← Chapters

အခန်း ၇၇၄

Vol. 52 Ch. 774

အခန်း ၇၇၄

Vol. 52 Ch. 774

774 01

အခန်း ( ၇၇၄ ) ဆရာဝန် သတ်မှတ်ထားတဲ့ ဂျူးဒိတ်ထက် အရင် ရောက်လာတဲ့ မွေးရက်။

ဒဏ်ရာကျက်သွားရင်တောင် အမာရွတ်ကတော့ ကျန်ခဲ့စမြဲပါ။ ဒီနှစ်ပိုင်းတွေမှာ စုယွီရွှမ်းရဲ့ စိတ်က ဘယ်လောက်ပဲ အသားကျသွားပါစေ ၊ သူ့ကို ချဉ်းကပ်လာတဲ့ မိန်းမလှလေးတွေ အကုန်လုံးကို အဆိပ်ပြင်းသတ္တဝါတွေလို ရှောင်ဖယ်ခဲ့ခြင်းကို ကြည့်လျှင် သူ့စိတ်ဒဏ်ရာက လွယ်လွယ်နှင့် မပျောက်ကင်းနိုင်တာ သိသာသည်။

ဒါကြောင့်ပဲ ချန်ရှို့ချင်ကလည်း သူ့ကို အိမ်ထောင်ချပေးရမယ့် ကိစ္စကို စုယန်ယန်တုန်းကထက် ပိုသတိထားနေတာပါ။ တူညီတဲ့ အမှား တစ်ခုကို လက်လွယ်စပယ် ထပ်လုပ်မိမှာကို သူမ ကြောက်သည်။

ဟောက်ချန်ဟွမ်းက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံပေါ်သည်။ “ အဲ့ဒါကြောင့် မင်း ရှောင်ချီးကို မင်းအစ်ကိုနဲ့ မိတ်ဆက်ပေးချင်ခဲ့တာလား။ ”

“ အင်း။ အနည်းဆုံးတော့ ကျွန်မက ရှောင်ချီးအကြောင်း အကုန် သိတယ်လေ။ ရှောင်ချီးရဲ့ စရိုက်ကို ကျွန်မ ယုံလို့ ရတယ် ၊ ပြီးတော့ သူတို့ရဲ့ စိတ်နေစိတ်ထားတွေကလည်း တော်တော်လေး ကိုက်ညီတယ်။ ”

ကံမကောင်းစွာဖြင့် လင်းရှောင်ချီးရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ တစ်စုံတစ်ယောက်က ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့ပါသည်။

ဒါပေမဲ့ ထိုအကြောင်းကို စုယန်ယန် အခု ပြန်တွေးကြည့်တော့ သူမ ဖြစ်စေချင်တဲ့ ဆန္ဒက သူတို့အတွက် တကယ် ကောင်းမွန်တဲ့ အရာ ဖြစ်ချင်မှလည်း ဖြစ်မှာပါဟု ခံစားလိုက်ရ၏။

ထားလိုက်ပါတော့ ၊ လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ကိုယ်ပဲ။ လင်းရှောင်ချီးက သူမရဲ့ အစ်ကိုနှင့် ရေစက်ပါမလာတာကို အတင်း လုပ်ယူလို့ မရပါ။

“ အဲ့ဒါကြောင့် ကျွန်မရဲ့ အစ်ကိုက တခြား ယောက်ျားလေးတွေနဲ့ မတူဘူးလို့ ပြောတာပေါ့။ သူ့ရည်းစားဟောင်းက သူ့ကို သူ ထင်တာထက် ပိုပြီး နာကျင်စေခဲ့တယ်။ ဒီအခြေအနေနဲ့ဆို သူ့ကို တစ်ယောက်ယောက်က တွန်းအားမပေးရင် သူ့မှာ လက်တွဲဖော်ရှာဖို့ သတ္တိရှိမှာ မဟုတ်လောက်ဘူး။ ”

စုယန်ယန်က စကား ခဏ ရပ်ပြီး သက်ပြင်းရှိုက်လိုက်သည်။ “ ပြီးတော့ ကျွန်မအမေအတွက်လည်း လုပ်စရာ အလုပ် တစ်ခုခု ရှာပေးချင်တယ်။ ”

“ မင်းအမေအတွက် လုပ်စရာ အလုပ် တစ်ခုခု ရှာပေးချင်တယ် … ဟုတ်လား။ ” ဟောက်ချန်ဟွမ်းက ဘေးက တဘက်လေးကို ယူပြီး စုယန်ယန်ရဲ့ ခြေထောက်လေးတွေကို ခြောက်သွားအောင် သုတ်ပေးလိုက်သည်။

“ ရှင်တို့တွေ အကုန်လုံး အရမ်း အစိုးရိမ်လွန်နေတယ်လို့ မထင်ဘူးလား။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ပါးလေးကို ကိုင်လိုက်တော့ ဟောက်ချန်ဟွမ်းက မော့ကြည့်လာရာ အကြည့်ချင်း ဆုံသွားကြသည်။

“ ရှင်ရော ၊ အမေရော အခုနောက်ပိုင်း ကျွန်မကို တအား စိုးရိမ်လာကြတယ်။ အဲ့ဒါ မကောင်းဘူး။ ”

ကိုယ်ဝန်ဆောင်ချိန်မှာ သူမ ပင်ပန်းမှာကို သူတို့ စိုးရိမ်နေမှန သိပေမဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေက သူမပတ်ဝန်းကျင်က လူတွေအပေါ် အလွယ်တကူ သက်ရောက်နိုင်သည်။ သူတို့ကလည်း တမင်သက်သက် လုပ်တာတော့ မဟုတ်ပေမဲ့ တချို့ ကိစ္စတွေ ဆိုတာ ထိန်းချုပ်လို့ မရပါ။

“ ကိုယ် တောင်းပန်ပါတယ်။ ” ဟောက်ချန်ဟွမ်းက သူမရဲ့ လက်လေးကို ဆုပ်ကိုင်လိုက်သည်။ သူကတော့ ကိုယ့်စိတ်ကိုယ် ကောင်းကောင်း ဖုံးကွယ်နိုင်သည်ဟု ထင်ထားခဲ့တာ ဖြစ်ပြီး ဒီတစ်ချိန်လုံး သူမ ရိပ်မိနေတာကို မသိခဲ့ပေ။

“ တောင်းပန်စရာ မလိုပါဘူး။ ရှင် ဘာကို စိုးရိမ်နေလဲ ဆိုတာ ကျွန်မ သိပါတယ်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ခေါင်းလေးကို သူမရဲ့ ဗိုက်နှင့် ကပ်ကာ ဗိုက်ထဲက ကလေးလေးရဲ့ ပီပီပြင်ပြင် ကြားနေရတဲ့ နှလုံးခုန်သံကို နားထောင်ခိုင်းလိုက်သည်။

“ အဆင်ပြေသွားမှာပါ။ ကလေးရော ၊ ကျွန်မရော နှစ်ယောက်လုံး အဆင်ပြေမှာပါ။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ နက်ရှိုင်းတဲ့ အလင်းရောင်လေးတွေ ဝင်းလက်သွားပေမဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ချထားတဲ့ သူ့လက်တွေကတော့ တောင့်တင်းနေဆဲ။ “ ဟုတ်ပါပြီ။ ကိုယ် နားလည်ပါပြီ။ ”

ကောင်ကလေးရဲ့ မွေးရက်က ဆရာဝန် သတ်မှတ်ပေးထားတဲ့ ဂျူးဒိတ်ထက် နှစ်ရက် ၊ သုံးရက် ပိုစောခဲ့သည်။ မုန်တိုင်းထန်နေတဲ့ ည တစ်ညမှာ စုယန်ယန် ရုတ်တရက် ဗိုက်နာလာခြင်းက ဟောက်အိမ်တော်ရှိ လူတိုင်းကို အထိတ်ထိတ် အပြာပြာ ဖြစ်သွားစေခဲ့လေသည်။

774 02

တစ်ခုခု ပုံမှန် မဟုတ်မှန်း သိတဲ့ ဟောက်ချန်ဟွမ်းက ချက်ချင်းပဲ စုယန်ယန်ကို ပွေ့ချီပြီး ဆေးရုံကို ကားနှင့် ဒရောသောပါး ထွက်လာခဲ့သည်။

ချန်ရှို့ချင်က စုယန်ယန်ကို ဂရုစိုက်ပေးရတာ လွယ်ကူစေရန်အတွက် သူတို့‌ရဲ့ ဘေးခန်းမှာ နေသည်။ အပြင်က ဆူညံဆူညံ အသံတွေကို ကြားတော့ အိပ်ပျော်နေရာမှ လန့်နိုးလာ၏။ အဲ့ဒီနောက် သူမ ဘာပစ္စည်းကိုမှ မယူနိုင်တော့ဘဲ သမီးဖြစ်သူနှင့် သားမက်ဖြစ်သူနောက် အမြန် လိုက်သွားလေတော့သည်။

စုယန်ယန်က ဗိုက်နာမှုကြောင့် တွန့်လိမ်ကွေးကောက်နေခဲ့သည်။ ပထမတော့ ခံနိုင်သေးပေမဲ့ တဖြည်းဖြည်း ပြင်းထန်လာတဲ့ နာကျင်မှုက သူမအား ဟောက်ချန်ဟွမ်းရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိစေသည်။ ခဏကြာတော့ သူတို့ နှစ်ယောက်ရဲ့ ဆုပ်ကိုင်ထားတဲ့ လက်တွေမှာ ချွေးတွေ စိုရွဲနေ၏။

စုယန်ယန်က နာကျင်မှုကို တောင့်ခံရင်း သက်ပြင်းလေး တစ်ချက်ကို ဟူးခနဲ မှုတ်ထုတ်ကာ သူမနံဘေးရှိ လှည့်ကြည့်လိုက်တော့ နာကျင်နေတဲ့ကြားက ရယ်ချင်သွားသည်။ “ ရှင် ဘာဖြစ်နေတာလဲ။ ရှင့်မျက်နှာက ဘာလို့ ကျွန်မထက်တောင် ဖြူဖတ်ဖြူရော် ဖြစ်နေတာလဲ။ ” မသိရင် ကလေးမွေးတော့မယ့် လူက သူမ မဟုတ်ဘဲနဲ့ သူ ဖြစ်နေသလိုပင်။

ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေက တဆတ်ဆတ် တုန်ရီနေသော်လည်း ဘာစကားကိုမှ မပြောနိုင်ခဲ့ပါ။ ပွေ့ဖက်ခြင်းကသာ စုယန်ယန်ကို နာကျင်မှုကနေ သက်သာစေနိုင်သလိုမျိုး သူမကို ပိုလို့ တင်းတင်းကျပ်ကျပ် ဖက်လိုက်ရင်း လက်ကလေး‌ကို မြဲနေအောင် ဆုပ်ကိုင်ထားလိုက်သည်။

+++++++

All Chapters