အခန်း ၇၇၇
Vol. 52 Ch. 777
777 01
အခန်း ( ၇၇၇ ) ကျွန်မ ရှင့်ကို ထောက်ပံ့ပေးနိုင်ပါတယ်။
ကလေးကို သားဖွားခန်းထဲက ချီခေါ်လာချိန်မှာ သူလေးက မျက်လုံးတောင် ကောင်းကောင်း မပွင့်သေးပါ။ ပြင်ပပတ်ဝန်းကျင်နှင့် အသားကျအောင် နာရီ အနည်းငယ်လောက် ညှိယူပြီးမှ သူ့မျက်လုံးဝိုင်းလေးတွေဟာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
တစ်ကြိမ် ကြည့်လိုက်ရုံဖြင့် စုယန်ယန်နှင့် အလွန် တူတဲ့ မျက်လုံးဝိုင်းလေးတွေကို ဟောက်ချန်ဟွမ်း ချစ်ခင်သွားသည်။ သူ့သားလေးဟာ သူတို့နှစ်ယောက်ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေကိုချည်း ရထားသည်ဟု ခံစားရပါသည်။
“ တကယ်ပေါ့။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ နှာခေါင်းလေးကို ပုတ်ရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ “ ကိုယ်တို့နှစ်ယောက်ရဲ့ ကလေးက ကိုယ်တို့နဲ့ မတူလို့ ဘယ်သူနဲ့ တူမှာလဲ။ ”
သားဖွားခန်းထဲက ထွက်လာ,လာချင်းမှာ ဟောက်ချန်ဟွမ်းနှင့် ငြင်းခုံခဲ့တာကို ပြန်သတိရသွားတော့ စုယန်ယန်ရဲ့ မျက်နှာလေး ရဲသွားသည်။ စိတ်ထဲမှာ နည်းနည်းလေး ရှက်ရွံ့သွားကာ အရှက်ပြေစေရန် အဟမ်း အဟမ်းဟု ခပ်တိုးတိုး ချောင်းဟန့်ရင်း စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ ကျွန်မရဲ့ အဖေနဲ့ အစ်ကိုရော ဘယ်မှာလဲ။ ”
“ သူတို့လည်း တစ်ညလုံး မအိပ်ရသေးဘူး။ ကိုယ် သူတို့ကို ပြန်နားခိုင်းလိုက်တယ်။ ”
“ သူတို့ တစ်ညလုံး မအိပ်ရသေးဘူး ဆိုရင် ရှင်လည်း တစ်ညလုံး မအိပ်ရသေးတာပဲ မဟုတ်ဘူးလား။ ”
“ ကိုယ်က လူငယ်ပဲ ရှိသေးတယ်။ အိပ်ရေးပျက်တာက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ”
သူ ပြောတာ မမှားပေမဲ့ ကြွားဝါနေတယ်လို့ ခံစားရတာ ဘာ့ကြောင့်ပါလိမ့်။ သူမရဲ့ အစ်ကိုနှင့် အဖေသာ ထိုစကားကို ကြားရင် သူ့ကို ရိုက်နှက်ပစ်ချင်သွားလောက်သည်။ အထူးသဖြင့် သူမရဲ့ အစ်ကိုပါ။ သူက ဟောက်ချန်းဟွမ်းက နှစ်နှစ် ၊ သုံးနှစ်လောက်ပဲ ကြီးတာတောင် အဘိုးကြီး တစ်ယောက်လို ခိုင်းနှိုင်းပြောဆိုခံနေရတာကို သိလျှင် ဟောက်ချန်ဟွမ်းကို အမုန်းကြီး မုန်းသွားလိမ့်မည်။
“ ဒါနဲ့ ကျွန်မရဲ့ အဘိုး ၊ ဦးလေးကျန်းနဲ့ တခြား လူတွေရော … ”
“ အဖေက အဘိုးကို သတင်းပေးထားပါတယ်။ ကိုယ်လည်း အိမ်ကို ဖုန်းဆက်ပြီး ပြောပြီးသွားပြီ။ ဦးလေးကျန်းက မင်းနဲ့ ကလေးအတွက် အရသာရှိတဲ့ အစားအစာတွေ ချက်ချင်း အလုပ်ရှုပ်နေလောက်တယ်။ ”
စုယန်ယန်က သူမ အိပ်ရာနိုးလာတုန်းက ဟောက်ချန်ဟွမ်း လုပ်နေခဲ့တဲ့ အရာကို ရုတ်တရက် ပြန်သတိရသွားသည်။ “ ခုနတုန်းက ရှင် ကုရှောက်ယန်တို့ကို မက်ဆေ့ခ်ျပို့နေတာလား။ ”
“ အင်း။ ရှောက်ယန်နဲ့ ကျန်တဲ့ လူတွေက ကိုယ့်ကို အန်ပေါင်းပို့ပေးတယ်။ ”
“ အန်ပေါင်း ….. ” စုယန်ယန် အနည်းငယ် အံ့အားသင့်သွားသည်။ ဘော့စ် ဖြစ်တဲ့ ဟောက်ချန်ဟွမ်းကပဲ သူတို့ကို အန်ပေါင်းပေးသင့်တာ မဟုတ်ဘူးလား။
ဟောက်ချန်ဟွမ်းက ဘာမှ မပြောဘဲ သူ့ဖုန်းကို စုယန်ယန်ဘက်သို့ လှည့်ပြလိုက်၏။
စုယန်ယန်က ခြေထောက်သေးသေးလေးတွေကို ရိုက်ထားတဲ့ ထိပ်ဆုံးက ဓာတ်ပုံဆီ ချက်ချင်း အကြည့်ရောက်သွားသည်။ “ အဲ့ဒါ ကလေးရဲ့ ခြေထောက်လေးတွေကို ရိုက်ထားတာလား။ ”
“ အင်း။ ကိုယ် ခုနတုန်းက ရိုက်ထားတာ။ ”
စုယန်ယန်ရဲ့ အကြည့်တို့ နူးညံ့သွားကာ စိတ်ရင်းအမှန်နှင့် ပင့်သက်ရှိုက်လိုက်မိ၏။ “ ကြည့်ပါဦး။ ချစ်စရာကောင်းလိုက်တာ … ”
ထို့နောက် ထိုဓာတ်ပုံအောက်က ဆုမွန်ကောင်းတွေ ၊ အန်ပေါင်းတွေကိုတော့ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိသည်။ “ သူတို့ ပိုက်ဆံရှာရတာလည်း လွယ်မယ် မထင်ဘူး။ ”
ဟောက်ချန်ဟွမ်းရ သူမကို ဝမ်းနည်းဖွယ် အမူအရာဖြင့် ကြည့်လိုက်သည်။ “ မင်းရဲ့ ယောက်ျားလည်း ပိုက်ဆံရှာရတာ မလွယ်ပါဘူး။ ”
“ ဒါပေမဲ့ ရှင့်မှာ ကျွန်မ ရှိတယ်လေ။ ကျွန်မ ရှင့်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ တောက်ပသွားကာ ချက်ချင်းပဲ သူ့နောင်ရေးကို စိတ်ချယုံကြည်သွားလေသည်။ ကုရှောက်ယန်တို့ ပို့ပေးလိုက်တဲ့ အန်ပေါင်းကို သူတို့ထံ ပြန်ပို့ပေးလိုက်ကာ ပိုက်ဆံအပိုပင် ထည့်ပေးလိုက်သေးသည်။
အန်ပေါင်း ရသွားတဲ့ ထိုသုံးယောက်က “ ကျေးဇူးတင်ပါတယ် ဘော့စ်။ ” ဟု တညီတညွှတ်တည်း ပြန်ပြောခဲ့ကြသော်လည်း သူတို့ရဲ့ စိတ်ထဲကတော့ တိတ်တိတ်လေး နောင်တရနေခဲ့ကြတာ ဖြစ်သည်။ သူတို့ ကပ်စေးမနှဲဘဲ ဒီ့ထက် များများလေး ပို့ပေးခဲ့သင့်တာပါ။ ဒါပေမဲ့ သူတို့ရဲ့ နောင်တတွေ ချက်ချင်း ပြေပျောက်သွားအောင် ဟောက်ချန်ဟွမ်းက ကုမ္ပဏီဝန်ထမ်းတွေကို ဒီလအတွက် ဘောနပ်စ်ပေးဖို့ ထပ်ပြောခဲ့သည်။
ဘော့စ် ပြောချင်တဲ့ အဓိပ္ပာယ်ကို သူတို့ သုံးယောက်လုံး သဘောပေါက်သွားကာ ဟောက်ချန်ဟွမ်း ပို့ထားတဲ့ ဓာတ်ပုံတွေကို Group Chat ထဲ တစ်ဆင့် ပြန်ပို့ပေးလိုက်လေသည်။
“ အားလုံးပဲ ၊ လူ့လောကထဲ ရောက်လာတဲ့ အိမ်ရှေ့စံမင်းသားလေးကို ဂုဏ်ပြုပေးကြပါ။ ဘော့စ်က လူတိုင်းရဲ့ ဘောနပ်စ်တွေကို ဒီလမှာ နှစ်ဆ ပေးမှာပါတဲ့။ ”
777 02
ထိုမက်ဆေ့ခ်ျကို ပို့လိုက်သည်နှင့် Group Chat တစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။
ဧည့်ကြိုကောင်တာက အစ်မကြီး : !!!
ပြည်သူ့ဆက်ဆံရေးဌာနရဲ့ မရှိမဖြစ် ကျောက်တိုင်လေး : !!!
နည်းပညာဌာနက ပန်းကလေး : !!!
…
တန်းစီနေတဲ့ အာမေဋိတ် သင်္ကေတ အပုံလိုက်ရဲ့ နောက်မှာ တစ်စုံတစ်ယောက်က တုန်တုန်ယင်ယင် မေးလာခဲ့သည်။
နည်းပညာဌာန ခေါင်းဆောင် : အိမ်ရှေ့စံမင်းသားလေးတဲ့လား။ အဲ့ဒါက ငါ ထင်နေတဲ့ အဓိပ္ပာယ်လား။
ယုက ငါး တစ်ကောင် မဟုတ်ဘူး : မင်းက ဘယ်လို ထင်လို့လဲ။ မင်း ထင်သလို မဟုတ်ရင်တောင် လူတိုင်း ထင်နေတဲ့ဟာ ဖြစ်ရင် ဖြစ်နေနိုင်တယ်။
ကြီးမြတ်တဲ့ ရှောက်ယန် : …
ကျန်ရစ်ကောင်လေး ကျိုး : …
++++++