အခန်း ၇၇၂
Vol. 52 Ch. 772
772 01
အခန်း ( ၇၇၂ ) ကလေး တစ်ယောက်ကို အနိုင်ကျင့်ခြင်း။
ဒီကလေးကြောင့် စုယန်ယန် အများကြီး ပင်ပန်းခဲ့ရသည်။ ပထမဆုံး လတွေမှာ ဘာစားစား ပျို့တက်လာပြီး မူးဝေအော့အန်ခြင်းကို တစ်လကျော်ကြာ ခံစားခဲ့ရပြီး နောက်ပိုင်းရောက်တော့ ခြေလက်တွေ ကိုက်ခဲအားနည်းကာ အမြဲ အိပ်ချင်နေတတ်သည်။
ကိုယ်ဝန်သက်တမ်းရင့်လာချိန်မှာတော့ သူမရဲ့ ဗိုက်က တော်တော်လေး ပူထွက်လာပြီး ခြေထောက်တွေ ရောင်ရမ်းလာသည်မှာ ရှူးဖိနပ်တွေကိုတောင် စီးလို့ မရတော့တဲ့အထိပါပဲ။
ဟောက်ချန်ဟွမ်းက သူမကိုယ်စား သူပဲ ဝင်ဒုက္ခခံပေးလိုက်ချင်ပေမဲ့ သူ လုပ်နိုင်တာ ဘာမှ မရှိပေ။
အဲ့လိုနှင့် စုယန်ယန် အိပ်ရာမဝင်ခင် ခြေထောက်တွေကို ရေနွေးနွေးလေးနှင့် စိမ်ပြီး အနှိပ်ခံရလျှင် သက်သောင့်သက်သာရှိတယ် ဆိုတာကို သူ သိသွားတော့ စုယန်ယန်ရဲ့ ခြေထောက်တွေကို နေ့တိုင်း အိပ်ရာမဝင်ခင် နှိပ်ပေးခဲ့လေသည်။ အဲ့ဒါက စုယန်ယန်အတွက် တကယ့်ကို ထိရောက်တယ်လို့ ပြောလို့ ရသည်။
အိပ်ရာဘေးမှာ ထိုင်နေတဲ့ စုယန်ယန်သည် သူမရဲ့ ခြေသလုံးကြွက်သားတွေကို နှိပ်နယ်ပေးနေတဲ့ ဟောက်ချန်ဟွမ်းရဲ့ လက်ကို ခံစားနေရသည်။
ရှက်နေလို့လား ၊ ကြွေဇလုံထဲက ရေနွေးရဲ့ အပူရှိန်ကြောင့်လား မပြောတတ်ဘဲ သူမရဲ့ မျက်နှာလေးက အနည်းငယ် နီနေ၏။
“ ရှင့်ကုမ္ပဏီက ဝန်ထမ်းတွေသာ ရှင့်ကို ဒီလို ပုံစံနဲ့ မြင်သွားရင် ရှင့်ကို အထင်ကြီးတော့မှာ မဟုတ်ဘူး။ ”
“ ကိုယ့်မိန်းမရှေ့မှာ ဘာအဆောင်အယောင်တွေ လိုသေးလို့လဲ။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ “ အရည်အချင်းမရှိတဲ့ လူတွေပဲ တစ်ဖက်လူကို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်နဲ့ အထင်သေးတတ်တာ။ ”
အရည်အချင်းရှိတဲ့ လူ တစ်ယောက်က ခံစားချက်တွေ အကုန်လုံးကို ထုတ်ပြခဲ့တယ် ဆိုရင်တောင် ထိုလူကို သူ့အိမ်ခေါ်လာစရာ အကြောင်းမရှိပေ။
စုယန်ယန်က ခပ်တိုးတိုး ရယ်ရင်း သူ့ကို တမင်သက်သက် စနောက်လိုက်၏။ “ ရှင် ကိုယ့်ကိုယ်ကိုယ်ရော တကယ် မရှက်ဘူးလား။ ”
“ ကိုယ့်မိန်းမကို ချစ်တာ ဘာရှက်စရာ လိုလို့လဲ။ မင်းယောက်ျားက မိန်းမကြောက်ရတဲ့ ယောက်ျား ဆိုတာ မေ့သွားပြီလား။ အပြင်က အပြင်ပဲ။ အိမ်က အပြင်မှ မဟုတ်တာ။ အဲ့ဒါကြောင့်ပဲ အိမ်က ကိုယ့်ဇနီးလေးကို ကြိုးကြိုးစားစား ပြုစုပေးနေတာပေါ့။ အဲ့လိုဆို ကိုယ် အပြင်ရောက်နေတဲ့အချိန် ကိုယ့်အကြောင်းကို လူတွေ သိသွားမှာ ကြောက်စရာမလိုတော့ဘူး။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ငုံ့နမ်းလိုက်သည်။ “ ပြီးတော့ အရင်တုန်းက မင်းလည်း ကိုယ့်ခြေထောက်တွေကို နှိပ်ပေးခဲ့ဖူးတယ် မဟုတ်ဘူးလား။ မင်းရော အဲ့ဒါကို ရှက်စရာကောင်းတယ်လို့ ခံစားခဲ့ရလား။ ”
စုယန်ယန် ဆွံ့အသွားပါသည်။ ခေါင်းငုံ့လိုက်ပြီးနောက် ဟောက်ချန်ဟွမ်းရဲ့ နဖူးကို လက်ဖျားလေးနှင့် ထိကပ်လိုက်သည်။ “ ကျွန်မ တစ်ခါမှ အဲ့လို မတွေးခဲ့ဖူးပါဘူး။ ”
“ အဲ့ဒါဆို လုံလောက်နေပြီပဲ မဟုတ်ဘူးလား။ ”
စုယန်ယန်ရဲ့ မျက်လုံးထဲမှာ အပြုံးပန်းလေးတွေ ပွင့်လန်းလာပေမဲ့ ချက်ချင်းပဲ နာကျင်မှုအဖြစ် ပြောင်းလဲသွားသည်။
“ နာလို့လား။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ခြေကျင်းဝတ်ကို အလွယ်တကူ ကျိုးကြေနိုင်လောက်အောင် နူးညံ့လွန်းတဲ့ ပစ္စည်းလေးလိုမျိုး ဂရုတစိုက် ကိုင်လိုက်သည်။
“ မနာပါဘူး။ ဒါ ပုံမှန်ပါပဲ ၊ ကလေးက ဗိုက်ထဲမှာ ကောင်းကောင်းမွန်မွန် ကြီးထွားလာပြီ ဆိုတဲ့ အဓိပ္ပာယ်လေ။ ”
စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် သူမရဲ့ ဗိုက်ထဲက ကလေးလေးက ပျော်ရွှင်စွာ တုံ့ပြန်လာ၏။
ဟောက်ချန်ဟွမ်းက အဲ့ဒါကို မြင်တော့ သူမရဲ့ ဗိုက်ပေါ် လက်တင်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ ကလေးလေး မွေးလာရင် မေမေ့ကို လိလိမ္မာမ္မာ ဆက်ဆံရမယ်နော်။ မလိမ္မာရင် … ”
“ မလိမ္မာရင် ဘာလုပ်မှာလဲ။ ”
“ မလိမ္မာရင် ဖေဖေက မင်းကို တုတ်နဲ့ ရိုက်မှာ။ ”
“ အမယ် … ” စုယန်ယန်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ သူက အခုထိ မွေးသေးတာတောင် မဟုတ်ဘူး။ ဘယ်လိုလုပ် အဲ့ဒါတွေကို နားလည်မှာလဲ။ ”
“ သူ မနားမလည်လည်း အနာဂတ်မှာ စီမံရတာ ပိုလွယ်ကူအောင်လို့ အခုကတည်းက ကိုယ်တို့တွေ ကြိုပြီး ညှိနှိုင်းထားသင့်တယ်လေ။ ”
စုယန်ယန်မှာ ပြောစရာ စကားပင် မရှိတော့။ ဘာမှ မသိတဲ့ ကလေးလေးကို သူ ရည်ရွယ်ချက်ချက် အနိုင်ကျင့်နေတယ်လို့ သူမ ခံစားရသလို အဲ့ဒါအတွက် သက်သေနှင့်တကွလည်း ရှိသည်။
ဇနီးဖြစ်သူရဲ့ စိတ်ပျက်လက်ပျက် အကြည့်ကို လက်ခံလိုက်ရတဲ့ ဟောက်ချန်ဟွမ်းက ပြုံးလိုက်ပြီး ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ မင်း ဘာလို့ မင်းရဲ့ အစ်ကို,ကို ရုတ်တရက်ကြီး ကြင်ဖက်တွေ့ခိုင်းဖို့ စီစဉ်လိုက်တာလဲ။ ”
772 02
“ ကျွန်မရဲ့ အပိုင်တွက်ထားတဲ့ ယောင်းမလောင်းလေးက သူများလက်ထဲ ပါသွားပြီလေ။ ကျွန်မရဲ့ အစ်ကို,ကို လူပျိုကြီးဘဝနဲ့ပဲ တစ်သက်လုံး အရိုးထုတ်မသွားစေချင်ဘူး။ ”
အစ်ကိုဖြစ်သူကို ကြင်ဖက်တွေ့ခိုင်းဖို့ ကိစ္စကို အရင်တုန်းက စကားမစရတဲ့ အကြောင်းအရင်းက သူ့ကို လင်းရှောင်ချီးနှင့် အောင်သွယ်ပေးချင်နေလို့ပင်။ အခုတော့ လင်းရှောင်ချီးက တခြား ယောက်ျား တစ်ယောက်နှင့် အခြေအနေကောင်းနေပြီမို့ သူမရဲ့ အကြံအစည်က အထမြောက်မှာ မဟုတ်တော့။
“ ရှင် မသိပါဘူး။ ကျွန်မအစ်ကိုက တခြားသူတွေနဲ့ မတူဘူး။ ”
“ မတူဘူး ….. ” ဟောက်ချန်ဟွမ်း မျက်ခုံးပင့်မိသွားသည်။ “ ဘယ်လို မတူတာလဲ။ ”
သူက … အဲ့အပိုင်းမှာ မတော်ဘူးလို့ ပြောချင်တာလား။
စုယွီရွှမ်း : “ … ” အဲ့အပိုင်းမှာ မတော်တာက မင်းကွ။ မင်းတို့ တစ်မိသားစုလုံး ချို့ယွင်းနေတာ။
စုယန်ယန်ကတော့ ဟောက်ချန်ဟွမ်းရဲ့ အတွေးတွေကို မသိဘဲ သက်ပြင်းလေးတစ်ချက်သာ ရှိုက်ရင်း ဆက်ပြောနေခဲ့သည်။ “ ကျွန်မအစ်ကိုက တက္ကသိုလ်တက်နေရင်းနဲ့ ကောင်မလေး တစ်ယောက်နဲ့ တွဲခဲ့ဖးးတယ်။ အဲ့ကောင်မလေးက သိပ်ကို အကြံကြီးတယ်။ သူ ကျွန်မအစ်ကိုဆီကို ချဉ်းကပ်လာတဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူး။ ”
++++++