲနေပြီးသားမို့ သူတို့ရှေ့ကို ရောက်လာဖို့ အချိန် တစ်ခုပဲ လိုလိမ့်မည်။
သို့ထျန်းယီ ရုတ်တရက် ရောက်လာခြင်းက စုယန်ယန်အား အခုတလော သိုသိုသိပ်သိပ် နေထိုင်နေတဲ့ ဝမ်ကျင့်ဖျင်ကို သတိရသွားစေသည်။ ဝမ်ကျင့်ဖျင်က ဒီအတောအတွင်း ဘာပြဿနာမှ မရှာဘဲ ငြိမ်ချက်သားကောင်းနေ၏။
အသေးစိတ် စုံစမ်းကြည့်လိုက်တော့မှ ဝမ်ကျင့်ဖျင်က ပြဿနာမရှာချင်တော့တာ မဟုတ်ဘဲ သူမက ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့တဲ့အပြင် အဲ့ဒီလို လုပ်ဖို့ အင်အားမရှိတော့တာကို စုယန်ယန် သိလိုက်သည်။
ထုတ်လုပ်ရေးအဖွဲ့က သူမကို ဇာတ်လမ်းတွဲအသစ်ရဲ့ ဇာတ်လိုက်မင်းသမီးအဖြစ် ကြေညာလိုက်တဲ့ နေ့ကတည်းက ဝမ်ကျင့်ဖျင် တစ်ယောက် ပြဿနာတွေ တက်ခဲ့ရတာပါ။
အနုပညာနယ်ပယ်ထဲကို အခုမှ ဝင်လာတဲ့ မျက်နှာသစ် သရုပ်ဆောင် တစ်ယောက်ကို သူ့ကုမ္ပဏီက ငွေကြေးမြောက်များစွာ အကုန်အကျခံ ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်လမ်းတွဲမှာ ဇာတ်လိုက်မင်းသမီးအဖြစ် ပွဲဦးထွက်စေခြင်းက လူတွေကို မနာလိုဖြစ်စေခဲ့သည်။
ထိုဇာတ်လမ်းတွဲရဲ့ ဇာတ်လိုက်မင်းသမီး ဖြစ်လာကတည်းက ကုမ္ပဏီထဲက မရေမတွက်နိုင်တဲ့ မျက်လုံးတွေဟာ သူမဆီကို ရောက်လာခဲ့လေသည်။
အမျိုးသမီးသရုပ်ဆောင်များစွာက သူမရဲ့ နောက်ကွယ်မှာ သူမဟာ ကျိကျိတက် ချမ်းသာတဲ့ စပွန်ဆာကို ရထားကြောင်းနှင့် သူမရဲ့ မိသားစုကလည်း တော်တော်လေး ပိုက်ဆံရှိလို့သာ သူမကို အနုပညာလောကထဲ ဝင်,ဝင်ချင်းမှာပဲ ဇာတ်လိုက်မင်းသမီး ဖြစ်အောင် လုပ်ပေးနိုင်တာဟု ထင်ကြေးပေးခဲ့ကြသည်။
အကြောင်းအရင်းကို သူတို့ မခန့်မှန်းနိုင်သေးခင်မှာပဲ ဝမ်ကျင့်ဖျင်နှင့် ပတ်သက်တဲ့ မှတ်ချက်ဟောင်းတွေက သူမရဲ့ ဂုဏ်သတင်းကို ဆိုးဝါးစွာ ထိခိုက်စေခဲ့၏။
768 02
ပြဿနာက အဲ့ဒီမှာတင် ပြီးမသွားဘဲ ကျိုးဝမ်ရှုကပါ ထုတ်လုပ်ရေးအဖွဲ့ထဲကနေ ရုတ်တရက်ဆန်ဆန် နှုတ်ထွက်သွားခဲ့သည်။
တကယ်တော့ ဝမ်ကျင့်ဖျင်က ထိုနာမည်ကြီး ရုပ်ရှင်မင်းသမီးနှင့် ပတ်သက်လို့ ဘာခံစားချက်မှ သိပ်မခံစားရဘဲ နည်းနည်းလေးတောင် မနာလိုဖြစ်မိပါသည်။ ပြောရရင် လက်ရှိအချိန်မှာ ကျိုးဝမ်ရှု ပိုင်ဆိုင်ထားတဲ့ အရာအားလုံးက သူမရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲက အရာတွေလေ … ။
သို့သော်လည်း ကျိုးဝမ်ရှုက ထုတ်လုပ်ရေးအဖွဲ့မှ နှုတ်ထွက်ကြောင်း ကြေညာစာထုတ်ပြန်ပြီး သူမကို အင်တာနက်တစ်ခွင်မှာ လူဝေဖန်ခံရအောင် လုပ်လိမ့်မည်လို့ တစ်ခါမှ မျှော်လင့်မထားခဲ့ပါ။
ကျိုးဝမ်ရှုရဲ့ လုပ်ရပ်က ဝမ်ကျင့်ဖျင်ကို တစ်ဖက်လှည့်နှင့် ဒုက္ခပေးလိုက်တာလို့ ပြောလို့ ရသည်။ သူမက နှုတ်ထွက်ရခြင်းအတွက် ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်ကို ပေးခဲ့ရင်တောင် လူတိုင်းရဲ့ အပြစ်တင်မှုက သူမအပေါ် ကျရောက်လာမှာကို ရှောင်လွဲလို့ မရပါ။
ဝမ်ကျင့်ဖျင်သည် ထိတ်လန့်ကာ ဒေါသပေါက်ကွဲသွားခဲ့၏။ သူမ ပထမဆုံး လုပ်မိတာက သို့ထျန်းယီထံ ပြေးသွားပြီး ကုမ္ပဏီရဲ့ စီမံမှုကို မနာခံတဲ့ ထိုအမျိုးသမီးကို ပိတ်ပင်တားမြစ်ခိုင်းတာ ဖြစ်လေသည်။
ကံဆိုးချင်တော့ ဝမ်ကျင့်ဖျင်က ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးမိတာ ဖြစ်နေသည်။
သူမ မရေမတွက်နိုင်လောက်အောင် ဖုန်းတွေဆက်ခဲ့ပေမဲ့ တစ်ဖက်က လုံးဝ မကိုင်ဘဲ အဲ့ဒီနေ့ကတည်းက သို့ချန်းယီနှင့် သူမ အဆက်အသွယ်ပြတ်သွားခဲ့သည်။
ဒါပေမဲ့ အဲ့ဒါက အဆိုးဆုံး ပြဿနာ မဟုတ်သေးပါ။
++++++