အခန်း ၇၇၅
Vol. 52 Ch. 775
775 01
အခန်း ( ၇၇၅ ) သားဖြစ်သူကို ကြွားဝါခြင်း။
တကယ်တော့ ဟောက်မိသားစုအိမ်တော်က အနီးစပ်ဆုံးမှာ ရှိတဲ့ ဆေးရုံနှင့် သိပ်မဝေးသောကြောင့် ဆယ်မိနစ် ၊ မိနစ် နှစ်ဆယ်လောက် ကားမောင်းသွားရုံနှင့် ရောက်သည်။
သို့သော်လည်း သည်းထန်းစွာ ရွာသွန်းနေတဲ့ မိုးကြောင့် သူတို့ ဆေးရုံကို ရောက်ဖို့ ဆယ်မိနစ်ကျော် ကြာသွားခဲ့ရသည်။
ဆေးရုံကို ရောက်သည်နှင့် သူနာပြုတွေက စုယန်ယန်ကို ဘီးပါသည့် လူနာတင်ခုတင်ပေါ် သားဖွားခန်းထဲ တွန်းခေါ်သွားကြသည်။ ဟောက်ချန်ဟွမ်းက သူပါ အထဲ လိုက်ဝင်ချင်ပေမဲ့ သူနာပြုတွေနှင့် ချန်ရှို့ချင်က သူ့ကို တားခဲ့သည်။
“ မင်း လိုက်ဝင်သွားလည်း ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ဒီမှာပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေစမ်းပါ။ ”
ချန်ရှို့ချင်က သမီးဖြစ်သူရဲ့ မျက်နှာထက်တောင် ပိုပြီး ဖြူဖတ်ဖြူရော် ဖြစ်နေတဲ့ သားမက်ဖြစ်သူကို ကြည့်ကာ ဘာမှ မတတ်နိုင်ဘဲ သက်ပြင်းရှိုက်လိုက်မိသည်။
သားဖွားခန်းရဲ့ မျက်နှာကျက်မှာ လင်းနေတဲ့ မီးရောင်က သူတို့ရဲ့ စိုးရိမ်စိတ်ကို ပိုတိုးလာစေသည်။ စိုးရိမ်စိတ်ကြောင့် နှလုံးခုန်သံတွေ မြန်နေပုံမှာ နှလုံးသားက လည်ချောင်းထဲကနေ ထွက်ကျလာတော့မလိုတောင် ထင်ရပြီး စိတ်ထဲမှာ ဗလာနတ္ထိ ဖြစ်နေသည်။
စုယွီရွှမ်းနှင့် သူ့အဖေက သတင်းရသည်နှင့် ချန်ရှို့ချင်ကို အဖော်ပြုပေးရန်အတွက် ဆေးရုံကို အမြန်ဆုံး ပြေးလာခဲ့သည်။
ဦးလေးကျန်းကလည်း သူတို့အတွက် အဝတ်အစား တချို့နှင့် အဆာပြေမုန့်တွေ လာပို့ပေး၏။
ကံမကောင်းစွာဖြင့် ဘယ်သူမှ စားချင်စိတ် ရှိမနေပါ။ သားဖွားခန်းရဲ့ အပြင်ဘက်မှာ သုံး ၊ လေးနာရီ ကြာသည်ထိ ရပ်စောင့်နေခဲ့ရင်း ကောင်းကင်ကြီး တဖြည်းဖြည်း စတင်ကြည်လင်လာချိန်မှာတော့ သားဖွားခန်းရဲ့ ပိတ်ထားတဲ့ တံခါးတွေ ပွင့်လာသည်။
သားဖွားခန်းဆီသို့ ချက်ချင်း ပြေးသွားတဲ့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုနှင့် မျှော်လင့်ချက်တွေ ပြည့်နှက်လျက်ပင်။
“ ကလေးအမေက ယောက်ျားလေး မွေးပါတယ်။ အမေရော ၊ ကလေးရော ကျန်းမာပါတယ်။ ”
“ တော်သေးတာပေါ့။ ဘုရားသခင်ကို ကျေးဇူးတင်ရမယ် ၊ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။ ” ချန်ရှို့ချင်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေးကို မှုတ်ထုတ်လိုက်ပြီး သူမရဲ့ အသစ်စက်စက် မြေးလေးကို အပြေး လာကြည့်ခဲ့သည်။
အခုမှ မွေးကင်းစ ကလေးလေးဟာ ဆန်ပြုတ်လေးနှင့် တူကာ မျက်နှာလေးက နီရဲ၍ မျက်လုံးတောင် ကောင်းကောင်း မပွင့်သေးပေ။ သူ့လက် သေးသေးလေးတွေက ကျိုးကြေလွယ်တဲ့ ပစ္စည်းလေးတွေလို နူးညံ့ပျော့ပျောင်းနေသည်။
ဟောက်ချန်ဟွမ်းက ကလေး ဘေးကင်းလုံခြုံတာ သေချာအောင် တစ်ချက် ကြည့်လိုက်ပြီးမှ သားဖွားခန်းထဲက စုယန်ယန်ထံ အာရုံပြန်ပြောင်းလိုက်သည်။
မေ့ဆေးလည်း မသုံး ၊ ထုံဆေးလည်း မသုံးသလို ခွဲလည်း မမွေးဘဲ ရိုးရိုးတန်းတန်း ညှစ်မွေးရတာကြောင့် စုယန်ယန် အလွန် ပင်ပန်းနေသည်။
သားဖွားခန်းအပြင်ဘက်ကို လူနာခုတင်နှင့် တွန်းထုတ်လာတဲ့ စုယန်ယန်ကို မြင်သည်နှင့် ဟောက်ချန်ဟွမ်းက သူမကို ချက်ချင်း သွားကြိုဆိုလိုက်သည်။
သူ့ကို မြင်ချိန်မှာ စုယန်ယန် တစ်ယောက် ရယ်ချင်စိတ်ကို ထိန်းမရတော့။ “ ရှင် ကလေးကို မြင်ပြီးပြီလား။ ”
“ မြင်ပြီးပြီ။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ နီရဲနေသည်။ “ သူက ကျွန်မနဲ့ တူတယ်။ ”
“ မဟုတ်တာ။ သားယောက်ျားလေးတွေက မွေးကင်းစအရွယ်မှာ အမေနဲ့ပဲ တူတာပါ။ ”
ဟောက်ချန်ဟွမ်းက သူမရဲ့ စကားကို ကြားတော့ သူ့မျက်လုံးထဲမှာ အပြုံးရိပ်လေးတွေ ယှက်သန်းသွားသည်။ သူ ချက်ချင်းပဲ စကားပြင်ပြောလိုက်၏။ “ ဟုတ်တယ် ၊ ကိုယ် မှားသွားတယ်။ ကလေးက မင်းနဲ့ ပိုတူတာ။ ”
စုယန်ယန်က ကျေနပ်သွားသလို သူမရဲ့ မျက်ခွံလေးတွေလည်း တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။
ဟောက်ချန်ဟွမ်းရဲ့ နှလုံးသားထဲမှာ သိမ့်ခနဲ လှုပ်ရှားသွားကာ သူ ဘာမှ ဆက်မတွေးနိုင်ခင်မှာပဲ ပါးစပ်က “ ယန်ယန် … ” ဟု ခေါ်မိပြီးသား ဖြစ်သွား၏။
စုယန်ယန်က သူ့ကို နားမလည်သလို ကြည့်နေသည်။ “ ဟမ်။ ”
ဟောက်ချန်ဟွမ်းက သူမရဲ့ ချွေးစို့နေတဲ့ နဖူးလေးကို ငုံ့နမ်းလိုက်သည်။ “ ကိုယ့်ကို ဒီလို အဖိုးတန်တဲ့ လက်ဆောင်လေး ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ ”
775 02
စုယန်ယန်ရဲ့ စိတ်ခံစားချက် တုံ့ပြန်မှုက လက်ရှိအချိန်မှာ အနည်းငယ် နှေးကွေးနေသည်။ သူမ စက္ကန့်ပိုင်းလောက် အံ့ဩနေပြီးမှ တွန့်ချိုးနေတဲ့ မျက်ခုံးတွေ ပြေလျော့သွား၏။ ထို့နောက် ဟောက်ချန်ဟွမ်းကို စစနောက်နောက် အပြစ်တင်လိုက်ပါသည်။ “ ပေါတောတောနဲ့။ ”
အလွန်အမင်း ပင်ပန်းနေပြီမို့ လူနာဆောင်ထဲကို ရောက်သည်နှင့် အိပ်ပျော်သွားတဲ့ စုယန်ယန်ကို ဟောက်ချန်ဟွမ်းက ဘေးကနေ ကြည့်နေမိသည်။ ဟောက်ချန်ဟွမ်းသည် သူမ အိပ်ပျော်သွားတော့မှ သူလည်း သူ့မိသားစုကို ဒီပျော်စရာသတင်းလေးကို အသိပေးဖို့ သတိရပါတော့သည်။
ချန်မိသားစုဘက်မှာ စုယန်ယန်ရဲ့ အဒေါ် ရှိသေးတာမို့ လူကြီးမင်းစုက သူမကို အသိပေးပါလိမ့်မည်။ ဟောက်ချန်ဟွမ်းက ဦးလေးကျန်းနှင့် ကျန်းချန့်ယန်ကိုပဲ ဖုန်းဆက်စရာ လိုသည်။
ဟောက်မိသားစုမှာပဲ ဘဝသက်တမ်း အများစုကို ကုန်ဆုံးခဲ့ရတဲ့ အဘိုးကြီးက စုယန်ယန် ယောက်ျားလေးမွေးတဲ့အကြောင်းကို သိသည်နှင့် ပျော်ရွှင်မှုကြောင့် မျက်ရည်တွေ ကျလာလေသည်။
ဖုန်းချလိုက်ပြီးနောက် သူ ချက်ချင်းပဲ ကျန်းချန့်ယန်ကို သတင်းပြောပြလိုက်သည်။
သူ့ဦးလေးကလည်း သတင်းကောင်းကို ကြားတော့ အတော်လေး အံ့အားသင့်သွားပါသည်။
ဟောက်ချန်ဟွမ်းသည် သူ့မိသားစုကို သတင်းကောင်းတွေ ပြောပြပြီးနောက် ကလေးသတင်းကို အွန်လိုင်းပေါ်မှာ ကြွားဝါးတဲ့ နာမည်ကျော် နည်းလမ်း တစ်ခုကို စဉ်းစားမိသွား၏။ ရုတ်တရက် ဆိုသလိုပဲ သူ့သားလေးကို ဓာတ်ပုံ နည်းနည်းပါးပါး ရိုက်လိုက်ပြီး ယုကျစ်ယန်နှင့် ကျန်လူ နှစ်ယောက်ဆီ လှမ်းပို့ပေးလိုက်သည်။
ထိုအချိန်မှာ သူတို့ သုံးယောက်က အိပ်ရာထခါစပဲ ရှိသေးသည်။ ကိုယ်လက်သန့်စင်ပြီးလို့ အလုပ်သွားဖို့ ပြင်နေတုန်းမှာပဲ သူတို့ရဲ့ ဖုန်းထဲကို ဓာတ်ပုံတွေ ရောက်လာတော့ သုံးယောက်လုံး အနည်းငယ် ကြောင်အသွားကြသည်။
++++++