← Chapters

အခန်း ၇၇၆

Vol. 52 Ch. 776

အခန်း ၇၇၆

Vol. 52 Ch. 776

776 01

အခန်း ( ၇၇၆ ) အန်ပေါင်း ပို့ပေးခြင်း။

ကျိုးယန်ပိုင်က ဟောက်ချန်ဟွမ်း ဘာကို ပို့လိုက်တာလဲ ဆိုတာ ချက်ချင်း နားလည်သွားပြီး မျက်လုံးတွေ တောက်ပသွားသည်။

ယုကျစ်ယန်နှင့် ကုရှောက်ယန်ရဲ့ တုံ့ပြန်မှုတွေကတော့ နည်းနည်းလေး နှေးကွေးသည်။ သူတို့က ဟောက်ချန်ဟွမ်းရဲ့ အကောင့်ကို အဟက်ခ်ခံလိုက်ရပြီလို့တောင် ထင်သွားကြတော့မလို့ပါ။

ထို့ကြောင့် ယုကျစ်ယန်နှင့် ကျိုးယန်ပိုင်သည် Group Chat ထဲမှာ ထိုအကြောင်းကို အထူးတလည် ဝင်ဆွေးနွေးခဲ့ကြသည်။

“ ဘာဖြစ်တာလဲ။ သခင်လေးက ငါ့ကို ရုတ်တရက်ကြီး ဓာတ်ပုံတွေ ပို့ပေးလာတယ်။ မင်းတို့ဆီကိုရော အဲ့ဓာတ်ပုံတွေ ရောက်လာလား။ ”

“ ခြေထောက် သေးသေးလေးကို ရိုက်ထားတဲ့ ဓာတ်ပုံကို ပြောတာလား။ ”

“ လခွမ်း။ ”

“ ငါ့ဆီကိုလည်း ရောက်လာတယ်။ ”

“ သခင်လေးက ဘာလို့ ရုတ်တရက်ကြီး အဲ့လို ဓာတ်ပုံကို ပို့လိုက်တာလဲ။ သူ့အကောင့် အဟက်ခ်ခံလိုက်ရတာလား။ ”

“ … ဖြစ်နိုင်တယ်။ ”

ကျိုးယန်ပိုင် ဆွံ့အသွားသည်။

တကယ်တော့ သူတို့ နှစ်ယောက် အဲ့ဒီလို ထင်တာ အံ့ဩစရာ မရှိပါ။ ဒီလို ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေကို ရိုက်တင်တာက မကောင်းတဲ့ ဟက်ကာတွေ လုပ်နေကျမို့ သူတို့ နှစ်ယောက်က အဲ့ဒီလိုပဲ ထင်သွားကြပြီး တခြား အတွေးမျိုး ဆက်မတွေးကြတော့ပေ။

ပြောစရာစကား မရှိတော့လောက်အောင် ဆွံ့အနေတဲ့ ကျိုးယန်ပိုင်က ထိုအရူး နှစ်ယောက်ကို သတိပေးဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။ “ အဲ့ဒါ ကလေး တစ်ယောက်ရဲ့ ခြေထောက်ကွ။ ”

“ ကလေး တစ်ယောက်ရဲ့ ခြေထောက် .. ဟုတ်လား။ ” အခြေအနေမှန်ကို အကဲခတ်မိသွားတဲ့ ကုရှောက်ယန်ရဲ့ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားပေမဲ့ ယုကျစ်ယန်ကတော့ အူကြောင်ကြောင် မေးခွန်းတွေကို မေးနေဆဲပင်။ “ ကလေး တစ်ယောက်ရဲ့ ခြေထောက်ကို ဘာအဓိပ္ပာယ်နဲ့ ပို့လိုက်တာမို့လို့လဲ။ ”

ကုရှောက်ယန်က အလွန် ခေါင်းမာသည်။ “ တခြား အဓိပ္ပာယ် ရှိဦးမလား။ သခင်မလေး ကလေးမွေးပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်မှာပေါ့။ ”

“ သခင်မလေး ကလေးမွေးပြီ ….. ” ယုကျစ်ယန်က အခုမှ ရုတ်တရက် သဘောပေါက်သွားသည်။ “ မင်း ပြောချင်တာက … အိမ်ရှေ့စံမင်းသားလေး မွေးပြီ ဆိုတဲ့ အဓိပ္ပာယ်လား။ ”

ကုရှောက်ယန်မှာ ပြောစရာ စကားပင် မရှိတော့သလို ကျိုးယန်ပိုင်လည်း ‌ဆွံ့အသွားမိသည်။ အဲ့ဒါ ဘယ်လို စကားကြီးလဲ။

ဒါပေမဲ့လည်း သူ ပြောတာ ဘာမှားလို့လဲဟု ထပ်တွေးမိသွားပြန်သည်။

“ အဟမ်း ၊ မင်း အဲ့ဒီလို ပြောလို့ ရပါတယ်။ ”

“ ဘုရားရေ ၊ ငါက နောက်တစ်ပတ်မှ မွေးမယ်လို့ ထင်ထားတာ။ ဘာလို့ ဒီလောက် စောတာလဲ။ ”

“ သခင်မလေးရဲ့ အဒေါ်လည်း ဂျူးဒိတ်ထက် နှစ်ရက် ၊ သုံးရက် စောပြီး ကလေးမွေးတယ် မဟုတ်လား။ ဂျူးဒိတ် ဆိုတာ ခန့်မှန်းချေပဲ ၊ အတိအကျကြီးတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ”

“ ဒါဆို သခင်လေးက ငါတို့ကို လာကြွားနေတာလား။ ”

“ … အဲ့လို ထင်တာပဲ။ ”

“ ဒါဆို ငါတို့ ဘယ်လို တုံ့ပြန်သင့်လဲ။ ”

ကျိုးယန်ပိုင်က ခဏလောက် စဉ်းစားကြည့်ပြီးမှ သင့်တော်တဲ့ အကြံ တစ်ခုကို ပေးလိုက်သည်။ “ အန်ပေါင်း ပို့ပေးလိုက်။ ”

“ အန်ပေါင်း … ဟုတ်လား။ ”

776 02

“ သခင်လေးမှာ ကလေးရလာတာက ဂုဏ်ပြုရမယ့် ကိစ္စပဲလေ။ လူ့လောကထဲကို ရောက်လာတဲ့ အိမ်ရှေ့စံမင်းသားလေးကို ဂုဏ်ပြုတဲ့အနေနဲ့ အန်ပေါင်း ပို့ပေးတာ သဘာဝကျတယ်မို့လား။ ”

ကုရှောက်ယန်က တစ်ချက် စဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။ “ … ဒါဆို ငါတို့ ဘယ်လောက် ပို့ပေးကြမလဲ။ ”

ထို့နောက် သူတို့ သုံးယောက်သား အကြာကြီး ဆွေးနွေးခဲ့ပြီး ဟောက်ချန်ဟွမ်း လက်ခံကျေနပ်နိုင်လောက်တဲ့ ပမာဏ တစ်ခုကို ပေးဖို့ ဆုံးဖြတ်လိုက်လေသည်။

စုယန်ယန် အိပ်ရာနိုးလာချိန်မှာ ဘေးမှာ ထိုင်ရင်း ဖုန်းကို ကြည့်နေတဲ့ ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည်။ သူမ အနည်းငယ် လှုပ်လိုက်တော့ ဟောက်ချန်ဟွမ်းရဲ့ အာရုံက ဖုန်းကို ကြည့်နေရာမှ သူမဆီ ချက်ချင်း ရောက်လာသည်။ သူ သူမကို ငုံ့ကြည့်ရင်း စိတ်ပူစွာ မေးလိုက်၏။ “ မင်း နိုးပြီလား။ နေရတာရော သက်သာရဲ့လား။ ”

စုယန်ယန်က ခေါင်းညိတ်ပြရင်း ဟောက်ချန်ဟွမ်းရဲ့ ညိုကျနေတဲ့ မျက်ကွင်းတွေကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ “ ရှင် တစ်ညလုံး မအိပ်ဘူးလား။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ လက်ဖမိုးကို ငုံ့နမ်း၍ အက်ကွဲနေသော အသံဖြင့် ပြောလိုက်ပါသည်။ “ ကိုယ် အိပ်မရလို့။ ”

ပထမတော့ ရိုးရိုးတန်းတန်း စိတ်ပူတာလောက်ပဲ ဆိုပေမဲ့ တဖြည်းဖြည်း မနေနိုင် မထိုင်နိုင်အောင် စိတ်ပူလာခဲ့သည်။

စုယန်ယန်က သူ့မျက်နှာကို လှမ်းကိုင်ရင်း သူမရဲ့ သားဖြစ်သူကို ဖျတ်ခနဲ သတိရသွားသည်။

“ ကလေးက ဘယ်မှာလဲ။ ”

“ ခုနတုန်းက အမေက သူ့ကို ချီပြီး လမ်း ခဏ လျှောက်နေတာ။ အခုတော့ သူ ဗိုက်ဆာလာလို့တဲ့ ၊ တစ်ခုခု သွားကျွေးနေတယ် ထင်တယ်။ ”

ထိုစကားကို ကြားတော့ စုယန်ယန် အနည်းငယ် စိတ်ပျက်သွားသည်။ သူမ အဲ့ဒီတုန်းက တော်တော်လေး ပင်ပန်းနေခဲ့တာမို့ မွေးကင်းစ ကလေးကို တစ်ချက်လောက်သာ ကြည့်နိုင်ခဲ့သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်တော့ ကလေးကို သူမ ‌စေ့စေ့စပ်စပ်တောင် မကြည့်ဖြစ်ခဲ့ပါ။

သူမ ဝမ်းနည်းသွားတာကို သိတဲ့ ဟောက်ချန်ဟွမ်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။ “ သူ့ကို တစ်ခုခု ကျွေးပြီးတာနဲ့ ကိုယ် မင်းဆီကို ချီခေါ်လာခဲ့ပါ့မယ်။ ကိုယ် ခုနလေးကမှ သူ့ကို သေချာ သွားကြည့်လာတာ။ ကလေးရဲ့ မျက်လုံးတွေ ၊ နှုတ်ခမ်းတွေက မင်းနဲ့ တူတယ် ၊ နှာခေါင်းကတော့ ကိုယ်နဲ့ တူတယ်။ ”

စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားကာ ချက်ချင်းပဲ ခေါင်းထောင်လာခဲ့သည်။ “ တကယ်လား။ ”

++++++

All Chapters