အခန်း ၇၇၃
Vol. 52 Ch. 773
773 01
အခန်း ( ၇၇၃ ) အချစ်က လူတွေရဲ့ အသိဉာဏ်ကို အမှန်တကယ်ပဲ နိမ့်ကျစေသည်။
တကယ်တော့ ထိုကိစ္စက စုမိသားစုရဲ့ လျှို့ဝှက်ချက်လေး တစ်ခုပါပဲ။ စုယွီရွှမ်း လူငယ်ဘဝ ထင်တိုင်းကြဲခဲ့စဉ်တုန်းက ဖြစ်ခဲ့တဲ့ အတိတ်မည်းတွေထဲက တစ်ခု ဆိုရင်လည်း မမှားပေ။
“ ကျွန်မအစ်ကိုရဲ့ လက်ရှိပုံစံကို မကြည့်နဲ့လေ။ သူက စီးပွားရေးနဲ့ ပတ်သက်လာရင် အလုပ်,လုပ်တာ အရမ်း တော်ပေမဲ့ မိန်းကလေးနဲ့ ပတ်သက်လာရင်တော့ ဘာမှ သိတာ မဟုတ်ဘူး။ အဲ့မိန်းမက ကျွန်မအစ်ကို ကျွေးတာ စားတယ် ၊ ကျွန်မအစ်ကို ပေးတဲ့ ပိုက်ဆံတွေကို သုံးတယ်။ သူက ကျွန်မအစ်ကို,ကို သူ့အတွက် ဈေးကြီးတဲ့ ပစ္စည်းတွေ ဝယ်ခိုင်းဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားနေတာ ၊ ကျွန်မအစ်ကိုရဲ့ ပိုက်ဆံတွေကို ရတဲ့နည်းနဲ့ ခွာချဖို့ ကြိုးစားခဲ့တာပေါ့လေ။ ”
စုမိသားစုက တော်တော်လေး ချမ်းသာတဲ့ မိသားစု တစ်စုလို့ ပြောလို့ ရသော်လည်း သားသမီးတွေနှင့် ပတ်သက်လာရင် အမြဲတမ်း စည်းကမ်းတင်းကျပ်သည်။
စုယန်ယန်ကတော့ မိသားစု နှစ်စုရဲ့ အငယ်ဆုံးသမီးလည်း ဖြစ် ၊ တစ်ဦးတည်းသော မိန်းကလေးလည်း ဟုတ်တာမို့ သူမမှာ မုန့်ဖိုးပြတ်သွားရင် သူမထက် အကြီးတွေဆီက အချိန်မရွေး မုန့်ဖိုးသွားတောင်းလို့ ရပေမဲ့ စုယွီရွှမ်းကတော့ အဲ့လို မဟုတ်ပေ။
ချန်ရှို့ချင်တို့လင်မယားက သားဖြစ်သူရဲ့ ငွေသုံးစွဲသူကို ပမာဏ တစ်ခုထိ သတ်မှတ်ပေးထားပြီး ထိုပမာဏကို ကျော်လွန်သွားပါက ကျော်သွားတဲ့ ပမာဏကို သူ့ဘာသာသူ ပြန်ရှရလေ့ရှိသည်။
ကံကောင်းစွာဖြင့် ထိုအမျိုးသမီးက စုယွီရွှမ်းဟာ သူမအတွက် စိတ်တိုင်းကျ ပိုက်ဆံသုံးပေးချင်ပေမဲ့ သူ သုံးနိုင်တဲ့ ပမာဏက အကန့်အသတ်ရှိတာကို သတိထားမိသွားခဲ့သည်။ ထို့ကြောင့် သူမက သူ့ပိုက်ဆံကို ရသမျှ ကုတ်ခြစ်ခွာယူပြီး သူ့ခန္ဓာကိုယ်ကိုတော့ လက်ဖျားနှင့်တောင် မထိခဲ့ပါ။
မဟုတ်ရင် အဲ့ဒီလို ယောင်းမ တစ်ယောက် ရတော့မယ် ဆိုတဲ့ အကြောင်းကို တွေးကြည့်ရုံဖြင့် စုယန်ယန် တစ်ယောက် ခေါင်းကျိန်းသည်။
ထိုအကြောင်းကို ဟောက်ချန်ဟွမ်းကတော့ အခုမှ ကြားဖူးတာပါ။ ပြောရရင် ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူ အာရုံစိုက်ခဲ့တဲ့ လူက စုယန်ယန် တစ်ယောက်တည်းပဲ ရှိသည်။
သူ့မျက်လုံးထဲမှာ စုယွီရွှမ်းနှင့် တခြား လူတွေကို သူနှင့် ရင်းနှီးတဲ့ ဆွေမျိုးတွေလိုပဲ လူကောင်းတွေ ဆိုတာထက် ပိုမမြင်ပါ။
“ အဲ့နောက်ပိုင်း ဘာဆက်ဖြစ်လဲ။ ”
စုယန်ယန် နှုတ်ခမ်းလေးစူပြီး နှာခေါင်းရှုံ့လိုက်သည်။ “ အဲ့လိုနဲ့ နောက်ပိုင်းကျတော့ အဲ့မိန်းမက သူ့အိမ်မှာ ကိစ္စ တစ်ခု ဖြစ်လို့ ပိုက်ဆံ အရေးပေါ် လိုပါတယ်လို့ လိမ်ပြောလာရော။ သူက ကျွန်မအစ်ကိုဆီက ပိုက်ဆံကို နောက်ဆုံးအနေနဲ့ ယူသွားတာပေါ့လေ။ အဲ့နောက်ပိုင်း သူ့အတွက် ကျွန်မအစ်ကို ဝယ်ပေးထားတဲ့ ဇိမ်ခံပစ္စည်းတွေကို ထုတ်ရောင်းပြီး နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ထွက်သွားတော့တာပဲ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ “ မင်းအစ်ကိုက ကန်ထုတ်ခံလိုက်ရတာလား။ ”
“ အဲ့လို ပြောလို့ ရတယ်။ အဲ့မိန်းမက ကျွန်မအစ်ကို,ကို လမ်းခွဲမယ့် စကား တစ်ခွန်းမှ မပြောဘဲနဲ့ ဆွေမျိုးတွေဆီကို သူ့မိသားစုနဲ့ သွားလည်ရမယ်လို့ပဲ ဆင်ခြေပေးခဲ့တာ။ အဲ့နောက်ပိုင်း သူ့ဘက်က တစ်ဖက်သတ်ကြီး အဆက်အသွယ်ဖြတ်ပြီး ပျောက်သွားတော့တာပဲ။ ”
တကယ်လို့ သူမရဲ့ အစ်ကိုသာ ထိုမိန်းမနှင့် အဆက်အသွယ်ပြတ်သွား၍ သူမ တစ်ခုခုများ ဖြစ်နေတာလားဟု စိတ်မပူခဲ့လျှင် ထိုမိန်းမဟာ လွန်ခဲ့တဲ့ ခြောက်လကတည်းက နိုင်ငံခြားပညာတော်သင်အတွက် လျှောက်လွှာဖြည့်ပြီးနေပြီမှန်း သိခဲ့မှာ မဟုတ်ပေ။
အဲ့ဒီအချိန်မှာ သူမနှင့် စုယွီရွှမ်းတို့ရဲ့ ချစ်သူသက်တမ်းက သုံးလပဲ ရှိသေးသည်။
တစ်နှစ်နီးပါးထိ သူမက ထိုကိစ္စကို လျှို့ဝှက်ထားခဲ့တာ ဖြစ်ပြီး အရင်တုန်းက စုယွီရွှမ်းကိုယ်တိုင်ပင် သူမ သူ့ကို တစ်ခုခု ဖုံးကွယ်ထားသည်ဟု မတင်မကျ ခံစားရလို့ မေးခဲ့ပေမဲ့ သူမကတော့ အမှန်တရားကို ဘယ်တော့မှ ပြောမပြခဲ့ပေ။ တခြား အကြောင်းတွေကိုလည်း ပြောမပြဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့သည်။
အဲ့ဒီတော့မှ စုယွီရွှမ်းလည်း လှပတဲ့ အချစ်လို့ သူ ထင်ခဲ့တာက အလိမ်အညာသက်သက် ဖြစ်နေမှန်း နားလည်သွားတော့သည်။ သူ့ရဲ့ အမည်ခံ ချစ်သူကောင်မလေးရဲ့ အမြင်မှာ သူက ငွေထုတ်စက် တစ်လုံးထက် ဘာမှ မပိုပါ။
ထိုအကြောင်းကို သိလိုက်ရချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ နူးညံ့သွားသည်။ ကျိုးယန်ပိုင်တောင် ကြောက်ရတဲ့ သူ့ယောက်ဖမှာ ဒီလို ဝမ်းနည်းဖွယ်ရာ အချစ်ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု မတွေးခဲ့မိပေ။ အချစ်က လူတွေရဲ့ အသိဉာဏ်ကို အမှန်တကယ်ပဲ နိမ့်ကျစေသည်။
“ အဲ့ကတည်းက ကျွန်မအစ်ကိုက ရည်းစားမထားတော့တာပဲ။ ပြီးတော့ သူ့ကို ချဉ်းကပ်လာတဲ့ ကောင်မလေးတွေ အကုန်လုံးကိုလည်း အေးတိအေးစက်ပဲ တုံ့ပြန်လာခဲ့တာ အခုလို ကျွန်မက အိမ်ထောင်ကျသွားပြီး သူကတော့ လူပျိုကြီးဘဝနဲ့ပဲ ကျန်ခဲ့တဲ့အထိပဲ ဆိုပါတော့။ ”
အတိတ်တုန်းက ဆိုးဝါးတဲ့ အချစ်ရေးကြောင့် သူ စိတ်ဒဏ်ရာရသွားတာ အသိအသာပင်။ အဲ့ဒီနောက်ပိုင်း သူ ရည်းစားထပ်မထားဖြစ်တာလည်း အံ့ဩစရာ မရှိပေ။
773 02
ထိုဖြစ်ရပ်က မုန့်လုံးရေပေါ်လို ပျော့ညံ့ခဲ့တဲ့ စုယွီရွှမ်းကို နှမ်းစေ့ကောက်ညှင်းလုံးလို တော်တော်လေး မာကျောတဲ့အသွင်ကို ပြောင်းလဲသွားစေပေမဲ့ မိန်းကလေးတွေကို အလိုအလျောက် တန်ဖိုးဖြတ်တဲ့ စနစ်ကိုလည်း အသက်ဝင်စေခဲ့လေသည်။
ထိုအချိန်က စလို့ သူက အလုပ် တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး အဖေဖြစ်သူရဲ့ လုပ်ငန်းတွေ အများကြီးကို ကူပေးရင်း အဖေဖြစ်သူကိုတော့ စောစီးစွာ အနားယူခွင့်ပေးခဲ့သည်။
++++++