အခန်း ၇၇၁
Vol. 52 Ch. 771
771 01
အခန်း ( ၇၇၁ ) သစ္စာဖောက် ဝန်ကြီး။
စုယန်ယန်ရဲ့ ဗိုက်ထဲက ကလေးလေးက အမေဖြစ်သူရဲ့ ခံစားချက်တွေကို ခံစားမိပုံဖြင့် အနည်းငယ် လှုပ်ပြကာ သူ ရှိနေကြောင်း ပြသည်။
ချန်ရှို့ချင်က ကြောင်အနေပြီးမှ သူမကို မျက်စောင်းထိုးလိုက်သည်။ “ တင်စားပြီး ဥပမာပေးတာဟဲ့ ၊ ဥပမာပေးတာ။ ”
“ ဟုတ်ပါတယ် ၊ ဥပမာပေးတာပါ။ ဒါပေမဲ့ အဖေ ပြောတာလည်း မှန်တာပဲလေ။ အစ်ကိုက အိမ်ထောင်ပြုဖို့ အလျင်မလိုသေးပေမဲ့ လူပျိုကြီးဘဝနဲ့ အရိုးထုတ်သွားလို့တော့ မရဘူးမို့လား။ ”
စုယန်ယန်က ပြောရင်း ချန်ရှို့ချင်အနားကို တိုးကပ်သွားလိုက်သည်။ “ အစ်ကိုက ရုပ်ဆိုးတဲ့ လူလည်း မဟုတ်ဘူး အမေ။ ချမ်းလည်း ချမ်းသာတဲ့ သခင်လေး တစ်ယောက်။ အရပ်ရှည်တယ် ၊ ချမ်းသာတယ် ၊ ရုပ်ချောတယ်။ သူ့ကို ပိုးပန်းတဲ့ ကောင်မလေးတွေ မရှိဘူးလား။ ”
“ ရှိတာပေါ့။ ” ချန်ရှို့ချင် မျက်မှောင်ကြုတ်လိုက်သည်။ “ ဒါပေမဲ့ အဲ့ကောင်မလေးတွေမှာပဲ လျှို့ဝှက်ထားတဲ့ အကြံအစည်တွေ ရှိနေလို့လား .. သမီးရဲ့ အစ်ကိုကပဲ သူတို့ကို မကြိုက်တာလား ဘာလားတော့ မသိပါဘူး။ ”
စုယန်ယန် ခဏလောက် စဉ်းစားကြည့်လိုက်သည်။ “ အမေ အစ်ကို့ကို ကြင်ဖက်တွေ့ခိုင်းဖို့ တစ်ခါမှ မစဉ်းစားမိဘူးမို့လား။ ”
စုယန်ယန် ထိုစကားကို ပြောလိုက်သည်နှင့် သူတို့ နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဟောက်ချန်ဟွမ်းက လုပ်လက်စကို ရပ်ပြီး ဇနီးဖြစ်သူကို တအံ့တဩ လှမ်းကြည့်လာခဲ့သည်။
ချန်ရှို့ချင်ရဲ့ အမူအရာက အေးခဲသွားသလို ဘာစကားမှ ပြန်မပြောတော့ဘဲ ငြိမ်ကျသွား၏။
စုယန်ယန် သက်ပြင်းရှိုက်လိုက်သည်။ “ အမေ သမီးနဲ့ ဟောက်ရှောက်ဖုန်းတို့ကိစ္စကြောင့် အခုထိ အပြစ်မကင်းသလို ခံစားနေရလို့ အစ်ကို့ကို ကြင်ဖက်မတွေ့ခိုင်းရဲတာလား။ ”
စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းရဲ့ စေ့စပ်ပွဲကို နှစ်ဖက်မိသားစုရဲ့ မိဘတွေက စီစဉ်ခဲ့တာပင်။ အဲ့ဒီအချိန်တုန်းကတော့ သူတို့က တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိတာမို့ သူ့သမီးလေး ဒုက္ခရောက်မှာ မဟုတ်ဘူးလို့ ချန်ရှို့ချင် ထင်ခဲ့မိသည်။
သူမရဲ့ လွဲမှားတဲ့ ထင်မြင်ချက်ကြောင့် သမီးဖြစ်သူကို ချောက်နက်ကြီးထဲ သူမကိုယ်တိုင် တွန်းချမိတော့မလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။
ခဲမှန်ဖူးတဲ့ ယုန်သူငယ်လို ချန်ရှို့ချင်မှာ သားဖြစ်သူကိုပါ ကြင်ဖက်တွေ့ခိုင်းဖို့ သတ္တိမရှိ။
“ အမေက ခေါင်းမာနေတာပါ။ ဒီကမ္ဘာပေါ်မှာ ဟောက်ရှောက်ဖုန်းနဲ့ သူ့မိသားစုလို လူတွေ ရှိပေမဲ့ ချန်ဟွမ်းလို လူတွေလည်း ရှိတာပဲလေ။ မကောင်းတဲ့ လူ တစ်ယောက်ကြောင့်နဲ့ လူတိုင်းကို မကောင်းဘူးလို့ ယူဆလို့ မရဘူး အမေ။ ”
ချန်ရှို့ချင် ဆွံ့အသွားသည်။ စုယန်ယန် ပြောတဲ့ စကားက အဓိပ္ပာယ်ရှိပေမဲ့ နောက်ကွယ်က အဓိပ္ပာယ်ကိုလည်း သူမ ခန့်မှန်းမိပါသည်။ ဒီကောင်မလေး သူ့ယောက်ျားကို လူကောင်းပါ ဆိုပြီး တမင်တကာ ကြွားလုံးလာထုတ်နေတာလား။
“ အရင်တုန်းကတော့ အမေ့သူငယ်ချင်းတွေထဲမှာ သူတို့ရဲ့ သမီးလေးတွေကို သမီးရဲ့ အစ်ကိုနဲ့ မိတ်ဆက်ပေးချင်တဲ့ လူတွေ နည်းနည်းပါးပါးတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သမီးအစ်ကိုက ကြင်ဖက်တွေ့တာကို မကြိုက်လောက်ဘူး ထင်လို့ အမေ သူတို့ကို ငြင်းခဲ့တာ။ ”
“ အစ်ကို့ကို မေးတောင် မကြည့်ဘဲနဲ့ သူ မကြိုက်မှန်း အမေ ဘယ်လိုလုပ် သိလဲ။ ”
အခုမှ တွေးမိသွားတဲ့ ချန်ရှို့ချင်က စုယန်ယန်ရဲ့ စကားကို လက်ခံလိုက်ပါသည်။ “ … အမေ သူ့ကို ပြန်မေးကြည့်လိုက်ရင် ကောင်းမလား။ ”
“ ဒါပေါ့။ ” စုယန်ယန်က ခဏ စကားရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။ “ တကယ်တော့ အမေ အစ်ကိုနဲ့ ကြင်ဖက်တွေ့ခိုင်းမယ့် ကောင်မလေးရဲ့ အကျင့်စရိုက်တို့ ၊ စိတ်နေစိတ်ထားတို့ ၊ မိသားစုနောက်ခံတို့ ဘာတို့ကို ကြိုပြီး စုံစမ်းထားလို့ ရတာပဲ။ အမေ့သူငယ်ချင်းတွေကို အဲ့အကြောင်း ပေါ်တင် မေးကြည့်ခိုင်းနေတာ မဟုတ်ဘူးနော်။ တစ်ယောက်ယောက်ကို တိတ်တိတ်လေး စုံစမ်းခိုင်းတာမျိုးပေါ့။ သူများတွေ ပြောတဲ့ စကားကို မျက်စိမှိတ် မယုံဘဲနဲ့ ကိုယ့်ဘာသာ စုံစမ်းကြည့်တာက အကောင်းဆုံးပဲ။ ”
သူမ စိုးရိမ်နေရင် ကောင်မလေးတွေကို သူမအစ်ကိုနှင့် ပေးမတွေ့ခင်ကတည်းက သူတို့အကြောင်းကို ကြိုတင်စုံစမ်းထားလို့ ရသည်။ အဲ့ဒါဆို အချိန်ကုန်လည်း သက်သာရုံသာမက မလိုအပ်တဲ့ ပြဿနာတွေ အများကြီးကိုလည်း လျော့ကျစေလိမ့်မည်။
ချန်ရှို့ချင်က စုယန်ယန်ရဲ့ စကားတွေကြောင့် နည်းနည်းလေး စိတ်ပါလာသည်။ “ အဲ့ဒါကို စီစဉ်လိုက်လို့ ရပါတယ်။ ”
“ ဟုတ်တယ်မို့လား။ မဟုတ်ရင်လည်း အမေ အစ်ကို့ကို အဲ့ကိစ္စကို စစ်ဆေးတဲ့ နေရာမှာ ကူညီပေးပြီးမှ သူ့ကို အဲ့ကောင်မလေးတွေနဲ့ တွေ့ခိုင်းလိုက်ပေါ့။ မပြောကောင်း မဆိုကောင်း သမီးတို့ သေချာ မစုံစမ်းခဲ့လို့ အစ်ကိုက မကောင်းတဲ့ မိန်းမ တစ်ယောက်ရဲ့ အလှအပအောက်မှာ နစ်မျောသွားရင် သမီးတို့မိသားစုလည်း အေးအေးချမ်းချမ်း နေရတော့မှာ မဟုတ်ဘူး။ ”
771 02
“ ဟုတ်တယ် ၊ သမီး ပြောတာ မှန်တယ်။ ”
“ … ”
တစ်ဖက်မှာ ထိုင်နေတဲ့ ဟောက်ချန်ဟွမ်းက သူ့ယောက်ဖကို ကြင်ဖက်တွေ့ခိုင်းဖို့အတွက် ယောက္ခမကို တိတ်တဆိတ် ကူညီပေးနေတဲ့ ဇနီးဖြစ်သူကို ကြည့်နေမိသည်။ သူမကို ကြည့်ရတာ ရှေးခေတ်တုန်းက ဧကရာဇ်ကို ကုန်းတိုက်စကားတွေ ပြောနေတဲ့ သစ္စာဖောက် ဝန်ကြီး တစ်ယောက်လိုပါပဲ။
သူ့ယောက်ဖအတွက် စိတ်ထဲကနေ ကျိတ်ဆုတောင်းပေးလိုက်သည်။ သူ့ယောက်ဖ ပိုသန်မာလာပြီး မကြာခင်မှာ ရောက်လာတော့မယ့် ကြင်ဖက်တွေ့ဆုံခြင်းကြောင့် ပြိုလဲမသွားဖို့ပဲ မျှော်လင့်ရလေသည်။
“ ဟပ်ချိုး။ ” မြန်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးသွားခဲ့တဲ့ အစ်ကိုစုသည် ရုတ်တရက်ပဲ နှာခေါင်းထဲမှာ ယားယံလာကာ နှာချေလိုက်မိ၏။
ဒီလောက် နေသာနေတဲ့ နေ့မှာ သူ ဘာလို့ ချမ်းလာတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။
++++++