← Chapters

အခန်း ၇၇၀

Vol. 52 Ch. 770

အခန်း ၇၇၀

Vol. 52 Ch. 770

770 01

အခန်း ( ၇၇၀ ) ဘုရင်ကြီးက အလျင်မလိုပေမဲ့ ကုန်းကုန်းက အလျင်လိုနေပြီ။

သို့ထျန်းယီက ဟောက်ရှောက်ဖုန်းနှင့် မတူမှန်း ဝမ်ကျင့်ဖျင် သတိထားမိတာ ကြာပါပြီ။ သူ့အတွက် အကျိုးအမြတ်တွေက အဓိကကျသည်။ သူ့အတွက် အသုံးမဝင်တော့တဲ့ လူတွေရဲ့ ကံကြမ္မာက အစွန့်ပစ်ခံရဖို့ ဖြစ်သည်။

အခုတော့ သူမဆီမှာ အဲ့ဒါတွေ တကယ် ဖြစ်လာပြီမို့ ဝမ်ကျင့်ဖျင်သည် ကျောရိုးထဲထိ စိမ့်အေးသွားကာ ဒီလို လူမျိုးကို ရွေးချယ်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် နောင်တရသွားမိသည်။

သူမ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ လီယွဲ့ရဲ့ အေးစက်စက် အကြည့်က သူမကို တုန်ရီသွားစေပါသည်။ သူမရဲ့ အသံကလည်း တော်တော်လေး အားလျော့နေပြီး အားတင်းတောင်းပန်လိုက်သည်။ “ လူကြီးမင်းလီ ၊ ကျွန်မ … ကျွန်မ သူနဲ့ တွေ့ချင်တယ်။ ကျွန်မမှာ သူ့နဲ့ ပြောစရာ ရှိလို့ပါ။ ကျွန်မကို သူနဲ့ တွေ့ခွင့်ပေးပါ။ ”

သူမ ပြောတဲ့ “ သူ ” ဆိုတာက ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဆိုတာ ထည့်ပြောမနေလိုက်ပါ။

လီယွဲ့က ဝမ်ကျင့်ဖျင်ကို သူမ မကြာခင် ဘယ်လို ပုံစံမျိုးနှင့် ဇာတ်သိမ်းတော့မယ် ဆိုတာကို ကြိုမြင်နေသကဲ့သို့ သနားသလို အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော်လည်း သနားတာက သနားတဲ့ အဆင့်မှာပဲ ရပ်တန့်သွားသည်။ သနားတာနှင့်ပဲ သူမကို ဒီအချိန်မှာ အိမ်ထဲ ဝင်ခွင့်ပေးလို့ မရပါ။

သနားစရာ လူ တစ်ယောက်မှာ မုန်းစရာ တစ်စုံတစ်ခုလည်း သေချာပေါက် ရှိရလိမ့်မည်။ သူမက ကိုယ့်နေရာကိုယ် မသိလျှင် အဆုံးသတ်မှာ ဖြစ်မယ့် အရာအတွက် အပြစ်အတင်သင့်ဆုံးက သူမကိုယ်သူမပဲ ဖြစ်လိမ့်မည်။

“ မိန်းကလေးဝမ်မှာ တစ်ခုခု ပြောစရာရှိရင် ကျွန်တော့်ကို တိုက်ရိုက် ပြောလို့ ရပါတယ်။ ကျွန်တော် ဘော့စ်ကို မိန်းကလေးဝမ်ရဲ့ ကိုယ်စား တစ်ဆင့် ပြန်ပြောလိုက်ပါ့မယ်။ ဘော့စ်က အခုတလော ကျန်းမာရေးမကောင်းတော့ ဧည့်သည် လက်မခံတာကို နားလည်ပေးပါ မိန်းကလေးဝမ်။ ”

ထိုစကားကို ကြားချိန်မှာ ဝမ်ကျင့်ဖျင်ရဲ့ နှလုံးသားက ပိုလို့တောင် အေးစက်သွားသည်။ သို့ထျန်းယီ နေမကောင်းတဲ့ အရင်အခေါက်တွေတုန်းကလည်း သူမ သူ့ဘေးမှာ အတူ ရှိပေးခဲ့ဖူးတာပဲ … ။ ထိုအချိန်တုန်းကတော့ သူမ ကိုယ့်ကိုယ်ကိုယ် အလွန် ဂုဏ်ယူခဲ့မိသလို သို့ထျန်းယီက သူမအပေါ် မှီခိုလွန်းတာကြောင့် သူမကို ဘယ်တော့မှ ပစ်သွားမှာ မဟုတ်ဘူးလို့ ခံစားခဲ့ရသည်။

လ အနည်းငယ်အတွင်းမှာပဲ သူမ စွန့်ပစ်ခံလိုက်ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ဝမ်ကျင့်ဖျင်သည် သွေးထွက်လာတဲ့အထိ အံကြိတ်မိတော့မလို ဖြစ်သွား၏။ သူမ ဘာတွေများ အမှားလုပ်မိသွားလို့လဲ ဆိုတာကို ဘယ်လောက်ပဲ ကြိုးစားပမ်းစား တွေး,တွေး အဖြေမပေါ်ပါ။

စုယန်ယန်သည် ဝမ်ကျင့်ဖျင်ကို သူမ စောင့်ကြည့်ခိုင်းထားတဲ့ လူတွေထံမှ သတင်းရချိန်မှာ အံ့ဩဆွံ့အသွားလေသည်။ ဝမ်ကျင့်ဖျင်နဲ့ သို့ထျန်းယီက အတူတူ နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ ကြည့်ရတာ သို့ထျန်းယီက သို့မိသားစုအိမ်တော်မှာပဲ နေပြီး ဝမ်ကျင့်ဖျင်အတွက် အပြင်မှာ တိုက်ခန်းလေး တစ်ခန်း ငှားပေးထားပုံရသည်။

စုယန်ယန် အနည်းငယ် အံ့အားသင့်သွားသည်။ မူရင်းဝတ္ထုထဲမှာ သို့ထျန်းယီက ဝမ်ကျင့်ဖျင်ကို သည်းသည်းလှုပ် ဂရုစိုက်ခဲ့တာမို့ သူမနှင့် တစ်အိမ်ထဲ အတူတူ နေသင့်တာ မဟုတ်လား။

ဒါပေမဲ့ ကိန်းကြီးခန်းကြီးနိုင်တဲ့ မိသားစုတွေက ဆင်းသက်လာတဲ့ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်က သူမ ထင်သလောက် တစ်ယောက်နှင့် တစ်ယောက် မနီးစပ် မရင်းနှီးပါ။ အဲ့ဒါက စုယန်ယန်အတွက် သတင်းကောင်းပါပဲ။

မူရင်းဝတ္ထုထဲမှာ ဝမ်ကျင့်ဖျင်ရဲ့ အကြီးမားဆုံး အားသာချက်က သူမအတွက် ဘာမဆို လုပ်ပေးဖို့ အဆင်သင့် ဖြစ်နေတဲ့ လူတွေ ရှိနေခြင်း ဖြစ်သည်။ ဇာတ်သတ်မှာတော့ ထိုလူတွေ အကုန်လုံးဟာ သူမရဲ့ အလုပ်ကို ဆူးငြောင့်ခလုတ်မရှိတဲ့ ပန်းခင်းလမ်း ဖြစ်အောင် ဖန်တီးပေးရင်း ၊ သူမနှင့် အမျိုးသားဇာတ်လိုက်ရဲ့ အချစ်ဇာတ်လိုက်ကို ပံ့ပိုးကူညီပေးရင်း သူတို့ကိုယ်သူတို့ အနစ်နာခံ စတေးသွားခဲ့ကြရသည်။

အခု အဲ့လူတွေ အကုန်လုံး မရှိတော့ဘူး ဆိုတော့ သူမ ဘယ်လိုလုပ် မော်ကြွားနိုင်ဦးမှာလဲ။

စုယန်ယန်ရဲ့ ကိုယ်ဝန်သက်တမ်းက ကိုးလထဲကို ရောက်လာချိန်မှာတော့ ချန်ရှို့ချင်သည် ဟောက်မိသားစုအိမ်တော်ကို ပြောင်းလာ၏။ သူမကို စုယွီရွှမ်းက ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသည်။

စုယန်ယန်က အစ်ကိုဖြစ်သူကို မြင်တော့ သူမရဲ့ သူများလက်ထဲ ပါသွားတဲ့ အနာဂတ် ယောင်းမလောင်းလေးကို ရုတ်တရက် ‌သတိရသွားကာ အစ်ကိုဖြစ်သူကို ဒေါသထွက်တဲ့ အကြည့်ဖြင့် ကြည့်လိုက်မိသည်။

770 02

စုယွီရွှမ်းသည် ညီမဖြစ်သူနှင့် အကြည့်ချင်းဆုံချိန်မှာ ကျောထဲ စိမ့်ခနဲ ဖြစ်သွားသည်။ သူ့ရဲ့ အလိုလို သိစိတ်က သူမ အန္တရာယ်များတဲ့ တစ်ခုခုကို တွေးနေတာ ဖြစ်ကြောင်း သူ့ကို ပြောပြနေပါသည်။

စုယန်ယန်ရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း သူမရဲ့ မိသားစုက အများကြီး အပင်ပန်းခံရမှာကို သိတဲ့ စုယွီရွှမ်းသည် ချန်ရှို့ချင်ကို အမြန် ချခဲ့ပြီး ထွက်ပြေးသွားခဲ့လေသည်။ နှစ်မိနစ် ၊ သုံးမိနစ်လောက် နောက်ကျမိလို့ သူ့ညီမရဲ့ “ ကစားစရာ အသစ်လေး ” ဖြစ်သွားမှာ စိုးရိမ်ရသည်။

စုယွီရွှမ်း ထွက်ပြေးသွားသည်နှင့် စုယန်ယန်က ချန်ရှို့ချင်ရဲ့ လက်ကို ဆွဲခေါ်လာရင်း စိတ်ပူသလို ပြောလိုက်သည်။ “ အစ်ကိုက မငယ်တော့ဘူးနော် အမေ။ သူ့ဘဝအတွက် သင့်တော်မယ့် မိန်းကလေး တစ်ယောက်ကို ရှာပေးရမယ့် အချိန်ရောက်နေပြီ။ ”

ချန်ရှို့ချင်ရဲ့ မျက်လုံးတွေ အရောင်လက်သွားကာ စုယန်ယန်ရဲ့ လက်ကို ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ ဟုတ်တယ်မို့လား။ အမေလည်း အဲ့ဒါပဲ တွေးနေတာ။ ကြည့်လေ ၊ သမီးတောင် ကလေးအမေ ဖြစ်တော့မယ် .. သမီးအစ်ကိုကတော့ အခုချိန်ထိ လူပျိုကြီး ဖြစ်နေတုန်း။ သူ့ဘေးမှာ ရှိနေတဲ့ ကောင်မလေးတွေထဲမှာလည်း သူနဲ့ လောက်လောက်လားလား သင့်တော်တဲ့ လူရယ်လို့ မတွေ့ပါဘူး။ သမီးရဲ့ အဖေကို အဲ့အကြောင်း ပြောတိုင်း သူက အလျင်မလိုပါဘူးလို့ပဲ ပြန်ပြောတယ်။ ဘုရင်ကြီးက အလျင်မလိုပေမဲ့ ကုန်းကုန်း ( မိန်းမစိုး ) က အလျင်လိုနေပြီလေ။ ”

“ ခွီး … ” စုယန်ယန်သည် ထိုစကားကို ကြားသောအခါ ဘယ်လိုမှ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိတော့သည်။ “ အမေက ကိုယ့်ကိုယ်ကိုယ် ကုန်းကုန်းလို့ ပြောနေတာလား။ ”

( T/N* ‘ ဘုရင်ကြီးက အလျင်မလိုပေမဲ့ ကုန်းကုန်းက အလျင်လိုနေပြီ ’ ဆိုတာက တရုတ်စကားပုံ တစ်ခု ဖြစ်ပါတယ်။ ကာယကံရှင်ထက် ဘေးလူတွေက သူ့အတွက် ပိုစိတ်ပူပေးနေရတယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ )

++++++

All Chapters